Breaking News

နေသွင်နိုင်း - ငါတို့ဟာ မီးလျှံနဲ့ပွင့်မယ့် မျိုးစိတ်တွေ


ငါတို့ဟာ မီးလျှံနဲ့ပွင့်မယ့် မျိုးစိတ်တွေ
နေသွင်နိုင်း
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၂၂

မီးခိုးမထွက်တော့တဲ့ မီးဖိုချောင်ထဲ
ပြိုပျက်သွားတဲ့ ဖိုခနောက်
ဘုရားစင်ပေါ်က ကျောက်စိမ်းပန်း
နှစ်ရှည်ပင်လိုအမြစ်တွယ်လို့
ငွေကို ရေဆာသလိုဆာလောင်မှုနဲ့
အဆီလည်းမစား ၊ အသားလည်းမစား
စဥ်းတီတုံးမှာ ယင်မအုံတာလည်း ကြာ
ပရုပ်လုံးလို ဘာမှမရှိတဲ့ ပိုက်ဆံအိတ်ဟာ
သားရေစတခုထက် မပိုတော့
ငါတို့ဒိန်ခဲကို ဝံပုလွေတွေခိုးသွားခဲ့ပြီ။

စိတ်ရှိတိုင်း ဓားကိုထိုင်သွေးနေတုန်း
အသက်မဲ့သူလို၊ သံပတ်မိသူလို
ငါ့သူငယ်ချင်းဟာ အိပ်မက်ထဲလမ်းလျှောက်
ကုန်တင်ကားကြီးတစီးအောက်ထိုးချသွား
အိမ်တန်းလျား​ကြားက လက်လုပ်လက်စားမလေး
ကေတီဗီမှာ သီချင်းဆိုတတ်သွားခဲ့ပြီ။

အရသာမဲ့ကူးခတ်နေရတဲ့မြစ်မှာ
ငါ့မိန်းမရဲ့ နားကပ်လေးလည်းအပေါင်ဆုံးသွား
မုန့်လင်မယားရောင်းနေတဲ့ .
လမ်းဘေးဈေးသည်မလေးက
မိုးထိနေတဲ့ကုန်ဈေးနှုန်းတွေကြား
အားကိုးအားထား လင်တယောက်
အဖတ်တင်အောင် ကောက်ယူလို့
မြေခွေးတွေက အသားစိမ်းတခုလို
အနာဂတ်ကို ဆွဲဖြဲလို့
မင်းတို့က အအိပ်ကြီးတုန်းလား
ဘယ်မှာလဲ ဘယ်သူအုပ်ချုပ် အုပ်ချုပ်
ကိုယ်ရှိမှ ကိုယ်စား
 ဘယ်မှာလဲ နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့
လီးလီးလားလားစကားတွေ
ဒီမှာ
မင်းရဲ့ဒိန်ခဲကို မင့်းအဘကျားငစဥ်းလဲတွေ 
ခိုးယူသွားခဲ့ပြီ။

ငါတို့ဟာ ပေတရာပေါ်မှာ အာဏာရှင်ကို ငါကိုင်တုပ်
လူလွန်မသားရဲ့ ဂုဏ်သရေမဲ့စောက်ခွက်ကို 
တံတွေးနဲ့ထွေး၊ သေးနဲ့ပန်းပြီး မီးနဲ့ရှို့
တောနဲ့တောင်တန်းမှာ အာယုလမ်းကြောင်းကို
အဓိပ္ပါယ်ဖွင့်ချိန်
 ဘရုတပ်စ်မျက်နှာ​ပေးများနဲ့ 
မအေလိုးရဲ့ပေါင်ကြားထဲ 
ခွေးတကောင်လို တိုးဝင်သွားကြတဲ့
 သစ္စာဖောက်တွေရဲ့အမည်နာမကိုလည်း
 မမေ့ထားနဲ့ဟေ့။

" ငြိမ်းချမ်းနေတဲ့ အချိန်မှာ 
သားတွေက အဖေကိုသင်္ဂြိုဟ်ကြရပြီး
စစ်ဖြစ်နေတဲ့အချိန်မှာတော့
အဖေတွေက သားတွေကို သင်္ဂြိုဟ်ကြရတယ်"
သမိုင်းပညာရှင် "ဟယ်ရောဒတပ်"စကား ငါကြား
ရေနွေးပူထဲက ပုရွက်ဆိတ်တွေလို
နောင်ဘဝ မြန်မာပြည်မှာ လူမဖြစ်ရပါလို၏
အိုးမဲ့အိမ်မဲ့ဘဝမဲ့ အမယ်အိုက ဆုတောင်းလို့
ငါတို့​မြို့ရဲ့ဟိုတယ်ကယ်လ်ဖိုးနီးယားညတွေထဲ
ဂီတာတီးတဲ့ညီလေးတွေ အိမ်ပြန်မလာသေး
ငါတို့ဒိန်ခဲ ဘယ်မှာလဲ။

ငါတို့ဟာနှင်းတွေတဖွဲဖွဲကျနေတဲ့ 
ဆောင်းညမီးပုံဘေး သီချင်းတွေဆိုကြအုံးမှာ
မိုးရေထဲ ပြေးလွှားဆော့ကစားနေတဲ့ 
စစ်ပွဲထဲက ခုန်ထွက်ခဲ့​​ကြတဲ့ကလေးတွေရယ်
ချောင်းကလေးတခုမှာ ငါးမျှားနေတဲ့အဘိုးအိုရယ်
သက်တံကြီးဘယ်လို ပေါက်ရောက်လာတာလဲ
ကောင်းကင်ကြီးဘာကြောင့်ပြာ
မိုး ဘာကြောင့်ရွာ
ငါတို့တွေ ဘယ်လောက်သန်မာခဲ့ကြသလဲ
ရန်သူနဲ့မိတ်ဆွေဆိုတာ ဘာလဲ
မြက်ခင်းလေးတွေကို ပြောပြပြီး
သမိုင်းရဲ့ရွှေရောင်မီးတောက်တွေအကြောင်း
ခမ်းနားတဲ့သေခြင်းဖြစ်ဖြစ်
မြင့်မြတ်တဲ့ရှင်ခြင်းဖြစ်ဖြစ်
လေပြည်ညင်းကို ဖွဲ့ဆိုလို့
မြစ်နဲ့ပင်လယ်​ရေမြေတောတောင်တွေ
ငှက်ကျေးလေးတွေတောင် နွေဦးတရားကို
တအံ့တသြ နားဆင်ကြအုံးမှာ
ပြီးတော့ 
ငါတို့တွေ အိမ်ပြန်ရောက်အုံးမှာ
ချစ်ခြင်းမေတ္တာကလွဲပြီး အရာရာချွေတာရအုံးမှာ။

ဆိုတော့
ငါတို့ကိုယ်ငါတို့ မီးမရှို့လိုက်နဲ့ ညီ
ငါတို့ကိုယ် ငါတို့ မြစ်ထဲ သွန်မချလိုက်နဲ့ အန်တီ
အသက်ကို ပိုးမွေးသလို မွေးမြူရင်း
 အချည်းအနှီး​သောရှင်သန်မှု မဖြစ်စေနဲ့ ညီမရေ
ငါတို့ကိုယ်ငါတို့ မျိုးမသုဥ်းပစ်နဲ့ကွဲ့
ငါတို့ဟာ မီးတောင်ကြားထဲပွင့်ရမယ့် ပန်းနက္ခတ်
 ဇွမ်ဘီတွေလမ်းသလားနေတဲ့ အမှောင်ခေတ်မှာ
ငါတို့ဟာ တယောက်အတွက် မြက်တပင်
ငါတို့ဟာ ​တယောက်အတွက် ကောက်ရိုးတမျှင်
ငါတို့အတွက် ငါတို့ရှင်သန်ရဲမှ
ယုံရဲမှ ။

တရားဥပဒေဆိုတာ
ရှက်ကြောပြတ်နေတဲ့မိန်းမလို အရသာမဲ့လို့
ကောင်းကင်သစ်ရဲ့နိုင်ငံတော်သစ်မှာ
ငါတို့ဟာ မသေတဲ့ကြယ်ရောင်မျိုးဆက် 
ငါတို့ဟာ ပါဝါရိန်းဂျားတွေဖြစ်တယ်။

သူရဲကောင်းတွေရဲ့ခေတ်ဆိုတာ 
ဘယ်ဇုစ်နတ်ဘုရားမှ ပြုလုပ်ခြင်းမဟုတ်ဘူးဟေ့
ငါတို့ကိုယ်တိုင် ပြုလုပ်ခြင်းဖြစ်တယ်။

ငါတို့ဟာ 
သမိုင်းဦးဘုံ​ခေတ်က ဒိုင်နိုဆောတွေ မဟုတ်
ငါတို့ဟာ ချေရဲ့ဆိုင်ကယ်ပေါ်မှာ
ငါတို့ဟာ 
အင်ဒိစ်တောင်တန်းပေါ်က ဘိုလီဗားရဲ့သစ္စာလို
""ငါသည်
ငါ့မိဘများနှင့်ဘုရားသခင်ကိုတိုင်တည်၍
ငါ့တိုင်းပြည်နှင့်ငါ့လူမျိုးကိုတိုင်တည်၍
ငါတို့အားချည်နှောင်ထားသည့်...........
သံကြိုးအနှောင်အဖွဲ့မှ ရုန်းထွက်ရာတွင်
ငါ၏လက်များသည်လည်းကောင်း
ငါ၏ဝိညာဉ်သည်လည်းကောင်း
မည်သည့်အခါမျှ လက်ပန်းမကျစေရ
မည်သည့်အခါမျှ မမောပန်းစေရ""
ငါတို့ဟာ ၂၁ ရာစုရဲ့အဓမ္မကို ပုန်ကန်သူနတ်ဘုရား
မတရားမှုကြီးစိုးနေတဲ့အခါ
ငါတို့ဒိန်ခဲကို မအေလိုးက ခိုးသွားတဲ့အခါ
တော်လှန်တိုက်ခိုက်ခြင်းနဲ့
ဓမ္မနဲ့ သေခြင်းတရားသည်သာ
ငါတို့ရဲ့ဂုဏ်သိက္ခာအဖြစ် ကျန်တော့တယ်ဟေ့။

ဟေ့ ဒီမှာ 
ပလက်ဖောင်းမဲ့နိုင်ငံတော်ရဲ့
အဆုံးစွန်သော လွတ်မြောက်ရာခရီးမှာ
 ဂီယာကို မိုင်ကုန်နင်းလို့
ငါတို့ဟာ မီးလျှံနဲ့ပွင့်မယ့် မျိုးစိတ်
ငါတို့ဟာ သံတောင်ကျောက်တုံးပေါ်
မီးလျှံနဲ့ပွင့်မယ့် သစ်စေ့တွေ.....။ ။

နေသွင်နိုင်း
292022

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar