Breaking News

ဖလော်ဒါဟန် - ပြောင်းလဲချိန်တန်ပြီ

ဖလော်ဒါဟန် - ပြောင်းလဲချိန်တန်ပြီ

မိုးမခ ၊ ဇန်နဝါရီ ၂၈ ၊ ၂၀၂၆


မမိုးရင် နေသည့်ရွာတွင် ကလေးများကို ကဗျာ စာအဆုဆုကို ပြုစုပေးသူ ဒေါ်စုရ တယောက် ရှိသည် သူမသည် ပညာတတ်သူ မဟုတ်သော်ငြား စာပေဗဟုသုတကြွယ်ရုံမက စာအမျိုးစုံကို ဖတ်လေ့ရှိသူတဦးပါ။

သူမသည် မမိုးရင် ဆိုင်လေးကို ရောက်တိုင်း သူ့ကဗျာတွေကို တွင်တွင်ရွတ်ပြတတ်သူ တဦးလည်းဖြစ်သည်။

သူမ၏ နှုတ်ထွက်စကားသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်အတိုင်ပင်ခံကို ထပ်တူညီမျှလေးစားသည် ဆိုသည်မှာ မပါ မပြီးပါ။

မိသားစုသည် စစ်မျိုးစစ်နွယ် ဖြစ်သော်လည်း စနစ်မကောင်သည့်အတွက်ကြောင့် တို့တွေ အခုလိုဆင်းရဲဒုက္ခအမျိုးစုံမှာ ကူးခတ်နေကြရတာ ဆိုသည့် စကားကိုလည်း ပြောတတ်သေးသည်။

သူမရဲ့ ဘကြီးသည် ဂျပန်ခေတ်က ရဲဘော်တဦး ဖြစ်သလို ဇာတိမာန်ဇာတိသွေး တက်ကြွသူဖြစ်ခဲ့သည်။

ဒေါ်စုရ ဆိုသည် ယနေ့အချိန်မှာ ချီချသည့် အလုပ်ကို လင်ကိုယ်မယားနှစ်ယောက် လုပ်ကြသူတွေဖြစ်သည်။

အသက် ၃၀ ကျော်အရွယ် ဒေါင်းလေးကိုလည်း ပြုစုစောင့်ရှောက်ရသေးသည်။

အသက် ၆၈ နှစ်အရွယ် ဒေါ်စုရ လို ပြည်သူတယောက်အတွက် ပညာမတတ်ပေသော်ငြားလည်း စာချိုးများကို သူမဘဝနဲ့ ရင်းပြီး ရေးသားလေ့ရှိသည်။

အခုလို တောကြိုအုံကြားမှာ နေထိုင်ကြီးပြင်းနေရပေမဲ့ ပြည်သူထဲက ပြည်သူတယောက် တာဝန်ကိုကျေပွန်စွာ အများအကျိုးကို သယ်ပိုးနေသူများထဲမှ တယောက်ဆိုလျှင်လည်း မမှားပါ။

 ကလေးများကို အထိမ်းအမှတ်နေ့ ရောက်တိုင်း သူမ ကဗျာရေးပေးတတ်သည်။ ကျောင်းမှ ဆရာမများကမှ သူမ ရေးပေးသည့် ကဗျာကို တလေးတစားနဲ့ တန်ဖိုးထားလို့ ဆုရစာရင်းဝင်သည်အထိကောင်းချီးပေးကြသည်။

ဘွဲ့ရပညာတတ် ဆရာမများ ဖြစ်သော်ငြားလည်း ဒေါ်စုရ လို သူမတို့ စာပေစွမ်းရည်ဖြင့် ကလေးများကို မြေတောင်မြှောက်မပေးနိုင်ကြပါ။

မမိုးရင်လည်း ဒေါစုရရဲ့ ကဗျာစာချိုးတွေကို သူမ အကြိမ်ကြိမ်ရွတ်ပြနေလို့

#ပြောင်းလဲချိန်တန်ပြီ ဆိုသည့် ဒေါ်စုရ ရင်ဖွင့်သံကို မှတ်တမ်းတင်ဖြစ်ခဲ့ရသည်။


ဒီခေတ် ခလေးတွေ

ကြားဖူးကြလားငစိန်ဆန်

သမဝါယမခေတ်

ဟိုခေတ်ကပြားငါးဆယ်

ငစိန်ဆန်တောင် အချိန်မှန်အောင်မစားကြရ

ဟိုခေတ်က လူကြီးတွေ

ကြားဖူးလား မဂျမ်းဒေါတဲ့

ခုခေတ်မှာ မဂျမ်းဒေါဆန်က

အရမ်းပေါပြန်သပ

လမ်းတွေကချော

ကားတွေလည်းပေါ

အစားတွေလည်းပေါ

အဝတ်တွေလည်းပေါ

လူတွေလည်းပေါ

ပြောနေကြတယ် ဒီစကား

ကြားနေရတယ်ဒီနား

ပြောင်းလဲချိန်တန်ပြီတဲ့

အားလုံး ပြောင်းလဲကုန်ပြီ

မပြောင်းလဲသေးတာ စိတ်ဓာတ်တွေ

အကျင့်တွေ

ဒါတွေ ပြောင်းမှ

မြန်မာပြည်ဟာ ကောင်းမှာ

#စုအမရ


မမိုးရင်ရဲ့ မိတ်ဆွေကြီး ဒေါစုရသည် ပညာမတတ်ပါ။ စာရေး၊ စာဖတ် အဆင့်သာသာ ရှိသော်ငြားလည်း တိုင်းပြည်အရေးသည် သူမ အရေး၊ နိုင်ငံအရေး၊ သူမဘဝလို့ ခံယူထားသူပါ။

မမိုးရင်တို့လည်း သူမရဲ့ ရင်ဖွင့်သံများမှ ပြည်သူတယောက်ရဲ့ ဟစ်ကြွေးသံတွေ ငုပ်လျှိုးမသွားဖို့တာဝန်ရှိသူအဖြစ် ခံယူမိချိန် ဒေါ်စုရ၏ မလှမပ လက်ရေးစာလေးသည် ပြည်သူ‌တွေ ဖတ်ရှုခြင်းဖြင့် တာဝန်ဟူသည် မည်သူကမှ မ‌ပေးဘဲ မိမိကိုယ်ကိုယ် ယူထားသည့် ဝန်တာတခုသာ ဖြစ်ကြောင်း မျှဝေရင်း။

ဒါ်စုရ တယောက် သက်ရှည်ကျန်းမာပါစေ။


ဖလော်ဒါဟန်

၂၄.၁.၂၀၂၆




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar