Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၃ ရက် မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၃ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၂၁

နိုင်ငံတကာက အဆုံးအဖြတ်လား ပြည်တွင်းက အင်အားစုနဲ့ အခြေအနေက အဆုံးအဖြတ်လား 

မြန်မာ့နိုင်ငံရေးမှာ အာဏာချိန်ခွင်လျှာ၊ စစ်ရေးချိန်ခွင်လျှာတွေကိုပြောင်းလဲနိုင်တဲ့အထဲ  နိုင်ငံတကာရဲ့အကူအညီနဲ့ ပြည်တွင်းမှာရှိတဲ့နိုင်ငံရေးအင်အားစုတွေရဲ့ ထောက်ခံမှု၊ လူထုရဲ့ ထောက်ခံမှု၊ တဖက်မှာ ရန်သူလို့ဆိုတဲ့ စစ်အာဏာရှင်အင်အားစုရဲ့အခြေအနေ စတာတွေက အပြောင်းအလဲဖြစ်စေမယ့် အကြောင်းအရာတွေဖြစ်တယ်လို့ မြင်ပါတယ်။ 

နိုင်ငံတကာရဲ့ အကူအညီဆိုရာမှာ တချို့သောကမ္ဘာ့အခြေအနေတွေမှာ နိုင်ငံတကာအင်အားကြီးနိုင်ငံတွေက ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာအနေနဲ့ စစ်ရေးအရ ဝင်ရောက်ကူညီကြတာ၊ တနည်းအားဖြင့် စွက်ဖက်ကြတာမျိုးလည်း ရှိကြပါတယ်။ သို့မဟုတ် တဖက်ရန်ဘက်ဖြစ်တဲ့ နိုင်ငံရေးစနစ်၊ နိုင်ငံအုပ်စုနိုင်ငံတနိုင်ငံက သူတို့နဲ့ အိမ်နီးချင်းမှာ လာရောက်အခြေချတာမျိုး၊ အခြေချတယ်လို့ယူဆတာမျိုးဆိုရင်လည်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်ကြတာမျိုးလည်း ရှိပါတယ်။ 

ဒုတိယကမ္ဘာစစ်အပြီး ေပါ်ပေါက်လာတဲ့ စစ်အေးတိုက်ပွဲတွေနဲ့ ကမ္ဘာမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံတွေမပေါ်လာအောင် အမေရိကန်က အင်အားချိန်ခွင်လျှာ လိုက်ညှိတာ၊ သူ့နဲ့ဆန့်ကျင်ဘက် အင်အားစုတွေကို ထောက်ပံ့မှုပေးတာ၊ ကျားကန်ပေးတာတွေ၊ ဆိုဗီယက်၊ တရုတ်တို့ကလည်း အမေရိကန်ကို အင်အားချိန်ခွင်လျှာလိုက်ညှိဖို့ ကမ္ဘာမှာ အားပြိုင်ကြတာတွေက ၁၉၈၉ ခုနှစ်အထိပဲ ဖြစ်ခဲ့ပါတယ်။ 

အဲဒီလို အင်အားချိန်ခွင်လျှာ လိုက်ညှိကြရာမှာ အမေရိကန်ဆိုရင်လည်း နိုင်ငံတနိုင်ငံကို ကွန်မြူနစ်နိုင်ငံ လက်ဝဲနိုင်ငံ မဖြစ်ရေးဆိုရင် အဲဒီအုပ်ချုပ်နေတဲ့သူက အာဏာရှင်လား စစ်အာဏာရှင်လား လူထုက မနှစ်မြို့တဲ့အစိုးရဖြစ်နေလားဆိုတာတွေ မရွေးချယ်တော့ပဲ ကွန်မြူနစ်ဆန့်ကျင်တဲ့ အင်အားစုတွေကို မျက်စေ့မှိတ်ထောက်ခံခဲ့ကြတာပါ။ 

ဝေးဝေးကြည့်စရာ မလို ကျနော်တို့နိုင်ငံက ၁၉၆၂ ခု အာဏာသိမ်းပြီးတက်လာတဲ့ စစ်တပ်ခေါင်းဆောင် မဆလအစိုးရကိုတောင် ကွန်မြူနစ်သူပုန်တွေနဲ့တိုက်နေတာကို အကြောင်းပြုပြီး မဆလအစိုးရနဲ့ စစ်အာဏာရှင် ခေါင်းဆောင်ဦးနေဝင်းနဲ့ မိတ်မပျက် ဆက်ဆံခဲ့ကြတာ ၁၉၈၈ အရေးအခင်း ဖြစ်တဲ့တိုင်ပါ။ 

အလားတူပဲ ဗီယက်နမ်စစ်ပွဲမှာ အများစုလူထုရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး စစ်အင်အားအလွန်အကျွံသုံး တိုက်ခိုက်ခဲ့တာတွေ၊ ကွန်မြူနစ် ခမာနီတွေက ဆိုဗီယက်ကိုဆန့်ကျင် ဗီယက်နမ်ကိုဆန့်ကျင်တော့ ခမာနီတွေရဲ့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေကို လျစ်လျူရှုခဲ့ကြတာတွေက သမိုင်းသက်သေတွေ လေ့လာစရာ သင်ခန်းစာယူစရာတွေ ဖြစ်ပါတယ်။ 

အလားတူပဲ ဆိုဗီယက်ပြည်ထောင်စုလို့ အဲအချိန်ကခေါ်တဲ့ ရုရှားကလည်း ၁၉၇၉ ကနေ ၁၉၈၉ ခုနှစ်ထိ အာဖဂန်လိုမျိုးမှာ စစ်အင်အားနဲ့ ဝင်ရောက်စွက်ဖက်ခဲ့တာတွေ အခြားသောနိုင်ငံတွေမှာ ဝင်ရောက်စွက်ဖက်တာတွေ တဖက်အင်အားစုလိုပဲ ရှိခဲ့တာဖြစ်ပါတယ်။ 
ဆိုချင်တာက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ စွက်ဖက်မှုတွေက နိုင်ငံတနိုင်ငံချင်းရဲ့ လူထုဆန္ဒ ထောက်ခံမှုဆိုတာတွေထက် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ အကျိုးစီးပွားတွေကို တွက်ချက်ပြီးပါဝင်ကြတာမျိုးဆိုတာ သင်ခန်းစာယူကြဖို့လို့ဆိုချင်တာဖြစ်ပါတယ်။ 

နောက်ပြည်တွင်းက အင်အားစုတွေရဲ့ ထောက်ခံမှုဆိုတာကို အဓိပ္ပါယ်ဖွင့်ကြမယ်ဆိုရင် နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထောက်ခံမှုကို ဆိုလိုတာဖြစ်ပါတယ်။ ပြည်တွင်းအင်အားစုတွေရဲ့ ထောက်ခံမှုလို့ပြောရင် အထွေထွေရွေးကောက်ပွဲကို ကောက်ချက်ချ ပြောကြတာမှန်ပေမယ့်လည်း ဒေသအလိုက် အုပ်ချုပ်မှု စစ်ရေးအရလွှမ်းမိုးထားနိုင်မှု အာဏာကိုလည်း ထည့်သွင်းတွက်ချက်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ 

NUG အနေနဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရဲ့ မဲရလဒ်၊ ထောက်ခံမှုအချိုးအစားတခုထဲကို ထည့်သွင်းစဥ်းစားပြီး လူထုထောက်ခံမှု အများဆုံးရထားတယ်လို့ ဆိုနိုင်ပေမယ့် ရွေးကောက်ပွဲနိုင်ငံရေးကိုကျော်လွန်သွားတဲ့ အခုလိုကာလမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးထားနိုင်မှုနဲ့ သူတို့နဲ့ ဆက်ဆံရေး မဟာမိတ် နိုင်ငံရေးအကျိုးတူ ဆောင်ရွက်မှု သဘောတူညီမှုစတာတွေကို အလေးထားစဥ်းစားရမယ်လို့မြင်ပါတယ်။ 

ပြည်တွင်းအင်အားစုထဲက နောက်တချက်ဖြစ်တဲ့ လူထုထောက်ခံမှုဆိုတဲ့ အင်အားက မဲပေးတဲ့အခြေအနေမျိုးမှာ ဘယ်လောက်ထောက်ခံနိုင်သလဲ၊ လက်နက်ကိုင် တိုက်ပွဲလိုမျိုးမှာ ဘယ်လောက်လိုက်နိုင်မလဲ ဆိုတာကိုလည်း ခွဲခြား သုံးသပ်နားလည်ဖို့လိုအပ်မယ် ဖြစ်ပါတယ်။ ဘယ်လောက်နှစ်ကြာကြာ တိုက်ပွဲကို ကြံ့ကြံ့ခံတောင့်ခံနိုင်မလဲ၊ စီးပွားရေးအရ၊ အသက်ရှင်ရပ်တည်ရေးအရ၊ တဖက်ရန်သူရဲ့ နည်းလမ်းအမျိုးမျိုးနဲ့ နှိပ်ကွပ်မှု နှိပ်စက်မှုကို တောင့်ခံနိုင်စွမ်း စသဖြင့် အခြေအနေအမျိုးမျိုးကို ထည့်သွင်းစဥ်းစားထားဖို့ လိုအပ်မယ် ဖြစ်ပါတယ်။ 
နောက်ထည့်သွင်းစဥ်းစားရမယ့်အချက်က ရန်သူဖြစ်တဲ့ စစ်အာဏာရှင် အင်အားစုဘက်က ရုပ်ဝတ္တုအားဖြင့် ရှိတဲ့အင်အား၊ စိတ်ဓါတ်ရေးအရ ရှိတဲ့အင်အား၊ လျော့ပါးလာနိုင်တဲ့ အင်အား စတာတွေကိုလည်း မှန်းဆတွက်ချက်ပြီး တိုက်ပွဲရဲ့ မဟာဗျူဟာကို ချမှတ်ရမယ်လို့မြင်ပါတယ်။ 

နိုင်ငံရေးကို ဦးဆောင်ဦးရွက်ပြုနေသူ မဟာဗျူဟာချမှတ်နေသူ ညွှန်ကြားနေသူတွေအဖို့ ဆိုရှယ်မီဒီယာ၊ တချို့သော သတင်းမီဒီယာဌာနတွေက ရေးသားဖေါ်ပြနေကြတဲ့ စိတ်အားတက်စရာ၊ စိတ်ဓါတ်ကျစရာတွေနဲ့ နိုင်ငံရေးရေချိန် မြင့်နေပြီ၊ အောင်ပွဲက လက်တကမ်းမှာလို့ အလွယ်တကူ မဆုံးဖြတ်သင့်သလို အခါအားလျော်စွာ ကြုံတွေ့ကြရတဲ့ ဖမ်းဆီးမှု၊ နှိပ်စက်သတ်ဖြတ်မှု၊ အသက်ဆုံးရှုံးမှုတွေနဲ့ နိုင်ငံတကာရဲ့ သံတမန်ရေး အတက်အကျတွေကြောင့်လည်း စိတ်အား တက်ခြင်း ကျခြင်းတွေ လွယ်လွယ်ကူကူ မဖြစ်ဖို့ မတုံ့ပြန်ဖို့လိုအပ်တယ်မြင်ပါတယ်။ 

အခုလက်ရှိ မြန်မာနိုင်ငံအခြေအနေကတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာ အကျိုးစီးပွားထဲ​တိုက်ရိုက်ပတ်သက်မနေပဲ ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်မှုလည်း မဖြစ်နိုင်တာမို့ ပြည်တွင်းအင်အားကသာလျင် အဆုံးအဖြတ်ဖြစ်မယ်လို့ ယူဆမိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar