Breaking News

NUG နဲ့ တော်လှန်ရေးအဖွဲ့တွေပေါင်းပြီး နောက်ထပ် FSC ဆိုတဲ့အမည်နဲ့ အဖွဲ့သစ်ဖွဲ့ ဖို့ပြင်

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၈ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၆

NUG နဲ့ တော်လှန်ရေးအဖွဲ့တွေပေါင်းပြီး နောက်ထပ် FSC ဆိုတဲ့အမည်နဲ့ အဖွဲ့သစ်ဖွဲ့ ဖို့ပြင်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နဲ့ အခြားသော ဖက်ဒရယ်ယူနစ်အဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ ဖက်ဒရယ်ဦးဆောင်ကော်မတီ the Federal Steering Committee ဆိုတဲ့ အမည်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့ဖွဲ့ဖို့ လုပ်ဆောင်နေကြောင်း သတင်းဖေါ်ပြမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ 

အခုဖွဲ့စည်းဖို့လုပ်ဆောင်နေတဲ့အဖွဲ့အစည်းဟာ ဘာရည်ရွယ်ချက် ဘာဦးတည်ချက်နဲ့ ဖွဲ့မှာလဲ ဆိုတာ တိတိကျကျမသိရသေးပေမယ့် အဖွဲ့ရဲ့ နာမည်ကို ဖက်ဒရယ်ဦးဆောင်မှုကော်မတီလို့ ပေးထားတာကို ကြည့်ရင် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ရည်ရွယ်ချက်ပါရှိတယ်လို့ ယူဆရပါတယ်။ စစ်ရေးဆောင်ရွက်မှုတွေအတွက် သီးသန့်ရည်ရွယ်တဲ့ တပ်ပေါင်းစုလို့ မယူဆနိုင်ဘဲ နိုင်ငံရေး ရည်ရွယ်ချက်က ပိုကဲတဲ့သဘောလို့လည်း မှန်းဆကြည့်နိုင်ပါတယ်။ 

ဘီဘီစီမြန်မာပိုင်းက ဖေါ်ပြထားတဲ့ သတင်းထဲမှာ ဒီအဖွဲ့ရဲ့ ရည်မှန်းချက် နဲ့ လုပ်ဆောင်မယ့် လုပ်ငန်းစဥ်တွေထဲ နိုင်ငံရေးတရားဝင်မှု၊ ချိတ်ဆက်ညှိနှိုင်းမှုနဲ့ အဆက်မပြတ်ချိတ်ဆက်မှု အစရှိတဲ့ အချက်တွေပါဝင်တယ်လို့ ဖေါ်ပြထားပါတယ်။ 

အနာဂတ် မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အဖြစ်တည်ထောင်ကြဖို့ ရည်မှန်းချက် ထားရှိကြတာကြောင့် ဖက်ဒရယ်ဦးဆောင်မှုကော်မတီလို့ အမည်ပေးတာလို့ ယူဆနိုင်ပြီး ဘယ်အဖွဲ့အစည်းတွေ ပါဝင်မလဲဆိုတာတော့ တိတိပပမသိရှိသေးတဲ့ အနေအထားဖြစ်ပါတယ်။ လတ်တလော ပေါ်ထွက်လာတဲ့ သတင်းတွေ အစည်းအဝေးမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ဆန်းစစ်ကြည့်ရင်တော့ NUG ၊ NUCC နဲ့ ဖက်ဒရယ်ယူနစ်လို့ ခေါ်တဲ့တိုင်းဒေသ ဖက်ဒရယ်ကောင်စီတွေ၊ ကြားကာလ ပြည် နယ်အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းတွေ၊ အဆိုပါနိုင်ငံရေးအဖွဲ့အစည်းတွေကို ရပ်တည်ပေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လိမ့်မယ်လို့ မှန်းဆနိုင်ပါတယ်။ 

ဒီနေရာမှာ မကြာသေးတဲ့ နှစ်ပိုင်းလပိုင်းတွေက NUCC ကနေ ပါဝင်မှုယာယီရပ်ဆိုင်းခဲ့ကြတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ CRPH လို နိုင်ငံရေးအဖွဲ့အစည်းတွေ ပါဝင်မှာလားဆိုတဲ့ မေးခွန်းလည်း ရှိသလို အခုလို အဖွဲ့သစ် FSC ပေါ်ထွက်လာတာကြောင့် NUCC ရဲ့ စုဖွဲ့မှုနဲ့ ဦးဆောင်မှု အခန်းကဏ္ဍက မှေးမှိန်ပျောက်ကွယ်သွားတော့မလား ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာနိုင်ပါတယ်။ 

ခုချိန်ထိ ပေါ်ထွက်လာတဲ့ သတင်းအချက်အလက်တွေအရ အသစ်ဖွဲ့စည်းမယ့် FSC  အဖွဲ့မှာ NUCC လည်းပါဝင်လာမှာဖြစ်တဲ့သဘောလို့ နားလည်ရပါတယ်။ နဂိုက NUCC ဟာ NLD, CRPH, တိုင်း ရင်းသားလက်နက်ကိုင်တပ်တွေ၊ သပိတ်ကော်မတီ၊ အခြားအရပ်ဖက်အဖွဲ့အစည်းတွေပါဝင်တဲ့ ဦးဆောင်အဖွဲ့သဖွယ်ဖြစ်နေခဲ့ရာက အခုအဖွဲ့သစ် FSC မှာ NUCC က အဖွဲ့တခုအဖြစ်သာ ပါဝင်မယ့်သဘောလို့ယူဆရပါတယ်။ 

အခုလို FSC ဖွဲ့စည်းရခြင်းရဲ့ရည်ရွယ်ချက်က NUCC ၊ NUG  စတဲ့ အဖွဲ့တွေအနေနဲ့ ရှေ့ဆက်သွားဖို့ အခက်အခဲရှိလာတာ၊ ပူးပေါင်းလုပ်ဆောင်မှုဆက်လုပ်ဖို့ အခက်အခဲရှိလာလို့ အသစ်သောပူးပေါင်းဆောင်ရွက်မှုပုံစံနဲ့ ဖွဲ့စည်းတာလားလို့လည်း တွေးဆစရာ ရှိပါတယ်။ 

လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဥ်တွေမှာ မဟာမိတ် တပ်ပေါင်းစု၊ နိုင်ငံရေး ဦးဆောင်မှုကော်မတီ အစရှိတဲ့ စုဖွဲ့မှုတွေ နှစ်ကာလအနည်းငယ်တိုင်း အသစ်ပေါ်ထွက်လာလေ့ရှိတာ သတိပြုမိကြပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအချင်းချင်းအကြားမှာသော်လည်းကောင်း၊ နိုင်ငံရေးအဖွဲ့အစည်းတွေအချင်းချင်းကြားမှာသော်လည်းကောင်း အလားတူစုဖွဲ့မှုတွေ၊ နုတ်ထွက်မှု၊ အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်း၊ ရပ်နားမှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိတာ တွေ့ကြပါတယ်။ 

အဲလိုအဖွဲ့ဟောင်းတွေ ရှေ့မဆက်နိုင်ကြတာ တက်ကြွတဲ့ပူးပေါင်းဆောင်ရွက်မှုတွေမရှိကြတော့တဲ့နောက် အဖွဲ့သစ်တွေ ထပ်မံထူထောင်ကြတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်စဥ်တရပ်လို တွေ့နေကြရတာ ဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးစကားပြောကြတဲ့ ကာလမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စုဖွဲ့ထားတဲ့ UNFC, PPST, FPNCC စတဲ့အဖွဲ့တွေ တခုပြီးတခုသော်လည်းကောင်း ပြိုင်လျက်သော်လည်းကောင်း ပေါ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။ စစ်တပ်နဲ့အပစ်ရပ်စကားစပြောခါစ ၂၀၁၁ ခုနှစ်မှာ UNFC ဖွဲ့စည်းခဲ့ကြပြီး ၄/၅ နှစ်ကျော်အကြာမှာ UNFC က အချို့ နုတ်ထွက်ခဲ့ကြသလို ယာယီရပ်ဆိုင်းခဲ့ကြပြီး NCA လက်မှတ်ထိုးပြီးနောက် PPST လို အဖွဲ့အစည်း ပေါ်ထွက်လာတာ တွေ့ရပါတယ်။ 

အဲဒီကာလတွေမှာပဲ အပစ်ရပ်ထဲမပါသေးတဲ့ ပါဝင်ရန်မလိုအပ်ဘူးလို့ယူဆတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့ပူးပေါင်းပြီး ထိုစဥ်က အစိုးရ၊ စစ်တပ်နဲ့ဆွေးနွေးပြောဆိုဖို့ FPNCC ဆိုတဲ့ အရှေ့ မြောက်ဒေသအခြေပြုတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေစုဖွဲ့ထားတဲ့အဖွဲ့ လည်း ဖွဲ့စည်းခဲ့ကြပါသေးတယ်။ 

ဖွဲ့စည်းထားတဲ့အဖွဲ့တွေမှာ မဖွဲ့စည်းမီကတည်းက အဖွဲ့ရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက် မူဘောင်၊ လုပ်ထုံးလုပ်နည်း၊ လုပ်ပိုင်ခွင့် အစရှိတဲ့ခေါင်းစဥ်အကြောင်းအရာတခုချင်းကို အသေးစိတ်စဥ်းစားဆွေး နွေးပြီး မူဝါဒ ချမှတ်ကာ လုပ်ဆောင်ဖို့အရေးကြီးသလို လူပုဂ္ဂိုလ်ထက် အဖွဲ့အစည်းရဲ့အကျိုး၊ အများရဲ့အကျိုးကို ပိုပြီးဦးစားပေးကြဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ 

အဖွဲ့အစည်းတခု အသစ်ဖွဲ့စည်းတာလွယ်ကူပေမယ့် ရေရှည်တည်တံ့အောင်ထိန်းသိမ်းဖို့ ရည်မှန်းချက်ကိုပေါက်မြောက်အောင် လုပ်ကိုင်နိုင်ဖို့ကလည်း အရေးကြီးတာ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar