Breaking News

မောင်သာနိုး - ကျေးလက်တေးသံလား လူထုတေးသံလား


မောင်သာနိုး - ကျေးလက်တေးသံလား လူထုတေးသံလား

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀
(မောင်သာနိုးဖေ့စ်ဘွတ်ကနေ ကူးပါတယ်)

အင်္ဂလိပ်စကားလုံး Folk ရဲ့ အဓိပ္ပာယ်နေရာမှာ မြန်မာလို ‘ကျေးလက်’ လို့ စတင်သုံးခဲ့တာ ၊ တရုတ်ပြည်က ဘာသာပြန်ဆရာကြီးတွေဖြစ်လိမ့်မယ် ထင်တယ်။ ၁၉၅၇ ခုနှစ်က တရုတ်ပြည်၊ ပီကင်းမြို့ ‘နိုင်ငံခြားစာပေ ထုတ်ဝေရေး’ ဌာနက မြန်မာလိုပုံနှိပ်ထုတ်ဝေခဲ့တဲ့စာအုပ်အမည်က ‘တရုတ်ကျေးလက်ပုံပြင်လက်ရွေးစင်၊ ပဌမတွဲ’ ပါတဲ့။ (သူ့မူရင်းစာလုံးပေါင်းသတ်ပုံအတိုင်း) ။ နောက်တော့ ကျနော်တို့တိုင်းပြည်မှာပါ ‘ကျေးလက်ပုံ ပင်’ ‘ကျေးလက်တေးသံ’ စသဖြင့်သုံး လာကြတာကို တွေ့ရတယ်။ တချို့က ရိုးရာပုံပြင်၊ ရိုးရာတေးချင်း စသဖြင့်လည်း သုံးကြပါရဲ့။ပဝေရှေးကတည်းက မြန်မာ့ရိုးရာသီချင်းတွေကို လိုက်လံစုဆောင်းပြီး ၊ စာအုပ်ထုတ် ခဲ့တဲ့ဆရာကြီးဦးဖိုးလတ်ကတော့ သူ့စာအုပ်ကို ‘သီချင်းပဒေသာ’ လို့ ရိုးရိုးကလေးပဲ ခေါ်ထားတယ်။ ရိုးရာတေး ချင်းအများစုပါတဲ့ စာအုပ်ပါ။ ဇော်ဂျီ၊ မင်းသုဝဏ်တို့ရဲ့အရေးအသားများထဲမှာလည်း သီချင်း၊ တေး၊ တေး ဟောင်း စသဖြင့်ပဲ တွေ့မိတယ်။

ကျေးလက်ဆိုတော့ ‘ကျေးလက်တောရွာ’ ပဲပေါ့။ ကျေးလက်ပုံပြင်ဆိုရင် တောရွာတွေမှာ ပြောကြတဲ့ ပုံပြင်၊ ‘ကျေးလက်တေးသံ’ ဆိုရင် တောသူတောင်သားတွေ သီဆိုကြတဲ့တေးသံပေါ့ ။ မြို့ကလူတွေနဲ့ မဆိုင် တော့ဘူးပေါ့။ တကယ်က အဲသလို မဟုတ်ချေဘူး။ ‘ရွှေယုန်နှင့်ရွှေကျား သက်ငယ်ရိတ်သွား’တဲ့ပုံပြင်ကို တောရွာက ကလေးငယ်ကြားဖူးသလို ၊ အမရပူရရွှေမြို့တော်က ကလေးလည်းသိတာပါပဲ။ ‘ကြောင်ဖါးကြီး မြီးတံတို’ သီချင်းကို တောသူမိခင်က ဆိုပြသလို ၊ မန္တလေးနေပြည်တော်က မိခင်ကလည်း သားချော့ရင်း ညဉ်းခဲ့တာပါပဲ။ ဒါ့ကြောင့်လည်း ရွှေမင်းသမီး လှိုင်ထိပ်ခေါင်တင်က သူရဲ့နာမည်ကျော် ‘ရေယမုန်’ ပတ်ပျိုးထဲ မှာ -----
ဟာ တိတ်ပကွယ်
ကြောင်ညိုဖါးငယ်
စားတတ်လှတယ်
လို့ ထည့်ညွှန်းခဲ့တာပ။

အင်္ဂလိပ်စကား folk ရဲ့အဓိပ္ပာယ်က လူထု people လို့ ဖြစ်တယ်။ country folk ဆိုရင် ကျေးလက် လူထု၊ townsfolk ဆိုရင် မြို့နေလူထုလို့ အဓိပ္ပာယ်ရတယ်။ ဒီတော့ကာ folk tale ကို ‘လူထုအက’ ၊ folk song ကို လူထုသီချင်း၊ folk dance ကို လူထုအက လို့ ခေါ်သင့်တယ်။ ဒါတွေအားလုံးကိုရော ၊ လူထုတရပ်ရဲ့ဓလေ့ ထုံးစံတွေ၊ စကားပုံဆိုရိုးတွေကိုရော folklore လို့ ခေါ်ပါတယ်။ ‘လူထုပညာရပ်’ လို့ ခေါ်ရမလားပဲ။ ဒီစကားလုံး ကို Karl Beckson Arthur နဲ့ Ganz A Reader’s Guide to Literary Terms စာပေဝေါဟာရအဘိဓါန်မှာ the songs ,stories,myths,pro-verbs of a people or ‘folk’ as handed down by word of mouth.(နှုတ်ဖြင့် အဆင့်ဆင့်ကမ်းလာခဲ့တဲ့ လူမျိူး၊ ဝါ ၊ လူထုတရပ်ရဲ့သီချင်းများ၊ ပုံပြင်များ၊ နတ်ဇာတ်လမ်းများ၊ စကားပုံများ) ပါတဲ့။

အမေရိကန်ပညာရှင်အချို့ကတော့ ‘လူထုစာပေ folk literature’ ဆိုတဲ့ဝေါဟာရကို သုံးတယ်။ ဒါကို နီဘရာစကာတက္ကသိုလ်က Lee T. Lemon ရဲ့ A Glossary for the Study of English ထဲမှာ ရှင်းပြထားပုံက Folk literature is the literature of the people,it is usually unsophisticate,anonymous, and transmitted at least at first orally.(လူထုစာပေဆိုတာ ပြည်သူ့စာပေပါပဲ များသောအားဖြင့် ထွေပြားသိမ် မွေ့ခြင်း မရှိဘူး။ ရေးသူ မသိရဘူး။အနည်းဆုံး ပထမမှာတော့ နှုတ်နဲ့ ဖြန့်ဖြူးခဲ့ရပါတယ်) တဲ့။ဆက်လက်ပြီး လူမျိုးစုတခု ၊ လူ့အဖွဲ့အစည်းတခု၊ ပထဝီဒေသတခုရှိ လူစုတစုနဲ့ဆက်နွယ်ပြီး ပြောလေ့ရှိတယ်။ ဘီလီဂလာ့ ရှိတ်ရေးတဲ့ ‘ဂျက်ဆီဂျိမ်းဘာလာဒ’ ballad ကို သီဆိုသူတွေက ကြိုက်သလိုဖြည့်စွက်၊ ပြင်ရေး၊ ပယ်နုတ်၊ တေး သွားအလိုက်ကို ပြောင်းနိုင်ကြတဲ့အတွက် အဲသလိုစာမျိုးကို ‘လူထုစာပေ’ ခေါ်သင့်ကြောင်း၊ လူထုစာပေထဲမှာ စကားထာ၊ ကလေးသီချင်း၊ လူထုပြဇာတ်၊ စကားပုံ၊ ဆေးမြီးတို စသည်များပါဝင်ကြောင်း ရှင်းပြထားတယ်။

Folk Tale ဆိုတာ လူမျိုးတမျိုးက အစဉ်အလာပြောလာခဲ့ကြတဲ့ ပုံပြင်ပါပဲ။ မြန်မာလူထုပုံပြင်၊ ကချင် လူထုပုံပြင်၊ ရှမ်းလူထုပုံပြင် စသဖြင့် ရှိနေပေလိမ့်မယ်။ ဒါတွေကို ကျေးလက်ပုံပြင်လို့ ပြောလို့ မရနိုင်ပေဘူး။ Beckson နဲ့ Ganz တို့ရဲ့အဘိဓါန်ထဲမှာ ရှင်းပြထားတာကတော့ ရှေးရိုးစဉ်လာနတ်ပုံပြင်တွေ myths and fairy tales ကနေ ဟန်ဇ် ခရစ်ယန်အန်ဒါဆင်ရဲ့ ပုံပြင်တွေအထိ ပါဝင်တယ်လို့ ဆိုတယ်။ ‘တထောင့်တည’ တို့ ၊ ဂရင်းမ်ညီနောင်စုဆောင်းခဲ့တဲ့ပုံပြင်တို့ဟာ လူထုပုံပြင်တွေ ဖြစ်ကြပါသတဲ့။

Folk song,folk musics,folk dance တို့နဲ့ ပတ်သက်ပြီး၊ ဘုရင်မတေးဂီတအကယ်ဒမီအဖွဲ့ဝင် King Palmer ရဲ့ Music စာအုပ်ထဲမှာ ...
The beginning of English music must be looked for in the songs and dences of the common people,which we now call folk songs and folk dances.We have a very rich heritage of folk music,some of which have been passed on from generation to generation and has been painstakingly collected by modern musicians.
အင်္ဂလိပ်တေးဂီတရဲ့အစကို သာမန်ပြည်သူတွေရဲ့ သီချင်းတွေ ၊ အကတွေမှာ ရှာရမယ်။ ဒါတွေကို အခုတော့ လူထုသီချင်း၊ လူထုအကလို့ ခေါ်နေကြပါပြီ။ ကျုပ်တို့မှာ လူထုတေးဂီတအမွေအနှစ် တော်တော် ကြွယ်ကြွယ်ဝဝ ရှိတယ်။ တချို့ကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းခဲ့ကြတာ။ ခေတ် ပေါ်ဂီတဆရာတွေကလည်း အပင်ပန်းခံပြီး စုဆောင်းထားကြတာပါ။

မြန်မာလူထုတေးချင်းတွေကို မန္တလေး၊ ကျောက်ဆည်၊ ရွှေဘိုကနေ ထားဝယ်ထိ နယ်စုံသွားရောက်ပြီး အကြီးအကျယ် စုဆောင်းခဲ့သူတဦးဖြစ်တဲ့ ကွယ်လွန်သူဦးခင်ဇော်(K) က သူ့ရဲ့ဆောင်းပါးတစောင်မှာ folk song ဝေါဟာရကို ရှင်းပြရင်း ပညာရှင်တချို့ရဲ့အဆိုအမိန့်များကို ကိုးကားထားပါတယ်။သူကိုးကားတဲ့ပုဂ္ဂိုလ် တဦးထဲက Percy A. Scholes ဆိုပုံကလေးဟာ မှတ်လောက်သားလောက်ဖြစ်တယ်။ ‘ကျေးလက်’ ဆရာကြီး တွေ သတိပြုဖွယ်ပါပဲ။

In a very real sense,folk music is the composition of the race that produces it;it commonly expresses racial characteristics in a very definite way.The difference between English and Irish folk songs is just one obious example;the English is tuneful and rhythmic ,but less mystical in feeling than the Irish…..
အမှန်တကယ်ပဲ လူထုတေးဂီတဟာ သူ့ကို ထုတ်လုပ်လိုက်တဲ့လူမျိုးက ရေးဖွဲ့လိုက်တာဖြစ်တယ်။ လူမျိုးသဘာဝ လက္ခဏာတွေကို အလွန်ရေရာတိကျ ဖေါ်ပြလေ့ရှိတယ်။ အင်္ဂလိပ်နဲ့ အိုင်းရစ်လူထု သီချင်းများခြားနားပုံဟာ နမူနာကောင်းတခုပါပဲ။ အင်္ဂလိပ်လူထုသီချင်းက တီးကွက်မြိုင်ပြီး ရစ်သမ် ကောင်းတယ်။ ဒါပေမဲ့ အိုင်းရစ်လူထုတေးသံလောက် ခံစားမှုမှာ ဂမ္ဘီရ မဆန်ဘူး။

ဆရာကြီး ဦးခင်ဇော်က ဆက်လက်ပြီး ပြောပြတယ်။ မြန်မာလူထုတေးသံက ဖေါ်ပြတာကတော့ တခုထဲပါပဲ။ အဲဒါကတော့ rejoice ဝမ်းမြောက်တာ ဖြစ်ပါတယ်။ တယောက်ယောက် မင်္ဂလာဆောင်လို့ ဝမ်းမြောက်တာ၊ အလှုပေးလို့ ဝမ်းမြောက်တာ၊ တယောက်ရဲ့သားတွေ ရှင်ပြုလို့ ဝမ်းမြောက်တာ စသဖြင့်။ ဟုတ်ကဲ့။ ဝမ်းနည်း ကြေကွဲတဲ့လူထုတေးသံလည်း မြန်မာမှာ ရှိပါတယ်။ ဒါပေမဲ့ အဲသလိုဝမ်းနည်းရာမှာတောင် တထောင့်တနေရာ မှာ ဟာသက ပါနေတတ်လေရဲ့….တဲ့။

ဒီတော့ကာ အင်္ဂလိပ်လူထုတေးသံက အင်္ဂလိပ်လူမျိုးရဲ့စရိုက်သဘာဝကို ဆောင်တယ်။ အိုင်းရစ်လူထု တေးသံက အိုင်ယာလန်ပြည်သူတွေရဲ့စရိုက်သဘာဝကို ဖေါ်ပြတယ်။ မြန်မာလူထုတေးသံက မြန်မာလူမျိုးတို့ ရဲ့ စရိုက်သဘာဝကို ထုတ်ဖေါ်နေတယ်။ ဒါ့ကြောင့် လူမျိုးအသီးသီးရဲ့တေးသံကို လူထုတေးသံပဲ ခေါ်သင့် တယ်။ ကျေးလက်တေးသံဆိုရင် မြို့ပြမပါ၊ တောသူတောင်သားတို့ရဲ့ သီချင်းသက်သက်လို့ ဆိုလိုရာကျသွား ပေလိ့မယ်။ တမျိုးလုံးကို ကိုယ်စားမပြုတော့ဘူး။

တကယ်တော့ ကျေးလက်ဆိုတဲ့မြန်မာစကားအတွက် အင်္ဂလိပ်စကား country ရိှနေပြီး ဖြစ်တယ်။ country music ‘ကျေးလက်တေးဂီတ’။ အမေရိကန်ပြည်မှာ ပေါ်ခါစနာမည်အပြည့်အစုံက country and wester music ရယ်လို့ ဖြစ်ပါတယ်။ တောင်ပိုင်းဒေသတွေမှာ ခေတ်စားခဲ့တယ်။ လူဖြူလယ်သမားလူငယ် တွေကြား တွင်ကျယ်ခဲ့တဲ့ဂီတဖြစ်တယ်။ လူမည်းတွေကြား Blues တွေ တွင်ကျယ်ခဲ့သလိုပေါ့လေ။ ဒါပေမဲ့ လူမည်းတွေရဲ့တေးဂီတလောက် ရစ်သမ်မပြင်းထန်ဘူး။ ရိုးရိုးလွယ်လွယ် ကြည်နူးဖွယ်တေးသွားလေးတွေပဲ ဖြစ်တယ်။

Blues ဆိုတာ အမေရိကန်ပြည်မှာလာပြီး ကျွန်ဖြစ်နေရတဲ့ အာဖရိကနွယ်လူမည်းတွေ လယ်ကွင်းထဲ အလုပ်လုပ်ရင်း ဝမ်းပန်းတနည်း၊ တလွမ်းတဆွေးသီဆိုကြတဲ့ တေးသံတွေကို ခေါ်တာဖြစ်တယ်။ အာဖရိက ဂီတ၊ ခံစားမှုကြီးမား ၊ ရစ်သမ်ပြင်းထန်တာ Blues တွေရဲ့လက္ခဏာပါပဲ။ ဒီ Blues တွေကို အမေရိကန် လူမည်း တွေရဲ့လူထုတေးသံလို့ ဆိုရမယ်။ ‘ကျေးလက်တေးသံ’ မဟုတ်ပါဘူး။ နောင်မှာ Blues တွေကို လူဖြူ တွေရဲ့တူရိယာတွေမှာ တီးမှုတ်တတ်လာကြတော့ Jazz ရယ်လို့ ဖြစ်လာတယ်။ ဒုတိယကမ္ဘာစစ်ပြီးတော့ လျှပ်စစ်ဂီတာလည်း ပေါ်ထွန်းလာကာ ၊ ကလို့ကောင်းတဲ့ rhythm ‘n’ blues ပေါ်လာပြန်တယ်။ ဒီအခါမှာ လူဖြူလူငယ်လေးတွေက rhythm ‘n’ blues ကို သဘောကျပြီး country music ကို တီးမှုတ်ရာမှာ ထည့်သုံး လိုက်ကြတော့ rock 'n' roll ရယ်လို့ ပေါ်ပေါက်လာတာပါပဲ။

ကျနော် ရေးချင်တာက အနောက်တိုင်းခေတ်ပေါ်ဂီတသမိုင်းကြောင်း မဟုတ်ပါဘူး ။ မြန်မာမှာလည်း သူများနည်းတူရှိနေတဲ့ folk song, folk dance,folk tales စတာတွေကို ‘ကျေးလက်’ တေးသံ၊ ‘ကျေးလက်’ အက ၊ ‘ကျေးလက်’ပုံပြင် စသဖြင့် မခေါ်ကြဖို့ပါ။ ‘လူထုတေးသံ’ ‘လူထုအက’ ‘လူထုပုံပြင်’ စသဖြင့် ခေါ်ကြမှ အများပညာရှင်တွေ ခေါ်တာနဲ့ ဆီလျော်ပါလိမ့်မယ်။ သူတို့ဆီမှာ folk song, folk music ,country music ရယ် လို့ သီးခြားရှိသလို ကျနော်တို့ဆီမှာလည်း ရှိကောင်းရှိပါလိမ့်မယ်။ စိတ်အားထက်သန်သူများ ဆက်လက် သုတေသနပြုကြဖို့ကောင်းတယ်။
အကျဉ်းချုပ်ရရင်တော့ folk song ဆိုတာ လူမျိုးကို ကိုယ်စားပြုသမို့ ‘လူထုတေးသံ ’။ country music ဆိုတာကမှ ‘ကျေးလက်တေးဂီတ’ ။ မရောကြဖို့ပါပဲ။

“လူထုကဗျာ”၊(ဒု-ကြိမ်) ရန်ကုန်၊ နှစ်ကာလများ၊ ၂၀၁၈။ (ပ-ကြိမ်၊  ၂၀၀၂)။စာအုပ်မှ