Breaking News

ကိုသန်းလွင် - လိုငွေသည်အရေးမကြီးပါ


ကိုသန်းလွင် - လိုငွေသည်အရေးမကြီးပါ

(မိုးမခ) ဩဂုတ် ၂၊ ၂၀၂၀

(၁)

အိမ်ထောင်စုတခုတွင်ဝင်ငွေနှင့် ထွက်ငွေသည်ညီမျှမှုရှိနေရပါမည်။ ထွက်ငွေ ကဝင်ငွေထက်များ နေလျင်ထိုအိမ်သည်တစ်နေ့တွင်ဒုက္ခတွေ့ရမည်ဖြစ်ပါသည်။ ထိုနည်းတူကုမ္ပဏီတစ်ခုတွင်လည်း ထွက်ငွေသည် ဝင်ငွေ ထက်လျော့နည်းနေမှသာ ကုမ္ပဏီသည် အလုပ်ကိုဆက်လုပ်နိုင်ပါလိမ့်မည်။ ထွက်ငွေသည်များနေ ပါက ကုမ္ပဏီသည် တာရှည်မခံနိုင်တော့ဘဲ ဒေဝါလီခံရသည့်အဖြစ်သို့ရောက်ရပါသည်။

အစိုးရများတွင်ကားဤသို့မဟုတ်ပါ။ ယခုခေတ်သစ်ငွေကြေးသီအိုရီ(Modern Monetary Theory) အရ အစိုးရတခုအတွက် သုံးစရာငွေသည်အမြဲရှိနေပါသည်။ ယခင်ကအယူအဆမှာအစိုးရတခုတွင် ဝင်ငွေနှင် ့ထွက် ငွေညီ မျှနေရပါမည်။ ဥပမာအခွန်ကောက်ရငွေသည် ၉၀၀ ကျပ်ဖြစ်ပြီးသုံးငွေ ၁၀၀၀ ဆိုပါကထိုအစိုးရ၏ လိုငွေ သည် ၁၀၀ ကျပ်ဖြစ်ရပါမည်။ အစိုးရသည်လိုငွေ ပြနေပြီး (Broke) ဖြစ် သည်ဟု ဆိုကြပါသည်။

ခေတ်သစ်တွင် အစိုးရတစ်ခု၌ (Balance sheet) တွင်ဘယ်လိုဘဲပြပြ အစိုးရသည် ငွေကို သုံးမြဲသုံးနိုင် ပါသည်။

(၂)

ကိုပါးနီးကပ်နှင့် သိပ္ပံပညာရှင်တစ်စုတို့သည် ကျွန်တော်တို့ စင်္ကြာဝဠာကြီးအပေါ်အမြင်ကိုအခြေခံကစ၍ ပြောင်းလဲပစ်ခဲ့ပါသည်။ သူတို့က ကမ္ဘာကသာ နေ ကိုပါတ်နေပြီး ယခင်က အယူအဆကဲ့သို့နေက ကမ္ဘာကြီးကို ပါတ်နေခြင်းမဟုတ်ပါ၊ ယခုလည်း အစိုးရဘတ်ဂျက်နှင့်ပါတ်သတ်၍ ကိုပါးနီးကပ်က အမြင်ပြောင်းလြဲပစ်သလို စာရှုသူ၏အမြင်ကိုပြောင်းလဲပြစ်ရန်လိုပါသည်။

ကျွန်တော်ပြောလိုသည်မှာ (Monetary Sovereign) ခေါ် US, UK၊ ဂျပန်၊ သြစတေလျ၊ ကနေဒါအစရှိ သောနိုင်ငံများသည် မိမိတို့ပိုက်ဆံကို မိမိတို့ရိုက်ထုတ်နိုင်ကြပါသည်။ ထိုသုံးငွေကို (Fiat Money) ခေါ်ပါသည် တိုင်းပြည်အတွက် လိူငွေပြခြင်းသည် စီးပွားရေးအတွက်ကောင်းသည်ဟူသောအမြင်ဖြစ်ပါသည်။ ကျွန်တော်တို့ သည် ယခင်ကဝင် ငွေနှင့်ထွက်ငွေညီမျှသော ဘတ်ဂျက်ကိုအလိုရှိခဲ့ကြပါသည်။ ယခု ထိုကဲ့သို့မဟုတ်ပါ။ ခေတ် သစ်သီအိုရီ အရ ဝင်ငွေထွက်ငွေ ညီမျှခြင်းထက် လူတို့၏ချမ်းသာခြင်းကိုရှာဖွေကြရပါမည်။ ထိုငွေကိုအသုံးပြု၍ စီးပွားရေးကို တည်ငြိမ်အောင်လုပ်ပြီး ထိုငွေများကိုလူနည်းစုလက်ထဲတွင်ရှိနေခြင်းထက် လူအများ၏လက်သို့ ရောက်အောင် ဖြန့်ဝေပေးရမည်ဖြစ်ပါသည်။

အခွန်ငွေပေးရခြင်းမှာ မြင်နေကျ အမြင်ဖြင့်ကြည့်သော်အလယ်ဗဟိုမှာရှိနေပါသည်။ အစိုးရမှာ သူပိုင်ငွေ မရှိ။ အခွန်ပေးသူတို့ပေးသောငွေသာရှိသည်ဟူသော အမြင်ပင်ဖြစ်ပါသည်။ ထိုငွေသည် ပြည်သူတို့၏လက်ထဲ မှာရှိပြီး ပြည်သူထံမှလာပါသည်။ မော်ဒန်သီအိုရီအရ ငွေမှန်သမျှသည်ငွေကိုထုတ်ပေး သူအစိုးရကပိုင်ပါသည်။ ထိုငွေဖြင့်သာ အစိုးရ၏လုပ်ငန်းမှန်သမျှ၏ အသုံးစရိတ်ကိုပေးချေပါသည်။ အခွန်ငွေဖြင့် အစိုးရ၏အသုံး စရိတ် ကိုပေးချေသည်ဟူသော အယူအဆမှာစိတ်ကူးယဉ်ဆန်ခြင်းသာ ဖြစ်ပါသည်။

ထိုသို့ဆိုခြင်းဖြင့်အစိုးရများသုံးနိုင်သောငွေပမာဏ တွင်အကန့်အသတ်မရှိဘူးဟုဆိုလိုရာ မရောက်ပါ။ စီးပွားရေးစနစ်တိုင်းတွင်၄င်းတို့ကိုယ်ပိုင်ကန့်သတ်ချက်များ၊ ကုန်ထုတ်လုပ်မှုစွမ်းအား၊ တက်ခနိုလိုဂျီ၊ ၄င်းတို့ပိုင် မြေနှင့် ထိုမြေ၏အရည်အချင်း၊ အလုပ်သမား၊ စက်ရုံ၊ စက်ပစ္စည်းစွမ်းအား၊ နှင့်အခြားပိုင်ဆိုင်သည့် ကုန်ကြမ်း ပစ္စည်းများ စသည်တို့ရှိကြပါသည်။ အစိုးရက စီးပွားရေးလောက အတွင်းသို့ ငွေကိုထပ်ထည့်ပေးပါက ငွေဖေါင်း ပွခြင်း (Inflation) ကကပ်ပါလာပါသည်။ အစိုးရတွင် အကန့်အသတ်ရှိသည်ဆိုခြင်းမှာ အစိုးရ၏ငွေကိုအသုံးပြု နိုင်စွမ်းရှိခြင်း (သို့) သူ၏လိုငွေပြမှုအပေါ်တွင် မူမတည်ဘဲ ဖောင်းပွမှုနှုန်းအပေါ်တွင်သာမူတည်ပါသည်။ 

ထို့ကြောင့် အစိုးရများသည် မိမိတို့အတွက်အရေးကြီးသော ပရောဂျက်များအတွက်ငွေကိုထုတ်ယူသုံးစွဲ နိုင်ကြပါသည်။ ၁၉၃၀ ပြည့်နှစ် (Great Depression) ဖြစ်ခဲ့သော်လည်း သမ္မတ ဖရန်ကလင် ရုစဗဲ့က (New Deal) ကို လုပ်နိုင်ခဲ့ပါသည်။ သမ္မကနေဒီ သည် လကမ္ဘာပေါ်သို့ လူကိုအရောက်တင်နိုင်ခဲ့ပါသည်။ ကွန်ဂရက် တွင် ငွေမရှိသောကြောင့် စစ်မတိုက်နိုင်သောအဖြစ်ကို ဘယ်သောအခါမှ မရောက်ခဲ့ပါ။ ငွေကိုအသုံးပြုခြင်းမပြု ခြင်းမှာ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များသာဖြစ်ပါသည်။

၂ဝဝဂ ခုနှစ် စီးပွားရေးအကြပ်အတည်းတွင် အမေရိကန်နိုင်ငံ၌လည်းအများနည်းတူ အကြပ်အတည်း နှင့် ကြုံခဲ့ရပါသည်။ အိမ်အတွက်ငွေကိုအကြွေးဖြင့်ဝယ်ယူကြရာ ထိုစျေးကွက် (Mortage Market) မှစ၍မီးခိုး ကြွက်လျှောက် ဒုက္ခရောက်ခဲ့ကြပါသည်။ အမေရိကား၏အကြီးဆုံးဘဏ္ဍာရေးဆိုင်ရာ J.P Morgan, Bank Of America စသော ဘဏ်ကြီးများ၏တန်ဖိုးမှာထက်ဝက်ခန့်လျော့နည်းသွားခဲ့ပါသည်။ ထိုအချိန်တွင်သမ္မတဖြစ်ခါ စ မစ္စတာအိုဘားမားကဒေါ်လာ ၇၈၇ ဘီလီယံတန်ဖိုးရှိသည် ့(Stimulas Package) ကိုလက်မှတ်ထိုးခဲ့ပါသည်။ တကယ်လိုနေခဲ့ သည်မှာ ၁ ထရီလီယံအထက်မှာဖြစ်ပါသည်။ ၂၀၀၉ ခု မေလ ၂၃ ရက်နေ့ကအင်တာဗျုးတစ်ခု တွင် သမ္မတက “သူတို့မှာ ပိုက်ဆံမရှိပါ” ဟု ဝန်ခံပြောဆိုခဲ့ပါသည်။ ထိုငွေများမှာ အမေရိကန်နိုင်ငံ၏ လိုငွေများ ဖြစ်ပါသည်။

ထို့ကြောင့် ဘတ်ဂျက်နှင့်ပါတ်သက်၍ပထမဦးဆုံးအမှားမှာအစိုးရများသည်အိမ်ထောင်စုတစ်ခု ကုမ္ပဏီ တစ်ခုသဖွယ်ဝင်ငွေနှင့် ထွက်ငွေကိုညီမျှအောင်သုံးရမည်ဆိုသော အယူအဆမှာ မှားယွင်းပါသည်။ အဘယ် ကြောင့်ဆိုသော် ကျွန်တော်တို့က အိမ်ထောင်စုအတွက် လုပ်မပေးနိုင်သော်လည်း၊ အစိုးရများမှာ ငွေကိုဖန်တီး ပိုင်ခွင့် ရှိနေသောကြောင့်ဖြစ်ပါသည်။ အစိုးရများတွင်မပေးဆပ်နိုင်သော အကြွေးဟူ၍မရှိပါ။ နိုင်ငံတော်အစိုးရ သည် အကောက်ခွန်ငွေ၊ ချေးငွေ၊ ထီလက်မှတ်ရောင်းရသောငွေ စသည်တို့ကို မှီခိုစရာမလိုပါ။

ဒုတိယအမှားမှာ လိုငွေသည် သုံးငွေများသောကြောင့်ဖြစ်ရသည်ဆိုသော အမြင်ဖြစ်ပါသည်။ အစိုးရ သည် စီးပွားရေးအတွက် ငွေ ၁၀၀ သုံးသည်ဆိုပါစို့၊ အခွန်ကောက်ငွေက ၉၀ ဘဲရသည်ဆိုလျင် အစိုးရ၏လိုငွေ ပြမူမှာ ၁၀ ဖြစ်ပါသည်။ တကယ့်အဖြစ်မှာ အစိုးရတွင်လိုငွေ ၁၀ ပြနေလျင် ထိုငွေသည်တစ်စုံတစ်ဦးအတွက်ပို ငွေ ၁၀ ဖြစ်နေတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရှိသမျှ ငွေအားလုံးမှာ အစိုးရကပိုင်သောကြောင့်ဖြစ်ပါ သည်။ ပေါ်လစီချမှတ်မှုများတွင် ဤအဖြစ်ကိုမမြင်နိုင်ဘဲ မျက်စေ့တစ်ဖက်ပိတ် သလိုဖြစ်နေတတ်ပါသည်။ 

တတိယအမှားမှာ ထိုသို့ လိုငွေပြခြင်းသည် နောင်လာမည့်လူတို့အပေါ်၌ ဝန်ထုတ် ဝန်ပိုးသဖွယ်ဖြစ်နေ မည်ဟူသောစကားဖြစ်ပါသည်။ ရော်နယ်ရီဂင်ကထိုချေးငွေများကို “နောင်လူတို့ပေးဆပ်ရန်မထားသင့်ကြောင်း” ပြောခဲ့ဘူးသည့် သာဓက ရှိခဲ့ဘူးသည်။ အကောင်းဆုံးဥပမာမှာ ဒုတိယကမ္ဘာစစ်ပြီးစက အမေရိကန် ၏အကြွေး သည် ဂျီဒီပီ (GDP) ၏ ၁၂၀% မျှရှိခဲ့ပါသည်။ ထိုခေတ်မှာပင် အမေရိကား၌ အလယ်အလတ်တန်းစားဟူ၍ လူတန်းစား တစ်ရပ် ပေါ်ပေါက်ခဲ့ပါသည်။ အလယ်အလတ်တန်းစားတို့ ဝင်ငွေမှာတိုးတက်လာသောကြောင့် နောက်လူတို့မှာ ဝန်တက် ရမည့်အစား ကြွယ်ဝချမ်းသာမှုသာတိုးတက်ခဲ့ရပါသည်။ ထို့ကြောင့်ထိုငွေကို လျော့ နည်းအောင်လုပ်ခြင်းဖြင့် နောက်လူတို့ကို ချမ်းသာကြွယ်ဝကြမည်ဟု မယူဆနိုင်ပါ။

စတုတ္ထအမှားမှာ လိုငွေပြခြင်းသည် အန္တာရယ်ရှိသည်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံခြင်းကို အနှောင့်အယှက် ပေးပြီး ရေရှည်တွင် တိုးတက်မှုကို ထိခိုက်စေသည်ဟူသော အမြင်ဖြစ်ပါသည်။ တကယ့်လက်တွေ့တွင် ပရိုက် ဗိတ် မြှုပ်နှံမှုကို တိုးပွားလာစေခြင်းသာရှိပါသည်။ 

ပဥ္စမအမှားမှာ တိုင်းပြည်၏လိုငွေပြခြင်းကြောင့် နိုင်ငံခြားသား တို့အပေါ်ပို၍ မှီခိုလာရသည်ဟူသော အမြင်ပင်ဖြစ်ပါသည်။ တရုတ်နှင့် ဂျပန်လူမျိုးတို့၏ အပြုအမှုပေါ်မူတည် ပြီး အမေရိကန်စီးပွားရေးဖြစ်ထွန်းရ ပါသည်။ အကယ်စင်စစ် ဒေါ်လာငွေသည် အမေရိကန်ပြည်မှသာ ထုတ်ဝေပြီး အမေရိကန်တို့၏ ပစ္စည်းဖြစ်ရာ အခြားလူမျိုးများကသာ အမေရိကန်တို့၏ အပေါ်မှီခိုရခြင်းရှိပါသည်။

(၃)

ပြည်တွင်းမှာရှိသည့်ပစ္စည်းနှင့်ဖြစ်သော (infra-structure Project) များကိုဦးစားပေး၍ လုပ်ကိုင်နိုင်ပါ သည်။ ဥပမာ သစ်တောတစ်ခုကို (Resort) အနေဖြင့်ပြောင်းလဲမည်ဆိုပါစို့။ လမ်းဖောက်ခြင်း၊ အိမ်ဆောက်ခြင်း သစ်ပင်၊ ပန်းပင်များကိုပြုပြင်ခြင်းဖြင့်ကိစ္စပြီးနိုင်ရာပြည်တွင်းသုံးငွေများသာဖြစ်သည်။ ထိုပြည်တွင်းငွေကို အစိုးရ ကဖန်တီးနိုင်ပါသည်။ သေချာပေါက်ငွေဝင်မည့် ပရောဂျက်များဖြစ်ပါသည်။ ထိုအတူ ဝင်ငွေရမှာ သေချာသည့် မြို့ပါတ်ရထားအဆင့်မြင့်တင်ရေးလုပ်ငန်း၊ လူနေအိမ်၊ တံတားထိုးခြင်း၊ လမ်းဖေါက်ခြင်း စသည်တို့ကိုဦးစားပေး လုပ်ကိုင်သင့်ပါသည်။ 

စင်္ကာပူနိုင်ငံ၏ ပန်ဂိိုမြို့သစ်ကမ်းခြေတစ်လျှောက်တွင် စက်ရုံ၊ အလုပ်ရုံအသစ်များ။ လူနေအိမ်များ၊ ပရောဂျက်အသစ်များဖြင့် စည်ကားလျက်ရှိ သည်ကိုတွေ့ရပါသည်။ ကားမောင်းသွားသည့်လမ်းတစ်လျှောက်နှင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ခြံစည်းရိုးခြင်းချိတ်ဆက်၍ အပိုမြေ တလက္မမျှမကျန် ပရောဂျက်အသစ် များကိုတွေ့နိုင်ပါသည်။ လူနေအိမ်၊ စာသင်ကျောင်း၊ ဘဏ်၊ ရှော့ပင်း မောလ်စသည်တို့ဖြင့် အလျင်က လူမနေ သည့် ရပ်ကွက်မှာ ပရောဂျက်အသစ်များဖြင့် ပြည့်လျှံနေပါသည်။

အစိုးရသည် ပရောဂျက်အသစ်များအတွက် ပိုက်ဆံကိုဘယ်ကရရှိပါသနည်း။ ဝန်ကြီးချုပ်က စင်္ကာပူ သည်အကြွေးကင်းပြီး အရံထားသည့် ရီဆာ့ဗ် ငွေတွေ အများကြီးရှိသည်ဟုတော့ အခွင့်အရေးရတိုင်းပြောလေ့ ရှိပါသည်။ 

ကျွန်တော်သည် (Stephanie Kelton)၏ (Deficit Myth) စာအုပ်ကို ဖတ်ကြည့်သောအခါကျမှ နိုင်ငံ ထူထောင်ရေးအတွက် အစိုးရများသည် ငွေကိုသုံးနိုင်ကြကြောင်း သဘောပေါက်မိပါသည်။


ကိုသန်းလွင်
Ref: Deficit Myth, Stephanie Kelton