စံညိမ်းဦး - ကံကော်၀မ်းနည်းမှတ်တမ်း ( ၇ ) ဇူလိုင် အရေးတော်ပုံနှစ် -၅၉ - အမှတ်တရ ပြန်လည်ဆန်းသစ်ဖော်ပြပါသည်။
ကံကော်၀မ်းနည်းမှတ်တမ်း
စံညိမ်းဦး
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၁
(၁)
မန္တလေးကျောင်းဆောင်နံရံမှာ
သွေးနဲ့ရေးခဲ့
“ ၇ ၇ ၆၂ ကိုမမေ့ကြနဲ့ ” တဲ့
လွန်ခဲ့တဲ့နှစ် ၅၀ ကစာသား
မြောင်းမြသား ကျောင်းသားကိုကျော်၀င်းရဲ့
နောက်ဆုံးအရေးအသား
အားလုံးကိုယ်စား
သူ့ကိုယ်စားသွေးနဲ့မှာခဲ့တဲ့
သမိုင်း၀င်သွေးစကား
အခု . . . နှစ် ၅၀ ပြည့်ခဲ့ရာ
ဒါဟာ . . .
ငါမမွေးခင်က အဖြစ်အပျက်တွေ
ဒါဟာ . . .
ငါမမွေးခင်က
အစုလိုက်အပြုံလိုက် လူသတ်ပွဲအမှု
အခု . . .
ငါမမွေးခင်ကထဲက ရှိခဲ့တဲ့လူသတ်အဘိဓမ္မာဟာ
ငါမွေးပြီးတော့လည်း ရှိလို့ဆိုတော့ကာ
ငါမှာ နားမလည်နိုင်အောင်ဖြစ်ရ
အဲဒီလို နားမလည်နိုင်အောင်ဖြစ်ရ
ငါ့တိုင်းပြည်သမိုင်းကို
ငါဟာ အရူးအမူးတူးဆွလို့။
(၂)
တူးဆွ
တူးဆွကြည့်တော့
ရာဇ၀င်မြေထုဟာတုန်ဟီး
ငို၊ ရှိုက်ညီးသံတို့ အထပ်ထပ်
သွေးစိမ်းနံ့တို့ အလွှာလွှာ
ငါတူးကြည့်တယ်
တထပ်ပြီးတထပ်
တလွှာပြီးတလွှာ
အနက်ရှိုင်းဆုံးအောက်ဆုံးအလွှာမှာတော့
သန့်ရှင်းသောအရိုးတွေ တောင်ပုံရာပုံ
အလို
ခွပ်ဒေါင်းတို့ရဲ့ နီစွေးသောသွေးခဲအလွှာ
ငါ့ရင်ဟာ တဆက်ဆက်
ရာဇ၀င်ထဲကယမ်းနံ့ဟာတဖျပ်ဖျပ်
ယမ်းနံ့လိမ်းကျံကံ့ကော်ရနံ့ဟာတပျံ့ပျံ့
အော်
မိုက်မလင်းနိုင်ဘု
အမိုက်ဇာတ်ကိုရွှင်ရွှင်ကြီး “ က ” ခဲ့သူတို့ရဲ့ သေနတ်အဘိဓမ္မာ
ငါအံသြ သြချရမိပါတယ်
ငါအံသြ သြချရမိပါတယ်
အဲဒီလို
ငါအံသြ သြချရမိတဲ့
ငါ့တိုင်းပြည်သမိုင်းရယ်တဲ့လေ
တူးဆွ။
(၃)
တူးဆွ
တူးဆွကြည့်တော့
၁၉၆၂ တဲ့
ဘဝတွေအားလုံးမှောင်ကြီးကျ
အဝီစိမှာ ပိန်းပိတ်သွားရတဲ့
နှစ်ကာလများရဲ့ အစပေပဲ။
အဲဒီမှာ
၇ ဇူလိုင်လူသတ်ပွဲ တဲ့
ကျွန်းဆွယ်အရေးအခင်း တဲ့
တက္ကသိုလ်ရွှေရတုလှုပ်ရှားမှု တဲ့
ဦးသန့် စျာပန အရေးအခင်း တဲ့
၇၅ ဇွန် ၆ ကျောင်းသားသပိတ် တဲ့
မှိုင်းရာပြည့် တဲ့
အလုပ်သမား အရေးအခင်း တဲ့
ရှစ်လေးလုံး အရေးတော်ပုံ တဲ့
.................... တဲ့
.................... တဲ့
အဲဒီထဲမှာက
၇ ဇူလိုင်အရေးတော်ပုံဟာ
ထင်ကရနဲ့
မမေ့နိုင်စရာနဲ့
နောင်ဥဒါန်းဘယ်မကျေစရာနဲ့
ဒါဟာ
ဗမာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့ အစ
စစ်အာဏာရှင်ဖီဆန်မူရဲ့ အစ
မဆလမျက်နှာဖုံးကိုခွာချပြ
စစ်ဖိနပ်အောက်က
ကမောက်ကမပညာရေးကို ဆန့်ကျင်ခြင်းရဲ့အစ
ပြီး
စစ်အာဏာရှင်စနစ်ရဲ့
ဆိုင်းဆင့်သံ။
(၄)
တကယ်တော့
၇ ဇူလိုင် ၆၂ ဆိုတာ
ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်
ဘယ်ဖိနှိပ်ချူပ်ချယ်မူမျိူးကိုမှ
လက်မခံတဲ့ရပ်တည်မချက်နဲ့
ခွပ်ခေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ
ယုံကြည်ချက်အတွက် တွန်ကျူးသံမှာ
ဒီမှာ အကျဉ်းစခန်း
ဒီမှာ ငရဲခန်း
ဒီမှာ ဘ၀
ဒီမှာ အသက်
အို
ခွပ်ဒေါင်းအပေါင်းတို့ငဲ
သင်တို့ရဲ့ တောင်ပံများ
ရွှေရောင်တောက်ပ
တတောင်ကျိူး တတောင်ဆက်လို့
အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။
အခု
သေနတ်သံမှာ
မိုင်းခွဲသံမှာ
နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို
အမျှဝေရမယ်။
သွေးစွန်းသွားရတဲ့ကံ့ကော်ပွင့်တွေကို
အမျှဝေရမယ်။
အခု
ဘဝဖြိုအမှန်းမှာ
မျက်ရည်ယိုဗုံးမှာ
အတုံးအရုန်းကျသွား အဓိပတိလမ်းကို
အမျှဝေရမယ်။
ဒီမိုကရေစီနှင့်အတူ ကြေပြုန်းသွား
တကသ အဆောက်အအုံနံရံများကို
အမျှဝေရမယ်။
အမျှဝေရမယ်။
(၅)
၇-၇-၆၂
အမုန်းသမိုင်းကိုစတင်ခဲ့သူတို့ရဲ့ရက်စက်ခြင်းမှာ
ညနေ ၅ နာရီ ၃၀ မိနစ်
ကံ့ကော်မြေကိုလောင်တိုက်သွင်းပစ်မလို့တဲ့
(သနက - ၄)တင်စစ်ကားနှစ်စီး
အကာလရဲ့မီးကို ထွန်းညှိလို့။
အစွယ်တလက်လက်
သွားရေတမြားမြား
လုံထိန်းဟာ
ဘီလူးယိမ်းနဲ့ ဂျီသရီး ဂျီဖိုး သစ်တွေကိုပိုက်လို့
ပစ်စမ်း ပစ်စမ်း
၃ မိနစ်ပစ် ၂ မိနစ်နား ၃ မိနစ်ပစ်
ပစ်စမ်း ပစ်စမ်း
အဆုံးမှာတော့ ရေဒီယိုကြေညာပါတယ်
၁၇ ဦးသေးဆုံးသတဲ့
စစ်အာဏာရှင်စနစ်ဆိုတာ
မုသာဝါဒရဲ့ ဒုတိယကိုယ်ပွား
ကျောင်းသားတိုက်ပွဲသမိုင်းမှာတော့
ရာကျော် ကျောက်တိုင်ဆိုတာရှိခဲ့ပါပြီကော…. ကံကော်။
ကံကော်ရေ
မျက်မြင်သက်သေတွေကိုခေါ်ရရင်
မန္တလေးဆောင်၊ ရာမညဆောင်၊ ပင်းယဆောင်
နံရံကကျည်ဆံရာ
တကသ မြက်ခင်းစိမ်းနဲ့ အဓိပတိလမ်း
ကံကော်မြိုင်တန်းရေ
သင်ကိုယ်တိုင်လည်း
မျက်မြင်သက်သေပါပဲလေ။
အခု
အပ်တိုတစ်ချောင်းမှမပါသူတို့ကို
ဓားဓားချုင်း လှံလှံချင်း ထိပ်တိုက်ရင်ဆိုင်ရဲရင်လိုက်ကြပုံမှာ
အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ
ရာကျော်ကျောက်တိုင်ဟာ နာကျင်စရာ
ပန်းခွေချကြ
အလေးပြုကြ
ဖဲကြိုးနက်ကိုချိတ်ကြ
၇ ဇူလိုင် တ၀ဂူသီချင်းကိုသီကြ
ဖက်ဆစ်အလောင်းကောင်ကိုမီးရှိ့ကြ
ယုံတယ်
တစ်နေ့တော့
အာဏာရှင်စနစ်ဟာကျဆုံးမုချပါပဲ။
(၆)
ဇူလိုင် ၇ ရက် x x ၇ ရက်ဇူလိုင်
မမေ့နိုင်တဲ့ကျောင်းသားသမိုင်း x x
ထာ၀စဉ်နီ….
ငါတို့ဆိုတယ်။
စစ်ကိုမလိုသည် x x စစ်ကိုမလိုသည်
ငြိမ်းချမ်းရေးသာပေးကြပါ x x
ငါတို့ဆိုတယ်။
၁ “မျက်စိမ်းသွေးပေ
ကံကော်ကြွေသည်
‛ဤမြေမည်သို့ဖြစ်သနည်း” တဲ့
ငါတို့ဆိုတယ်
၂ “သားသေကိုမှ
မမြင်ရသည်
မိဘကံခေဆိုးစွာ့တကား”တဲ့
ငါတို့ဆိုတယ်။
၃ “အောင်ကျော်ရေ
မင်းသေခဲ့တာ
တိုဖြေသာတယ်
မင်းမှာ နယ်ချဲ့လက်ချက်မို့” တဲ့
ငါတို့ဆိုတယ်
၄ “ပင်ပျိူဆက်လက်
အညွန့်တက်ကို
ရက်စက်သူများ ချိူးပစ်သည်” တဲ့
ငါတို့ဆိုတယ်။
ငါတို့ဆိုတယ်
ငါတို့ဆိုခဲ့ပါတယ်။
ဘကြီးမှိုင်း(သခင်ကိုယ်တော်မှိုင်း)ရဲ့
“အဆောက်ဦးကိုသာဖြိုလို့ရမယ်…
အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓါတ်ကိုတော့
ဘယ်သူမှဖြိုလို့မရပါဘူး”
ငါတို့ဆိုတယ်။
ငါတို့ဆိုတယ်/ငါတို့ဆိုခဲ့ပါတယ်။
(၇)
အို
စစ်အာဏာရှင်တစ်ဆက်
အသက်ပေါင်းများစွာနဲ့
ယဇ်ပူဇော်အရသာခံရက်ခဲ့သူတို့
ယဇ်ပလ္လင်ထက်
ကြောက်မက်ဖွယ်စကားနှစ်ခွန်း
ဘ၀အားလုံးနစ်မွန်းခဲ့ရာ….
ဟုတ်ကဲ့….
၁။
“ဓားဓားချင်း၊လှံလှံချင်း ထိပ်တိုက်ရင်ဆိုင်သွားမတဲ့” ။
၂။
“စစ်တပ်ဆိုတာ ဘယ်တော့မှမိုးပေါ်ထောင်မပစ်ဖူးတဲ့” ။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတူးဆွရခဲ့မိသမျှ
နှစ် ၅၀ ပြည့်ခဲ့အရေးတော်ပုံ
ယုံတယ်
ဘယ်လိုမတရားတဲ့ ဖိနှပ်ချူပ်ချယ်မှုမျိူးကိုမဆို
(ဘယ်သမိုင်း ခေတ်မှာမဆို)
မြူတစ်မှုန်မျှတောင် အလိုမရှိတော်လှန်စိတ်ဓာတ်
၇ ဇူလိုင်ကပေးတဲ့စိတ်ဓာတ်
အဲဒီစိတ်ဓာတ်ကို
သစ္စာငတ်သူ(ငါတို့)
ရင်နဲ့လက်ဖျံမှာကပ်လို့။
သိကြ
ကျောင်းနံရံကိုလည်းမထိနဲ့
ဒေါင်းအလံကိုလည်းမဖိနဲ့ ဆိုလား…..
ဒေါင်းတမာန်တို့ အိုးဝေတေးကိုသီလို့။
သိကြ
ခွပ်ဒေါင်းဆိုတာ
အမှန်တရားဘက်
ထာ၀စဉ်မပြောင်လဲစတမ်းရပ်တဲ့ဇာနည်
အမှောင်မှာ
အဆန်ကိုပျံနေမယ့် သစ္စာငှက်
နံနက်မိုးသောက်ရင်တော့
အလင်းဆွတ်ရစမြဲပေါ့ ကံကော်ရယ်……..။
စံညိမ်းဦး
၂၀၁၂
# အပိုဒ် (၆) ပါ သုံးကြောင်းကဗျာအချိူ့မှာ ၇ ဇူလိုင်အရေးတော်ပုံအပြီး ထွက်ရှိတဲ့ “တက္ကသိုလ်၀န်းကျင်ကဗျာများ” စာအုပ်ကဖြစ်ပါတယ်။
၁။ တရားခံ ၂။ စစ်နှင့်ပြည်သူ ၃။ တိုင်တည်ခြင်း ၄။ တန်းဘိုးမသိသူ
(၇ - ၇ -၂၀၁၂ တွင်ကျရောက်သော ၇ ဇူလိုင် အရေးတော်ပုံနှစ် ( ၅၀ ) ပြည့် ရွှေရတုအမှတ်တရ ရေးခဲ့တာဖြစ်တယ်)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar