Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၆ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၁

သရဏဂုံတင်ထားရမယ့် နေ့ရက်တွေ


စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံက လူအတော်များများအဖို့ ကိုယ့်အသက်ကို နေ့စဥ် သရဏဂုံတင်ထားပြီး သွားလာနေထိုင် လုပ်ဆောင်နေကြတဲ့သဘောသဘာဝ မျိုး ဖြစ်နေတာ အမှန်ပါ။

စစ်အာဏာသိမ်းပြီး တဲ့နောက် ဖမ်းချင်တဲ့သူကို ကောက်ဖမ်းတာ၊ စစ်ကြောရေးလို့ခေါ်ဆိုတဲ့ ညှင်းပန်းနှိပ်စက်တဲ့နေရာမှာ ဒါမှမဟုတ် အကျဥ်းထောင်ထဲမှာလည်း အသက်ဆုံးရှုံးနိုင်တဲ့ အလားအလာ ရှိနေသလို အပြင်မှာလည်း လမ်းပေါ်မှာ ပစ်ခတ်ရုံတင်မက မြို့အချို့ နယ်အချို့မှာ အိမ်ထဲထိ သေနတ်နဲ့ ဝင်ပစ်တာတွေကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေတောင် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိတာ၊ ဆန္ဒပြသူမဟုတ်ပဲ မိမိဘာသာ လမ်းပေါ်သွားလာရင်းနဲ့ ပစ်ခတ်ခံရလို့ သေနတ်ကျည်ထိမှန်လို့ သေဆုံးရသူတွေ ဒါဇင်နဲ့ ရာနဲ့ချီရှိနေပြီမို့ စစ်အာဏာသိမ်းပြီးနောက် အပြင်ထွက်တဲ့ သူတိုင်း သာမကပဲ နေအိမ်ထဲမှာ နေထိုင်နေသူတွေပါ အသက်အန္တရာယ် ကျရောက်နိုင်ခြေ အမြဲတမ်း ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ခုနောက်ပိုင်းတော့ ပေါက်ကွဲမှုလိုမျိုး ၊ ပေါက်ကွဲမှု ဖြစ်ပြီဆိုတာနဲ့ ရမ်းသမ်းပစ်ခတ်မှုမျိုး အနီးအနားက သူတွေကို ဓါးစာခံသဖွယ်ဖမ်းဆီး ညှင်းပန်းစစ်ဆေးတာမျိုးတွေလည်း ဖြစ်ပွားနေတာကြောင့် အန္တရာယ် ကပိုလို့ပိုလို့ ရှိလာနေတာလည်း ဖြစ်ပါတယ်။

ကျနော်အနေနဲ့လည်း မနက်အိမ်ကထွက်ကတည်းက စိတ်ထဲပေါ်တဲ့အတွေးက ငါလည်း အသက်ဆုံးရှုံးနိုင်တယ်ဆိုတဲ့ အတွေးဖြစ်ပါတယ်။ အဲဒီအတွေးကို ခေါင်းထဲတွေးထားပြီး သွားလာတာ သတိနဲ့ သွား၊ လုပ်ကိုင်ဆောင်ရွက်စရာတွေကိုလည်း သတိနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ အတွေးထဲ ရည်မှန်းထားရပါတယ်။ အသက် ဆုံးရှုံးနိုင်ခြင်း သေခြင်းတရား စတာတွေက ကိုယ်နဲ့ အနီးအနားမှာ အမြဲရှိသလို အလားတူ အခြားသောသူတွေရဲ့ အနားမှာလည်း အမြဲရှိနေတယ်ဆိုတာကို အမြဲစိတ်ထဲ နှလုံးသွင်းထားပြီး သွားလာလှုပ်ရှားနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။

ကိုယ့်အသက်ကို နှမြောတဲ့ စိတ်မျိုး မက်မက်မောမော တွယ်တာတဲ့ စိတ်မျိုး အရင်ကလောက် မရှိတော့တဲ့ ခံစားချက်လည်း ခံစားရပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်မြို့မှာ ကိုယ့်ဒေသမှာ ကိုယ်နေထိုင်တဲ့နိုင်ငံမှာ အသက်တွေ နေ့စဥ် ဆယ်ဂဏန်း ၊တခါတရံ ရာဂဏန်းနဲ့ သေဆုံးနေကြရတာကို ဆင်ခြင်မိပြီး ကိုယ့်အသက်ကို မက်မက်မောမော တွယ်တာတဲ့ ခံစားချက်မျိုး သိပ်မဖြစ်တော့တာလည်း ဖြစ်မယ်ထင်ပါတယ်။

အချိန်မရွေး ဘယ်သူမဆို အသက်သေနိုင်တယ်ဆိုတဲ့ ဆင်ခြင်မှု တွေးတောမှုက စစ်အာဏာသိမ်းပြီးနောက် လက်နက်နဲ့ အနိုင်ကျင့်မှုပေါင်းများစွာ ဖြစ်ပွားနေချိန်၊ တဖန် အခု ကိုဗစ်ကူးစက်ကပ်ရောဂါ လှိုင်းတခု ပြန်ထကြွလာချိန်မှာလည်း ထပ်ပြီး စဥ်းစားမိစေတဲ့အရာပါ။

လက်နက်ကိုင် ပဋိပက္ခနဲ့ ကပ်ရောဂါနှစ်ထပ်ကွမ်း နှိပ်စက်ခံရတဲ့ မြန်မာပြည်

မြန်မာပြည်ဟာ ကမ္ဘာမှာ အရှည်ကြာဆုံးပြည်တွင်းစစ်လို့ ခေါ်ဆိုတဲ့ နှစ် ၇၀ ကျော်ကြာမြင့်နေပြီဖြစ်တဲ့ လူမျိုးစုကိုယ်ပိုင်ပြဌါန်းခွင့်မရကြတဲ့အပေါ် မူတည်ဖြစ်ပွားတဲ့ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို တိုင်းရင်းသားဒေသတွေ နှစ်ရှည်လများ ခံစားခဲ့ကြရာက ယခုတကျော့မှာတော့ တိုင်းရင်းသားတွေတင်မကပဲ ပြည်မက လူထုပါ မြည်းစမ်းခံစားနေကြရပြီဖြစ်ပါတယ်။

ဒါ့ပြင် ပြည်တွင်းစစ်မီးပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လည်း တောက်လောင်နိုင်ခြေရှိနေသလို တနည်းအားဖြင့်ပြောရရင် ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်နှုတ်ခမ်းဝမှာ ရောက်နေပြီလို့ ပြောရင် ချဲ့ကားပြောတဲ့ သဘောမဟုတ်ပဲ လက်ရှိ နိုင်ငံရေးအနေအထားဟာ အချိန်မရွေး ပြန်လှည့်ရခက်ခဲတဲ့ အခက်အခဲ အကြပ်အတည်းကြီးထဲ ကျရောက်လုဆဲဆဲ အနေအထားလည်း ဖြစ်ပါတယ်။

ဒါက နိုင်ငံရေးအခြေအနေဖြစ်ပြီး ဒီလို ပြည်တွင်းစစ် နှုတ်ခမ်းဝက တိုင်းပြည်ကို ကိုဗစ်ကူးစက်ကပ်ဘေးက ထပ်မံနှိပ်စက်ဖို့ တာစူနေတဲ့ သဘောလည်း ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုက မနှစ်ကလည်း တကြိမ် ရိုက်ခတ်ခံခဲ့ရပြီး ဒုတိယလှိုင်းလို့ သတ်မှတ် ခေါ်ဆိုခဲ့ကြတာပါ။

ခုတခါတော့ တတိယလှိုင်းလို့ခေါ်ဆိုတဲ့ တတိယအကြိမ် ကူးစက်မှု အရှိန်မြင့်တက်လာမှုနဲ့ ကြုံနေကြရပြီ ဖြစ်ပါတယ်။ အရင်နှစ်က မကြုံဖူးသေးတဲ့ တရက်တာ အတည်ပြုလူနာအရေအတွက်တွေ ယခုရက်ပိုင်းအတွင်း စတင်ကြားသိနေရပါပြီ။

တဖက်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုက ပြိုလဲလုနီးနီး ဖြစ်နေတဲ့ အနေအထားမို့လို့ ကူးစက်မှု ၊ ရောဂါကူးစက်တဲ့ လမ်းကြောင်း လိုက်လံဖေါ်ထုတ်ကာ သီးသန့်ထားရှိမှု၊ ပေါ့ဇတစ်လူနာတွေကို ဆေးရုံမှာ ကုသရေးစင်တာတွေမှာ စောင့်ကြည့်ကုသမှုပေးနိုင်တဲ့ အနေအထားမရှိတာတွေကြောင့် မြန်မာနိုင်ငံလူထုရဲ့ ကံကြမ္မာက နူရာဝဲစွဲ လဲရာသူခိုးထောင်းဘဝ မျိုးရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်ပွဲတွေကြား ကူးစက်ကပ်ရောဂါ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေ ကမ္ဘာ့သမိုင်းမှာ အဖြစ်အပျက်အချို့ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ်။ မြန်မာနိုင်ငံအဖို့တော့ အခုလို နိုင်ငံရေးအရ စိတ်ဝမ်းကွဲမှု အမြင့်ဆုံးအချိန်၊ လက်နက်ကိုင် ပဋိပက္ခအရှိန် မြင့်လာချိန် မှာ ကမ္ဘာနိုင်ငံတိုင်းက ကပ်ရောဂါကို စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကာကွယ်ခုခံကြချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကူးစက်ရောဂါ ကာကွယ် တိုက်ဖျက်ရေးထက် အာဏာငန်းဖျား ဖျားကာ အတိုက်အခံလုပ်သူတွေ ဆန့်ကျင်သူတွေကို အကျဥ်းထောင်ထဲထည့်၊ ဖမ်းဆီး ၊ ကျန်းမာရေးဝန်ထမ်းတွေကို ဝရန်းထုတ်၊ ဖမ်းဆီး အလုပ်မှထုတ်ပယ်တာတွေ လုပ်နေတဲ့ စစ်ကောင်စီလို အစိုးရမျိုးနဲ့ နှစ်ပါးသွားနေကြရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

မနေ့ကနဲ့ ဒီနေ့ သတင်းတွေ လူမှုကွန်ရက်အကောင့်တွေမှာ ရေးသားကြတာတွေကို ဖတ်ရှုကြည့်မယ်ဆိုရင် မိသားစုဝင်တွေထဲ၊ အသိ မိတ်ဆွေတွေအထဲ ကိုဗစ်နဲ့ သေဆုံးလို့ ယူကျုံးမရဖြစ်စွာ ရေးသားထားတာတွေ၊ ပရဟိတ ကူညီသူတွေအနေနဲ့လည်း သူတို့ ကူညီလုပ်ဆောင်ပေးနေစဥ်မှာပဲ ကူးစက်ခံရသူတွေထဲက မထင်မှတ်ပဲ မြန်ဆန်စွာ အသက်ဆုံးရှုံးသွားလို့ စိတ်ထဲ ခံစားရချက်တွေကို ရေးတင်ထားကြတာ ပိုလို့ ဖတ်ရှုလာနေရပါတယ်။

ညမထွက်ရ အမိန့်ထုတ်ထားတာကြောင့် ညဘက် အောက်စီဂျင် ကုန်သွားလို့ အသက်ဆုံးရှုံးသွားတဲ့ လူနာတွေ၊ ဆေးရုံတက်ဖို့ အမှန်တကယ်လိုအပ်ပေမယ့် ဆေးရုံတွေ လည်း နေရာ ဝန်ထမ်း မလောက်ငှတာ၊ ပုဂ္ဂလိကဆေးရုံကို ညွှန်းပေမယ့် လက်ခံမယ့် ဆေးရုံဘက်ကလည်း လက်မခံနိုင်လို့ လမ်းမှာတင် အသက်ဆုံးရှုံးသွားကြရတဲ့ လူနာ စသဖြင့် အဖြစ်အမျိုးမျိုးကို စိတ်မကောင်းဖြစ်စွာနဲ့ ဖတ်ရှုနေရပါတယ်။ စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီက အခုလို ကူးစက်ကပ်ရောဂါက အရေးပေါ် အခြေအနေမျိုး ဖြစ်နေသည့်တိုင် ကန့်သတ်ချက်တွေ ၊ လုံခြုံရေးအစီအမံတွေကိုပိုလို့ တိုးချနေပြီး ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်တာတွေတော့ အရေးတယူလုပ် လုပ်ဆောင်တာ ဝမ်းနည်းစွာပဲ မတွေ့ရပါဘူး။

ကူးစက်ကပ်ရောဂါနဲ့ နိုင်ငံရေး အကြပ်အတည်း ၊ စစ်ရေးပဋိပက္ခ နှစ်ခုအောက်က မြန်မာနိုင်ငံလူထုရဲ့ ကံကြမ္မာက ဆိုးရွားလွန်းလှတယ်လို့သာ ကောက်ချက်ချရမယ့် အခြေအနေမျိုးဖြစ်နေပါတော့တယ်။

သည်ကြားထဲမှာ အဆိုးထဲက အဆိုးကိုမရွေးမိဖို့လိုပါတယ်

တော်လှန်ရေးကာလ ၅ လ ကျော်ပါပြီ။ စစ်ဘေးအပြင် ကူးစက်ရောဂါဘေးကိုလည်း ရင်ဆိုင်နေရပါတယ်။ ကမ္ဘာမီးလောင် သားတောင် ချနင်းတယ်ဆိုတဲ့ စကားကို အပြောမဟုတ် လက်တွေ့မြင်နေကြရတဲ့အချိန်လည်း ဖြစ်ပါတယ်။ အခက်အခဲ အတားအဆီးတွေ နစ်နာဆုံးရှုံးမှုတွေအားလုံးကို အရှုံးတွေလို မခံယူဘဲ အနာဂတ်အောင်ပွဲအတွက် သင်ခန်းစာတွေ သင်ယူလေ့ကျင့်စရာတွေအဖြစ် သတ်မှတ်ကြရမှာ ဖြစ်ပါတယ်။ တွေဝေတာတွေ သံသယတွေ စိတ်အားငယ် ခြောက်ခြားပျက်ပြားတာတွေကို ကျော်လွှားနိုင်အောင် ပြင်ဆင် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အခုချက်ခြင်း သည်နေရာမှာတင်လည်း သေသွားနိုင်တယ်၊ ဝေဒနာတွေ မချိမဆန့်နဲ့လည်း သေသွားနိုင်တယ်ဆိုတာကို တွေးမိတော့ ကိုယ်နေထိုင်စရာ ကိုယ်လုပ်ကိုင်စရာရှိတာတွေကို အချိန်မဖြုံးပဲ ပိုပြီး အာရုံစူးစိုက်လုပ်ဖြစ်ပါတယ်။ အချိန်ကုန် လူပင်ပန်း စိတ်ညစ်ညူးစရာ အတွေးတွေ အပြောအဆိုတွေ ပတ်ဝန်းကျင် တုံ့ပြန်နေမှုတွေကိုလည်း ဥပက္ခာပြုထားနိုင်ပါတယ်။ သည်အထုပ်တွေကို ကျောပေါ်တင်ထားလို့လည်း ခရီးက ပိုတွင်မှာမှ မဟုတ်တာကိုး။ အပမ်းဖြေအနားယူချိန်မှာလည်း အချိန်ကို အပြည့်အ၀သုံးပြီး လန်းဆန်းလတ်ဆပ်နေအောင် နေထိုင်ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ သင်ကြားမှု လက်တွေ့စာမေးပွဲတွေ အဆင့်ဆင့် စိတ်ရောကိုယ်ပါ ရင်းပြီး ဖြေဆိုနေရတယ်လို့ တွေးလိုက်ရင် ငိုလိုက်၊ ရယ်လိုက်၊ ဒေါသထွက်လိုက်၊ အပြစ်တွေ တင်လိုက်၊ နောင်တတွေ ရလိုက်နဲ့ ခံစားချက်တွေနောက်တကောက်ကောက်လိုက် အချိန်ဖြုံးနေသူအဖြစ်ကနေ လွတ်မြောက်သွားပါတယ်။ ခန ခန သေနေတာထက် တခါတည်းပဲ သေမယ်ဆိုတဲ့ ပိုင်းဖြတ်မှုနဲ့ တော်လှန်ရေးထဲ ဖြတ်သန်းကြရတာ ဖြစ်ပါတယ်။

(photo Khit Thit - တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာတွင် ဇူလိုင်လ ၆ ရက် ယနေ့ညနေပိုင်း၌ စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး တော်လှန်ရေးတက်ကြွလူငယ်များမှ ကြွေးကြော်ချီတက် ဆန္ဒပြကြသည်)  

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar