Breaking News

ညိုထွန်းလူ - ပိတောက်တွေရွှေရည်လူးခဲ့ပေမယ့်

Image- Crd
ပိတောက်တွေရွှေရည်လူးခဲ့ပေမယ့်
ညိုထွန်းလူ
(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၁


သမိုင်းအဖြစ်အပျက်များသည် တစ်ခါတစ်ရံတွင် အကြောင်းအရာတူပြီးအသံကွဲနေတတ်သည်။ တစ်ခါတစ်ရံတွင်လည်း အသံတူပြီးအကြောင်းအရာကွဲနေတတ်သည်။ သမိုင်းတွင် ထိုသို့သံတူကြောင်း ကွဲဖြစ်ရပ်များနှင့်ကြောင်းတူသံကွဲဖြစ်ရပ်များကိုကြည့်ပြီး သမိုင်းဆိုသည်မှာ တစ်ပတ်ပြန်၍လည်သည်ဟုပြောစမှတ်ပြုကြခြင်းဖြစ်သည်။

ညွှန်း- -ဂျေရုစလင်မှခရစ်တော်၏ကားတိုင် 
            -ဆရာမြသန်းတင့်

ကျွန်တော်သည် ဆရာမြသန်းတင့်ဘာသာပြန်ခဲ့သည့်သမိုင်းကြေးမုံစာအုပ်ကိုဖတ်ရင်း သမိုင်းတစ်ပတ်ပြန် လည်ခြင်းကိုတွေးနေမိသည်။ သို့ရာတွင်ကလေးဘဝမှ ယခုအချိန်အထိ ၁၉၆၂ ခုနှစ် ၁၉၈၈ ခုနှစ်နှင့် ယခု၂၀၂၁ ခုနှစ်ဖြစ်ရပ်များသည် သံတူကြောင်းကွဲလား။ ကြောင်းတူသံကွဲလားဟု ရုတ်တရက်တော့မဝေခွဲတတ်အောင်ဖြစ်သွားမိခဲ့သည်။ ပြီးမှ နှစ်တွေနှင့်ခေတ်ကာလတွေကွာခြားသွားခဲ့၍သာ ဖြစ်ရပ်တို့သည် တစ်ခုနှင့်တစ်ခုတူသယောင် ကွဲသယောင်ထင်မှတ်နေရသော်လည်း တကယ်တန်းတော့အကြောင်းအရာရော အသံရောအားလုံးတူညီနေသည်ဟုကိုသတိပြုမိလိုက်သည်။ ပညာရှင်တွေကတော့မြန်မာ့သမိုင်းပုံရိပ်တွေကို ကမ္ဘာ့သမိုင်းစာ မျက်နှာတွင် မည်သို့ကောက်ချက်ဆွဲကြလေမည်မသိ။

သည်နေ့မနက်လေးနာရီလောက်မှာမိုးတွေသည်းသည်းမည်းမည်းရွာသည်။ သင်္ကြန်အကြိုနေ့မှာရွာလိုက်သည့်သင်္ကြန်မိုး။ ကျွန်တော့်အထင် မန္တလေးမှာ သင်္ကြန်မိုးမရွာခဲ့တာ ဆယ်စုနှစ်တစ်စုလောက်တောင်ရှိရော့မည်။ သင်္ကြန်ရက်များတွင် အပူရှိန်ပြင်းထန်သည့်နေရောင်အောက်မှာ ရွှဲရွှဲစိုအောင်ရေကစားကြရင်းဖြင့် မိုးမရွာတာကိုမေ့ လျော့သွားခဲ့ကြသည်။ တကယ်တန်းတော့ သင်္ကြန်မိုးကလေးတစ်ဖြိုက်ရွာလိုက်သည်နှင့် ပိတောက်တွေပွင့်ကြစမြဲ။ ပိတောက်ပန်းနှင့်နှစ်ကူးသင်္ကြန်က အားလုံးကိုလှုပ်နှိုးလိုက်သည်။ သင်္ကြန်သည် လူငယ်တွေအတွက်တော့ ရင်ခုန်စရာကောင်းလှသည်။ ပျော်ပျော်ရွှင်ရွှင်ရေကစားကြရင်း နှစ်သစ်ကိုမျှော်လင့်ချက်တွေဖြင့်ကြည့်လိုက်ကြသည်။

တစ်ရက်က ဆရာ ဂျပန်ခေတ်မှာလည်းသင်္ကြန်ရှိလားဟု လူငယ်ကလေးတစ်ယောက်ကမေးခဲ့သည်။

'ရှိတာပေါ့ကွာ အဲဒီတုန်းက တို့မမွေးသေးလို့မကြုံဘူးပေမယ့် စာအုပ်တွေမှာဖတ်ခဲ့ရတယ်။ သံချပ်တွေထိုးကြတာကွ။ စိန်ကြည်နော် စိန်ကြည်လင်ယူပက်စက်သည်။ မာစတာက တိုကျိုပြန် ဗိုက်တစ်လုံးနဲ့ကျန်တဲ့။ အဲလိုတဲ့ကွ" ဟု သူ့ကိုသိသလောက်ရှင်းပြလိုက်ရင်း ဖက်ဆစ်ဂျပန်အုပ်ချုပ်ခံရစဉ်တုန်းကနှစ်သစ်ကူးချိန်မှာ ပျော်ခဲ့ကြသည့် မြင် ကွင်းကိုမှန်းဆတွေးလိုက်မိသည်။ မြန်မာလူမျိုးတွေအပျော်အပါးအင်မတန်မက်သည်ဟု နိုင်ငံခြား သားအချို့ကပြောကြသည်။ သူတို့တစ်တွေကိုကျွန်တော်အပြစ်မတင်ပါ။ရုပ် ဝတ္ထုတွေလွှမ်းမိုးထားခံရသူတွေအဖို့ စိတ်ခံစားချက်၏အနှစ်သာရကိုကောင်းကောင်းသဘောမပေါက်၍သာ ယခုလိုပြောကြခြင်းဖြစ်သည်။ ရယ်မောပျော်ရွှင်ခြင်း၏ ဆန့် ကျင်ဖက်မှာ နာကျင်ကြေကွဲမှုနှင့်ငိုကြွေးသံတွေရှိနေကြသည်။ အမှန်တော့ ရယ် မောပျော်ရွှင်ဖို့ဆိုတာကလည်း လွယ်တာမဟုတ်။ နှလုံးသားမှာမေတ္တာဓာတ်တွေကိန်းအောင်းပြီး ခွင့်လွှတ်နိုင်စိတ်တွေရှိမှသာ နာကျည်းမုန်းတီးမှုတွေလွင့်ပြယ်၍ ပြုံးနိုင်ရယ်နိုင်ခြင်းဖြစ်သည်။

သည်ကနေ့ နေ့လည်ခင်းမှာ အတာအိုးထိုးဖို့အတွက် စျေးသို့သွားခဲ့သည်။ တစ်ချိန်တုန်းကတော့ မန္တလေးသည်သင်္ကြန်မရောက်ခင်တစ်ပတ်ဆယ်ရက်လောက်ကတည်းက သင်္ကြန်သီချင်းသံတွေဖြင့်အသက်ဝင်နိုးကြွနေ လျက်။ သင်္ကြန်အကြိုနေ့မှာကတည်းက ရေတဗွမ်းဗွမ်းပက်ကြ။ လမ်းပေါ်မှာလည်းမော်တော်ယာဉ်တွေ ရှုတ်ထွေးနေလျက်။ ဘယ်နေရာကိုပဲသွားသွား ရေတစိုစို။ ကျွန်တော်တို့အားလုံး အပြုံးအရယ်တွေဖြင့်ရွှင်လန်းနေလျက်။ မနှစ်တုန်းက ကိုဗစ်ရောဂါကြောင့် သင်္ကြန်သည်တိတ်ဆိတ်စွာပြီးဆုံးသွားခဲ့သည်။ ယခုနှစ်ကျတော့လည်း မနှစ်ကထက်ပိုဆိုးသွားခဲ့ရပြီ။ လမ်းပေါ်မှာ အသွားအလာတွေပါးလျားစွာ။ မတတ်သာ၍အပြင်ထွက်ကြရသူတွေလောက်သာရှိသည်။ သင်္ကြန်အခါရောက်လာခဲ့သော်လည် းလူတွေအားလုံး၏မျက်နှာတွင်အပြုံးအပျော်တွေကင်းမဲ့နေလျက်။ ပိတောက်ပန်းနှင့်သင်္ကြန်မိုးသည် နှလုံးသားတွေကိုအေးမြရွှင်လန်းသွားအောင်မစွမ်းဆောင်နိုင်တော့ပြီကော။

အိမ်ရှေ့ကတန်းလျားခုံပေါ်မှာထိုင်ရင်း ကျွန်တော့်အတွေးတွေကဟိုရောက်သည်ရောက်။ ဘာကြောင့်မှန်းမသိဘီအိုင်အေတပ်သားအတွေ့အကြုံပြောပြသည့် အဖေ့ကိုလည်း မဆီမဆိုင်သတိရလိုက်မိပြန်သည်။

'ငါတို့ဘီအိုင်အေတပ်သားအသစ်တွေစုပြီး မင်းကွန်းကနေ ဗန်းမော်ကိုချီတက်ကြရတယ်။ ဘီအိုင်အေတပ်သားဆိုပေမယ့် ဝတ်စုံလည်းမရှိပါဘူးကွာ။ လူတိုင်း ကိုယ့်ရှိတာကလေးဝတ်ပြီး တပ်သားဖြစ်ကြရတာ။ လက်နက်ဆိုတာဝေးရော။ ဝါးချွန်ကိုင်တဲ့သူနည်းနည်းပါးပါးရှိတယ်။ အားလုံးက လက်ဗလာချည်းပဲ။ တစ်ဦးတစ်လေတော့ ထင်းခုတ်တဲ့ဓါးမကိုင်ထားတယ်။ ဒီလိုနဲ့ချီတက်လာကြတုန်း မင်းကွန်းရဲ့မြောက်ဘက် သောင်ပြင်ကြီးပေါ်ရောက်ရော ကျွဲညီနောင်လေယာဉ်က ဘယ်ကရောက်လာမှန်းမသိဘဲ တရစပ်ပစ်တော့တာပဲဟေ့။ ပုန်းစရာနေရာမရှိ။ ငါတို့အားလုံး ဧရာဝတီမြစ်ထဲခုန်ချပြီး ရှောင်ကြရတယ်။ ကံကောင်းလို့အသက်ရှင်တာပေါ့ကွာ။ သေလိုက်ကြတာမနည်းဘူး"

"လက်နက်လည်းမရှိဘဲနဲ့အဖေရာ တိုက်ရင်သေရုံပဲရှိမှာပေါ့ '' ကျွန်တော်ကပြောလိုက်တော့ ပြုံးရယ်ရင်း အဖေကခေါင်းရမ်းပြလိုက်သည်။

"ကိုယ့်မှာလက်နက်မရှိတာတော့မှန်တယ်။ ဒါပေမယ့်တိုက်ပွဲတွေမှာအဓိကအဆုံးအဖြတ်ပေးတာက စိတ်ဓာတ်ပဲသားရဲ့။ အဖေတို့အားလုံးရဲ့စိတ်ထဲမှာလွတ်လပ်ရေးရချင်တာပဲသိတယ်။ သေမှာရှင်မှာကို ဘယ်သူမှမတွေးခဲ့ကြဘူး" ဟု ပြောပြလိုက်သည်။

ထိုအချိန်ကအဖေပြောတာကို အသက်ငယ်သေး၍ ကျွန်တော်ကောင်းကောင်းနားမလည်မိခဲ့။ 

ယခုတော့ အသက်အရွယ်လည်းရပြီ။ အတွေ့အကြုံတွေလည်းရှိသင့်သလောက်ရှိခဲ့ပြီ။ ဓမ္မနှင့်အဓမ္မတိုက်ပွဲတွင် နောက်ဆုံးမှာဓမ္မသာလျှင်အနိုင်ယူစမြဲ။ အမှန်တရားကိုမြတ်နိုးခြင်းသည် သတ္တိရှိခြင်းကိုဖော်ပြနေသည်။ ရဲဝံ့ကြံ့ခိုင်သည့်စိတ်ဓာတ်သည်ကျွန်တော်တို့၏ ရင်ထဲမှာသစ်စေ့ကလေးတစ်စေ့လိုရှိနေခဲ့သည်။ သစ်စေ့ကလေးက အညွန့်အညှောက်တွေထွက်လာမည်။ တဖြည်းဖြည်းကြီးမားလာရင်း တစ်ချိန်မှာ ကိုင်းအခက်တွေအသီးအပွင့်တွေဖြင့်ဝေဝေဆာဆာ ရှိလာခဲ့မည်။ ထို့နောက် မျိုးစေ့တွေကိုဖြန့်ဝေကြပါဦးမည်။ ဤသို့ဖြင့် အမှန်တရားကိုမြတ်နိုးကြသည့်စိတ်ဓာတ်သည် လူတိုင်း၏နှလုံးသားမှာစွဲမြဲစွာတည်ရှိလာခဲ့ကြသည်။ သေနတ်ကျည်ဆံတွေက လူ့အသက်ကိုချွေနိုင်သော်လည်း လူတွေ၏စိတ်ဓာတ်ကိုချိုးနှိမ်၍မရ။ ဒါတွေက သမိုင်းစာ မျက်နှာတွေထဲမှာ အမှန်တကယ်တည်ရှိခဲ့သောပုံရိပ်တွေဖြစ်သည်။ ထို့ကြေင့်ကြောင်းတူသံကွဲဖြစ်စေ သံတူ ကြောင်းကွဲဖြစ်စေ သမိုင်းဖြစ်ရပ်တွေကအရေးမကြီး။ ကျွန်တော်တို့လိုချင်သည့်ခေတ်ကိုတည်ဆောက်ဖို့အတွက် ကျွန်တော်တို့အားလုံးမှာ ခိုင်မာအားကောင်းသည့်စိတ်ဓာတ်တွေရှိဖို့သာလိုသည်။ ကျွန်တော်တို့အား လုံးနာမကျန်းဖြစ်နေသည့် နိုင်ငံကိုပြန်လည်ထူထောင်ဖို့အတွက် နောက်တွန့်နေ၍မရ။

သို့သော်လည်း လက်ရှိအခြေအနေကတော့ စိတ်ဆင်းရဲစရာတွေပဲကြုံတွေ့နေ ရဆဲ။ ပိတောက်တွေရွှေရည်လူးခဲ့သော်လည်းသေနတ်သံတွေကြားနေရဆဲ။ သင်္ကြန်အကြိုနေ့မှာလည်းသွေးစက်တွေကျခဲ့ရပြန်ပြီ။ ကျွန်တော်တို့သည်နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ရောက်လေတိုင်းမကောင်းတာတွေနှင့်ညစ်ထေးနေသည့်အဟောင်းတွေမှန်သမျှ နှစ်ဟောင်းနှင့်အတူ နောက်သို့ချန်ထားခဲ့ကြသည်။ ခက်တာက တကယ့်အဖြစ်မှာတော့ မကောင်းသည့်အရာတွေကတစ်နှစ်ပြီးတစ်နှစ် ကျွန်တော်တို့နှင့်အတူကပ်ပါလာခဲ့ခြင်းကြောင့် သမိုင်းတစ်ပတ်လည်ရခြင်းထဲမှရုန်းမထွက်နိုင်ခဲ့ကြ။ မည်သို့ပင်ဖြစ်စေ လာမည့်နှစ်သစ်တွင် ကျွန်တော်တို့အားလုံးအပြုံးအရယ်အရွှင်အလန်းတွေဖြင့်ပျော်ရွှင်သည့်နေရက်တွေရောက်လာတော့မည်ဟု ယုံကြည်ခံစားနေမိသည်။ ချစ်မိတ်ဆွေများကိုသင်္ကြန်သီချင်းကလေးဖွင့်၍ သင်္ကြန်ရေပက်ဖျန်းလိုက်ရပါသည်။ ဒါက အများစိတ်ဆင်းရဲနေသည့်အချိန်မှာ ပျော်ရွှင်မြူးထူးနေခြင်းမဟုတ်ပါ။ ခေတ်တွေနှင့်ဖြတ်သန်းကြုံတွေ့ရသမျှကိုအပြုံးမပျက် ကြံ့ကြံ့ခံနိုင်ကြသည့်ကျွန်တော်တို့လူမျိုး၏ပစ်တိုင်းထောင်စိတ်ဓာတ်ကို သင်္ကြန်ရေပက်ဖျန်းပြီးအင်အားဖြည့်လိုက်ရခြင်းသာ။

ယခုနှစ်သင်္ကြန်၏အပေါ်ယံမျက်နှာပြင်မြင်ကွင်းသည်တိတ်ဆိတ်နေလျှက်။ ထိတ်လန့်စိုးရိမ်မှုတွေဖုံးအုပ်နေဆဲဖြစ်သော်လည်း အတွင်းမှာတော့  အရေးကြုံလာသည်နှင့် ပြင်းထန်သည့်စိတ်ဓာတ်တွေဖြင့် သမိုင်းစာမျက်နှာတွေကိုရေးသားဖို့ အဆင်သင့်စောင့်ဆိုင်းနေလျက်ရှိသည်ကိုကျွန်တော်သတိပြုမိလိုက်သည်။ သို့ဖြစ်၍ ယခုနှစ်သင်္ကြန်ကို မည်သို့ဆုံးဖြတ်၍ အမည်နာမဖြင့်အမှတ်အသားပြုမည်နည်း။ ကျွန်တော်ပြောစရာလိုမည်မထင်။

ချစ်သောမိတ်ဆွေများအားလုံးဘေးရန်ခပ်သိမ်းကင်းဝေး၍ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ညိုထွန်းလူ
_ စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ  ကူးယူဖော်ပြပါသည်။