တိုးနှောင်မိုး - ဆေးဖော်ကျောဘက်
ဆေးဖော်ကျောဘက်
တိုးနှောင်မိုး
(မိုးမခ) မေ ၄၊ ၂၀၂၀
ရင်ဘက်အခြမ်း
မြင်ရတာ
ရွှေ့ယူမရတဲ့အမြစ်တွေ။
နောက်ကကျောဘက်
နေပူပူကိုကာထားတဲ့ဘဝ
အသက်ရှူရတာလိပ်ပြာလုံပါ့မလား။
ပိုးမွေးသလိုမွေးပြီးဒုက္ခပေးခဲ့လား
ငါစီးနေတဲ့ဆိုင်ကယ်
ငါကိုင်ထားတဲ့ဖုန်း
အစစအရာရာ
မိတ်အင်ပေါက်စီ
သတိတွေလက်လွတ်ခဲ့ပါပြီ။
ဆေးဖော်လိုက်
ကျောဘက်လုပ်လိုက်
ပြန်ပို့တဲ့လိပ်စာမှာ
အလောင်းကိုထည့်ထားလိုက်သလား။
ငါတို့အားလုံးတရုတ်ပစ္စည်းများဖြစ်ကြသည်ဆိုတာ
ကျွန်ုပ်တို့သည်လား
ကျွန်မတို့သည်လား
နိုင်ငံတော်က ဝေဘာဂီဌာနချုပ်
အင်းစိန်အစိုးရလိုလို ဘာလိုလို။
ဘူတာရုံကသဘေ်ာတွေ
လေယာဥ်ပျံကိုခဲနဲ့ထုတဲ့
အာလူးလာပေးတဲ့ခေတ်ကနေ
ဆန်ရှစ်ပြည်ဆီငါးဆယ်သားကြက်သွန်တပိဿာ
ပဲငါးဆယ်သား
ခေတ်တောင်ရောက်ပြီ။
အရင်းရှင်တွေတောင်
သူ့စက်ရုံသောကစာချွန်လွှာရေးနေသေးတာ
ငါတို့ကအိမ်ပြင်မထွက်လို့
အိမ်ထဲကယက်မမှာ ရိုက်ထားတဲ့သံမှိုမှမဟုတ်တာ။
လော့ဆိုတာသော့
ဒေါင်းဆိုတာတစ်ခုခု
သော့တစ်ခုခုကဟုမ်းစတေးကို
တစ်လေးလေးနဲ့ဆိုတော့
ဆီစျေးကျမှခရီးကသွားမရဘူး
အဖွင့်အပိတ်တွေကအမြဲရှတယ်
ရှိသည်ဖြစ်သည်ဆိုကြပါစို့။
အ တိတ်ကမမေ့ဘူး
ပျောက်စရာရွှေမရှိဘူး
အမျိုးတွေက
ပိတောက်ပွင့်ရင်ပန်ချင်သေးတယ်။
အပြင်မထွက်နဲ့ဆိုမှ
စည်းအပြင်ကလူဖြစ်နေတယ်။
လူနာဆောင်အမှတ်ခြောက်မှာ
ရှန်ပိန်တစ်ခွက်ပကတိအတိုင်း
သိုးသားကိုစောင့်နေလဲအလကားပဲ။
သစ်ကုလားအုတ်တွေသဲကန္တာရထဲပြေးနေတယ်
တွန်နဲ့ဂျယ်ရီငါကကြည့်လို့
အမွှေစိန်ကာတွန်းကစန္ဒယားတီးလို့
မာစတာဘင်းလည်းမရယ်ရတော့ဘူး
စီလီကွန်ရုပ်အိမ်မွေးတိရတ္ဆန်များစတိုးဆိုင်မှာ
ဆန္ဒထုတ်ဖော်ဖို့မျက်နှာဖုံးလိုတယ်။
လူတစ်ယောက်ကို
အချက်ပေါင်းများစွာထိုးလို့ရတယ်
မသေအောင်ပေါ့
လူတစ်ယောက်သေစေချင်ရင်တော့
တစ်ခါပဲချီးမွန်းတဲ့။
ဆုကိုမတောင်းခဲ့ဘူး
ဆုလည်းမပေးခဲ့ဘူး။
ပျဥ်မပင်ရိပ်မှာ
အချစ်ဖြစ်ထွန်းခဲ့သလို။
မတွေးလို့မရတာ
တွေးတော့ရောရလို့လား
သခွတ်ပင်ကမီးတကျီကျီ
ရွှေ့တဲ့သူကိုယ်တိုင်ကဒိန်ခဲပဲ။
ဆယ်သုံးတန်ဖိအားရှိတဲ့လေထု
တည်နေရာအကျယ်အဝန်းကရက်စက်ခြင်း
ဆံပင်ရှည်နေပြီ
ဖိနပ်ပြတ်နေပြီ
ဘရိတ်အုပ်သံကဖုန်းမက်ဆေ့မှာမပေါ်ဘူး။
ဒဏ်ရာတွေနိုတီတက်လာတယ်
ဘယ်ပေ့ချ်မှဆာတယ်ဆာတယ်မအော်ဘူး
ဖရဲသီးတွေအလုံးလိုက်ကုတ်သွားပါပြီ။
အဲ့လို
အဲ့လို
အဲ့လို။
အရင်ဘဝကမြေပါတော့
မြေနဲ့ရေနဲ့တောနဲ့တောင်နဲ့သွားပို့ရတယ်
သေကံပါတော့ပိုးမွေးပြီးလက်ဆောင်ပြန်ပို့တယ်
ဆင်းရဲတော့ခံပေါ့
သစ်လုံးတင်လာတဲ့ဆိုင်ကယ်တွေလို
ပျက်ဖို့အာမခံကရှိပြီးသား။
အိပ်ရာရွှေ့အိပ်တယ်
မိုးယိုတယ်
မပြောင်းတဲ့စောက်ကျင့်ကအရိပ်လို
ဦးနှောက်ထဲလည်းစက်ရုံတွေမပိတ်သေးဘူး
လေဆိပ်မှာနိုင်ငံကူးကဒ်ကဖျားနာလို့။
ကျောဘက်မရဆေးဖော်လိုက်ပါ
မြင်နေရတယ်
မမြင်ရတဲ့အကောင်းတွေ။ ။