Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၃ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၁

သင်္ကြန်အကြိုနေ့
ဒီနေ့က သင်္ကြန်အကြိုနေ့ ဖြစ်ပေမယ့် ရန်ကုန်မြို့ နဲ့ အခြားမြို့အားလုံးနီးပါးမှာ ရေပက်တာ ပျော်ရွှင်ပွဲလုပ်တာတွေ မလုပ်ကြပဲ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ဘာပျော်ပွဲရွှင်ပွဲမှ မလုပ်ကြ ရေတပေါက်မျှပက်တာ မမြင်တွေ့ရပဲ နှစ်ပေါင်းများစွာအတွင်း ရေမပက်တဲ့ သင်္ကြန်အဖြစ် မှတ်တမ်းတင်ရမယ့် သဘောဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကြောင့် တားမြစ်ထားတာကြောင့် ရေမပက်ခဲ့ကြပေမယ့် အခုနှစ်လို အားလုံး ညီတူညာတူ ရေမစိုတာမျိုးတော့မဟုတ်ပါဘူး။ မနှစ်က ကြောက်ရတဲ့အရာက ကူးစက်ရောဂါဖြစ်ပြီး၊ အခုနှစ်ကြောက်ရတဲ့ အကြောက်နဲ့ ရွံ့ရှာရတာကတော့ စစ်အာဏာသိမ်းမှုမှာ ပါဝင်သူတွေနဲ့ အကျိုးဆက်ဖြစ်တဲ့ အပစ်မဲ့ အသက်ဆုံးရှုံးမှုတွေအတွက် ဖြစ်ပါတယ်။ အာဏာသိမ်းမှု အာဏာရူးမှုက ကိုဗစ်ရောဂါထက် ကြောက်စရာကောင်းတဲ့ သဘောလို့လည်း ကောက်ချက်ချရမယ် ထင်ပါတယ်။

ရန်ကုန်အဖို့ ဒီနေ့ဟာ တိတ်ဆိတ်စွာနဲ့ ကုန်ဆုံးခဲ့တာတော့မဟုတ်ပါဘူး။ အတာအိုးသပိတ်တွေ ပျောက်ကြားလုပ်ကြလို့ စစ်ကားနဲ့ ရဲကားတွေ မနက်ကတည်းက လှည့်ပတ်နေသလို မြောက်ဥက္ကလာနဲ့ မြောက်ဒဂုံအစပ်၊ တောင်ဥက္ကလာ အစပ်၊ ကျောက်မြောင်း အစရှိတဲ့နေရာတွေမှာ လမ်းသွားလမ်းလာတွေကို တားပြီး ကား၊ ဖုန်းတွေ စစ်ဆေးနေတဲ့ သတင်းတွေ ကြားနေရပါတယ်။ လမ်းမှာ လမ်းလျောက်သွားနေသူ ဆိုင်ကယ်နဲ့ သွားလာသူ ကားနဲ့ သွားလာနေတဲ့ သူတွေကို စစ်သားတွေ၊ ရဲတွေက တားပြီးစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ မြေနီကုန်း လမ်းဆုံ၊ ဂွတ္တလစ် ဦးချစ်မောင်လမ်း တို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဦးချစ်မောင်လမ်းမှာ ပေါက်ကွဲပြီးနောက် သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ တဦးသေနတ်ထိခဲ့တယ်လို့ ဆိုရှယ်မီဒီယာ ပို့စ်တွေမှာ ရေးသားထားတာတွေ့ရပါတယ်။ အလားတူပဲ အိန္ဒိယနယ်စပ် တမူးမြို့မှာ နွားနို့ပို့တဲ့ လင်မယားနှစ်ယောက်ကို စစ်တပ်က ပစ်သတ်လိုက်တဲ့ သတင်းလည်း သတင်းဌာနတွေမှာ ဖေါ်ပြနေကြတာ တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ တရားစီရင်ရေးကို အတည်အတန့်သဘောထားသင့်သလား

စစ်ကောင်စီရဲ့ တရားစီရင်ရေး ကို ယခု လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတဲ့ သဘောထား အမြင်တရပ်က စစ်အာဏာရှင် ဆန့်ကျင်သူတွေအကြား ပေါ်ထွက်လာပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မနက်အာရုဏ်မတက်ခင်မှာ စစ်ကောင်စီက အန်အယ်လ်ဒီနဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့နောက်ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ်အချို့ ကို တရားစွဲဆိုဖို့ ရမန်ယူ အမှုဖွင့်ပြီး တရားရုံးတင်ကာ အချို့ကို နေအိမ်အကျယ်ချုပ်ထားပြီး အမှုစွဲတင်တာမရှိပါဘူး။ အလားတူပဲ ဖေဖေါ်ဝါရီ ၄ ရက်နေ့က စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေနောက် ဖမ်းဆီးမှုတွေ ၊ သတ်ဖြတ်မှုတွေ လုယက်မှုတွေ၊ ပိုင်ဆိုင်မှုဖျက်ဆီးမှုတွေ အရှိန်မြင့် ဖြစ်ပွားလာပြီး ဖမ်းဆီးထိန်းသိမ်းမှု အရေအတွက်ကလည်း ၃၀၀၀ ကျော်လာပြီဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ၃၀၀၀ ကျော်ထဲက အချို့သောရာခိုင်နှုန်းတွေကို ပြန်လွှတ်ပေးပြီး အချို့ကို တရားရုံးတင်ဖို့ လုပ်ဆောင်နေသလို အချို့ကတော့ စစ်ခုံရုံးနဲ့ ပြစ်ဒဏ်ချမှတ်တာ၊ အကျဥ်းနည်းနဲ့ စစ်ဆေး အပြစ်ပေးတာတွေ လုပ်နေခဲ့ပါတယ်။ ၅၀၅ ပုဒ်မနဲ့ အခြားပြစ်မှုတွေနဲ့ စွဲချက်တင်ပြီး ဖမ်းတာ၊ ဖမ်း၀ရမ်းထုတ်ထားတာ လူ ၇၀၀ ကျော် ရှိနေပါတယ်။

ဒီနေရာမှာ တရားစီရင်ရေးစနစ်ဆိုတာ စစ်ကောင်စီရဲ့ ညွှန်ကြားမှုအတိုင်း လုပ်ဆောင်နေရတယ်ဆိုတာ သံသယ စိုးစဥ်းမျှ ဝင်စရာမရှိပါဘူး။ ခေါင်းဆောင်တွေကို ဘယ်လောက်ထိန်းသိမ်းထားမယ်၊ ဘယ်ပုဒ်မနဲ့ စွဲတင်မယ် ၊ နောက်လိုက်တွေဖြစ်တဲ့ ဆန္ဒပြသူတွေ ထဲက ဘယ်သူတွေကို ဘယ်လောက်ချမယ် ဆိုတာတွေ အားလုံးနီးနီးဟာ စစ်ကောင်စီရဲ့ ညွှန်ကြားမှုအတိုင်းဖြစ်ပါတယ်။

တရားစီရင်ရေးကို အပေါ်က ခိုင်းစေနေတာက စစ်ကောင်စီဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေ အရင်စစ်အစိုးရလက်ထက်မှာ ဖြစ်ခဲ့တာ ကြုံဖူးသူတွေ ၊ ခိုင်းတာကို လုပ်ပေးခဲ့ရတဲ့ တရားစီရင်ရေးဝန်ထမ်းတွေ သက်သေရှိပါတယ်။ မဆလခေတ်ကတည်းက အခုလိုတရားစီရင်ရေး အပေါ်မှာ အုပ်ချုပ်သူတွေ နေခဲ့တာဖြစ်ပြီး စစ်အစိုးရလက်ထက်မှာ ပိုပြီးပြောင်ပြောင်တင်းတင်း ကြိုးကိုင်ချယ်လှယ်ခဲ့တာ သက်သေ အထောက်အထားတွေ အများအပြားရှိပါတယ်။

မဆလခေတ်နဲ့ စစ်အစိုးရခေတ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရတဲ့အခါ ဥပဒေကြောင်းအရ လျှောက်လှဲပေမယ့်လည်း မထူးခြားခဲ့သလို ရှေ့နေငှားပေမယ့်လည်း သိသိသာသာ မထူးခြားပါဘူး။ နိုင်ငံရေးမှုနဲ့ အဖမ်းခံရသူကို ဘယ်လောက် ချမယ်၊ လွှတ်မယ်ဆိုတာ သက်ဆိုင်ရာ စစ်အုပ်ချုပ်ရေးက အထက်ကို အစီရင်ခံ အထက်က ညွှန်ကြားတာကို တရားစီရင်ရေး ယန္တရားက ချမှတ်ပေးရတဲ့ သဘောဖြစ်ခဲ့ပါတယ်။ အခု စစ်ကောင်စီလက်ထက်လည်း အလားတူသဘောပဲ ဖြစ်ပါတယ်။ အခုလက်ရှိ မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မှာ အမှုတမှုနဲ့ နေပြည်တော်မှာ ၅ မှုစွဲဆိုထားပြီး ဖြစ်ပါတယ်။ ဦးဝင်းမြင့်ကိုလည်း တမှုမက စွဲဆိုထားပြီးဖြစ်ပါတယ်။

ဒီလို တရားစီရင်ရေးဆိုတဲ့ ယန္တရားကို သုံးပြီး အန်အယ်လ်ဒီခေါင်းဆောင်တွေကို ရုံးတင် အပြစ်ပေးဖို့ ကြိုးစားတာဟာ ဥပဒေကြောင်းအရ ဘယ်လိုပဲ လျောက်လှဲသည် ဖြစ်စေ တရားဥပဒေ ရှုထောင့်က လုံးဝထည့်သွင်းစဥ်းစားမှာ မဟုတ်ပဲ စစ်ကောင်စီက နိုင်ငံရေး ရှုထောင့်က နေသာ စဥ်းစားမှာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်လို၊ ဦးဝင်းမြင့်လို ခေါင်းဆောင် တယောက် အနေနဲ့ ရှေ့နေငှားပြီး ပြန်လည်ခုခံတာမျိုး လုပ်ဖို့ မလိုအပ်ဘူးလို့ စစ်အာဏာရှင်ဆန့်ကျင် တွန်းလှန်သူတချို့က မြင်လာကြပါတယ်။

အဲဒီလို ရှေ့နေရှေ့ရပ် ပါဝါလွှဲပြီး နိင်ငံရေး ပြဿနာကို ဥပဒေ ပြဿနာအဖြစ် ခုခံခြင်းဟာ အချည်းနှီး ဖြစ်တယ်လို့ ယူဆလာသူတွေက အန်အယ်လ်ဒီထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ တရားဥပဒေဘောင်အတွင်းက ခုခံကာကွယ်နေခြင်းထက် တရားခွင်ကို နိုင်ငံရေးစင်မြင့်အဖြစ် သော်လည်းကောင်း ၊ စစ်ကောင်စီက ဘယ်နှစ်နှစ်ပင် ပြစ်ဒဏ်ချမှတ်ပါစေ နိုင်ငံရေး ဒီရေ အပြောင်းအလဲဖြစ်သည်နဲ့ တပြိုင်ထဲ အဆိုပါ ပြစ်ဒဏ်တွေက ဘာမှ အရေးမပါတော့တဲ့သဘောကို ဆိုချင်ပါတယ်။ အခုလို ပြောလို့ ဥပဒေအရ အကာအကွယ်မယူရင် ပိုပြစ်ဒဏ်ပိုကြီးလိမ့်မယ်ဆိုတဲ့ အမြင်တွေလည်း ရှိနိုင်တယ်ဆိုတာ သိရှိရပါတယ်။

စစ်ကောင်စီက ခေါင်းဆောင်တွေကို နိုင်ငံရေး အမြင်နဲ့ ဖမ်းဆီးစွဲဆို ရုံးတင်တဲ့အခါ ပြန်လည် ခုခံရာမှာလည်း နိုင်ငံရေးရှုထောင့်က ပဲ ပြန်လည်ခုခံသင့်တယ်လို့ ယူဆမိပါတယ်။ ကမ္ဘာသမိုင်းဖြစ်ရပ်တွေမှာလည်း အာဏာရှင်တွေက အလားတူ ဖမ်းဆီး တရားရုံးတင်ခဲ့တဲ့ အမှုတွေမှာ နိုင်ငံရေးခေါင်းဆောင်တွေက ဥပဒေကြောင်းအရ ခုခံတာထက် တရားခွင်ကို နိုင်ငံရေး ဟောပြောစင်မြင့်အဖြစ် သုံးပြုပြီး လျှောက်လှဲခဲ့ကြတဲ့ သာဓကတွေ ရှိပြီးဖြစ်ပါတယ်။ ကျူးဘားမှာ ဖီဒယ်ကက်စထရိုက သူ့ကို ဖမ်းဆီးတဲ့ အာဏာရှင်ကို အဆိုပါနည်းနဲ့ တရားရုံးစွဲတင်ရာမှာ ကက်စထရိုက တရားခွင်ကို နိုင်ငံရေး တရားဟောပြောရာ စင်မြင့်ဖြစ်အောင် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

ခုစစ်ကောင်စီရဲ့ တရားရုံးကိုလည်း အန်အယ်လ်ဒီခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေး တရားခွင်အဖြစ်ပြောင်းလဲတာ၊ စစ်ကောင်စီက ညွှန်ကြားစေခိုင်းတဲ့ တရားစီရင်ရေး စနစ်ကို အသိအမှတ်မပြုတဲ့ နည်းနဲ့ တုံ့ပြန်သင့်တယ်လို့ မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka 
#MoeMaKaMedia
#WhatsHappeningInMyanmar