မောင်လူမွှေး - စနစ်ကို ကျည်ဆန်နဲ့ ပစ်လို့မရဘူး
မောင်လူမွှေး - စနစ်ကို ကျည်ဆန်နဲ့ ပစ်လို့မရဘူး
မိုးမခ ၊ ဇန်နဝါရီ ၂၈ ၊ ၂၀၂၆
မောင်လူမွှေးတစ်ယောက် ပြီးခဲ့တဲ့ သုံးလလောက်က ကျေးရွာတစ်ရွာကို ရောက်တယ်။ ကျောင်းဆရာမကြီးတစ်ယောက်နဲ့ စကားစပ်မိရင်း လေကြောင်းသတိပေးချက်အကြောင်း ရောက်သွားတော့ " အိုင်ကွန်က လေကြောင်းသတိပေးကုဒ် ပြောင်းထားတာ။ မသိလို့ သိတဲ့သူကို သွားမေးတာ။ မပြောရဲဘူးဆိုလို့ သက်ဆိုင်ရာကို ဖုန်းဆက်မေးပြီး ထည့်ထားရတယ်" တဲ့။ တရွာတည်းသားချင်း ကျောင်းဆရာမကို လေကြောင်းသတိပေးကုဒ် ပေးလိုက်တော့ ဘာအရေးလဲ။ စနစ်ကို ကျည်ဆန်နဲ့ ပစ်လို့မရဘူး။
"တော်လှန်ရေးအတွက် ခွဲတမ်းကြေးကို ထည့်ရမယ်ဆိုတာ နားလည်တယ်။ တကယ်လည်း ထည့်သင့်တဲ့ကိစ္စဘဲ။ ဒါပေမဲ့ မထည့်ရင် ဘာလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေက ကျနော်တို့ကို ပိုမိုကြပ် တည်းစေတာဗျာ။ ကျနော်တို့ ထည့်ကြမှာပါ။ အခုအချိန်မှာတော ကြပ်တာပဲ သိတယ်ဗျာ" ဆိုတဲ့ တောင်သူတစ်ဦးရဲ့ စကားကို ညအချိန် ရေနွေးသောက်ရင်းကြားရတယ်။ စနစ်ကို ကျည်ဆန်နဲ့ ပစ်လို့မရဘူး။
"ငါ ဆရာမ။ ငါ ပြောတာ နားထောင်။ ပြန်မပြောနဲ့။ ငါ ကျက်ဆို ကျက်၊ ငါ ရေးဆိုရေး" တဲ့။ ဆရာမတစ်ယောက်ရဲ့ နှုတ်ထွက်စကား။ စနစ်ကို ကျည်ဆန်နဲ့ပစ်လို့မရဘူး။
"ငါ မိဘ။ နင့်ကို ငါ မွေးထားတာ။ နင့်ထက်အရင် ငါ ထမင်းစားတာ။ ငါ့ကို ဘာဆရာမှ လာမလုပ်နဲ့။ အာမခံနဲ့။ ငရဲအိုး ဇောက်ထိုးဆင်းမယ့်ကောင်"။
ကလေးကို မိဘတော်တော်များများ ပြောနေသေးတဲ့စကား။ စနစ်ကို ကျည်ဆန်နဲ့ ပစ်လို့မရဘူး။
"ဟိုအိမ်က ရွာကို မနှစ်က ရောက်လာတဲ့ ကောင်မ။ ဘုန်းကြီးကျောင်းလည်း ဆွမ်းမပို့။ အိမ်မှာလည်း ဘုရားစင်မရှိ။ အံ့သြဘ။ တကယ့်ဒိဋ္ဌိတွေ" တဲ့။ ငါနဲ့မတူ ငါ့ရန်သူ စိတ်ထားများ။ စနစ်ကို ကျည်ဆန်နဲ့ ပစ်လို့မရဘူး။
ဦးဇင်းတစ်ပါး အပါအဝင် လူငယ်အုပ်စု ရန်ဖြစ်တော့ ဆိုင်ကယ်တွေ ရိုက်ခွဲခဲ့တယ်။ ဦးဇင်းကိုယ်တိုင် ပါဝင်နေလို့ ဘယ်လူငယ်ကမှ ဘယ်သူလုပ်တယ် တာဝန်မခံဘူး။ အမှန်ကို မပြောကြဘူး။ ပစ္စည်းဖိုးလျော်ပြီး ကျေအေးကြရ။ စနစ်ကို ကျည်ဆန်နဲ့ ပစ်လို့မရဘူး။
ရချင်လိုက်ကြတဲ့ ဒီမိုကရေစီ။ လူ့အခွင့်အရေး။ တာဝန်ယူမှုမှာကျတော့ အလွယ်ကူဆုံးဖြစ်တဲ့ အချိန်တိကျမှုကိုတောင် မလုပ်ဆောင်နိုင်ကြသေး။ စနစ်ကို ကျည်ဆန်နဲ့ပစ်လို့မရဘူး။
မောင်လူမွှေးတို့ ရဲဘော်တွေ တိုက်နေတာက အာဏာရှင်စစ်တပ်။ ရဲဘော်တွေ အပါအဝင် တော်လှန်ရေးခေါင်းဆောင်၊ ရပ်ရွာခေါင်းဆောင်၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား ပြည်သူ အားလုံး ဝိုင်းတိုက်ဖျက်ကြရမှာက အာဏာရှင်စနစ် ဖြစ်တယ်။
အာဏာရှင်စနစ်ကို ကျည်ဆန်နဲ့ပစ်လို့ မရဘူး။ ပညာနဲ့ ဖျက်မှရမယ်။ အာဏာရှင်စနစ်ကို ဖျက်မဲ့ မျိုးဆက်ကို ကျောင်းတွေကပဲ ပျိူးထောင်ပေးနိုင်တာပါ။ အာဏာရှင်စနစ်ကို ကျည်ဆန်နဲ့ပစ်လို့မှမရဘူးဆိုတာ လေးလေးနက်နက် သိပြီး မောင်လူမွှေးတို့ ကြိုးစားကြပါစို့ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar