Breaking News

ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ်မြို့မှာ ချင်းလက်နက်ကိုင် တပ်အချင်းချင်း တိုက်ခိုက်မှုဖြစ်

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၆ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၇ ၊ ၂၀၂၅

ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ်မြို့မှာ ချင်းလက်နက်ကိုင် တပ်အချင်းချင်း တိုက်ခိုက်မှုဖြစ်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ ထိစပ်နေတဲ့ ချင်းပြည်နယ်ရဲ့ နယ်စပ်မြို့ ရိဒ်ခေါဒါမြို့မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ပြီး သိမ်းယူထားတဲ့ CDF ဟွာလ်ငို (ဒေသခံ ကာကွယ်ရေးတပ်) ကို ချင်းညီနောင်အဖွဲ့CNO/CNDF ချင်းအမျိုးသားအဖွဲ့ချုပ် လက်နက်ကိုင်တပ်တွေက လာရောက်တိုက် ခိုက်ပြီး မြို့နေလူထုအနေနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းတွေဖေါ်ပြထားကြပါတယ်။

ရိဒ်ခေါဒါမြို့ဟာ အုပ်ချုပ်ရေးအရ ဖလမ်းခရိုင်ထဲပါဝင်ပေမယ့် ဖလမ်းမြို့နဲ့ ၉၆ ကီလိုမီတာလောက်ကွာဝေးပြီး တီးတိန်မြို့နဲ့ ၅၃ ကီလိုမီတာလောက်သာကွာဝေးတဲ့နေရာမှာ တည်ရှိပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ ချင်းပြည်နယ်မှာ နကိုရှိပြီး Chin National Front ချင်းအမျိုးသားတပ်ဦး လက်နက်ကိုင် အဖွဲ့အပြင် နယ်မြေဒေသအလိုက် ဒါမှမဟုတ် မျိုးနွယ်စုအလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်တို့မှာလည်း ဒေသအလိုက်ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်းခဲ့ကြပြီး ပထဝီအနေ အထားအရ AA နဲ့ ဆက်ဆံရေး နီးစပ်ကာ ချင်းပြည်နယ်မြို့တော် ဟားခါး၊ ထန်တလန်တို့ကတော့ ရှိပြီးချင်းလက်နက်ကိုင်အဖွဲ့ CNF နဲ့ ပိုမိုနီးစပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ ချင်းပြည်နယ်တောင်ပိုင်းက ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဖလမ်းနဲ့ ဇိုမီးလက်နက်ကိုင်အဖွဲ့တို့ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့ Chin Brotherhood ကို ဖွဲ့စည်းခဲ့ပြီး CNF ဦးဆောင်တဲ့ အခြား ချင်းကာကွယ်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ အပြိုင်သဖွယ်ဖြစ်လာခဲ့တာပါ။

အခုတိုက်ပွဲဖြစ်တဲ့ ရိဒ်ခေါဒါမြို့က ဟွာလ်ငို ချင်းကာကွယ်ရေးတပ်ဖွဲ့ဟာ အဲဒီဒေသက ဖွဲ့စည်းပေါ်ထွက်လာတဲ့ ကာကွယ်ရေးအဖွဲ့ဖြစ်ပြီး CNF နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိတာဖြစ်ပါတယ်။

CNF နဲ့ ဟွာလ်ငို ချင်းကာကွယ်ရေးတပ်တွေပူးပေါင်းပြီး ၂၀၂၃ နိုဝင်ဘာလမှာ ရိဒ်ခေါဒါမြို့က စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ပြီး သိမ်းယူခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေး လုပ် ဆောင်ရာမှာ တမူးမြို့ပြီးရင် ရိဒ်ခေါဒါမြို့က ဒုတိယအစည်ကားဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ပါတယ်။ ချင်းပြည်နယ်ဝင်ပေါက် ကလေးမြို့၊ ဒိနောက် တီးတိန်ကတဆင့် ရိဒ်ခေါဒါ နယ်စပ်ကိုကုန်စည်သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှုတွေ အများအပြားရှိတာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်ခွဲကျော်က စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ပြီးသိမ်းယူထားတဲ့ ရိဒ်ခေါဒါမြို့ကို ချင်းညီနောင်အဖွဲ့ထဲမှာပါတဲ့ CNO/CNDF က လာရောက်တိုက်ခိုက်ခြင်းက ချင်းလက်နက်ကိုင် အဖွဲ့တွေအကြား သွေးကွဲမှုကိုပြသလိုက်တဲ့ နောက်ဖြစ်ရပ်တခုဖြစ်လာခဲ့ပါတယ်။

ချင်းပြည်နယ်ဟာ ပထဝီအနေအထားအရ ဘာသာစကားကွဲပြားတဲ့ အဓိကမျိုးနွယ်စု ၉ စုရှိပြီး ဒိထက်အသေးစိတ်ခွဲရင် ဆယ်ဂဏန်းကျော်တဲ့မျိုးနွယ်စုတွေရှိကြတာ ဖြစ်ပါတယ်။ မျိုးနွယ်စုအလိုက် နဲ့ နယ်မြေဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေကို စုစည်းရာမှာ ဆယ်စုနှစ်အတော်များများ သက်တမ်းရှိတဲ့ CNF က စစ်ရေးအတွေ့အကြုံအရ ဦးဆောင်မှုကိုခံယူခဲ့ကြပြီး  ချင်းပြည်ကောင်စီဖွဲ့စည်းကာ နိုင်ငံရေးအရ တခုတည်းသောစုစည်းမှုရရှိဖို့ရာ လုပ်ဆောင်ခဲ့ကြပါတယ်။ သို့ပေမယ့် Arakan Army ရက္ခိုင့်တပ်တော် နဲ့ စစ်ရေးဆိုင်ရာအကူအညီ လက်ခံရရှိမှုအပေါ်အခြေခံပြီး နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့ ဒေသအလိုက်ဖွဲ့ထားတဲ့ ချင်းလက်နက်ကိုင်အဖွဲ့အချို့က ချင်းပြည်ကောင်စီဖွဲ့စည်းမှုမှာမပါဝင်ကြဘဲ သီးခြားအဖွဲ့တဖွဲ့ဖြစ်တဲ့ ချင်းညီနောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး အဆိုပါ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့တွေအကြား ပွတ်တိုက်မှုနဲ့ တခါတရံ ထိတွေ့ပစ် ခတ်မှုတွေအထိဖြစ်ပွားခဲ့တာ နောက်ခံအခြေအနေဖြစ်ပါတယ်။

ဒီအခြေအနေတွေအပေါ် အခြေခံပြီး ယခု ရိဒ်ခေါဒါမြို့ကို ချင်းညီနောင်အဖွဲ့ထဲမှာပါဝင်တဲ့ဒေသန္တရ ကာကွယ်ရေးလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ CNO/CNDF က ချင်းပြည်ကောင်စီထဲ ပါဝင်တဲ့ ဟွာလ်ငို CDF ကို တိုက်ခိုက်ပြီး သိမ်းယူဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

အခု အဖြစ်အပျက်က ချင်းပြည်နယ်ထဲက အဖြစ်အပျက်တခုဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ အခြားသောဒေသတွေမှာလည်း အလားတူအခြေအနေမျိုးကို ကြုံတွေ့နေရတာကိုဖေါ်ပြနေတာလည်း ဖြစ်ပါတယ်။ နေရာဒေသအားဖြင့်ပြောရရင် အညာဒေသ စစ်ကိုင်းတိုင်းလိုမျိုးမှာ ဖြစ်ပွားနေတဲ့ နောက်ခံအခြေအနေက အခုချင်းပြည်နယ်ကအနေအထားနဲ့ အလားသဏ္ဍာန်တူပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဒေသအလိုက် နယ်မြေအလိုက် တချို့နေရာဒေသမှာ မြို့နယ်တမြို့ နယ်ထဲမှာ တခုမကဖွဲ့စည်းပေါ်ထွက်လာကြတဲ့ ကာကွယ်ရေးလက်နက်ကိုင်အဖွဲ့တွေကို နှစ်ကာလတခုရောက်ရှိသည့်တိုင် မစုစည်းနိုင်ကြသေးတဲ့အနေအထားဖြစ်ပါတယ်။

ယင်းမာပင်၊ ဒီပဲယင်း၊ ပုလဲ စတဲ့ဒေသတွေမှာ PDF အဖွဲ့တွေ အများအပြားဖွဲ့စည်းလှုပ်ရှားနေကြပြီး စစ်ဆင်ရေးအချို့မှာ ပူးပေါင်းလှုပ်ရှားနိုင်တာရှိပေမယ့် ယေဘုယျအားဖြင့်တော့ သီးခြားစီ လှုပ်ရှားကြတာဖြစ်ပါတယ်။

နဂိုရှိရင်းစွဲ အုပ်ချုပ်ရေးဖွဲ့စည်းမှုအရပြောရင် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ပြီးခဲ့တဲ့ ၄ နှစ်တာအတွင်း လက်နက်ကိုင်အဖွဲ့အများအပြားဖွဲ့စည်းပေါ်ထွက်လာပြီးဖြစ်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ MOD ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာအားလုံးမရှိပဲ သီးခြားစီရပ်တည် နေကြတာ ဖြစ်ပါတယ်။ မုံရွာ၊ ရွှေဘို၊ ဝက်လက်၊ အရာတော်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ မြင်းခြံ စတဲ့ဒေသတွေမှာ MOD လက်အောက်မှာမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ အများအပြား သီးခြားစီ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ အချို့အဖွဲ့တွေက စစ်ကိုင်း၊ မန္တလေး၊ မကွေးတင်မကပဲ ကျယ်ပြန့်တဲ့လှုပ်ရှားမှုရှိတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် BPLA, PLA တို့လိုအဖွဲ့တွေ ဖြစ်ပါတယ်။

အခုလတ်တလော ချင်းပြည်နယ် ရိဒ်ခေါဒါမြို့တိုက်ပွဲက ချင်းပြည်နယ်ရဲ့ ကွဲနေတဲ့ လက်နက်ကိုင် အင်အားစု ၂ ရပ်ကိုလှစ်ဟပြတဲ့အဖြစ်အပျက်ဖြစ်ပြီး ဗမာလူမျိုးတွေအများစုနေထိုင်ကြတဲ့ အညာဒေသမှာလည်း အလားတူ ပြဿနာမျိုးတွေရှိနေတာဖြစ်ပြီး စစ်အာဏာရှင်စစ်တပ်ကိုအနိုင်ရ အောင်တိုက်ဖို့ဆိုရင် အခုလို စစ်ရေးအရကွဲပြားနေတဲ့လက်နက်ကိုင်အင်အားစုတွေကို နိုင်ငံရေးအရစုစည်းနိုင်ဖို့က အရေးတကြီး လိုအပ်နေကြောင်း သက်သေပြနေတယ်လို့ဆိုရင် မှားမယ်မထင်ပါ။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar