Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၈ ရက် မြောက်နေ့ မြင်ကွင်း





မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၂၁

ဘာသာရေးခေါင်းဆောင်ရဲ့ နှိုးဆော်သံ
“the dance of death seems to challenge God’s gift of life and light.”

မြန်မာနိုင်ငံ ကက်သလစ် ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ ကာဒီနယ် ချားလ်(စ်) မောင်ဘို က ဆေးရုံတွေ ပြည့်နေပြီ၊ သုဿန်တွေမှာ ကိုဗစ်နဲ့ အသက်သေဆုံးသူတွေရဲ့ အလောင်းတွေတန်းစီနေပြီ။ သူတို့ရဲ့ နောက်ဆုံးသော နာရီမိနစ်တွေမှာ ချစ်ခင်မြတ်နိုးသူတွေကို နှုတ်ဆက်ခွင့် တွေ့ခွင့်တောင်မရသွားကြရှာဘူး။ အဖြစ်အပျက်က ကမ္ဘာပျက်တဲ့အလား ဖြစ်နေပြီး။ လက်နက်ကိုင်ထားသူ အားလုံး ချက်ခြင်း လက်နက်တွေ လက်ထဲက ချပြီး ဆေးကုသမှုပစ္စည်းတွေ ကိုင်ဆောင်ကာ လူတွေရဲ့ အသက်ကို ကယ်တင်ကြပါစို့ လို့ ဒီနေ့ နေ့စွဲနဲ့ Twitter မှာလည်း ပို့စ်ရေးသားခဲ့သလို ပြည်ထောင်စု မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် အနေနဲ့လည်း မေတ္တာရပ်ခံလွှာ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာရေးခေါင်းဆောင်တဦး အနေနဲ့ ကိုဗစ်ကပ်ရောဂါကို အတူတကွ တွန်းလှန်ကြဖို့ ပထမဆုံး ကျယ်ကျယ်လောင်လောင် နှိုးဆော်လိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံရေး အာဏာကို ထိန်းချုပ်ထားသူရော သက်ဆိုင်သူ အားလုံးကို ကပ်ရောဂါဘေးကို တွန်းလှန်အောင်မြင်ရေးမှာ လက်တွဲ ပါဝင်ကြဖို့ နှိုးဆော်သံလည်း ဖြစ်ပါတယ်။

ကလေး၊ ရန်ကုန်မြို့တွေရဲ့ အခြေအနေက ဆရာတော် ချားလ်(စ်) မောင်ဘို မိန့်သလို ကမ္ဘာပျက်တဲ့ အလားဖြစ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဆေးရုံ၊ ကွာရင်တိုင်းစင်တာလိုမျိုးမှာ နေရာမရကြ တက်ခွင့်မရကြသူတွေ ရန်ကုန်မှာ အရေအတွက်အားဖြင့် နေ့စဥ် ထောင်နဲ့ ရှိနေနိုင်ပါတယ်။ သူတို့ထဲက တချို့သူတွေ သေဆုံးသွားကြရပြီး ဆေးရုံကို တွက်ခွင့်မရလိုက်ရရှာပဲ နေအိမ်တွေမှာ ပဲ ဆေးကု၊ ဆေးသောက် မောလာတဲ့ အခါအောက်စီဂျင် ရှူခွင့်ရဖို့ အောက်စီဂျင်အိုးရှာရ၊ ဖြည့်ပေးတဲ့ နေရာ ရှာရ ၊ အချို့လည်း အသက်ဆုံးရှုံးသွားသည်အထိ လိုအပ်တဲ့ ဆေးကုသမှုမရ၊ မောတဲ့အခါ ရှူဖို့အောက်စီဂျင် ရှာမရပဲ ကွယ်လွန်သွားရသူတွေ နေ့စဥ် ရာနဲ့ချီရှိကောင်းရှိနေနိုင်ပါတယ်။

ကိုဗစ်ကြောင့် သေဆုံးရတဲ့ သူတွေဆို နိုင်ငံအချို့မှာ မိသားစုဝင်တွေလည်း အသုဘလိုက်ပို့ခွင့်မရှိတော့ပဲ သက်ဆိုင်ရာက သဂြိုဟ်လိုက်တာမျိုးတွေ ရှိခဲ့ပြီး မြန်မာနိုင်ငံအခြေအနေကတော့ ကန့်သတ်ချက်ကြောင့်မဟုတ်ပဲ၊ မိသားစု ဆွေမျိုးတွေကိုယ်၌က ကိုဗစ်ရောဂါ ကူးစက်ခံနေရလို့ မလိုက်နိုင်လို့ ဆိုတဲ့အခြေအနေမျိုးတွေ ကြောင့် မိသားစုဝင်တွေမပါဘဲ သဂြိုဟ်လိုက်ရတဲ့ သေဆုံးသူအရေအတွက်က တရက်တရက်မှာ ရာဂဏန်းနဲ့ချီ ရှိနေမှာဖြစ်ပါတယ်။

အလားတူပဲ သမိုင်းပညာရှင် ဦးသန့် မြင့်ဦးကလည်း မြန်မာနိုင်ငံက ကိုဗစ်ကူးစက်ကပ်ရောဂါကို မထိန်းချုပ်နိုင်တော့တဲ့ အနေအထားရောက်နေပြီ လို့ မှတ်ချက်ချပြီး ကမ္ဘာ့လူဦးရေ ထက်ဝက်ရှိတဲ့ နိုင်ငံ ၂ နိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တာကြောင့် ကိုဗစ်မီးကို ဝိုင်းမငြိမ်းကြရင်ဖြစ် ကမ္ဘာရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်တယ်လို့ ဒီနေ့ ရေးသားထားတာလည်း တွေ့ရပါတယ်။ နိုင်ငံရေးပါတီတခုဖြစ်တဲ့ ပြည်သူ့ပါတီကလည်း ပန်ကြားချက် တရပ်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

ကိုဗစ်ကူးစက်မှုနှုန်း ကတရက်ထက် တရက် မြင့်မားလာနေပြီး လိုအပ်တဲ့ စစ်ဆေးမှု၊ ကုသမှု စောင့်ရှောက်မှုမရရှိပဲ မိမိဘာသာ မိမိကြည့်ရှုမယ့်ဆရာဝန်ရှာရ၊ မရှာနိုင်တဲ့သူတွေအနေနဲ့ ကြားသိထားရတဲ့ ဆေးကို ဆေးဆိုင်မှာ တန်းစီပြီးဝယ်ရကာ နေအိမ်မှာပဲ ကုသစောင့်ရှောက်နေရင်း အသက်ရှုကြပ်လာ မောလာတဲ့အခါမှာ အောက်စီဂျင် အိုး၊ အောက်စီဂျင် တို့ကို မြို့ပတ်ပြီးရှာရ၊ အကူအညီပေးတဲ့ ပရဟိတ အဖွဲ့တွေ ဖုန်းဆက် အကူအညီတောင်း ၊ ရတဲ့သူလည်းရ မရတဲ့သူလည်းမရလို့ ကိုဗစ်ကြောင့် အဆုတ်ရောင်ပြီး အလုပ်မလုပ်နိုင်ချိန်မှာ အောက်စီဂျင်ကျပြီး တောင်မကျော်နိုင် ဖြစ်ရသူတွေ နေ့စဥ်နဲ့အမျှ ရာ၊ ထောင်ဂဏန်းရှိနေပြီး ခုချိန်ထိ သီတင်း၂ ပတ်နီးနီး တရက်ထက်တရက် မြင့်တက်လာနေတာ ဖြစ်ပါတယ်။

လူဦးရေ အများဆုံး ထူထပ်ဆုံး နိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ဟာ တရက်တရက် ကိုဗစ်ရောဂါ တိုက်ပွဲမှာ မနိုင်ပဲကျဆုံးသွားတဲ့ သူ ခန့်မှန်းခြေ အနည်းဆုံး ၆၀၀ မှ အများဆုံး ၁၀၀၀ ဝန်းကျင်ကို ဝမ်းနည်းကြေကွဲစွာနဲ့ မီးသဂြိုဟ်ပေးနေကြရပါတယ်။

မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ ဘာသာရေး အဖွဲ့အစည်းအလိုက် လူမှုကူညီရေး အသင်း ကျန်းမာရေးအရေးပေါ်ဖြစ်တဲ့အခါ နေအိမ်မှ ဆေးရုံဆေးခန်း၊ ဆေးရုံဆေးခန်းမှာ ၊ ကွယ်လွန်သွားလို့ သုဿန်ပို့ဆောင်ပေးတဲ့ လူမှုကူညီရေး အသင်းကားတွေလည်း ခုရက်တွေမှာ အောက်စီဂျင်တွေ ကူညီမျှဝေပေးတာ၊ လူနာတွေကို ဆေးရုံပြဖို့ ကူညီပို့ဆောင်ပေးတာ တွေထက် သေဆုံးသူတွေကို သုဿန်သယ်ဆောင်ပေးရတာက ပိုများလာနေတာပါ။

သုဿန်အဝင်ဝတွေမှာ သေဆုံးသူတွေကို တင်ဆောင်လာပြီး သဂြိုဟ်ဖို့ အလှည့်မကျသေးလို့ တန်းစီစောင့်ဆိုင်းနေတဲ့ မြင်ကွင်း၊ သုဿန်မှာ စောင်နဲ့ ထုပ်ထားတဲ့ ရုပ်အလောင်း၊ ဖျာနဲ့ပတ်ထားတဲ့ ရုပ်အလောင်း၊ သစ်သားကပ်ပေါ်တင်ထားပြီး ပလပ်စတစစ်အကြည်နဲ့ စွပ်ကာကြိုးချည်ထားတဲ့ ရုပ်အလောင်း၊ ခပ်ပေါပေါ သစ်နဲ့ ရိုက်ပြီး ပလပ်စတစ်ဘောင်ခွေရိုက်ထားတဲ့ အခေါင်းနဲ့ ထည့်ထားတဲ့ ရုပ် အလောင်း စသဖြင့် အမျိုးမျိုးသော အရောင်တွေ ထုပ်ပိုးပုံတွေနဲ့ တန်းစီ ထပ်ထားကြတာတွေ သတင်းတွေထဲ လူမှုကွန်ရက်တွေထဲ မမြင်ချင် အဆုံး မြင်တွေ့နေရပါတယ်။

ပရဟိတ ကူညီရေးအသင်းပိုင် ကားတွေနဲ့ အလျင်မမှီကြလို့ သုဿန်ဆီကို ရိုးရိုး တက်စီကားပေါ် အလောင်းတင်လာတဲ့ မြင်ကွင်း ဆိုင်ကယ်ဘေးတွဲလိုပေါ်မှာ အလောင်းတင်ပြီး သယ်လာတာ သတင်းဓါတ်ပုံတွေလည်း ခုရက်ပိုင်းမြင်တွေ့လာရလို့ အခြေအနေက ကိုင်တွယ် ထိန်းချုပ်နိုင်တဲ့ အနေအထားမဟုတ်တော့ဘူးဆိုတာကို ပိုထင်ရှားစေပါတယ်။

မီးသဂြိုဟ်တဲ့ နည်းလမ်းက အချိန်ကြာတာ ကြောင့် မြေကျင်းနက်နက်တူးပြီး မြှုပ်နှံသင့်တယ်လို့ နာရေးကူညီမှု အသင်းတွေက အကြံပြုနေကြတာလည်း ခုရက်ပိုင်း ကြားနေရပါတယ်။

ဒါတွေကတော့ အထက်က ကာဒီနယ် ချားလ်(စ်)မောင်ဘို တင်စားပြောဆိုသလို ကမ္ဘာပျက်မတတ် အခြေအနေမျိုးပဲ ဖြစ်ပါတယ်။

ခုလို ရန်ကုန်ရဲ့ အခြေအနေဆိုးရွားနေတာ မြို့ကြီးဖြစ်လို့ သို့မဟုတ် လူဦးရေထူထပ်သိပ်သည်းလို့ ဆိုတဲ့ အကြောင်းကြောင့် လို့ယူဆနိုင်သော်လည်း ဒီလို အဖြစ်မျိုးတွေ အခြားသော ပြည်နယ်၊ တိုင်းမြို့တော်တွေ လူစည်ကားတဲ့ နယ်စပ်ကုန်သွယ်ရေး မြို့တွေလိုမှာလည်း ဖြစ်လာနိုင်ခြေရှိနေပါတယ်။

တမြို့နဲ့တမြို့ ကုန်စည်စီးဆင်းမှုအရ အခြားသော အရေးကိစ္စတွေနဲ့ ခရီးသွားလာမှုတွေရှိနေဆဲမို့လို့ အနှေးနဲ့ အမြန် နယ်မြို့တွေမှာ ခုလို အရေအတွက်များများ တပြိုင်နက်ထဲ ကူးစက်လာခဲ့ရင် ဆိုတဲ့ အခြေအနေမျိုးကိုလည်း ကြိုတင် တွေးဆပြီး ပြင်ဆင်မှု ကာကွယ်မှုတွေ လုပ်ထားဖို့ အရေးတကြီး လိုအပ်နေပြီလို့ ထင်ပါတယ်။

ဒုတိယလှိုင်းလို့ခေါ်တဲ့ မနှစ် သြဂုတ် စက်တင်ဘာ အောက်တိုဘာလတွေမှာ ကိုဗစ်ကူးစက်ပုံက အစပိုင်း ရန်ကုန် မြို့ဖြစ်ပေမယ့် နောင်းပိုင်းမှာ နယ်မြို့တွေဆီ ပြန့်နှံ့သွားတဲ့ ပုံစံ သာဓက ရှိခဲ့ပါတယ်။ ခုတကြိမ်မှာလည်း အလားတူ အဖြစ်မျိုး ကြုံရနိုင်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ဒီနေ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ကိုဗစ်ကွာရင်တိုင်း စင်တာ လုပ်နိုင်တဲ့ နေရာ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆို သောင်းဂဏန်းထိ အရေအတွက်ရှိတယ်လို့ ပြောဆိုသွားတာ သတင်းထဲ ကြားရပါတယ်။ နေရာရှိပြီး ဆေးဝါး၊ ကျန်းမာရေးဝန်ထမ်း၊ ပူးပေါင်းကူညီမယ့် စေတနာ့ဝန်ထမ်း ၊ လူထုရဲ့ ပူးပေါင်းကူညီမှု စတာတွေအားလုံးက စစ်အာဏာသိမ်းလိုက်ပြီး ရက်စက်တဲ့ဖြိုခွဲမှု ဖမ်းဆီးမှု ဝရန်းထုတ်မှု သတ်ဖြတ်မှုတွေကြောင့် ပျောက်ဆုံးသွားခဲ့ပြီးဆိုတာကို ထုတ်ဖေါ် ဝန်မခံသွားပါဘူး။

NUG အစိုးရ ကတော့ ပုဂ္ဂလိက ဆေးရုံတွေ အနေနဲ့ ကိုဗစ်လူနာတွေကို လက်ခံကုသပေးဖို့ ဒီနေ့နေ့စွဲနဲ့ ပန်ကြားချက် တရပ်ထုတ်ပြန်ခဲ့ပါတယ်။ NUG ယာယီသမတကြီးကိုယ်တိုင် PV TV ကနေ အရေးပေါ်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ NUG ဝန်ကြီးချုပ်ရုံးက စာထုတ်ပြန်ပြီး UN အပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းကို အကူအညီတောင်းတဲ့ တောင်းပန်စာ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ဘေး၊ အငတ်ဘေးနဲ့ ကပ်ဘေးကို ရင်ဆိုင်နေရကြောင်း၊ စစ်ဘေးမှာ လူ ၁ထောင် အသတ်ခံရ၊ လူ ၁သောင်းနီးပါး ဖမ်းဆီးခံရကြောင်း၊ လူ ၁၀သိန်း အကူအညီလိုနေကြောင်း၊ လူ ၃ သိန်းကျော် တိမ်းရှောင်နေရကြောင်း၊ အငတ်ဘေးမှာ ၆.၂ သန်း ခံစားနေရကြောင်း ထုတ်ပြန်ထားပါတယ်။ ကပ်ဘေးမှာ လူပေါင်း ထောင်ချီ ကူးစက်ကပ်ရပြီး နေ့စဉ် ထောင်ဂဏန်း အသက်ဆုံးရှုံးနေရကြောင်း စစ်ကောင်စီကလည်း ကိုဗစ်ကပ်ဘေးကို အသုံးချပြီး လူထုကို ဖိနှိပ်ချုပ်ချယ်ထားကြောင်း၊ လူသတ်လက်နက်သဖွယ် သုံးစွဲနေကြောင်း စွပ်စွဲထားပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုင်းအဝိုင်းက CRPH NUG တိုင်းရင်းသားအင်အားစုများ အားလုံးနဲ့ ပူးပေါင်းပြီး မြန်မာပြည်အရေးကို ဝင်ရောက် ကူညီဆောင်ရွက်ကြရန် အရေးတကြီး တိုက်တွန်းထားပါတယ်။

ဒီအကြပ်အတည်းက ဘယ်လို ရုန်းထွက်နိုင်မလဲ အသေအပျောက်နောက်ထပ် ဘယ်လောက်ရှိဦးမလဲဆိုတာကတော့ ခု အချိန်ကာလမှာ အရေးကြီးဆုံး မေးခွန်း ၂ ခုဖြစ်ပြီး တိတိကျကျ ဘယ်သူ ဖြေနိုင်မယ်ဆိုတာတော့ မသိသေးပါဘူး။ ပြည်သူလူထုနဲ့ နွေဥိးတော်လှန်ရေးရဲဘော်များ အင်အားစုများ၏ အကျယ်လောင်ဆုံး အကူအညီတောင်းဆိုသံ၊ နာကျည်းစွာ ဟစ်ကြွေးသံ၊ ငိုကြွေးသံ၊ အားမာန်တင်းသံတွေ မိုးလုံးလျှံထွက်နေပါပြီ။ စစ်ကောင်စီနဲ့ ကမ္ဘာကြီးကတော့ တစိမ်းပြင်ပြင်နေတုန်းပါပဲလား။

ဇူလိုင်လဆန်းမှစ၍ နေ့စဉ်ရုပ်အလောင်းများစွာ မီးသင်္ဂြိုဟ်နေရသည့် ရေဝေးသုဿန်မြင်ကွင်း။ (ဓာတ်ပုံ - Myanmar Now)

(မနေ့က သတင်းဆောင်းပါးမှာ Covid ရောဂါကြောင့် လူသေနှုန်းကို ၅၀%, ၂၅%, ၁၀% စသည်ဖြင့် ရေးသားထားရာမှာ ကူးစက်ခံရသည့် ဝေဒနာရှင်လူဦးရေအနက် % အားဖြင့် အသေအပျောက်ကို ဆိုလိုပါတယ်။ စာတမ်းများကလည်း ထို% ကို ကူးစက်ခံလူထုအပေါ်ကနေ တွက်ချက်တာ ဖြစ်ပါတယ်။ လူဦးရေအားလုံးအပေါ်ကို တွက်ချက်ခြင်း မဟုတ်ပါ)

join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar