Breaking News

နေသွင်နိုင်း - လေယာဥ်တွေ ပျံသန်းသွားပြီးနောက်

Art- Than Htay Maung

လေယာဥ်တွေ ပျံသန်းသွားပြီးနောက်
နေသွင်နိုင်း
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၅


အိမ်ပြန်မလာတဲ့ သွေးတွေတဲ့။ ပုံပြောသူရဲ့ ဝိညာဥ်ဓားက ရေးတယ်။ ရေစီးထဲ စီးနေတဲ့ ဓား၊ဘယ်သမိုင်းမှလူရာမဝင်တဲ့ကောင်တွေရဲ့လည်မြိုကိုထောက်ပြီး သရဲတဘတ်စီးသလို စီးတယ်။ 

တိုက်ဗာမြစ်ထဲ ခုန်ချသွားသလို သူရဲကောင်းတွေရဲ့ အသံထုထည် ငလျင်တော်လံသံကြား သွေးအလံကို လွှင့်ထူလို့။ ပင်လယ်ဓားပြတွေတောင် အံ့ဖွယ်သစ်ပင်ရဲ့ ရှင်သန်မှုကိုအလေးပြုကြ။ ဟေး....မြစ်ကို ကာကွယ်ကြ။ နိုင်ငံရဲ့အမြစ်ကို စောင့်ရှောက်ကြ။ အသီးအပွင့်ကို အသွေးအသားနဲ့ ဆောက်တည်ကြ။ နှင်းဆီကောင်းကင်မှာဒီတစ်ချပ်ပြီးရင် နောက်ထပ်အက္ခရာက မနက်ဖြန်ရေဒီယိုမှာ ပွင့်တော့မှာ ဓားဟာ အသွားနှစ်ဖက်နဲ့ က နေတယ်။ မိုးထဲလေထဲ မိုးထားတဲ့ အမိုးတွေ 
ကိုလံဘတ်မတွေ့ရှိခဲ့ရတဲ့ နယ်မြေသစ်မှာ၊ နိုင်ငံသစ်၊ ကမ္ဘာသစ် ၊ ဖိနပ်သစ်
နိုင်ငံကို ဒိုင်းလို တဒိုင်းဒိုင်းကာကွယ်ရင်း အသက်ဒိုင်း ၊ လူသားတိုင်း လူသားဒိုင်းအဖြစ် သွေးနဲ့ရေးခြစ်နေကြဆဲ။ နတ်ဘုရားတွေ ထွက်ပြေးသွားကြတဲ့ဝဋ်ဒုက္ခမြေမှာ ငါတို့တရားဟာ ငါတို့ဘုရား ။ ငါတို့ဓားဟာ ငါတို့တရား ဘယ်ဘုရားမှ မရှိချင်နေတော့  ဒီရေထုမြေထုမှာ ငါတို့ရှိရမယ်။ ပုံပြောသူက ဟာလာဟင်းလင်းထဲ ပြောတယ်။

ကောင်းကင်ဆိုတာ ကြယ်တွေကပ်ထားမှ အဓိပ္ပာယ်ပြည့်စုံတယ်ဆိုတာ
ညရဲ့အရေပြားက ပြောကြတယ်၊၊ အလောင်းပဲ ပြန်ရတဲ့ မိခင်က သားအစား ဓားကိုကိုင်ပြီး အရိုးပြာပဲ စိုက်ခင်းထဲကြဲလိုက်ရတဲ့ဖခင်က သမီးအစား မီးကိုထွေးပွေ့ကြောင်း လေယာဥ်တွေ ပျံသန်းသွားပြီးနောက် ကျောင်းတက်ခေါင်းလောင်းမထိုးမီ ကစားကွင်းထဲက ကလေးတွေအကြောင်းပြောတယ်။တရားနဲ့ဓမ္မဆိုတာ ကျဆုံးလေပြီးသော နိုင်ငံတော်ရဲ့ ချုပ်ရိုး။ သတ္တိဗျတ္တိဆိုတာ နွေဦးချီတက်ပွဲမှာ ကြယ်နီတွေဖုံးအုပ်ထားတဲ့ ဝိညာဥ်။ နွေဦးသူရဲကောင်းတွေရဲ့ ရာဇဝင်မှာ မည်သည့်ဘာသာတရားမဆို သုံးစွဲနိုင်တဲ့  အသားတံဆိပ်သစ်ရွက်သတ္တုရည်တစက်၊ ဓာတုပိုးမွှားကင်းစင်ကြောင်း ပန်းပွင့်သစ္စာသတင်းပေးပို့ချက် အာမခံစာရွက်တရွက်လည်း ပါတယ်။ လေယာဥ်တွေ ပျံသန်းသွားပြီးနောက် ပုံပြောသမားရဲ့ လေယာဥ်ဟာ ဆက်လက်ပျံသန်းလို့။ လေယာဥ်ပျံမကြည့်ရဲတဲ့ကလေးတွေ လင်းယုန်တောင်ပံဖြန့်ကျက်ဖို့ယမ်းနံ့မပါတဲ့ ပန်းစက္ကူစွန်တွေ မျှဝေမယ်။ချစ်ခြင်းမေတ္တာရဲ့ဂီတမှာ ဘယ်တီထွင်မှုမှ သွေးမစွန်းစေရ၊ ဘယ်ဘုရားကိုခေါ်ခေါ် မျက်ရည်ဟာ ပျော်ရွှင်ဖို့ပဲ ဖြစ်ရမယ်။ လေယာဥ်တွေ ပျံသန်းသွားပြီးနောက် ရွှေယုန်နားရွက်လေးတွေ ဘယ်မှာ။တောင်ကျေးလေးတွေ ဘယ်မှာ။ ခေါင်းလောင်းတွေက ဘယ်မှာ။

လေယာဥ်တွေ ပျံသန်းသွားပြီးနောက် ဘယ်သီချင်းဆိုဆို ပန်းတို့ငိုကြ။

လေ...ယာဥ်...တွေ... ပျံ...သန်း...သွား...ပြီး...နောက် ။

ပုံပြောသမားရဲ့ဓားဟာ တရေးနိုးလာတော့ ရန်သူ့ရင်ဝ ပြေးစိုက်တယ်။
မြေဖြူကိုင်တဲ့လက်ဟာ သွေးနဲ့ဓာတ်ပြုတတ်လာပုံပါ။

ဘုရားသခင်ကို ကျိန်ဆိုလိုက်စမ်းပါ။ မင်းလက်ထဲက ဒီအသားစတွေဟာ သိုးတကောင်ရဲ့ အသားစတွေပါလို့ ။ ။

နေသွင်နိုင်း
9.7.2025 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar