မောင်လူမွှေး - တူမီးသံကို ပြန်ကြားယောင်ကြရင်
မောင်လူမွှေး - တူမီးသံကို ပြန်ကြားယောင်ကြရင်
မိုးမခ ၊ ဇူလိုင် ၇ ၊ ၂၀၂၇
မနေ့က တစ်နေကုန် စစ်ရှောင်ကျောင်းမှာ စာသင်ပြီး မောမောနဲ့ပြန်အလာ လိုင်းပေါ်တက်ကြည့်လိုက်တော့ ချင်းတောင်ပေါ်က ဝမ်းသာစရာသတင်းနဲ့ ကြေကွဲစရာသတင်း နှစ်ခုကို တစ်ပြိုင်နက်တွေ့ရပါတယ်။
ဝမ်းသာစရာ သတင်းကတော့ ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို တက်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက အပြီးသတ်မောင်းထုတ်လိုက်ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေ ၁၈ ရက်မှာ ကလေးမြို့ကနေ ချင်းတောင်ကို တက်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန် ၅ ရက်နေ့မှာတော့ ကလေးမြို့ကို ခွေးပြေး၊ ဝက်ပြေး ပြန်ပြေးခဲ့ကြရတာဖြစ်ပါတယ်။
ကြေကွဲစရာသတင်းကတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အချင်းချင်း ပစ်ခတ်မှုဖြစ်ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖလမ်းမြို့နယ်ထဲမှာ CNDF နဲ့ CDF - Hualngoram ( CDF - ဟွာငိုး) တပ်ဖွဲ့ဝင်တွေ အချင်းချင်း ပစ်ခတ်မှုစဖြစ်ခဲ့ရာက မထင်မှတ်ပဲ ကြီးကျယ်သွားပြီး အိန္ဒိယ နယ်စပ် ရိခေါ်ဒါရ်မြို့အထိ တိုက်ပွဲတွေဖြစ်ပြီး ရိခေါ်ဒါရ်မြို့ပေါ်က ပြည်သူတစ်ထောင်ကျော် အိန္ဒိယနိုင်ငံဘက်ကို ကရောသောပါးပြေးကြရပါတယ်။ ဒီလိုပြည်သူတွေ ကိုယ့်နိုင်ငံကနေ ကိုယ့်လူမျိုးအချင်းချင်း ပစ်ခတ်မှုကြောင့် ထွက်ပြေးကြရတာဟာ ရင်နင့်ဖွယ်ရာ မြင်ကွင်းဖြစ်ပါတယ်။
မောင်လူမွှေးတစ်ယောက် တစ်နေကုန် စာသင်ပြီး ပင်ပန်းနေပေမယ့် ဒီသတင်းတွေကြောင့် တော်တော်နဲ့ အိပ်မပျော်နိုင်။ ညနက်တဲ့အထိ ချင်းတောင် တော်လှန်ရေးအကြောင်း ချာချာလည်တွေးလိုက် ၊ လူးလိမ့်လိုက် ဖြစ်နေရပါတယ်။
ချင်းတောင်ခြေက ကလေးမြို့မှာ စစ်အာဏာသိမ်းခါစက ဆန္ဒတွေ ထုတ်ဖော်ခဲ့ကြတော့ စစ်တပ်က ပစ်ခတ်မှုတွေ ပြုလုပ်တာကြောင့် ချင်းလူမျိုး လူငယ်တွေ ကျဆုံးခဲ့ကြရပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးတဲ့ ချင်းလူမျိုးလူငယ်တစ်ဦးရဲ့နာရေးမှာ "မနေ့က ကျနော်လည်း သေခါနီးပဲ။ မသေတော့ ဒီနေ့ ဆန္ဒပြတယ်။ ဒီနေ့ မသေသေးရင် မနက်ဖြန် ပြန်ထွက်ပြီး ဆန္ဒပြမှာပဲ" လို့ ချင်းလူငယ်တစ်ဦးရဲ့ စကားသံကို ကလေးမြို့က မောင်လူမွှေး မိတ်ဆွေတစ်ဦးထံက တဆင့် ပြန်ကြားခဲ့ရဖူးပါတယ်။
ဆန္ဒပြလို့ ကျဆုံးတဲ့ထဲမှာ ကလေးမြို့အထက်နား ချင်းတောင်ပေါ် ရွာလေးတစ်ရွာက လူငယ်လေးတစ်ဦးလည်း ပါပါတယ်။ သူ့အသုဘကို သူတို့ရွာမှာပဲ ကျင်းပခဲ့ကြတယ်။ သူ့အသုဘ ရုပ်အလောင်းမြေ မချခင်မှာ တူမီးသေနတ်တွေ ပြိုင်တူဖောက်ခဲ့ကြတယ်။ ဒီတူမီးသံဟာ ချင်းတောင်ကနေ အာဏာရှင်စစ်တပ်ကို စိန်ခေါ်လိုက်တဲ့ အသံ ဖြစ်ပါတယ်။ မောင်လူမွှေးတစ်ယောက် ဒီတူမီးသေနတ်တွေရဲ့ အသံကို ပြန်ကြားယောင်မိနေတော့တာပါပဲ။
မောင်လူမွှေးတစ်ယောက်တောင် အိပ်မပျော်နိုင်လောက်အောင် ခံစားနေရရင် မောင်လူမွှေးမိတ်ဆွေ ချင်းလူမျိုးတွေဟာ ဘယ်လောက်ကြေကွဲကြရှာမလဲ လို့ တွေးမိပါတယ်။
"ကျနော်တို့တွေက စစ်ကောင်စီကို တော်လှန်ရာမှာ စစ်ဒဏ်ကို ပထမအရင်ဆုံး တအားခံကြရတယ်။ စစ်ကောင်စီ ကင်းစင်သွားရင်တော့ ကောင်းကျိုးကိုလည်း ပထမဆုံး ပြန်ခံစားရမယ်လို့ မျှော်လင့်တယ်" လို့ ပြီးခဲ့တဲ့ လကပဲ ချင်းတောင်က မောင်လူမွှေးစာပေ မိတ်ဆွေတစ်ဦးက ဖုန်းထဲကနေပြောပါတယ်။ သူ့အတွက်လည်း မောင်လူမွှေး ကြေကွဲရတာပါပဲ။
တော်လှန်ရေးအစ ချင်းတောင်ပေါ်က တူမီးသံဟာ တော်လှန်ရေးရဲ့ အချက်ပြသံ။ နိုင်ငံတကာထိရောက်ခဲ့တဲ့ နွေဦးတော်လှန်ရေးရဲ့အသံလည်း ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာ စစ်ကောင်စီ လုံးဝကင်းစင်တဲ့ ပထမဆုံး ပြည်နယ်ဖြစ်မယ်လို့ မောင်လူမွှေး အပါအဝင် ယုံကြည်မျှော်လင့်ခဲ့သူတွေ များစွာရှိပါတယ်။
ခုဒီစာကိုရေးနေတဲ့အထိလည်း မျှော်လင့် ယုံကြည်နေဆဲဖြစ်ပါတယ်။ ချင်းတောင်ပေါ်က အဖွဲ့အစည်းတွေအားလုံး တူမီးသံတွေကို ပြန်ကြားယောင်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar