Breaking News

ကိုသန်းလွင် - ပလိုတီးနပ်



ကိုသန်းလွင် - ပလိုတီးနပ်

(မိုးမခ) မေ ၄၊ ၂၀၂၀

(၁)

ပလိုတီးနပ် (Plotinus) သည် (၂၀၃-၂၇၀ အေဒီ) လူ့ယဉ်ကျေးမှုပြိုပျက်ခါနီးနောက်ဆုံးပြောင်း လဲချိန်ကာလအတွင်း မွေးဖွားခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးလူ့ယဉ်ကျေးမှု၏ အောင်မြင်မှုရချိန်ဟုလည်း ပြောနိုင်ပါသည်။ ဒိုင်အိုစလီရှမ် (Diocletian) နှင့်ကွန်စတင်တိုင်းတို့နန်းတက်ချိန်ကာလဟုလည်းပြော နိုင်ပါသည်။

ကျွန်တော်တို့သည် ပလိုတီးနပ်ကိုဘယ်မှာမွေးခဲ့သည်ကို သေချာမသိကြပါ။ သူ၏လူမျိုးရေး အခြေခံနှင့် လူမှုရေးအခြေခံတို့ကိုဘယ်မှစသည်ဟုမပြောနိုင်ပါ။ သူကိုယ်တိုင်ကမူသူ့မိဘများနှင့်သူ၏ ငယ်ဘဝ ကို ဘယ်သောအခါကမှ ပြောပြလေ့ရှိသည်မဟုတ်ခဲ့ပါ။ သူ့ကို အီဂျစ်ပြည်လိုင်ကိုပိုးလစ် (Lycopolis) မြို့မှာမွေးသည်ဟုသေပြီးအကြာကြီးနေမှသိရပါသည်။ ပလူတီးနပ်သည်ရိုမင်အမည်ဖြစ် ပြီး သူသည်ဂရိစကား ကိုပြောပါသည်။ သူ၏အသံထွက်မှာလည်းမပီမသနှင့်အသံများမှား၍ထွက်လေ့ ရှိသည်ဟုလည်းသိရပါသည်။

သူသည်ဖီလိုဆိုဖီကိုစိတ်ဝင်စားသောကြောင့်အသက်၁၈နှစ်အရွယ်တွင်အီဂျစ်ပြည်က အလက် စန္ဒီးယားမြို့သို့လာခဲ့သည်။ ဆရာကိုတွေ့အောင်ရှာရသည်မှာကာလအကြာကြီးဖြစ်သည်။ နောက်ဆုံး ဆာကာ (Ammonios Saccas)ကိုတွေ့မှ ပထမလက်ချာကိုနားထောင်အပြီးမှာ ကြိုက်သွားခဲ့သည်။ “ငါဒီလူကိုရှာနေရတာ” ဟုပြောပြီးသူနှင့်အတူ ၁၁နှစ်ခန့်နေခဲ့ပါသည်။ အသက် ၃၉ နှစ်အရွယ် တွင် အိန္ဒိယမှအတတ်ပညာနှင့်အိုင်ဒီယာများကိုသဘောကျသဖြင့်အိန္ဒိယသို့သွားရန်အင်ပိုင်ယာ ဂေါ်ဒီယာနု (Gordianus) အနောက်သို့လိုက်ခဲ့သည်။ သို့သော်သူ့အကြံအစည်မှာမအောင်မြင်ခဲ့ပေ။

အသက် ၄၀ အရွယ်တွင် ရောမမြို့ကိုသွား၍ ကွန်ဖရင့်တက်ပြီး အသိမိတ်ဆွေနှင့်နောက်လိုက် တပည့်များကိုရှာဖွေခဲ့သည်။ သူသည်စကားကိုတက်တက်ကြွကြွပြောလေ့ရှိပြီးစကားကိုပြောရင်းပြော ရင်းနဖူး တွင်ချွေးစို့လာသည်ကိုပင် တွေ့မြင်နိုင်သည်။ သူသည် ထိုခေတ်က ခေတ်စားနေသော ဆိုဖစ်များကဲ့သို့ ပညာတတ်တစ်ယောက်လိုမနေဘဲသူစကားပြောသောအခါ နားထောင်သူများနှင့်တစ်သားတည်းဖြစ်သွားလေ့ရှိသည်။

သူသည် သူ့ခန္ဓာကိုယ်ဘော်ဒီ အတွင်းနေရသည်ကို ရှက်စရာကဲ့သို့မြင်သူဖြစ်သည်။ အေမီးလီးယပ် (Amelius) က သူ့ပုံတူရေးဆွဲနိုင်ရန် ထိုင်ပါဆိုသည်ကို ခါးခါးသီးသီးငြင်းဆိုပြီး ပုံတူဆွဲခြင်းကို လက်မခံနိုင်ကြောင်း သဘာဝကြီးကပေးသော ပုံကိုသယ်ယူပြီးနေရုံဖြင့် မလုံလောက်သေးဘူးလား၊ ပုံတူရဲ့ပုံတူကို ချန်ထားရန် အလုပ်ကို မလုပ်နိုင်ကြောင်း ရှင်းပြသည်။

ရောမမြို့တွင် အနေကြာ၍ ၂၆ နှစ်ရှိလာသောအခါ သူ့ကိုအိမ်မှာလာပြီးနေရန် ဖိတ်ခေါ် သူများ စွာရှိ လာသည်။ အင်ပိုင်ယာ နှင့်ကတော်လုပ်သူကသူ့တို့အိမ်တံခါးကို သူ့အတွက် အမြဲတမ်းဖွင့်လှစ် ထားကြေင်း ပြောကြသည်။ သူသည်ဖီလိုဆိုဖါများနှင့်အနေကြာလာသဖြင် ့ပလေတိုပိုးလစ် (Platonopolis) ခေါ်မြို့ကိုတည်ထောင်ရန်ကြံစည်ခဲ့သည်။ ဤမြို့တွင်ပလေတို၏ဥပဒေများကိုလိုက်နာ ၍နေကြရမည်ဖြစ်သည်။ သို့ပါသော်လည်း အကြောင်းကြောင်းကြောင့် မအောင်မြင်ခဲ့ပေ။

သေခါနီးလူများကသူ့ကိုဖိတ်ခေါ်ပြီး သူတို့စည်းစိမ်ဥစ္စာများကို စီမံခန့်ခွဲရန်တာဝန်ပေးကြသည်။ မိမိ သားသမီးများကို ကောင်းစေလိုသောမိဘများကလည်းကလေးများကိုသူနှင့်နေထိုင်ရန်၊ နည်းနာခံ ယူရန်သူ့အိမ်ကိုပို့ထားကြသည်။ သူသည်ရန်ပွဲများကြားမှာနေ၍ဖြန်ဖြေပေးရန်ဖိတ်ခေါ်ခံရပြီး သူကိုယ် တိုင်ကမူ ရန်လိုသည်ဟုတခါမှမကြားဖူးပေ။

သက္ကရာဇ် ၂၀၇ ခုနှစ်တွင်အင်ပိုင်ယာ ဂေလီနူးကွယ်လွန်သောအခါ အခြေအနေများပြောင်းလဲကုန်တော့ သည်။ သူ့ကျောင်းမှာ တစစီပြိုကွဲသွားပြီးယုံကြည်စိတ်ချရသောမိတ်ဆွေများမှာလည်းရောမမြို့ မှခွာ၍ အဝေးသို့ထွက်သွားကြသည်။

လက်ပရိုစီ ရောဂါကြောင့် ပလူတီးနပ်မှာသေလုမြောပါး ဖျားနာခဲ့သည်။ တဖြည်းဖြည်းရုန်းရင်း ကြမ်းတမ်း လာပြီးမျက်စိလည်ကွယ်လုနီးပါးဖြစ်ခဲ့သည်။ လက်ဖျားခြေဖျားကိုလည်းလှုပ်၍မရတော့ပေ။ ကျန်ရစ် သောကျောင်းသားများကလည်း သူ့ကိုရှောင်ဖယ်ရှောင်ဖယ်လုပ်ကြသည်။ သူကခင်မင်ရင်းနှီး စွာ နုတ်ဆက်လိုပါသော်လည်း သူ့ကိုသီးသန့်ခွဲ၍ထားကြသည်။ သူ့မိတ်ဆွေ ဇီသို (Zethus) ၏အိမ်မှာ နေရင်း သူ့ကိုဆရာဝန်နှင့်သာတွေ့ဆုံခွင့်ပေးသည်။ သူသည်သူ့ကိုယ်ခန္ဓာကြီးကိုများစွာ ဂရုမစိုက်ခဲ့ပေ။ သူသည် ၆၆နှစ်အရွယ် နောက်နှစ် နှစ်အကြာမှာ ဂေလီနူးတွင်ကွယ်လွန်ခဲ့သည်။

ပိုဖရီတစ်ဦးကသာသူ့အကြောင်းကိုရေးဖွဲ့ခဲ့သည်။ သူသည်လူအုပ်အတွင်းမှာ ရွှေဘယက် ခိုးသူ ကိုရွေးထုတ်ပေးနိုင်သူဖြစ်သည်။ ကလေးသူငယ်များကြီးလာလျင်ဘာဖြစ်လိမ့်မည်ဆိုသည်ကိုလည်း အတတ်ဟောနိုင်သူဖြစ်သည်။ တစ်ခါက (Olympius) ဆိုသူသည် ပလိုတီးနပ်ကို ဒုက္ခ ရောက်စေရန် အောက်လမ်းအဆောင်များနှင့် ကြံစည်ရာ ပလူတီးနပ်က ဘာမှမဖြစ်ဘဲ သူ့မှာသာပြန် ၍ဒုက္ခခံရသည်။

မိတ်ဆွေတစ်ဦးကသူသေခါနီးတွင်လာ၍နုတ်ဆက်ရာ သူအိပ်ရာအောက်မှ မြွေတစ်ကောင် ထွက်လာပြီး နံရံရှိအပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ပလူးတီးနပ်မှာလည်း အသက်မ ရှိတော့ပေ။ သူသေသောအခါ ဝိညာဉ် ထွက်ခွာသွားသည်ဟုလူများကယုံကြည်ကြသည်။ သူ့အရေးအ သားများကိုကြည့်လျင် ပလူးတီးနပ်သည် မျက်လှည့်များကို အလေးမထား ကြောင်းတွေ့ရှိရသည်။

သူသည် အသက်ကြီးလာမှ စာရေးသားခဲ့ရာ စာရေးရာတွင် တဟုန်ထိုးရေးသားကြောင်းတွေ့ ရသည်။ ရေးပြီးသားစာကိုလည်း ပြန်မဖတ်၊ ဝါကျအထားအသို စာအကျအပျောက်ကိုဂရုစိုက်လေ့မရှိ ဘဲ စာအုပ်ရေးရန်စာကိုစီထားပြီးစာအုပ်ထဲမှကူးချသလိုသာစာကိုရေးသည်။ စာလုံးအမှားတွေပါတတ် ပါသည်။ တပည့်လုပ်သူ ပိုဖရီကသူ့စာအုပ် အီနက် (Enneads) ကိုစီစဉ်ပေးသည်။ စာပိုဒ်များကိုအပိုင်း ကြီး ၆ ခုခွဲခြားပြီး အခန်းကိုးခန်း ပါဝင်သော စာအုပ်ကြီး ဖြစ်လာခဲ့သည်။ သူသည်အခြားအရာများ ကို အဓိက ထားပုံမရ။ စိတ်ကူးစိတ်သန်း အိုက်ဒီယာကိုသာ အသားပေးဖော်ပြလေ့ရှိသည်။

အသက် ၄၉နှစ်အရွယ်ကျမှ စာရေးသားရာ တပည့်များ၏တောင်းပန်မှု၊ တောင်းဆိုမှုကြောင့်ဖြစ် သည်။ စာအားလုံးကိုထို ၁၇နှစ်အတွင်းမှာ အပြီးရေးခဲ့ခြင်းဖြစ်ပါသည်။

(၂)

သူ့ကိုနားမလည်နိုင်သော ဖီလိုဆိုဖါအဖြစ်သဘောထားကြသည်။ သူ့အယူအဆများကို ယခု တိုင်ငြင်းခုန်နေကြဆဲပင်ဖြစ်သည်။

အခြေခံမှာ (Holy Trinity) ခေါ်မြင့်မြတ်သောအရာ ၃ ခုဖြင့်အစပြုသည်။ The One, Spirit နှင့် Soul တို့ပါဝင်ကြသည်။ နံပါတ်၁ မှာအမြင့်မြတ်ဆုံးဖြစ်၍ ဘုရားသခင်ဟုလည်းယူဆနိုင်သည်။ ဒုတိယ မှာ Spirit မှာဖြစ်၍ တတိယဖြစ်သော လူတို့ဝိဉာဉ်မှာ ပြင်ပသဘာဝကြီးကိုဖန်တီးသူဖြစ်သည်။ ဒုတိယ နေရာတွင်ရှိသော Spirit (သို့) Nous မှာမြန်မာလိုအနီးစပ်ဆုံးမှာ“စိတ်” ဖြစ်သည်။ သို့သော်စိတ်အပြင် အခြားအကြောင်းအရာများပါသေးသည်။ ဖီလိုဆိုဖါ ဒင်းအေ့ချ (Dean Inge) က Spirit ဟုရေးသား ဖေါ်ပြသည်။ လူတိုင်းကနားလည်ချင်သလိုနားလည် ကြပါသည်။ ဤအရာများကို ပင် ၅ မျိုးဖြင့်ဖေါ်ပြ လေ့ရှိသေးသည်။ ၄င်းတို့မှာ The One, Spirit, The Soul, Nature, Matter ဟူ၍ဖြစ်သည်။

သူက သူ၏ ခက်ခဲလှသော ဖီလိုဆိုဖီကို ဥပမာ ၃ ခုဖြင့် ရှင်းပြခဲ့ပါသည်။ ၄င်းတို့မှာ

(၁) ဘုရားသခင်နှင့်တွေ့စရာလမ်းမှာအတက်လမ်းဖြစ်၏။ စိတ်၏စူးစိုက်အား(Concentration) သည်ပြင်းပြရမည်။ အားလည်းကောင်းရမည်။ စူးစိုက်အားပျံ့လွင့်ခြင်း၊ အားနည်းခြင်းသည်မကောင်း၊ ပန်းတိုင်မှဝေးရာသို့သွားနေခြင်းဖြစ်ပါသည်။ လူတို့၏ရည်ရွယ်ချက်မှာထိပ်ဆုံးပန်းတိုင်သို့ရောက်ရန် ဖြစ်သည်။ ထိုလျှောက်လမ်းသည့်၊ စိတ်သဘောထားနှင့်ဆိုင်သည်။ လူတို့၏ ကိုယ်ကျင့်တရားများနှင့် လည်းဆိုင်သည်။ ပြင်ပမှအင်အားများနှင့်မသက်ဆိုင်ပေ။

ထိုပန်းတိုင်သို့ ရောက်ပြီးသည်နှင့် ပြီးတော့သည်။ ထိပ်ကိုအကြိမ်ကြိမ် အထက်ရောက်အောင် အမြဲကြိုးစားနေနေရသည် မဟုတ်ပေ။ ပြင်ပမှအလွှာပျက်စီးသွားသည်နှင့် အလယ်က အဆံသာကျန် ရစ်သည်။ ပြဿနာများကို ရှင်းလင်းပြီးသည်နှင့် အားလုံးသည် ပေါင်းဆုံသွားတော့သည်။ ရဟန္တာများ သည် ရဟန်းကိစ္စပြီးစီးရန်အတွက် အမြဲတစေကြိုးကုတ် ကျိုပမ်းခဲ့ရသည်မှန်၏။ ပန်းတိုင်သို့ရောက် သည်နှင့်ရောက်ပြီးဖြစ်တော့သည်။ အထပ်ထပ်ကျိုးစားနေရသည်ဟုမဟုတ်ပေ။ မဟာယနဘုန်းတော် ကြီးများ၏ ဘုရားသခင်နှင့်ရင်ဆိုင်တွေ့ဆုံဘို့ကျိုးစားရခြင်းနှင့်ဆင်ဆင်တူပါသည်။

(၂) နောက်ဥပမာတစ်ခုမှာဝိညာဉ်ကိုကိုယ်ခန္ဓာမှထွက်ခွါ၍ အပြင်မှကြည့်ရှု့ခြင်းဖြစ်သည်။ ပလို တီးနပ် သည်သူနှင့်နေခဲ့ရသည့် သက်တမ်းအတွင် ၄ ကြိမ်မျှ ဝိဉာဉ်သည် ခန္တာကိုယ်ပြင်ပသို့ထွက်ခွါခဲ့ သည်ဟု ပိုဖရီကဆိုသည်။ ဝိဉာဉ်သည်ကိုယ်မှခွါပြီး ကိုယ်ခန္ဓာပြင်ပသို့ ထွက်ကြည့်ရာတွင် ရဟန္တာများ ဖလသမာပါတ်ဝင်စားသည်နှင့် ဥပမာပေးရတော့မည်ဖြစ်သည်။

ဤအဖြစ်အပျက်ကိုကြည့်ခြင်းဖြင့် ပလိုတီးနပ်သည် ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကွဲပြားပုံကို သဘော ပေါက်ခဲ့သည်။ လူဝင်စားများတွင် ဝိညာဉ်သည် သွားချင်ရာသွားပြီး တွေ့မိတွေ့ရာ ကိုယ်ခန္ဓာအတွေင်း သို့ ဝင်ရောက်ရသည့်သဘော ဖြစ်လေရာ သူသည်လူဝင်စားဖြစ်ခြင်း၊ ဝိညာဉ်သည် လူအသစ်တွင် ပြန်လည် မွေးဖွားလာခြင်း ဆိုသည့်သဘောကိုလက်ခံကြောင်းတွေ့ရပါသည်။

(၃) တတိယဥပမာ မှာ လူတစ်ယောက်သည်မိမိမူလအခြေအနေပြန်လည်ဝင်ရောက်ခြင်းကို ပြ ဆိုသည်။ ဝိညာဉ်သည် ထိပ်ဆုံးရောက်အောင်သွားခြင်းကဲ့သို့ ကိစ္စပြီးလျှင် မိမိမူလကိုယ်ခန္ဓာကို ပြန် လည်ဝင်ရောက်ရခြင်းဖြစ်ရာ လူသည် “Origin” ဖြစ်သည့် မူလသဘာဝအခြေအနေသည် ဘယ်သော အခါမှ ပျောက်မသွားဘဲ ထာဝရလည်း ရှိနေခြင်းကို ပြဆိုသည်။

သူသည်ခရစ်ယာန်အယူဝါဒကို ယူခြင်းမဟုတ်ဘဲ ထိုဝါဒ၏ သဘောတရားများကို တွေ့ရှိခဲ့သူ ဖြစ်သည်။ ထို့ကြောင့်သြဂတ်စတင်းကသူ့ကို ပလေတို လူပြန်ဖြစ်ပြီးအသက်ပြန်ရှင်နေသည်ဟု ပြော ခဲ့ပါသည်။ ယခုထက်ပို၍ အသက်ရှည်ရှည်နေရလျှင် ဟိုနေရာနည်းနည်း သည်နေရာနည်းနည်း စကား ပြောလိုက်လျင် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဟုပင် ပြောဆိုနိုင်လိမ့်မည်ဟု ရေးခဲ့သည်။

ဘာထရန်ရပ်ဆဲလ် က သူ့ကို လူတစ်ယောက်အနေဖြင့် မချစ်ဘဲမနေနိုင်ပါဟု ရေးခဲ့ပါသည်။ ပါတ်ဝန်းကျင်က လူသားများကို လိုက်လျောဆက်ဆံလေ့ရှိခြင်း၊ ကိုယ်ချင်းစာနာထောက်ထား တတ် ခြင်းများမှာ လူတစ်ယောက်အတွက် အရည်အချင်းကောင်းများပင်ဖြစ်သည်။

သူ၏ဘဝတစ်လျှောက်လုံးတွင် ဗုဒ္ဓဘာသာကို ရည်ညွှန်းထားခြင်းမရှိသော်လည်း သူ့လုပ်ရပ် များမှာ ဗုဒ္ဓဘာသာသူတော်စဉ်တစ်ယောက်နှင့် တူသေးတော့သည်။

ကိုသန်းလွင်

Ref: The Dream of Reason By Anthony Gottlieb