Breaking News

ဌေးဝင်း (ဂျာမဏီ) ● လူမသိသူမသိ အမည်မရှိတဲ့ သဲပွင့်လေးများ

ဌေးဝင်း (ဂျာမဏီ) ● လူမသိသူမသိ အမည်မရှိတဲ့ သဲပွင့်လေးများ
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၉

ကျွန်တော့်ရဲ့ဇာတိမွေးရပ်မြေ ရန်ကုန်မြို့၊ တက္ကသိုလ်ပညာတက်ရောက်သင်ကြားခဲ့တဲ့ ရန်ကုန်မြို့၊ ဘဝတစိတ်တဒေသ ပေးဆပ်ခဲ့ရတဲ့ ဘဝတက္ကသိုလ်ခေါ် အင်းစိန်တောရကျောင်းတည်ရှိရာ ရန်ကုန်မြို့၊ တဝမ်းတခါးအတွက် အလုပ်လုပ်ကိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ ကျွန်တော် ကျင်လယ်ကျက်စားခဲ့တဲ့ ရန်ကုန်မြို့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၊ ၁၉၈၉ ဇူလိုင်လ ၂၁ ရက်နေ့မှာ အ ပြီးတိုင် နှုတ်ဆက်ခွဲခွါခဲ့ရပါတယ်။ ကသုတ်ကရက် အမြန်ဆုံးပြေးထွက်ခဲ့ရတာပါ။ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကျွန်တော်ရင်းနှီး ဖူးတဲ့ မော်လမြိုင်မြို့ကို တဖန်ခွဲခွာခဲ့ရပြန်တယ်။ ဩဂုတ်လ ၂ ရက်နေ့မှာတော့ ထိုင်းမြန်မာနယ်စပ် သေဘောဘိုးကနေ မဲဆောက်သို့သွားခြင်းအားဖြင့် အမိမြေ၊ ဗမာပြည်ကို အပြီးတိုင် ခွဲခွာခဲ့ရပါတော့တယ်။ ယခုဒီရက်ပိုင်း၊ ဒီလပိုင်းတွေကို ပြန်ရောက်လာတော့ လွန်ခဲ့တဲ့နှစ် ပေါင်း ၃ဝ က အဖြစ်သနစ်တွေ၊ လှုပ်ရှားခဲ့ပုံတွေ တရိပ်ရိပ်နဲ့အတွေးထဲပြန်ပေါ်လာ တယ်။ မျက်ဝန်းထဲမှာပုံရိပ်တွေ မျက်ဝါးထင်ထင်ပြန်မြင်လာတယ်။ ဟိုတစ ဒီတစ အတွေးတွေကိုလဲ ပုတီးတကုံးလို ဆက်စပ် ယှက် သီမိတယ်။

အမိမြေ၊ ဗမာပြည်ရဲ့ အထင်ကရသမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးလဲ ဩဂုတ်လ ၈ ရက်နေ့ဆို ၃၁ နှစ်ပြည့်မြောက်ပါပြီ။ ဒီ ၁၉၈၈၊ ၈၉၊ ၉၀ ခုနှစ်များဆီထိ အဖမ်းဆီးခံ၊ အထိမ်းသိမ်းခံ၊ အနှိပ်စက်ခံခဲ့ရတဲ့ ရဲဘော်အပေါင်း၊ ပြည်သူအထောင်အသောင်း ရှိခဲ့ပါတယ်။ ကျွန်တော်ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တဲ့ ၁၉၈၉ ကာလအချိန်က အဖမ်းဆီးခံ ခဲ့ကြရတဲ့ ကျွန်တော်တို့ရဲဘော်တွေ ထောက်လှမ်းရေးရဲ့လက်ထဲမှာ အလူးအလဲခံနေကြရချိန်ဖြစ်ပါတယ်။ အသက်ဆုံးရှုံး သွားရတဲ့အထိ အစတေးခံခဲ့ကြပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လုံးဝလွတ်မြောက်ပြီး သာယာဝပြောတဲ့ အမိ မြန်မာနိုင်ငံ ထူထောင်နိုင်ဖို့အတွက် အသက်ကိုပဓါနမထား တိုက်ပွဲဝင်ခဲ့ကြပါတယ်။

ဒီရက်ပိုင်းအတွင်းမှာဘဲ ရဲဘော်ဖိုးသံချောင်းရဲ့ သမိုင်းအာဇာနည်များအား စုံစမ်းဖော်ထုတ် ဝါဒဖြန့်ချိကြ အစချီတဲ့ “လေ ဆန်က ငန်းရိုင်းများ” စာစုကို ပြန်ဖတ်ဖြစ်ပါတယ်။ ဒီစာစုမှာ … “ဒီနိုင်ငံမှာလောက် သူရဲကောင်း-အာဇာနည်များတာ ကမ္ဘာမှာ ရှားပါတယ်။ ဆိုလိုတာ ခေတ်သစ်သမိုင်းမှာပါ။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေအပါ ထောင်တွင်း၊ လမ်းမပေါ်၊ သဏ္ဌာန်အမျိုးမျိုးသော တိုက်ပွဲတွေအတွင်း ကျဆုံးသွားတဲ့ အာဇာနည်တွေဟာ သိန်းဂဏာန်းတောင် ရှိမလား မပြောတတ်ပါ။ ဒီနေ့ စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့ အစည်းတိုင်းလိုလိုမှာ သမိုင်းတင်လောက်တဲ့ အာဇာနည်တွေ ရှိကြပါတယ်။ အဲဒါတွေကို စုံစမ်းပြုစု ဖော်ထုတ် ဝါဒဖြန့် သင့်ပါတယ်။” လို့ ရေးသားထားပါတယ်။

သမိုင်းတင်လောက်တဲ့ အာဇာနည်တွေ မဟုတ်ပေမဲ့လဲ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ အုတ်တချပ် သဲတပွင့် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့ကြပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားကြရှာပြီဖြစ်တဲ့ ကျွန်တော့်အမျိုး အရင်းကြီး နှစ်ယောက်ရှိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် တဦးက အဖေဘက်က ညီတဝမ်းကွဲနဲ့ နောက်တဦးက အမေဘက်က ညီတဝမ်းကွဲတို့ဖြစ်ကြပါတယ်။
အဖေဘက်က ညီတဝမ်းကွဲ၊ အဖေ့ညီမအရင်းရဲ့ သားအငယ်ဆုံး မောင်မောင်မြတ်၊ ကျွန်တော်တို့က မောင်မြတ်လို့ခေါ်တယ်။ လှုပ်ရှားတဲ့ကာလတုန်းက “ဘကျော်” နာမည်နဲ့လို့သိရတယ်။ တရုတ်မျက် နှာပေါက်လေးနဲ့၊ သူ့ဖခင်က ပြည်ကြီး ပေါက်တရုတ်လူမျိုး၊ ဒါကြောင့် FRC မှတ်ပုံတင်ဘဲ ကိုင်ခဲ့ရသူ ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကာလက ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒုတိယနှစ်မှာ ရူပဗေဒဘာသာအဓိကနဲ့ ပညာသင်ကြားနေချိန်၊ ၈၈ ကျောင်းသားများအဖွဲ့က ဂျင်မီ ခေါ် ကျော်မင်းယု၊ ဉာဏ်ဉာဏ်ထွန်း၊ ဝေလင်းထွန်း၊ ကိုသန်းဝင်း (ယခု အမေရိက၊ ယခင် ABSDF အတွင်းရေးမှူး) တို့နဲ့အတူ ရကသ (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) အနေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ပါဝင်လှုပ်ရှားခဲ့တယ်။ အရေး တော်ပုံကာလ မတိုင်ခင်လား၊ အရေးတော်ပုံကာလအတွင်းလား၊ ကျွန်တော်အတိအကျ မမှတ်မိတော့ပါ၊ သူနဲ့ ဂျင်မီတို့ နှစ်ယောက် ကျွန်တော့်အိမ် ပေါက်ချလာပါတယ်။ ကျွန်တော်ဟာ ၁၉၇၆ မှိုင်းရာပြည့်ကျောင်းသားအရေးတော်ပုံ တပ်သား တယောက်ဖြစ်တာ သူတို့သိကြလို့ကျွန်တော့်ဆီလာကြတာပါ။ ကျွန်တော်က အဲဒီအချိန်မှာ မိခင်အလံတော်အောက်မှာ လှုပ်ရှားနေတော့ ကျွန်တော်တို့ရဲ့ခေါင်းဆောင် ကိုသက်ခိုင် (ကိုလတ်) ကိုအသိပေးပြီး ရကသနဲ့လဲ အဆက် အသွယ်ရ ယူခဲ့ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း ၁၉၉၀ နှစ်ကုန်လောက်ထိ ရှောင်ရင်းတိမ်းရင်း ရကသ မြေအောက်လုပ်ငန်းများကို နယ်စပ် ABSDF နဲ့ဆက်စပ်ပြီးလှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ သူအဖမ်း ခံခဲ့ရပြီး အင်းစိန်ထောင်၊ မြင်းခြံထောင်တို့မှာ အကျဉ်းချခံခဲ့ရပါတယ်။ မြင်းခြံထောင်မှာ တနှစ်ခန့်တိုက်ပိတ်ခံ ခဲ့ရပြီး ဒီတနှစ်ခန့်အတွင်း ထောင်ဝင်စာလုံးဝတွေ့ခွင့်မရှိခဲ့ဘူးလို့ သူ့အမဆီကသိရပါတယ်။ ၁၉၉၄ခု မြင်းခြံ ထောင်ကပြန်လွတ်လာပြီးနောက်ပိုင်း သူ့ရုပ်ပိုင်း စိတ်ပိုင်းအခြေအနေဟာ ပုံမှန်မဟုတ်ဘူးလို့သိရပါတယ်။ သူ့ဖခင်၊ သူတို့မိသားစုက မိသားစုပိုင် ကိုယ်ပိုင်တွင်ခုံလုပ်ငန်းလေးရှိတော့ အဲဒီတွင်ခုံမှာဘဲ သူအလုပ် ဝင်လုပ်တယ်။ တနေ့အလုပ်လုပ်ရင်းနဲ့ ၁၉၉၄ နှစ်ကုန်ပိုင်းလောက်၊ အသက် ၂၇ နှစ်အရွယ်မှာပဲ မောင်မြတ် လေး ဓါတ်လိုက်ပြီးဆုံးပါးသွား ရှာတယ်လို့သိရတယ်။

ဒါပေမဲ့သူ့အမဆီကတိတိကျကျထပ်သိရတာက သူဓါတ်လိုက်လိုက်ချင်းမဆုံးသေးဘူး။ ဆေးရုံကို အပို့ လမ်းမှာကျမှဆုံးသွားတယ်လို့သိရပါတယ်။ သေမှုသေခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်အရလဲ ဓါတ်လိုက်တဲ့ ဒဏ်မှာ နှလုံးကိုထိခိုက်သွားပြီး နှလုံးရောဂါနဲ့ဆုံးပါးသွားတယ်လို့သိရပါတယ်။ ထောင်ထဲမှာ ဘယ်လိုဘယ်ပုံ ဘယ်နည်းတွေနဲ့၊ ဘယ်လောက်ဒဏ်တွေ ခံခဲ့ရ တယ်ဆိုတာ ချင့်ချိန်စဉ်းစား နိုင်ပါတယ်။ သူသာအသက် ထင်ရှားရှိနေဦးမယ်ဆိုရင် ယခုနောက်ပိုင်းအချိန်ထိ ၈၈ ကျောင်း သားများအဖွဲ့နဲ့အတူတကွ ဆက်လက် လှုပ်ရှားနေမှာပဲဆိုတာတွေးနေမိတယ်။ စောစီးစွာ လူ့ဘဝကစွန့်ခွာသွားရ သူတယာက်ဖြစ်ပေမဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ထောင်တန်းကျခံပြီး ရွပ်ရွပ်ချွံချွံ တာဝန်ကျေခဲ့တဲ့ သဲပွင့်လေးတပွင့်ပါ။

နောက်တဦးက အမေဘက်ကညီတဝမ်းကွဲ၊ အမေ့မောင်အငယ်ဆုံးရဲ့ ဒုတိယသားဖြစ်သူ မောင်စိုးမင်း၊ အိမ်နာမည် စိုးစိုးလို့ ကျွန်တော်တို့ခေါ်ကြတယ်။ အလွန်အေးဆေးပြီး လိမ်မာရေးခြားရှိတဲ့ လူငယ်လေးတယောက်ပါ။ ၁၉၈၈ ခုနှစ်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ်၊ လျှပ်စစ်အင်ဂျင်နီယာ၊ ပဉ္စမနှစ်မှာ ပညာသင် ကြားနေသူဖြစ်တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ မင်္ဂလာတောင်ညွန့်မြို့နယ် သပိတ်ကော်မတီမှာ ပါဝင်လှုပ်ရှားခဲ့တယ်။ သူတို့က မဆလာစက်နဲ့မျက်နှာချင်းဆိုင် သိမ်ဖြူတင်း နစ်ကစားကွင်းဝင်းထဲမှာ နေထိုင်ကြတာကို။ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် စစ်တပ်က အာဏာသိမ်းပြီးတော့ မင်္ဂလာ တောင်ညွန့်မြို့နယ် သပိတ်ကော်မတီကသူတွေနဲ့အတူတူ နယ်စပ်ကိုချီတက်ကြတယ်တဲ့။ ကျွန်တော်တောင် မသိလိုက်ရ ဘူး။ ကျွန်တော်အမိမြေ၊ ဗမာပြည်ကို မစွန့်ခွါရခင် ၁၉၈၉ ဇူလိုင်လအထိ ကျွန်တော်တို့ကြားနေခဲ့ရတာက စိုးစိုးနယ်စပ်ကို အသွား လမ်းမှာသေဆုံးသွားတယ်။ စိုးစိုး မသေသေးဘူး၊ အသက်ထင်ရှားရှိသေးတယ်နဲ့၊ သတင်းအမျိုးမျိူးကြားနေခဲ့ရ တယ်။ ကျွန်တော်မထွက်ခွာခင်လေးမှာကိုဘဲ သူ့အမေ၊ ကျွန်တော့်ဒေါ်လေးက သူ့သား စိုးစိုး မသေဘူး၊ မဲဆောက်က ကျောင်းသားတပ်မတော်မှာ ဗိုလ်ကြီးအဆင့်တောင်ဖြစ်နေတယ်လို့ ကျွန်တော့်ကိုပြောနေခဲ့သေးတယ်။ ဪ … ကိုးလ လွယ်၊ ဆယ်လမွေးလို့၊ စက်မှုတက္ကသိုလ်၊ ပဉ္စမနှစ်ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက် ပညာသင်ပေးခဲ့တဲ့ မာတာမိခင် ခမျာမှာ သူ့သားအပေါ်မှာ မျှော်လင့်ချက် အပြည့်အဝနဲ့ပေါ့။

ဒီလိုနဲ့ ၁၉၈၉ ဩဂုတ်လ ၂ ရက်နေ့ ကျွန်တော်မဲဆောက်ကိုရောက်ပြီးနောက် မဲဆောက်ကျောင်းသားအဖွဲ့က ကျောင်း သားတယောက်ပြောပြလို့ ကျွန်တော်အတိအကျသိရတဲ့ စိုးစိုးရဲ့အဖြစ်အပျက်ကတော့ ဒီကျောင်းသားအပါအဝင်အခြားသူတွေနဲ့ နယ်စပ်ကို ဘုရားသုံးဆူလမ်းကလာစဉ်မှာ ၈.၁၀.၁၉၈၈ နေ့ လိပ်ပျော့မှာ စခန်းတထောက်နားစဉ် ရေချိုးဘို့ ချောင်းမှာရေသွားကူးကြတယ်တဲ့။ အဲဒီမှာ စိုးစိုးဟာချောင်း ရေစီးနဲ့မျောပါသွားပြီး ပြန်မပေါ်လာတော့ဘဲ ရေနစ်သေဆုံး ခဲ့ရရှာတယ်တဲ့။ ၉.၁၀.၁၉၈၈ နေ့မှာတော့ အလောင်းပြန်ပေါ်လာလို့ အတူလာသူတွေက ဘုန်းကြီးနဲ့သရဏဂုံတင်ပြီး မြေမြှပ်သဂြိုလ်လိုက်ကြတယ်တဲ့။ ၁၃.၁၀.၁၉၈၈ နေ့မှာ ရက်လည်ဆွမ်းသွတ်ကြတယ်လို့လဲ အဲဒီကျောင်းသားက သူရေး မှတ်ထားတာကို ပြန်ပြောပြတယ်။

သူက ကျွန်တော့်ကို စိုးစိုးအကိုတဝမ်းကွဲမှန်း အတိအကျသိရလို့ သူသိမ်းထားတဲ့ စိုးစိုးရဲ့မှတ်ပုံတင်ကို ကျွန်တော့်ကို ပြန်ပေးအပ်ပြီး သရဏဂုံတင်ပေးခဲ့တဲ့ ဘုန်းကြီးလေးနဲ့လဲကျွန်တော့်ကိုတွေ့ပေးခဲ့ပါတယ်။ မျှော်လင့်ချက်အပြည့်အဝနဲ့ပြောခဲ့ရှာတဲ့၊ သူ့သားကိုမျှော်ခဲ့ရှာတဲ့၊ သူ့မိခင်ပြောကြားခဲ့တဲ့ ဗိုလ်ကြီးစိုးမင်းဆိုတာကတော့ မဲဆောက်မှာနေထိုင်တဲ့ KNU က ဗိုလ်ကြီးစိုးမင်းပါ၊ နာမည်က သွားတူနေတာကို။ မဲဆောက်က ဗိုလ်ကြီးစိုးမင်းအိမ်မှာ ဩဂုတ်လ ၂ ရက်က ၃ ရက်ထိ ကျွန် တော် တညတာ တည်းခိုခဲ့ရပါသေးတယ်။

စစ်တပ်ကအာဏာသိမ်းပြီးချိန်မှာ စိုးစိုးရန်ကုန်ကနေ နယ်စပ်ကိုထွက်ခွါသွားချိန်တုန်းက သူ့မှာဘာ ရည်ရွယ်ချက်ရှိခဲ့ တယ်ဆိုတာ ကျွန်တော်အတိတကျမသိပါ။ ဒါပေမဲ့ အဲဒီအချိန်ကဒီလိုထွက်ခွာခဲ့ကြသူတွေမှာ နဝတစစ်အစိုးရကို လက်နက် ကိုင် ပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်၊ နဝတ စစ်အစိုးရရဲ့ ဖမ်းဆီး ထောင်ချ ညှင်းပန်းနှိပ်စက်တာကို မခံလိုတဲ့ ရည်ရွယ်ချက် စသည်ဖြင့်ရှိခဲ့ကြပါတယ်။ စိုးစိုးကတော့ အစကနဦးမှာဘဲ ကံမကောင်းအကြောင်းမလှစွာ ရေနစ်လို့အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ အမိမြေ၊ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ဆိုးကြီးသာ မရှိဘူးဆိုရင် စိုးစိုးဒီလိုအသက်ဆုံးရှုံးစရာအကြောင်း မရှိပါဘူး။ သူကျွမ်းကျင်ဝါသနာပါလှတဲ့ လျှပ်စစ်အင်ဂျင်နီယာ ပညာရပ်ကို ဆုံးခန်းတိုင်အောင်သင်ယူ လေ့လာနိုင်ပြီး ယခုအချိန်ဆိုရင် လျှပ်စစ်အင်ဂျင်နီယာကြီးတယောက်အနေနဲ့ တိုင်းပြည်ကိုအလုပ်အကျွေးပြု သူတ ယောက်ဖြစ်နေမှာ မလွဲမသွေပါဘဲ။ ခုတော့ တောကြီးမျက်မည်းထဲမှာ တိုင်းပြည်ရဲ့အဖူးအပွင့် သားကောင်းလူငယ်လေး တယောက် လူမသိသူမသိ အသက်ဆုံးရှုံးသွားရရှာတယ်။ စနစ်ဆိုးရဲ့သားကောင်တယောက် ဖြစ်ခဲ့ရရှာတယ်။ ဒါပေမဲ့ သူဟာလဲ အမိမြန်မာနိုင်ငံအတွက် တာဝန်ကျေခဲ့ပါတယ်။ ရည်ရွယ်ချက် တခုအတွက် လျှောက်လှမ်းချီတက်ရင်း အသက် ဆုံးရှုံးခဲ့ရတဲ့ သဲပွင့်လေးတပွင့်ပါ။

(စကားချပ် … ကျွန်တော်မော်လမြိုင်ကနေသေဘောဘိုးအထိ ခြေလျင်ခရီးလမ်း ထွက်ပြေးလာခဲ့တုန်းက ရှေးဟောင်းပစ္စည်းအထမ်းသမားတွေနဲ့အတူသွားခဲ့ပုံကို ကျွန်တော့်ရဲ့ “ခက်ခဲကြမ်းတမ်း လွတ်မြောက်ရာလမ်း” စာအုပ်မှာ ရေးသားခဲ့ ပါတယ်။ အဲဒီတုန်းကလဲ ကျွန်တော်သာ တောကြီးမျက်မည်းထဲမှာ အကြောင်း တစုံတရာကြောင့် သေဆုံးသွားမယ်ဆိုရင်၊ တစုံတယောက်ကလုပ်ကြံတာ ခံလိုက်ရမယ်ဆိုရင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော့်မိသားစုကလဲ ကျွန် တော် ဘယ်ရောက်လို့ရောက်နေမှန်းမသိလေတော့၊ မသိနိုင်တော့ ဘယ်သူမှမသိလိုက်ပဲ အစပျောက်သွားနိုင်ပါတယ်။)

ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဂုဏ်ယူသလို ဒီကျွန်တော့်ရဲ့ ညီငယ် ၂ ယောက်အတွက်လဲ ကျွန်တော် ဂုဏ်ယူလို့မဆုံးပါ။ ဒီလိုဂုဏ်ယူနိုင်တဲ့၊ ဂုဏ်ပြုရမဲ့ သဲပွင့်လေးတွေ၊ အုတ်ချပ်လေးတွေဟာ အမိမြေ၊ ဗမာပြည်ရဲ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ အသင်္ချေ အနန္တပါ။ ဗမာပြည်မှာ အာဇာနည်အပေါင်းဟာ အထောင်အသောင်းပါ။ ကျွန်တော့်ရဲ့ ညီငယ် ၂ ဦး ဖြစ် ကြတဲ့ မောင်စိုးမင်း နဲ့ မောင်မောင်မြတ် တို့ဟာ သမိုင်းတင်ရမဲ့ အာဇာနည်တွေတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ တပါတီစနစ် မဆလ အစိုးရ ဖြုတ်ချရေး၊ ပါတီစုံဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတို့မှာ အုတ် တချပ်၊ သဲတပွင့် တတပ်တအားပါဝင်ခဲ့ကြပါတယ်။ ဒီလို လူမသိသူမသိ သဲပွင့်လေးတွေကတော့ မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်။ ဗမာပြည် ပင်လယ်ကမ်းရိုးတန်း တလျှောက်က သဲပွင့်လေးတွေကို တပွင့်စီ၊ တပွင့်စီ ရေတွက်ကြည့်ချင်တယ်ဆိုရင် ရေတွက်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံ၊ လူထုအရေးတော်ပုံအတွက် အသက်ကို စတေး၊ စွန့်လွှတ်အနစ်နာခံသွား သူတွေ ယခုအချိန်အထိ ဘယ်သူမှအတိအကျမသိနိုင်ပါ။ ရေတွက်လို့မရနိုင်ပါ။ ဒီနှစ် ဩဂုတ်လ ၈ ရက်နေ့ဆို ၃၁ နှစ် တိုင်ခဲ့ပါပြီ။

ဌေးဝင်း (ဂျာမဏီ)
၂၁.၀၇.၂၀၁၉