Breaking News

မောင်ရစ် - ရှစ်လေးလုံး (အရေးတော်ပုံ) မျိူးဆက် တဲ့ ဟိတ်

မောင်ရစ် - ရှစ်လေးလုံး (အရေးတော်ပုံ) မျိုးဆက် တဲ့ ဟိတ်

(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၉

၈၈ အရေးတော်ပုံ၊ ၈လေးလုံး အရေးတော်ပုံ၊ ၈၈ အရေးအခင်း စသည်ဖြင့် လွန်ခဲ့တဲ့ ၈ လ ၈ ရက် ၈၈ ခုနှစ်က စတင်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးကို အမည်နာမ ညွှန်းဆိုကြပါတယ်။ အဲသည်တုန်းကကျောင်းသားတွေကို ၈၈ ကျောင်းသားတွေ၊ လူငယ်တွေကိုလည်း ၈၈ လူငယ်တွေလို့ ဆိုကြပါတယ်။ ဒါက အများဆိုင်အသုံးအနှုန်းဖြစ်ပါတယ်။ ၈၈ အရေးတော်ပုံကြီးကနေ လွှင့်ထူခဲ့တဲ့ တောင်းဆိုချက်တွေက အကျဉ်းအားဖြင့် ၃ ခု ရှိတယ်လို့ ယူဆပါတယ်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အာဏာရှင်စနစ် ကျဆုံးရေး တို့လို့ ဆိုချင်ပါတယ်။ အဲသည်ခေါင်းစဉ်အောက်မှာ ၈၈ ကျောင်းသား၊ လူငယ်၊ လူထုပရိသတ်တို့ သဘောတူညီ ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့ကြတာလို့ ဆိုချင်ပါတယ်။

၁၉၈၈ စက်တင်ဘာ ၁၈ မှာ ၈၈ အရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်းပြီး လက်နက်နဲ့ အကြမ်းဖက် ချေမှုန်းလိုက်တဲ့အခါ တောင်းဆိုချက်တွေမှာ အပြောင်းအလဲတွေ ဖြစ်သွားပါတယ်။ အရေးတော်ပုံအင်အားစုတွေ တကွဲတပြားတွေ ဖြစ်ကုန်ကြပြီးတဲ့နောက် စုဖွဲ့မှုတွေ ပြန်လုပ်ကြတာနဲ့ မစုဖွဲ့နိုင်တော့ဘဲ ပျက်ပြယ်သွားကြတာရယ်ပေါ့။ စုဖွဲ့မှုတွေမှာ ကျောင်းသားသမဂ္ဂတွေ၊ တပ်ဦးတွေနဲ့ ပါတီတွေအဖြစ် စုဖွဲ့ကြတာအပြင် လက်နက်ကိုင်ပြီး တွန်းလှန်မယ့် အေဘီအက်စ်ဒီအက်ဖ်လို လက်နက်ကိုင်အဖွဲ့တွေအဖြစ် စုဖွဲ့မှုတွေကိုပါ တွေ့ရပါတယ်။ အဲသည်တုန်းကလည်း အားလုံးကြွေးကြော်ကြတာက ၈၈ စိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ်ဆိုတာ ဖြစ်ပါတယ်။ အပေါ်က ၃ ချက်ကနေ ရပ်တည်ချက်ဆိုင်ရာ နည်းလမ်းဆိုင်ရာ ခွဲဖြာမှုတွေ မြင်လာခဲ့ရပါတယ်။

၈၈ အရေးတော်ပုံကြီးတုန်းက ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဆိုတာကိို ထိပ်ကနေ ကြွေးကြော် တောင်းဆိုတာပါ။ စစ်တပ်က အာဏာသိမ်းလိုက်တော့ ကြားဖြတ်အစိုးရ လူထုအစိုးရ ဖွဲ့စည်းနိုင်ရေးကို ဆက်တောင်းဆို တိုက်ပွဲဝင်ကြသော်လည် ရွေးကောက်ပွဲဝင်ရောက်ရေး၊ ရွေးကောက်ပွဲဝန်းရံရေး၊ ရွေးကောက်ပွဲအနိုင်ရရေးတို့က ရှေ့တန်းရောက်လာပါတယ်။ နောက် အင်န်အယ်လ်ဒီပါတီ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပြီးတော့ လွှတ်တော်အမြန်ဆုံး ခေါ်ဆိုနိုင်ရေး ဆိုပြီး ဖြစ်လာပါတယ်။ ဒါကိုလည်း စစ်တပ်က လက်မခံဘဲ အမျိုးသားညီလာခံ အရင်ခေါ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အရင်ဆွဲဆိုတဲ့ ခေါင်းစဉ်ကို ရင်ဆိုင်ကြရပါတယ်။ ခုနင်က ၈၈ အရေးတော်ပုံ ရည်မှန်းချက်တွေဖြစ်တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အာဏာရှင်စနစ်ကျဆုံးရေးတို့နဲ့ သွေဖီမသွားတဲ့ နောက်ထပ်ရည်တည်ချက်တခု ပေါ်လာပါတယ်။ ၉၀ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြုအဖွဲ့ CRPP (၁၉၉၈) ထူထောင်ပြီးနောက် ပြည်သူ့လွှတ်တော်ကိုကိုယ်စားပြုတဲ့ နိုင်ငံရေး နဲ့ အထွေထွေ အခြေအနေများကို ဖြေရှင်းရပ်တည်နိုင်ဖို့ ဖြစ်လာပါတယ်။

နောက်ခေါင်းစဉ်တခု ဦးတည်ချက်တခုကတော့ အကြိမ်ကြိမ် အကျယ်ချုပ်ထိန်းသိမ်းခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကလည်း ရှေ့တန်းကို တက်လာပါတယ်။ ၂၀၀၃ မေလ ၃၀ ဒီပဲယင်းလုပ်ကြံမှုကြီးမှာ ဒေါ်စုကို အသက်ရန်ရှာဖို့ စစ်တပ်ကိုထောက်ခံတဲ့ အကြမ်းဖက်အုပ်စုကြီးရဲ့ ကြိုးပမ်းမှု မအောင်မြင်တဲ့နောက်မှာ ပိုပြီး သိသာထင်ရှားတယ်လို့ ဆိုရမယ်။ ဒေါ်စုလွတ်မြောက်ရေး နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး တောင်းဆိုချက်ဟာ မြန်မာပြည်နိုင်ငံရေးပြသနာ အဖြေရှာရေးအတွက် အဓိကဖြစ်လာပါတော့တယ်။

၂၀၀၄ ၊ ၂၀၀၅ နောက်ပိုင်း ၈၈ အရေးတော်ပုံတုန်းက ကျောင်းသားလူငယ်ခေါင်းဆောင်တွေ လွတ်မြောက်လာတဲ့နောက်မှာလည်း သူတို့တွေက အဲသည်ရပ်တည်ချက်နဲ့ အဖြေရှာဘို့ကိုပဲ ရပ်တည်လာပါတယ်။ သူတို့က အဲသည် ၂၀၀၅ ၊ ၂၀၀၆ နောက်မှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များလို့ ခေါင်းစီးအမည်တပ်ပြီး ရပ်တည်ပါတယ်။ အဲသည်ကျတော့မှသာ မြန်မာပြည်တပြည်လုံးက ၈၈ အရေးတော်ပုံဖြတ်သန်းခဲ့သူတွေ တလျောက်လုံး ခံယူခဲ့ကြတဲ့ ဘုံအမည်နာမဖြစ်တဲ့ ၈၈ စိတ်ဓာတ်၊ ၈၈ ကျောင်းသား၊ ၈၈ လူငယ်တွေကနေ ၈၈ မျိုးဆက် ဆိုတဲ့ အသုံးအနှုံးဟာ စတင် တွင်ကျယ်သွားခဲ့တယ်နဲ့ တူပါတယ်။

၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံ ဖြစ်ပွားတဲ့အခါမှာ တောင်းဆိုချက်တွေထဲမှာ ၈၈ အရေးတော်ပုံတောင်းဆိုချက်တွေဖြစ်တဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ အာဏာရှင်စနစ်ကျဆုံးရေးတို့ ရှေ့တန်းရောက်ခဲ့ပြန်တာပါပဲ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကိုလည်း ဆက်ပြီး ကိုင်စွဲခဲ့ကြတာ ရှိပါတယ်။

သည်လိုနဲ့ ၈၈ မျိုးဆက် ဆိုတဲ့ အသုံးနဲ့ ရပ်တည်ချက်ဟာ ၂၀၀၈ အခြေခံဥပဒေအတည်ပြုပြီးနောက်မှာ ပိုပြီး အငြင်းပွားစရာတွေ ဖြစ်လာပါတယ်။ နိုင်ငံရေးပါတီထောင်တဲ့သူတွေကလည်း ၈၈ မျိုးဆက် အမည်ခံပါတီတွေ ထောင်လာကြသလို နယ်ပယ်အသီးသီး ပြည်တွင်းပြည်ပ အစုအဖွဲ့တွေကလည်း ၈၈ မျိူးဆက်ဆိုတာကို သူတို့အမည်နာမ စုဖွဲ့မှုတွေမှာ ရွေးချယ်သုံးစွဲလာကြပါတယ်။ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာကလည်း ၈၈ မျိူးဆက်အများစုနဲ့ ဖွဲ့ကြတာဆိုတော့ အခြားသော ၈၈ မျိုးဆက်တွေကလည်း သည်အမည်ကို ဆက်ခံသုံးစွဲဖို့ ဆန္ဒရှိတာ ဆန်းတယ်လို့ မဆိုနိုင်ပါ။ သည်တော့ ၈၈ မျိူးဆက်အမည်ခံချင်တယ်ဆိုရင် မူလတောင်းဆိုချက် ရပ်တည်ချက် ၃ ရပ်ကို ဆက်လက်ကိုင်စွဲနိုင်မှသာ ၈၈ မျိုးဆက်တွေလို့ ဆိုသင့်တယ် မဟုတ်ဘူးလား။ ဒါကြောင့်လည်း ၈၈ စိတ်ဓာတ်ခိုင်မြဲသူတွေက ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံခြင်း အသိအမှတ်ပြုခြင်း မရှိခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဆိုတာက စစ်အာဏာရှင်ရဲ့ စရိုက်လက္ခဏာတွေနဲ့ ရေးဆွဲခဲ့တာ မဟုတ်လား။

 ၈၈ မျိုးဆက် ဆိုသူတွေက မူလတောင်းဆိုချက်တွေထဲက ဒီမိုကရေစီရေး လူ့အခွင့်အရေး အာဏာရှင်စနစ်ကျဆုံးရေး ဆိုတဲ့ သုံးပွင့်တခိုင်ကို စွဲမြဲကြတယ်ဆိုရင်ဖြင့် အင်န်အယ်ဒီပါတီ အသစ်ပြန်ဖွဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ အကန့်အသတ်နဲ့ လက်ခံပေးရုံမှတပါး အားတက်သရော ဝင်ရောက်ဆင်နွှဲကြရန် မလိုအပ်လို့ ဆိုရမှာဖြစ်ပါတယ်။ အင်န်အယ်ဒီပါတီကတော့ ရင်ကြားစေ့ရေးနဲ့ အမျိူးသားပြန်လည်သင့်မြတ်ရေးဆိုတာကို ရှေ့ထုတ်လာပါတယ်။ စစ်တပ်က တဖက်သပ်ရေးဆွဲထားတဲ့ အာဏာရှင်စရိုက်ပါဝင်နေတဲ့အခြေခံဥပဒေကိုလည်း တနည်းတဖုံ လက်ခံလိုက်တယ်လို့ ယူဆရပါမယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲဝင်လိုက်တာကြောင့် အင်န်အယ်ဒီပါတီမျိူးဆက်တွေအတွက် အရင်က ၁၉၉၀ ရွေးကောက်ပွဲနဲ့လွှတ်တော်တက်နိုင်ရေး ဆိုတာ ပြီးဆုံးသွားပါတယ်။ ဒါကြောင့် CRPP အခန်းကဏ္ဍကလည်း ပြီးဆုံးသွားပါတယ်။  တစိုက်မတ်မတ်တောင်းဆိုခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီး စစ်တပ်နဲ့ သို့မဟုတ် စစ်တပ်ကနေ တက်လာတဲ့ ဦးသိန်းစိန်အစိုးရနဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာနိုင်သည့် တစုံတရာကိုလည်း ဖြစ်မြောက်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ သည်တော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ကိုင်ဆောင်ကြတဲ့ အင်န်အယ်ဒီရဲဲ့ ရည်မှန်းချက်တွေကတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖွဲ့စည်းနိုင်ရေး ဖြစ်သွားပါတယ်။ သည်တော့ ၈၈ မျိူးဆက််််််််််တွေရဲ့ မူလ အာဏာရှင်စနစ်ကျဆုံးရေးဆိုတာ ဘယ်လိုအသွင်ပြောင်းသွားတယ်လို့ ဆိုမလဲ။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီသို့ တဆင့်ပြီး တဆင့် အသွင်ကူးပြောင်းရေး လို့ ဆိုကြလေမလား မသိပါ။ ၈၈ တုန်းက ပြောခဲ့ကြတဲ့ အာဏာရှင်စနစ် ကျဆုံးရေးဆိုတာ လက်ရှိအခြေအနေနဲ့ အံမဝင်တော့ မကိုက်ညီတော့ပြီလား မသိပါ။ သည်တော့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီအနေနဲ့ ၈၈ အရေးတော်ပုံကနေ အဆင့်ဆင့် အသွင်ပြောင်းသွားတယ်လို့ ဆိုရမလို ဟိုတုန်းကတည်း ၈၈ မျိူးဆက်တွေလို့ ခံယူခဲ့ကြသူတွေကလည်း ဒီမိုကရေစီရေး လူ့အခွင့်အရေးတို့ကို ဆက်လက်ကိုင်စွဲကြတယ် ဆိုပေမယ့် အာဏာရှင်စနစ်ကို ရင်ဆိုင်ဖြေရှင်းရာမှာ အရင်ကလို တင်းမာပြတ်တောက်ခြင်း မရှိတော့ဘူး ပြောရမယ် ထင်ပါတယ်။

၁၉၈၈ ကနေ တွက်ရင် ၃၁ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ အခုချိန်ထိ အရေးတော်ကို ဖြတ်သန်းခဲ့သူတွေ သက်ရှိထင်ရှားလှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ ၈၈ မျိူးဆက်တွေ လို့လည်း ဆက်လက်ခံယူ ပြောဆိုနေဆဲ ဖြစ်သလို ပရိသတ်တွေ မီဒီယာတွေ စောင့်ကြည့်သူတွေကိုယ်တိုင်ကလည်း ၈၈ အရေးတော်ပုံမှာ လှုပ်ရှားဆောင်ရွက်ခဲ့ကြသူတွေကို ၈၈ မျိူးဆက်တွေလို့ပဲ သဘောထားကြလေ့ရှိပါတယ်။ ဒီမှာပြောချင်တာလေးတခုကတော့ ၈၈ အရေးတော်ပုံတုန်းက တောင်းဆိုချက်တွေအတိုင်း ဖြစ်မြောက်ဖို့အရေး ဆက်လက်ရပ်တည် တောင်းဆို လှုပ်ရှားနေဆဲ တိုက်ပွဲဝင်နေဆဲ ဆိုရင်တော့ သူတို့ကို ၈၈ မျိူးဆက်တွေလို့ ဆိုရမှာပေါ့လေ။ သို့သော် အာဏာရှင်စနစ်ကျဆုံးရေးကနေ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းယူရေးအဖြစ်ဆီသို့ ပြောင်းလဲရပ်တည်သွားပြီဆိုရင်ဖြင့် ငါတို့က "၈၈ အရေးတော်ပုံ မျိုးဆက် တဲ့ .. ဟိတ်" လို့ အသံအကျယ်ကြီးနဲ့တော့ သိပ်မအော်သင့်တော့ပြီ မဟုတ်ပါလား။