Breaking News

နိုင်စွမ်း - အရောင်များနဲ့ အယောင်များကြားက အလွမ်း


အရောင်များနဲ့ အယောင်များကြားက အလွမ်

နိုင်စွမ်း

(မိုးမခ) သြဂုတ် ၂၊ ၂၀၂၀




အခုကာလကိုတော့ ရွေးကောက်ပွဲရာသီလို့ဆိုရမယ့် အနေအထားပါခင်ဗျ။ အမေရိကန်မှာလည်း ရွေးကောက် ပွဲ၊ ကျနော်တို့ဆီမှာလည်း ရွေးကောက်ပွဲမဟုတ်လား။ ဒီရွေးကောက်ပွဲကိစ္စကိုပဲ ပြောကြဆိုကြ၊ ဝေဖန်ကြနဲ့ စီစီကို ညံနေတယ်လေ။ တချို့က မဲပေးဖို့ လှုံ့ဆော်နေသလို တချို့ကလည်း မမပေးဘဲ နေဖို့ ဆော်သြနေတာလည်း ရှိပါတယ်။

ဒီလိုအခြေအနေမှာ နယ်က ကျနော့်ငယ်သူငယ်ချင်းတစ်ဦးက “ဟေ့ကောင် စွမ်းကြီးရေ.. မင်းမဲပေးရင် နီမှာလား၊ စိမ်းမှာလား” လို့ ဖုန်းဆက်ပြီး မေးလာတယ်ဗျ။ “အသဲကြားက မဲတစ်ပြား အတွက် မင်းလည်း နိုင်ငံသားပီပီ တာဝန်ကျေသင့်တယ်နော်” လို့လည်း သူငယ်ချင်းက ဆက်ပြောပါသေးတယ်။ ပြီးတော့ - “ငါကတော့ အရင်ကတည်းက နီလာတာ၊ အခုလည်း အနီ၊ နောင်လည်း နီမှာပဲ သူငယ်ချင်း။ မင်းရော ဘယ်လိုလဲ” လို့ ထပ်မေးလာတော့ ကျနော်က ချက်ချင်းပြန်ပြောဖို့ ခက်နေပါရော။

“ဘာလို့ ပြောဖို့ ခက်ရမှာလဲကွ။ မင်း အနေနဲ့ ရပ်တည်ချက် ခိုင်မာဖို့ လိုတယ်။ အထူးသဖြင့် မင်းတို့လို လူတွေက ပိုပြီးတောင် အရေးကြီးသေးတယ်နော်။ ပြောဖို့ ခက်နေတာက ဘာလဲ။ ငါကတော့ ရှင်းတယ်၊ မစိမ်းဖို့ အတွက် နီတယ်” လို့ ထပ်ပြောလာတော့ ကျနော် ရှင်းပြချင်တာတွေ စိတ်ထဲမှာပေါ်လာတယ်။

ကျနော်ဟာ နိုင်ငံရေးသမား တစ်ဦးမဟုတ်ပါ။ အထူးသဖြင့် ပါတီနိုင်ငံရေးကို စိတ်မဝင်စားသူပါ။ စာရေးသူ၊ ဘာသာပြန်သူ၊ သတင်းသမားတစ်ဦးလို့ပဲ ကိုယ့်ကိုယ်ကို ခံယူပြဋ္ဌာန်းထားပါတယ်။ အဲဒီမှာ ပြောမနာဆိုမနာ ငယ်သူငယ်ချင်းနဲ့ကျနော့်ကြား ရှုထောင့်တချို့ ကွာသွားပါတယ်။

ကျနော့်အဖိုးက အရင်ခေတ်က “အနီ” (အခု ‘အနီ’ မျိုးမဟုတ်ဘူး) ခင်ဗျ။ ကျနော့် ဘဒွေးလေးက မန္တလေးတိုင်း ကောင်စီဝင် တစ်ဦး။ ကျနော့်အဖေကတော့ တောင်သူတစ်ဦးပါ။ ဆိုတော့.. ကျနော်က ငယ်ငယ်ကတည်းက နိုင်ငံရေးဆိုတာနဲ့ မဝေးလွန်းလှပါဘူး..၊ သို့ပေမဲ့ အသက်ကငယ်သေးတော့ ထဲထဲဝင်ဝင် နားမလည်ခဲ့ဘူးပေါ့ ခင်ဗျာ။ အခုချိန်အထိလည်း နိုင်ငံရေးဆိုတာနဲ့ အကျွမ်းတဝင်မရှိတဲ့အပြင် နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ဖို့လည်း စိတ်မရောက်သေးပါ။

“စွမ်းကြီး.. မင်းက ဘာဖြစ်လို့အနီကိုမရွေးရတာလဲ။ မင်း တစ်ခုခုတော့ မှားနေပြီပဲ” လို့ သူငယ်ချင်းက ထပ်ပာလာတော့.. ၁၉ ရာစုနဲ့ ၂၀ ရာစုအစောပိုင်းကာလရဲ့နိုင်ငံရေးသီအိုရီနဲ့.. အခု ၂၁ ရာစု နိုင်ငံရေးသီအိုရီ အရွေ့အပြောင်းတွေကို နှိုင်းယှဉ်ပြီး သတိရမိလိုက်ပါတယ်။ “ဖြူရင် ဖြူ၊ မဖြူရင် မည်း” ဆိုတာ တစ်ခုခုကို အသေစွဲကိုင်လိုက်တာပါ။ အဲဒီသဘောထားက “ရန်/ငါ” ခွဲလိုက်တဲ့သဘောဖြစ်ပြီး၊ အဲဒီစိတ်အခံကနေ ဘက်ကွဲသွားသူကို အပြတ်ချမှုန်းဖို့ ဆိုတဲ့ လမ်းစဉ်အထိ ဖြစ်သွားတယ်ဆိုတာ သမိုင်းကိုပြန်ကြည့်ရင် တွေ့နိုင်ပါတယ်။

တကယ်တော့ ကျနော်တို့ဟာ တစ်ဦးနဲ့တစ်ဦး ရန်သူတွေမဟုတ်ကြသလို.. ကျနော်တို့ အားလုံးဟာ ပြည်သူစစ်စစ်တွေပါ။ ပြည်သူတွေကြား တစ်ဖက်ကို မုန်းလို့ ကျန်တစ်ဖက်ကိုမဲပေးတာဟာ နိုင်ငံရေးရေချိန်မြင့်တာမဟုတ်ပါ။ နိုင်ငံရေး ရေချိန်မြင့်ဖို့အတွက် ပြည်သူတွေကို စဉ်းစားရွေးချယ်နိုင်အောင် ထင်သာမြင်သာရှိရှိနဲ့ ချပြ၊ ရှင်းပြပြီး မဲဆွယ်ရမှာပါ။ တိုက်တွန်းရမှာပါ။ စည်းရုံးရမှာပါ။ အဲဒီလိုတင်ပြနိုင်ဖို့အတွက် သတင်းမီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်အဖြစ် ရှိနေတာပါ။

ကျနော်တို့လေးစားတဲ့ ဗိုလ်ချုပ်က တိုင်းရင်းသား ညီအစ်ကိုခေါင်းဆောင်တွေကို ရိုးသား ရှင်းလင်းပြီး တိုင်း ပြည်ရဲ့အနာဂတ် ဘုံအကျိုးစီးပွားအထိ ဦးတည်တဲ့ ရည်ရွယ်ချက်တွေ ချပြ၊ ရှင်းပြပြီး အားလုံးရဲ့လေးစားအသိအမှတ်ပြုမှုနဲ့ ယုံကြည်မှုကို ထူထောင်လာနိုင်တာ ဖြစ်တယ်။ ဒါကြောင့် ပင်လုံသဘောတူညီချက်တွေ ရရှိခဲ့၊ အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ ကျနော်ထင်မြင်ပါတယ်။

နိုင်ငံရေးမှာ ချစ်၊ မုန်း၊ သနား၊ အားကိုး၊ လေးစား၊ အားထား၊ ကြောက်ရွံ့ ဆိုတဲ့ “စိတ်ခံစားမှုတွေ” ကိုအခြေခံပြီး လုပ်ရမှာမဟုတ်ပါ။ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြည်သူကိုမျက်နှာမူ (တနည်းအားဖြင့် ပြည်သူ့အကျိုးကို ရှေ့ရှုပြီး) ဆောင်ရွက်ဖို့၊ ကမ္ဘာ့အလယ်မှာ တိုင်းပြည်မျက်နှာမငယ်ဖို့ ဦးတည်ဆောင်ရွက်ရမှာ လို့ ကျနော် နားလည်ထားပါတယ်။

အဝေးကြီးမကြည့်ပါနဲ့ဦး။ မနေ့တစ်နေ့ကမှလို့ဆိုနိုင်တဲ့ မဆလအပါအဝင် တိုင်းပြည်ကို ဦးဆောင်ခဲ့တဲ့ သူတွေ.. အခုခေတ် ဘယ်လို ဖြစ်သွားကြသလဲ၊ တိုင်းပြည်ရော နိုင်ငံတကာမှာ မျက်နှာပန်းလှပါရဲ့လား။ ပြည်သူကိုမျက်နှာမမူကြတဲ့အပြင် ကျနော်တို့ နိုင်ငံဟာဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) တောင် ဖြစ်သွားပါ ရော့လား။

“ဒီမှာ သူငယ်ချင်း.. မင်းကို မေးချင်တယ်။ အခုလို လွှတ်လွှတ်လပ်လပ် ပြောဆိုနိုင်ဖို့ ဘယ်သူ ဘယ်လောက်အထိ စွန့်လွှတ်အနစ်နာခံခဲ့သလဲ။ မင်းကိုယ်တိုင်လည်း သတင်းသမားတစ်ဦးပဲလေ.. မင်း သိမှာပါ” လို့ သူငယ်ချင်းကဆိုလာတော့.. ၈၈ အရေးအခင်းမတိုင်မီကာလ ကျနော်တက္ကသိုလ်တက်ဖို့ ကြိုးစားနေတဲ့ ကာလတစ်ခုကို စိတ်က ပြန်ရောက်သွားပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများ အရေးအခင်းသတင်း၊ ငွေစက္ကူတွေရုပ်သိမ်းတဲ့အကြောင်းတွေ အစီအရီပေါ်လာပါတယ်။ အဲဒီအချိန်မှာကတည်းက ကျနော်တို့ မန္တလေးက ကျောင်းသားတွေဟာ နိုင်ငံရေး ခံယူချက်ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ နိုင်ငံရေးအတွေးအခေါ် ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ နိုင်ငံရေးအကြောင်း သိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေ ဖိနှိပ်လွန်းလာတာကိုတော့ သည်းမခံလိုကြပါဘူး။ ဒါနဲ့ ရုတ်ရုတ်သဲသဲအခြေအနေတွေ ဖြစ်လာခဲ့ရတယ်။

အဲဒီတုန်းက ၇၂ လမ်း၊ ၃၄ နဲ့ ၃၅ လမ်းကြားမှာ “ပန်းစံပယ်” လက်ဖက်ရည်ဆိုင်လေးမှာ ကျနော်က ကျောင်း သားတဖြစ်လဲ စားပွဲထိုးအလုပ် လုပ်ခဲ့တဲ့အချိန်ပါ။ လက်ဖက်ရည်ဆိုင် ဖြစ်လို့ အဆက်အသွယ်တွေ အများကြီး ရောက်လာပါတယ်။ အသက်အရွယ်ငယ်သေးတော့ ကျနော့်ကို “တောကျောင်းသား” လို့လည်း ကြီးသူရော၊ ငယ်သူတွေကပါ ချစ်စနိုးနဲ့ အခေါ်ခံခဲ့ရပါတယ်။ ကျနော်တို့ဆိုင်နဲ့ မျက်စောင်းထိုးမှာရှိတဲ့ တိုက်ကြီးက ဖိုးဖိုးကြီးကတော့ ဆိုင်ကို နေ့ခင်းပိုင်း ၂ နာရီနဲ့ ၃ နာရီကြားမှာ လာလေ့ ရှိပါတယ်။ မနက်စောစောထရလို့ အိပ်ချင်နေတဲ့အလုပ်သမားတွေက သူရောက်လာလည်း သိပ်ပြီး အလေးဂရုမပြုကြပါဘူး။ ဒါပေမဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေလေ့ရှိတဲ့ ကျနော့်ကိုတော့ အဲဒီ ဖိုးဖိုးကြီးက တော်တော်ချစ်တယ်ဗျ။ အင်္ဂလိပ်စာအုပ်တွေလည်း ပေးပါတယ်။

သူ ရောက်လာချိန်တိုင်း လူရှင်းနေချိန် ဖြစ်သလို သူနဲ့ကျနော် ၂ ဦးတည်း ဆိုင်ထဲမှာ ရှိချိန်များပါတယ်။ ရောက်လာတိုင်းလည်း သူက စာအုပ်ထုပ်တစ်ခု ကျနော့်ကိုပေးထားလေ့ ရှိသလို သူ့ကိုပေးဖို့ စာအုပ်ထုပ်လေးလည်း ကျနော့်ဆီက တောင်းယူသွားလ့ ရှိပါတယ်။ “ဘဘကြီး” လာရင် ပေးလိုက်နော်လို့ ကျနော့်ကို မှာသွား၊ ထားရစ်ခဲ့တဲ့ ဖောက်သည် အစ်ကိုတွေ၊ အစ်မတွေလည်း အများကြီး ရှိတာကိုး။

ဘဘကြီးက တစ်ခါတလေ စံပယ်ပန်းလေးတွေနဲ့ အသေအချာထုပ်ထားတဲ့ အထုပ်၊ ဒါမှမဟုတ် ခရေကုံးလေးနဲ့ တင်ထားတဲ့ အထုပ်၊ ဒါမှမဟုတ် သပြေခက်လေးတွေနဲ့ အထုပ်လေးတွေ ပေးအပ်ထားရစ်ခဲ့လေ့ ရှိပါတယ်။ ဒါပေမဲ့.. သပြေရွက်ကလေးတွေနဲ့ ထုပ်ပိုးထားတဲ့ အထုပ်တစ်ခုပေးဖို့မှာကြား ပြီးတဲ့ နောက်မှာတော့.. တိုင်းပြည်အခြေအနေကပြောင်းလဲသွားပါရော။ ရှစ်လေးလုံးဆိုတဲ့ အသံတွေ၊ ကျောင်းသားသမဂ္ဂဆိုတဲ့အသံတွေ လွှမ်းထုံလာပြီး “သပိတ် မှောက်” ဆိုတဲ့ စကားလုံးလည်း ကျနော်တို့ဆိုင်လေးကို လာရောက်စားသောက်သူတွေထံက အများကြီး ကြားခဲ့ရပါတယ်။

အဲဒီအချိန်မှာ ကျောင်းသားတွေကို အိမ်ပြန်ပို့တာတွေ၊ လမ်းစရိတ်တွေ ထုတ်ပေးတာတွေ၊ မော်တော်ကား စီစဉ်ပေးတာတွေ ဖြစ်လာနေပါပြီ။ အခြေအနေတွေက ဘာကိုမှ သဲသဲကွဲကွဲ မမြင်နိုင်၊ မသိနိုင်၊ မဆုံးဖြတ်နိုင်တဲ့ အနေအထားပါ။ လက်ဖက်ရည်ဆိုင်မှာ လာ‌ရောက် စားသုံးသူတွေထဲမှာ ခင်မင်ရသူတွေ အများသား ဆိုတော့ သူတို့စကားတွေ ပြန်ကြားနေရပါတယ်။ အဲဒီစကားသံက “ပြည်သူတွေရဲ့ စကားသံ၊ ပြည်သူတွေရဲ့ လိုလားသံ၊ ပြည်သူတွေရဲ့ တောင့်တမှု” ဆိုတာ ရင်ဘတ်ထဲကနေ အလေးအမြတ်ပြုမိသလို အခုထိလည်း ကြားယောင်နေဆဲပါ။

“မလင်းသေးတာ မှောင်နေတာပဲ။ ဒါပေမဲ့ မှောင်နေအောင် လုပ်ထားတာကိုတော့ ဖယ်ရှားရမှာပဲ” တဲ့။ “မဝိုင်းခက်” ပြောခဲတဲ့စကားကို သတိရမိပါတယ်။ ကျနော့်အတွက် Sir Walter Scott ရေးတဲ့ The Lay of The Last Minstrel ကဗျာစာအုပ်ကို ခက်ခက်ခဲခဲရှာဖွေပေးခဲ့တဲ့ အစ်မတစ်ဦးပါ။ အစ်မရဲ့ အမည်ရင်းကိုတော့ မသိခဲ့လိုက်ပါဘူး။

အဲဒီကာလမှာပဲ ကျနော့် အဖေအသည်းအသန် ဖြစ်နေတဲ့သတင်းကြားရပါတယ်။ ဒါနဲ့ ဆိုင်ပိုင်ရှင် အစ်ကို ကိုမောင်မောင်တင်နဲ့ အစ်မမစောမွန်ကို အကျိုးအကြောင်း ပြောပြီး ရွာပြန်ခဲ့ရပါတယ်။ အဲဒီနောက် ရွာကို ကျနော်ပြန်ရောက်ပြီး ၂ ရက် အကြာ ၁၉၈၈ ခုနှစ်၊ ဇူလိုင် ၁၈ ရက်နေ့မှာ အဖေဆုံးပါးခဲ့ပါတယ်။

“သူငယ်ချင်း စွမ်းကြီး.. မင်း ငါမေးတဲ့ ‘အခုလို လွှတ်လွှတ်လပ်လပ်ပြောဆိုနိုင်ဖို့ ဘယ်သူ ဘယ်လောက်အထိ စွန့်လွှတ်အနစ်နာခံခဲ့သလဲ’ ဆိုတာကို မဖြေသေးဘူးနော်” လို့ သူငယ်ချင်းက သတိပေးမှပဲ

“ငါတို့ကို လွှတ်လပ်အောင်လုပ်ပေးတာက ငါတို့ ပြည်သူတွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာနဲ့ ငါတို့ရဲ့ လွှတ်လပ်ချင်စိတ်ပဲ။ ဘယ်သူကမှ ငါ့တို့ လွတ်လပ်ဖို့ဆိုပြီး အနစ်နာ မခံခဲ့ဖူးဘူး။ ငါတို့တိုင်းပြည်သမိုင်းကို ပြန်ကြည့်.. ဗိုလ်ချုပ် (အောင်ဆန်း) တစ်ဦးတည်းပဲ တိုင်းပြည်နဲ့ ပြည်သူကို လေးစားတာ၊ မျက်နှာမူဆောင်ရွက်ပေးခဲ့တာ တွေ့ဖူးသေးတယ်။ အခုထိတော့ မတွေ့ဖူး.. မမြင်ဖူးသေး...” လို့ ပြောနေချိန်မှာပဲ သူငယ်ချင်းက ကြားဖြတ်ပြောလာပါတယ်။

“အဲဒီလိုဆို.. မင်းက ကျေးဇူးတရားကို မမြင်တာပဲ၊ အရင်တုန်းက မင်း ဘာပြောရဲလဲ၊ ဘာဝေဖန်ရဲလဲ။ အဲဒီအခြေအနေကနေ အခုလိုဖြစ်လာအောင်.. မိသားစုဘဝတွေကို ထားရစ်ပြီး.. ... ” လို့ သူငယ်ချင်းက ဆက်ပြောပါတယ်။

“သူငယ်ချင်း.. ငါက သတင်းသမားတစ်ဦး၊ စာရေးသူ၊ ဘာသာပြန်သူတစ်ဦးပါဗျာ။ ဒါက တစ်မျိုး။ သတင်းသမားတစ်ဦးအနေနဲ့ဆိုရင် ဘက်နှစ်ဖက်ကို၊ ဒါမှမဟုတ် အခြားဘက်ပေါင်းစုံက အခြေအနေတွေကို လေ့လာစုံစမ်းပြီး ပြည်သူတွေ စဉ်းစားဝေဖန်ချင့်ချိန်နိုင်ဖို့ တင်ပြရတာ ဖြစ်တယ်ဗျ။ ပြီးတော့ ငါ့တို့နိုင်ငံ ငါတို့ လူမျိုးကို တခြားနိုင်ငံတွေက ဘယ်လို မြင်နေတယ်၊ သဘောထားတယ်ဆိုတာကို အလေးထား ကြည့်မြင်မိဖို့လည်း လိုတယ်။ ငါတို့ ပြည်သူတွေ၊ ငါ့တို့ လူမျိုးတွေ အမြဲစဉ်းစားသုံးသပ်ရမှာက Political လို့ခေါ်တဲ့နိုင်ငံရေးဆိုတာကို Personal လို့ ခေါ်တဲ့ ပုဂ္ဂိုလ်ရေးနဲ့၊ အဲဒီ ပီ နှစ်လုံးကို ရောထွေးမပစ်သင့်ဘူးဗျ။ အခု မင်းပြောတဲ့ ‘ကျေးဇူးတရားရှိသူ’ ဆိုတာကို ငါက ကျိုးကြောင်းနဲ့ဆက်စပ်ပြီး သူ့ရဲ့ လာရာနဲ့ လားရာကို မသိဘဲ၊ နိုင်ငံတကာက အမြင်ကိုပါ မသိမမြင်ဘဲ ပြောဖို့ ခက်ပါတယ်။ သုံးသပ်ဖို့လည်း ခက်... ခက်..” လို့ ပြောနေစဉ်မှာပဲ၊ သူငယ်ချင်းက ...

“ဟေ့ကောင်... မင်းက နိုင်ငံတကာစာကို နားလည်တယ်ဆိုပြီး ငါတို့ ပြည်သူတွေရဲ့ ခံစားချက်ကို အလေးမထားတာလားကွ။ မှတ်ထား မြန်မာဆိုတာ ‘ဆိုခဲစေ မြဲစေပဲ’။ တစ်ခုခုကို စွဲလမ်းပြီဆိုရင် ရအောင်လုပ်တာ၊ ရအောင်ယူတာ ငါတို့ မြန်မာပဲ။ ငါတို့ တိုင်းရင်းသားတွေလည်း အတူတူပဲကွ။ အဲဒီလို ခံစားချက်၊ ခံယူချက်ကို နိုင်ငံတကာက ‘ကောင်တွေ’ ဘယ်လို လုပ် သိနိုင်မှာလဲ။ မင်း.. ပြောစမ်း...” လို့ ဒေါသတကြီးနဲ့ ပြောလာပါရော။

ငယ်သူငယ်ချင်းရဲစကားကို ပြေရာပြေကြောင်းပြောဖို့ ကျနော် ချက်ချင်းတုံ့ပြန်ဖို့ ရုတ်တရက်စဉ်းစားမရဘဲ ဖြစ်သွားပါတယ်။ ဖုန်းထဲမှာမို့သာပါ.. အပြင်မှာဆို ဒီကောင်က စားပွဲကိုလက်သီးနဲ့ ဆွဲထိုးပြီး ပြောမယ့်အနေအထားကိုလည်း ခံစားမိပါတယ်။

သို့ပေမဲ့.. ခံစားမှု ဆိုတာက ပွင့်လန်းပြီး မကြာခင်ကြွေကျသွားတဲ့ပန်းကလေးသက်သက်ပါ။ အမှန်တရားဆိုတာက ကြွေပြီးမှ သိကြတာလေ။

“မင်းကို ငါ မေးပါရစေသူငယ်ချင်း။ မင်း ‘မြန်မာ့နွေဦး’ (Burma Spring) ကို ဖတ်ပြီးပြီလား” လို့ ကျနော်က လေပြေထိုး ပြန်မေးလိုက်ပါတယ်။

အဲဒီစာအုပ်ကို Rena Pederson ရေးသားခဲ့တာ ဖြစ်ပါတယ်။ စာအုပ်က မြန်မာ့နွေးဦးအရွေ့အပြောင်း၊ ဒါမှမဟုတ် နိုင်ငံရေးအပြောင်းအလဲကို အတော်အသေးစိတ်တင်ပြထားတာ တွေ့ရပါတယ်။ ပြီးတော့လည်း စာဖတ်သူကိုစဉ်းစားချင့်ချိန် ဝေဖန်စရာတွေလည်း ပေးအပ်ခဲ့တဲ့စာအုပ်လို့ ဆိုချင်ပါတယ်။ ထားပါ တော့.. ကျနော် ပြောချင်တာက ကျနော်တို့ နိုင်ငံရဲ့ အရွေ့အပြောင်း စတင်လာခဲ့တာက စပြီး အခုလို အခြေအနေထိရောက်အောင် အဓိကက ကျနော်တို့ရဲ့ ပြည်သူတွေ၊ ကျောင်းသားတွေ၊ တနည်းအားဖြင့် ရဟန်းရှင်လူ ပြည်သူများရဲ့ လိုလားတဲ့ စိတ်အခံကနေ ဖြစ်တည်လာတာပါ။

ကျနော်ယူဆမိသလိုပြောရရင် ပြည်သူကို မျက်နှာမမူတဲ့အုပ်ချုပ်ရေးကို ပြည်သူက လက်မခံဘဲ၊ ဆန့်ကျင်တဲ့ စိတ်ဓာတ်ကို အခြေခံပါတယ်။ အထူးသဖြင့် အဲဒီကာလကို ဖြတ်သန်းခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ ပိုပြီး သိပါတယ်။ ဘယ်သူ့ကြောင့် တိုင်းပြည်ပြောင်းလာတာလဲ။ ပြည်သူတွေရဲ့လိုလားဆန္ဒနဲ့ စိတ်အခံကြောင့် ဖြစ်တယ်လို့ ကျနော် ရှင်းမပြနိုင်သေးခင်မှာပဲ..

“ဟေ့ကောင် စွမ်းကြီး၊ မင်းရော.. တိုင်းပြည်အတွက် ဘယ်လောက်လုပ်ပေးနိုင်ခဲ့လို့လဲ။ မင်းက ဘာကောင်မှလည်းမဟုတ်ဘဲနဲ့.. ဘာဖြစ်လို့ စကားလမ်းကြောင်း လွှဲနေရတာလဲ။ ငါက မင်းရဲ့ငယ်သူငယ်ချင်းပါ။ မင်းမှာ ဘာကိုငဲ့ကွက်စရာ ရှိနေလို့လဲ။ မင်းဟာ အမြဲတမ်း ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ငနဲပဲ။ အခုလို ရွေးကောက်ပွဲ အချိန်ကျမှ မင်းက ဘာလို့ မပြတ်မသားဖြစ်နေရတာလဲ။ ပြောစမ်းကွာ..” လို့ ထပ်ပြောလာတော့..

" တကယ်တော့ လူတွေရဲ့အတွေးစိတ်ကူးနဲ့မျှော်လင့်ချက်ထဲမှာ ဘာသာရေးနဲ့ နိုင်ငံရေးကိစ္စတွေ ဖယ်ထုတ်ကြည့်ရင် အာလုံးဟာ ငြိမ်းချမ်းနေမှာ ပဲ" ဆိုတဲ့ စကားဆိုရိုးတခုကို ရုတ်တရက် သတိရမိလိုက်ပါတယ်။

“ဒီမှာ သူငယ်ချင်း.. နိုင်ငံရေးအကြောင်းဗျ။ ဘာသာ‌ရေး အကြောင်းမဟုတ်ဘူး။ မင်းက စကားလမ်းကြောင်းထပ်လွှဲဖို့ လုပ်နေပြန်ပြီ။ အခုလာမယ့် ရွေးကောက်ပွဲမှာ ‘နီ’ မှာလား၊ ‘စိမ်း’ မှာလားဆိုတာပြောကွာ။ ငါတို့ပြတ်သားချိန်တန်ပြီ” လို့ ငယ်သူငယ်ချင်းက ကြိမ်းမောင်းလာတဲ့လေသံနဲ့ ပြောဆိုလာပါတယ်။

“သူငယ်ချင်းရေ.. မင်းရဲ့သူငယ်ချင်းက ဟိုဘက်လိုက်ပါ၊ ဒီဘက်လိုက်ပါလို့ ပြောဆိုခွင့်မရှိသလို ပြောဖို့လည်း ဘယ်တော့မှမကြိုးစားတဲ့ စာရေးဆရာ၊ ဘာသာပြန်ဆရာ မီဒီယာသမားတစ်ဦးဖြစ်တယ်ဗျ။ ပြီးတော့.. ဘက်လိုက်ဖို့လည်း မရှိဘူးသူငယ်ချင်း။ အေး.. ဒါပေမဲ့.. မီဒီယာသမားတိုင်း ရပ်တည်လုပ်ကိုင်ဆောင်ရွက်ရမှာကိုလည်း မျက်ကွယ်ပြုမှာမဟုတ်ဘူး။ ပြည်သူတွေ ကိုယ်တိုင်ပဲ ရွေးချယ်နိုင်ဖို့၊ ခိုင်မာ၊ မှန်ကန်ပြီး ‘ဘက်’ မလိုက်တဲ့ သတင်းအချက်အလက်တွေ တင်ပြပေးဖို့ပဲ ဖြစ်တယ်။ ငါတို့ပြည်သူတွေက သမိုင်းတစ်လျှောက် ဘယ်တော့မှ မ,အ ခဲ့ပါဘူး။ အင်မတန်တာဝန်ကျေတဲ့ ပြည်သူတွေပါ။ မင်းကြားဖူးတဲ့ အတိုင်း ‘လူ တည်မြဲ၊ မဲ သန့်ရှင်း’ ဆိုတာမျိုးပေါ့။ ၂၀၁၅ မှာ ပြည်သူတွေ ဘယ်သူ့ကိုရွေးချယ်ခဲ့သလဲ။ အဲဒီအတွက် မီဒီယာသမားတွေ ဘယ်လို ကြိုးစားပြီး ပြည်သူကို တင်ပြခဲ့သလဲ။ မင်း.. သိပါတယ်”

“ဒါဆို မင်းက.. ခွထိုင်နေတဲ့ အကောင်လား။ မင်းတို့ကို ပြည်သူက ယုံကြည်ရမှာလား ငါ့ကောင်”

“အင်း.. မင်းကို နည်းနည်းပြောမယ်ဗျာ။ လူဟာ ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းထားတာကို ဘယ်တော့မှ သစ္စာမဖောက်ရဘူးဗျ။ ဥပမာ ငါက တရားဟော ဆရာ ဆိုရင် ဘယ်တော့မှ မတရားတာတွေ ဟောရမှာမဟုတ်ဘူး။ ဒါမှမဟုတ် ငါက ဆရာဝန်တစ်ဦးဆိုရင်.. ဆေးကုသမှုခံယူလာတဲ့လူနာကို မျက်နှာမူ ကုသပေးရမှာ ဖြစ်တယ်။ တကယ်လို့ ငါက ဆိုက္ကားနင်းသူ၊ တက္ကဆီမောင်းသူဆိုရင် ခရီးသွားသူကို ဝန်ဆောင်မှုပေးဖို့ အလေးထားရမှာမဟုတ်လား။ အဲသလိုပဲ.. ကိုယ်က နိုင်ငံရေးသမားလို့ ခံယူထားရင်လည်း နိုင်ငံ့အရေး၊ ပြည်သူ့အရေးကို ရှေးရှုဦးတည်းလုပ်ဆောင်သွားရမှာမဟုတ်လား။ မင်း ပြောသလို ခွထိုင်ဖို့ ဆိုတာ ကိုယ့်ကိုယ်ကို လေးလေးစားစား ပြဋ္ဌာန်းထားတဲ့ သူတိုင်းမှာ အချိန်မရှိဘူးဗျ။ မင်းတွေ့ဖူးတဲ့သူတွေရှိရင်လည်း အဲဒီလူတွေဟာ ကိုယ့်ကိုယ်ကို မလေးစားသူတွေသာ ဖြစ်လိမ့်မယ် သူငယ်ချင်း”

“နိုင်ငံရေးလုပ်ရင် အားလုံးအကြိုက်မဖြစ်နိုင်ဘူးကွ။ ကိုယ်မကြိုက်တိုင်း ပြောနေ၊ ဆိုနေမယ်ဆိုရင် ပြောစရာဆိုစရာတွေ ဆုံးမှာမဟုတ်ဘူး”

“သူငယ်ချင်းရေ.. နိုင်ငံရေးဆိုတာ.. နိုင်ငံအတွင်းမှာနေထိုင်နေကြတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့အရေးကိစ္စ ဖြစ်တယ်ဗျ။ ဒီအကြောင်းကို ဗိုလ်ချုပ်လည်း ပြောခဲ့တယ်။ Joseph Silverstein ရေးတဲ့ Legacy of Aung San စာအုပ်မှာလည်း ဗိုလ်ချုပ်ပြောခဲ့တာရှိသလို.. ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းပေါင်းချုပ်မှာလည်း ပါတယ်ဗျ။ ‘နိုင်ငံရေးသမားဆိုတာ ကိုယ်ယုံကြည်ရာကို ပြောဆိုလုပ်ကိုင်ဖို့မဟုတ်ဘူး။ ပြည်သူလိုလားတာကို မျက်နှာမူပြီး ပြည်သူကို ဦးဆောင်လမ်းပြ လုပ်ကိုင်ရမှာ ဖြစ်တယ်၊ အကျိုးနဲ့အကြောင်းကို ရှင်းပြရမှာဖြစ်တယ်’ သူငယ် ချင်း”

“ဒါဆို.. မင်းကို မေးမယ်.. သမိုင်းတစ်လျှောက် နိုင်ငံရေးမှာ အနစ်နာခံလုပ်ဆောင်တဲ့သူ ဘယ်သူရှိလဲ”

“ဗိုလ်ချုပ်မှအပ မရှိသေးဘူးသူငယ်ချင်း။ တိုင်းပြည်အပေါ် စိတ်ကောင်းစေတနာကောင်းနဲ့ လမ်းပြဦးဆောင်တာမျိုး မရှိသေးဘူးလို့ ဆိုရမယ်ဗျ။ မိုးကျရွှေကိုယ်ခေတ်က အခုထိမကုန်သေး....”

“ဟေ့ကောင်... အခုထိ လို့ မင်းပြောတယ်နော်...။ သေချာလား”

“ငါ့ထက် သေချာတာက ပြည်သူတွေဗျ..။ ပြည်သူတွေ...။ ခေတ်အဆက်ဆက် ဝါဒဖြန့်မှိုင်းတိုက်ခဲ့ပေမဲ့... ပြည်သူတွေဟာ ဖြူဖြူစင်စင်ပဲ။ ကိုယ့်ဘဝကိုယ့်ရှင်သန်ရေးကိုပဲ ရပ်တည်နိုင်ရေး အခက်အခဲတွေကြားက ရုန်းကန်နေရတာ ပြည်သူပါ။ ငါတို့ ပြည်သူတွေဟာ တာဝန်ကျေလွန်းလှတဲ့ ပြည်သူတွေပဲ သူငယ်ချင်း”

“ဒါဆို.. မင်းပြောနေတဲ့ လေသံက တာဝန်မကျေတဲ့သူတွေ ရှိနေသေးတယ်လို့ ဆိုလိုနေတယ်နော်။ မင်း စကားတတ်တိုင်း လျှောက်မပြောနဲ့ ဟေ့ကောင်”

“ကြက်တူရွေးလို..၊ သာလိကာလို..၊ ကျီးကန်းနဲ့ ကြက်ဖ စပ်ကျတဲ့ သတ္တဝါလို ‘အောက်ကလိအာ’ မဖြစ်အောင် ငါတို့ အမြဲသင်ယူနေရတာက သမိုင်းဗျ။ လေးစားရတဲ့ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း ပြောစကားလို ‘မ,အအောင်လို့’ သင်ယူနေရတာ သမိုင်းပဲ။ အဝေးကြီးကသမိုင်းထက် မဝေးသေးတဲ့ သမိုင်းအချိုးအကွေ့ကို သေချာပြန်ကြည့်ပါသူငယ်ချင်း။ ငါက မင်းကို ‘နီ’ တာ၊ ‘စိမ်း’ တာတွေ လျှောက်ပြောဖို့ မလိုလားတဲ့အပြင် တဲ့ ငါခံယူချက်က ‘နီကြောင်’၊ ‘စိမ်းကြောင်’ လည်းမဟုတျဘူး။ သမိုင်းတလျှောက် စိတ်ဓာတ်ဖြူစင်လွန်းတဲ့ ပြည်သူတွေကို အရောင်မဆိုးတဲ့ နိုင်ငံရေး သို့မဟုတ် ပြည်သူ့အရေးကို မျက်နှာမူတဲ့ မီဒီယာသမားပဲ "

“မင်း ပြောနေတာက နိုင်ငံရေးသမားတွေက အရောင်ဆိုးနေတာလို့ ဆိုလိုတာလား”

“မဟုတ်ဘူး.. သူငယ်ချင်း..။ ဘယ်သူအရောင်ဆိုးဆိုး ငါတို့ပြည်သူတွေက မရဘူးဗျ။ တကယ့်ကို ပကတိရေစင်လို ပြည်သူတွေဆိုတာ မင်းသိထားပါ။ အရောင်အမျိုးမျိုး ပြောင်းသွားတာက မင်းတို့ နိုင်ငံရေးသမားတွေပါ။ ငါ တိုက်ရိုက်အင်တာဗျူးခဲ့တဲ့ အီရတ်သမ္မတဆဒ်ဒန်ဟူစိန်ရဲ့ အတွင်းလူလည်းဖြစ်၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရတဲ့ ဒေါက်တာ အလာဘာရှားရဲ့ စကားလေးတွေသာ ဖတ်ကြည့်ပါတော့သူငယ်ချင်း။ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာသူတွေ၊ ပြည်သူတွေရဲ့ အားကိုးအားထား ဖြစ်လာသူတွေဟာ အရောင်ပြောင်းတတ်ကြတယ်သူငယ်ချင်း”

သူငယ်ချင်းကို ၂၀၀၉ ခုနှစ် နွယ်နီ မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့၊ ကျနော်အီးမေးလ်နဲ့ တိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့တဲ့ပန်းချီအင်တာဗျူးကနေ ကောက်နုတ်ချက်ကို ပို့ပေးလိုက်ပါတယ်။ ဆောင်းပါး အပြည့်အစုံကိုတော့ www.naingswann.wordpress.com နဲ့ ကျနော့် ဖေ့စ်ဘုတ်မှာ တင်ပြထားပါတယ်။

ဒေါက်တာ အလာဘာရှားခင်ဗျား

အီရတ်လို သမိုင်းနောက်ခံရှိနေတဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိတယ်ဗျ။ ဥပမာ - အာဖဂန်ပေါ့။ အီရတ်အပေါ် ခင်ဗျား ဘယ်လိုသဘောထားတယ်၊ ဘယ်လိုမျှော်လင့်တယ်ဆိုတာက စိတ်ဝင်စားစရာပါပဲ။ (အခုတော့ ခင်ဗျား UK မှာ နေထိုင်နေပြီလေ) အခု ကျနော်မေးမယ့် မေးခွန်း ၅ ခု ကို ပွင့်ပွင့်လင်းလင်း ဖြေကြားပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

၁။ ခင်ဗျား အီရတ်ကို ပြန်ဖြစ်သေးလား။ ဘယ်လိုတွေ ပြောင်းလဲသွားခဲ့ပြီလဲ။ အဲဒီအပေါ် ခင်ဗျား ဘယ်လိုခံစားမိလဲ။

၂။ ခင်ဗျားရဲ့ အနုပညာက ခင်ဗျားဇာတိ တိုင်းပြည်ကလူတွေကို တစုံတရာ တွန်းအားပေးမြှင့်တင်ပေးနိုင်ခဲ့တယ်လို့ဆိုနိုင်မလား။

၃။ အီရတ်လို သမိုင်းကြောင်းနောက်ခံရှိနေတဲ့ နိုင်ငံက Artist တွေကို ခင်ဗျားဘာပြောချင်ပါသလဲ။

၄။ ဆရာဝန်ဘဝနဲ့ Artist ဘဝ ဘယ်ဟာကို ပိုနှစ်ခြိုက်ပါသလဲ။

၅။ ခင်ဗျား ဆက်လက်ဆောင်ရွက်မယ့် ရှေ့အစီအစဉ်တချို့ကို သိပါရစေ။

ကျေးဇူးပါခင်ဗျား။

မစ္စတာနိုင်

အခုလို စာရေးမေးမြန်းတဲ့ အတွက် ကျေးဇူးပါ။ ခင်ဗျားရဲ့ မေးခွန်းတွေကို ကျုပ်စာပိုဒ်တွေနဲ့ဖြေမယ်။ ပြီးမှ ခင်ဗျားအဆင်ပြေသလို ခွဲလိုက်ပေါ့။ ကျုပ် ဖြေတာတွေက ခင်ဗျားမေးခွန်းတွေအပေါ် ခြုံငုံနိုင်မိမယ်ထင်ပါရဲ့လေ။

ပန်းချီဆရာအဖြစ်ရော ဆရာဝန်တဦးအဖြစ်နဲ့ပါ ကျုပ်က နေသားကျနေပြီဗျ။ အနုပညာကတော့ ဘဝရှင်သန် ဖြတ်သန်းမှုကို ပိုပြီးနက်ရှိုင်းတဲ့အနေအထား တရပ်က ရှုမြင်နိုင်အောင်ကူညီပေးသလို လူသားဘဝတွေမှာ ဘက်နှစ်ဖက်ရှိနေတယ်ဆိုတာအထိ တွေ့ရှိစေခဲ့တယ်။ တခုက “ဖုံးကွယ်မထားတဲ့ဘက်”၊ နောက်တခုက “ဖုံးကွယ်ထားတဲ့ဘက်”တွေပေါ့။ ဖုံးထားတဲ့ဘက်က အန္တရာယ်ကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားလူတွေ မမြင်နိုင်၊ မခံစားနိုင်ဘူးလေ။ အဲဒီဖုံးထားတဲ့ဘက်ကို ဘယ်အချိန်မှာမြင်ရသလဲဆိုတော့ လုပ်ပိုင်ခွင့် အာဏာရလာတဲ့အချိန်ကျမှသာ မြင်ရတာမျိုးပဲ။ အဲဒီအချိန်မှာ သူတို့ဟာ လွှမ်းမိုးချုပ်ကိုင်သူ ဖြစ်သွားတော့တာပဲ။ အခြားသူတွေရဲ့ လွတ်လပ်မှုကို ထိပါး ဖိနှိပ်တာတွေဖြစ်သွား တော့တာပဲ။ အနုပညာက အဲဒီလို ပျောက်လွင့်ဆုံးရှုံးသွားရတဲ့ လွတ်လပ်မှုနဲ့ လွတ်မြောက်မှုကို ပြန်လည်ရယူဖို့ နည်းမှန် လမ်းမှန်နဲ့ စေ့ဆော်မြှင့်တင်ပေးနိုင်တယ်။ မျှော်လင့်ချက်တွေရစေနိုင်တယ်လို့ ယုံကြည်တယ်။

အီရတ်ဟာ ဒီလိုလွှမ်းမိုးချုပ်ကိုင်သူ လက်အောက်မှာ ရှိခဲ့တုန်းက ပြည်သူတွေလည်း ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ မပျော်ရွှင် ခဲ့ကြရပါဘူး။ အဲ အပြောင်းအလဲ တစ်ခုနဲ့ကြုံတော့ ပြည်သူတွေ ပျော်ကြတယ်။ အနာဂတ်မျှော်လင့်ချက်အသစ်တွေရလာကြတယ်။ သို့ပေမယ့်ပေါ့ဗျာ။ ဘာဖြစ်သွားရပြန်သလဲဆိုတော့ ပြည်သူကို အလုပ်အကျွေးပြုပြီး တိုင်းပြည်ကို ဦးစီးဦးဆောင်လုပ်ကြဖို့ထက် အခွင့်အာဏာနဲ့ ငွေကြေးရဖို့ပဲ ဦးတည်နေတဲ့ ဦးဆောင်သူတွေပေါ်ထွက်လာကြပြန်ရောပဲ။ သုံးသပ်ကြည့်တော့ ပညာကောင်းကောင်းမတတ်ခဲ့ကြလို့ပဲ။ ပြီးတော့ ဘာသာရေး၊ လူမှုရေးဓလေ့ထုံးထမ်းတွေကို နိုင်ငံရေးနယ်ပယ်ထဲ ဆွဲယူထည့် သွင်း လုပ်ကိုင်နေကြလို့ပဲ။ ဒီလိုအခြေအနေမှာရှိနေတဲ့ နိုင်ငံအတွက် တကယ့်ဒီမိုကရေစီဆိုတာရဖို့ အချိန်ပိုယူ၊ ပိုကြာနိုင်တယ်ဗျ။ ဒါနဲ့ကျုပ်လည်း အီရတ်ကို အခုအထိပြန်မရောက်ဖြစ်သေးဘူး ဆိုပါတော့။

ကျုပ်က ဆေးပညာကိုချစ်သလို အနုပညာကိုလည်း မြတ်နိုးသူပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ နှစ်ခုစလုံးက လူသားနဲ့ ဆက်နွယ်နေတာကိုး။ ဆေး ပညာက လူ့ခန္ဓာကိုယ် ဘယ်လိုတည်ဆောက်ထားတယ်။ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာသိရှိစေသလို အနုပညာကလည်း လူသားနဲ့ အခြားအရာဝတ္ထုတွေ (သဘာဝ တရား) ဆက်စပ်တည်ရှိမှုကို အတွင်းကျကျ သိရှိစေတယ်။ အဲဒီထက်ပိုပြောရရင် ကျုပ်တို့ရဲ့ ကိုယ်ခန္ဓာကြီးရဲ့ အလှအပအမြင်တရားအပြင် လူ့ဘဝ ရှင်သန် ဖြတ်သန်းမှု ရဲ့ အတွင်းပိုင်း အလှအပ တရားကိုလည်း တွေ့မြင်ခံစားရစေပါတယ်။ အဲ ခင်ဗျားမေးသလို အဲဒီနှစ်ခုက ဘယ်ဟာကို ပိုနှစ်သက်သလဲဆိုရင်တော့ အနုပညာကိုပဲ ရွေးတယ်လို့ ပြောမယ်။ ကျုပ်ဆက်ပြီးလုပ်မယ့် လုပ်ငန်းစဉ်တွေ ကတော့ ပန်းချီကားတွေရေးမယ်။ အထူးသဖြင့်ပေါ့ အခွင့်အာဏာအတွက် အသုံးချခံနေရတဲ့ လူတွေအတွက် တစုံတရာ သိမြင်စေဖို့ပဲ။

ကျုပ်ဖြေထားတာတွေက ခင်ဗျားမေးတာနဲ့ အဆင်ပြေမယ် ထင်ပါရဲ့ဗျာ။ တခြားမေးချင်တာရှိရင်လည်း မေးနိုင်ပါတယ်။

အလာဘာရှား

+ အီရတ်ပန်းချီဆရာ ဒေါက်တာအလာဘာရှားနဲ့ ဆက်သွယ်လိုရင်တော့ ...
သူ့ရဲ့ ဝက်ဆိုဘ် www.alabashir.com, နဲ့ www.corvusart center.com တွေမှာ ကြည့်ရှုဆက်သွယ်နိုင်ပါတယ်။

နိုင်စွမ်း