Breaking News

ဆောင်းယွန်းလ - "ကောင်းရောင်းကောင်းဝယ်နဲ့ အလုပ်ဖြစ်ခြင်း"

Aung Htet


ဆောင်းယွန်းလ - "ကောင်းရောင်းကောင်းဝယ်နဲ့ အလုပ်ဖြစ်ခြင်း"

(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀

ကိုယ့်ကိုကိုယ် ဗဟိုပြုမှုမှာ
ရောင်စုံဓါတ်ပုံတွေ တပုံပြီးတပုံထွက်ကျလာတယ်
အများသူငှာကို ဗဟိုပြုနေရတဲ့ကာလကြီးဆိုတော့
မျက်စိကို ရှင်ရှင်ထားရင်း
ပြန်ဆိုတေးသီချင်းတွေကို အထပ်ထပ်ပြန်နားထောင်နေရ

အောင့်နမ်းနေရတဲ့အခန်းမှာ အကယ်ဒမီချိတ်ခဲ့တာပါဘဲ
ကျောက်ပါးနေတဲ့မီးခြစ်ကို စိတ်ရှည်လက်ရှည်ဖိပြီးခြစ်နေရသလိုမျိုး
တကိုယ်ရည်ရူးသွပ်မှုတွေကို လက်ခုပ်တီးပြီးအသဲပေးနေရ

ကမ္ဘာကြီးရွာဖြစ်သွားကတည်းက ကံဆိုးခဲ့ပုံတွေပေါ့

ကိုယ့်ကိုထိမ်းချုပ်ထားတဲ့ နောက်ဆုံးပေါ်လူသုံးကုန်တွေနဲ့
ကိုယ်ကပြန်ထိမ်းချုပ်ထားရတဲ့ မွေးရာပါဗီဇစိတ်များကြားမှာ
အားအားယာားယားဖြစ်နေရတာဟာ
ရောဂါကို ဈေးကြီးပေးပြီးဝယ်နေရခြင်းဘဲ

မအားလပ်မှုဟာ
အနာကိုပျောက်စေတဲ့ ဆေးစွမ်းတမျိုးပေါ့
မိုးတွေရွာနေတာ မသိလိုက်သလို
နှင်းမုန်တိုင်းကျသွားတာကိုလည်း မသိလိုက်မိခဲ့ဘူး

ဘာမှမသိလိုက်ရတာကိုက ကောင်းနေတော့တာပါဘဲ။

ဆောင်းယွန်းလ