Breaking News

စိုင်းဇင်ဒီဒီဇုံ - အခန်း (၈) မြန်မာပြည်မှာ အခြေချတဲ့ လီမီရဲ့ တပ်မတော်


စိုင်းဇင်ဒီဒီဇုံ - အခန်း (၈) မြန်မာပြည်မှာ အခြေချတဲ့ လီမီရဲ့ တပ်မတော်
စက်တင်ဘာ ၁၄၊ ၂၀၂၁

မြန်မာနိုင်ငံက သူ့တပ်တွေကို ရွှေ့ထုတ်ပစ်ဖို့ သံတမန်တွေက ဆွေးနွေးနေတုန်း လီမီကတော့ မိုင်းဆတ်မှာ ရှိနေတယ်။ နောက်တခါ ယူနန်ကို ဝင်တိုက်ဖို့ အင်အားကြီးမားတဲ့ စစ်တပ်မလိုဘူး၊ စည်းကမ်းသေဝပ်ပြီး ညီညီညွတ်ညွတ်ရှိတဲ့ စစ်တပ်ပဲ လိုတယ်။ ပြီးခဲ့တဲ့တခေါက်တုန်းက လူထုက သူ့တပ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး အုံကြွကာ ကွန်မြူနစ်တွေကို ဆန့်ကျင်တာ မရှိဘူး၊ ဒါ့ကြောင့် နောင်မှာ လူထုထောက်ခံမှု ရနိုင်မယ့် နိုင်ငံရေးလမ်းစဉ် တခုလိုလည်း လိုအပ်တယ်။ လောလောဆယ်တော့ လူသစ်တွေ ထောင်နဲ့ချီ ပြည့်နှက်နေတဲ့ သူ့စစ်တပ်ကို လေ့ကျင့်ဖို့၊ လက်နက်တပ်ဆင်ဖို့၊ ကျွေးမွေးဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် အတော်လေးခက်ခဲနေတယ်။ အရင် တရုတ်အမျိုးသားတပ်မတော်မှာ ပါခဲ့တဲ့ အမြဲတမ်းစစ်သားတွေနဲ့ ပိုပြီး စည်းကမ်းသေဝပ်တဲ့ အမြဲတမ်းမဟုတ်တဲ့ တပ်သားတွေကို ဌာနချုပ်စခန်း အနားမှာ ထားတယ်။ လွတ်လွတ်လပ်လပ် နေချင်စိတ်ရှိပြီး တကွဲတပြားစီဖြစ်နေတဲ့ တပ်တွေကတော့ ယူနန်ပြည်နယ် ကွန်မြူနစ် ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တပ်တော် စည်းကမ်းအောက်မှာ နာမည်ခံရုံလောက်ပဲ ရှိပါတယ်။

တရုတ်ဖြူ ယူနန်တပ်တော်အောက်က တပ်ဖွဲ့ရဲ့ နာမည်တွေ ခဏခဏ ပြောင်းနေတာကလည်း လီမီက တပ်ကို ကွပ်ကဲထိန်းချုပ်ဖို့ ခက်ပါတယ်။ တပ်တော် (၂၆) ကို စစ်ဆင်ရေးအရ လီမီက ကွပ်ကဲပေမယ့် အုပ်ချုပ်မှုအရကတော့ ထိုင်ပေမှာ ရှိတဲ့ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက စီမံအုပ်ချုပ်ပါတယ်။ ဒီတပ်ကတော့ ဖွဲ့စည်းပုံအရ အပြောင်းအလဲ မရှိပါဘူး။ တရုတ်ဖြူ ယူနန်တပ်တော်ရဲ့ အမြဲတမ်း မဟုတ်တဲ့ တပ်တွေကိုတော့ စစ်ဆင်ရေးအရရော၊ အုပ်ချုပ်မှုအရရော လီမီအောက်မှာ ရှိတယ်ဆိုတာကလည်း မည်ကာမတ္တပါ။ အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့တွေက သူတို့ဘာသာ သူတို့ပြန်ဖွဲ့စည်းကြတယ်၊ သူတို့တပ်နာမည်ကို သူတို့ဘာသာပေးတယ်၊ စစ်ဆင်ရေးနယ်မြေကို သူတို့တပ်မှူး စိတ်ကူးပေါက်ရာကို ရွှေ့တယ်။ ယူနန်တပ်တော်ရဲ့ ဖွဲ့စည်းပုံ၊ အရေအတွက်နဲ့ ပတ်သက်လို့ လီမီက ထိုင်ပေကို ပို့တဲ့ အစီရင်ခံစာတွေကို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကောင်းကောင်း သိမ်းထားတယ်။ ဒါပေမယ့် တရားဝင်မှတ်တမ်းတွေ ဖြစ်လို့ အရေအတွက်တွေ တိကျမှု ရှိမရှိ စစ်စရာမလိုပါ။ အရိုးစွဲနေတဲ့ တရုတ်ထုံးစံအရ လူအရေအတွက် စာရင်းတိုးပြတာဟာ တပ်မှူး တယောက်အတွက် ဂုဏ်သိက္ခာ မြင့်တက်စေတဲ့ အပြင် အဲဒီ “ကိုယ်ပျောက်စစ်သား” တွေကြောင့် တပ်မှူးရဲ့ အိတ်လည်းဖောင်းရပါတယ်။

လီမီဆီမှာ တပ်နှစ်မျိုးရှိတယ်− အမြဲတမ်းတပ်တွေနဲ့ အမြဲတမ်းမဟုတ်တဲ့တပ်တွေ။ မိုင်းဆတ်နဲ့ အနီးအနားက စခန်းတွေမှာ ရှိတာက အမြဲတမ်းတပ်တွေဖြစ်တယ်။ ဒီတပ်တွေဟာ အချိန်အခါနဲ့ နေရာဒေသ အပေါ် မူတည်ပြီး အတော်အတန် စည်းကမ်းရှိတယ်။ ဒေသခံလူထုနဲ့လည်း ဆက်ဆံရေးလည်း ကောင်းတန်သလောက် ကောင်းတယ်။ အတင်းအကျပ် ခေါ်ခိုင်းတာ၊ အခွန်ကောက်တာတွေ ရှိနေပေမယ့်လည်း တရုတ်ဖြူ အမြဲတမ်းတပ်တွေ ရှိနေတာဟာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့တဲ့အပြင် ဥပဒေမဲ့ဒေသမှာ ငြိမ်ဝပ်ပိပြားမှု အတော်အတန် ရှိလာပါတယ်။ မိုင်းဆတ်နဲ့ ဝေးလေလေ ယူနန်တပ်တော်လက်အောက်ခံ အမြဲတမ်းတပ်မဟုတ်တဲ့ စည်းမဲ့ကမ်းမဲ့ တောပုန်းဓားပြသာသာ တပ်ဖွဲ့တွေကို တွေ့ရပါတော့တယ်။ ပစ္စည်းတွေ လုယက်တာ၊ ခြိမ်းခြောက်ပြီးတော့ “အခွန်ကောက်” တာတွေကြောင့် လူမှုရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှု လျော့ပါးလာပြီး စီးပွားရေးလည်း ကမောက်ကမ ဖြစ်ကုန်တယ်။ လူတွေလည်း သံလွင်မြစ် အနောက်ဘက်က အစိုးရထိန်းချုပ်တဲ့ နယ်မြေတွေဆီ ထွက်ပြေးခိုလှုံရတယ်။ တရုတ်ဖြူ ယူနန်တပ်တော်က သံလွင်အရှေ့ခြမ်းမှာ ရှိနေတာကြောင့် မြန်မာအစိုးရက တရုတ်နယ်စပ်တလျှောက်က ကျယ်ပြန့်တဲ့ ဒေသကြီးကို မအုပ်ချုပ်နိုင်ဘူး။ မကြာခင်မှာပဲ တရုတ်ဖြူ ယူနန်တပ်တော်ရဲ့ ဒုက္ခပေးမှုမှာ သံလွင်မြစ် အနောက်ဘက်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ ပြည်မဘက်ကိုပါ ရောက်လာပါတော့တယ်။

လီမီရဲ့တပ်တွေဟာ အဓိက ရှမ်းနယ်ကြီး ခြောက်နယ်မှာ ဖြန့်ကျက်ထားတယ်။ အခြေစိုက် စခန်းကြီးတွေက ယူနန်နယ်စပ် တလျှောက် မိုင်းမော ကနေ ပန်ယန်း၊ မိုင်းယန်းနဲ့ မိုင်းယောင်း (လာအိုနဲ့ နီးတယ်) ဘက်အထိ ရောက်တယ်။ ပြီးတော့ ထိုင်းနိုင်ငံရဲ့ အနောက်ဘက်နယ်စပ် တလျှောက် မိုင်းဆတ်နဲ့ မိုင်းတုံ ဘက်အထိ ရှိတယ်။ မြေပုံ (၄) မှာ ကြည့်နိုင်တယ်။ ဒီအခြေစိုက်စခန်းတွေကြားမှာ တိရစ္ဆာန်ဝန်တင်လမ်းတွေ၊ ကားလမ်းဟောင်းတွေနဲ့ ချိတ်ဆက်ထားတယ်။ စခန်းတိုင်းဟာ ဆန်စပါးစိုက်နိုင်တဲ့ မြေနိမ့်ပိုင်း လွင်ပြင်တွေကို ထိန်းချုပ်ထားနိုင်လို့ တရုတ်ဖြူ ယူနန်တပ်တော် ရှင်သန်ရေးအတွက် အရေးပါတယ်။ တရုတ်ဖြူ အဖွဲ့ငယ်ကလေး တချို့ကတော့ မြောက်ဘက်မှာ မြန်မာနိုင်ငံ ကချင်ပြည်နယ်ဘက် အထိနဲ့ တောင်ဘက်မှာ တနင်္သာရီတိုင်း1ဘက်အထိ ဝင်ရောက်လှုပ်ရှားပါတယ်။ မြန်မာအစိုးရက မြို့ကြီးတွေကိုပဲ ထိန်းချုပ်ထားနိုင်တာမို့လို့ များသေအားဖြင့် တရုတ်ဖြူတပ်တွေက ကျေးလက်ဒေသတွေမှာ လွတ်လွတ်လပ်လပ် လှုပ်ရှား သွားလာလို့ရတဲ့အပြင် မြို့ပြဒေသတွေကိုလည်း သိမ်းချင်ရင် သိမ်းနိုင်တဲ့ အနေအထားမှာ ရှိတယ်။


မြေပုံ (၄) ၁၉၅၁−၁၉၅၃ ကာလ ယူနန်ပြည်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တပ်တော် အခြေစိုက်ရာ ဒေသများ

ယူနန်ပြည်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး တက္ကသိုလ်

နောက်ဆုံးမှာ ယူနန်ကို ပြန်သိမ်းနိုင်ခဲ့ရင်ဆိုတဲ့ ယူဆချက်နဲ့ လီမီက ယူနန်ပြည်နယ်ကို အုပ်ချုပ်ဖို့ နိုင်ငံရေးနဲ့ မြို့ပြအုပ်ချုပ်ရေးအဖွဲ့တွေ အထူးပြု လေ့ကျင့်ပေးဖို့ ကျောင်းတကျောင်းဖွင့်လိုက်တယ်။ ၁၉၅၁ ခုနှစ် ယူနန်ကို ဝင်တိုက်နေတုန်းမှာ လီမီရဲ့ အကြီးတန်း လက်ထောက်တယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး လီဇေဖန်း က မိုင်းဆတ်မှာ ယူနန်ပြည်သူ့ ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် ရုရှားခုခံရေး စစ်ရေးနှင့် နိုင်ငံရေး တက္ကသိုလ် ဆိုတာကို ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ ယူနန်ပြည်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး တက္ကသိုလ်လို့ အလွယ်ခေါ်နိုင်တယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာ လီမီ ဟာ ဒီကျောင်းရဲ့ အဓိပတိအနေနဲ့ ကျောင်း ပထမအသုတ် သင်တန်းဖွင့်ပွဲ အခမ်းအနားမှာ သဘာပတိ လုပ်ပေးခဲ့တယ်။ အဲဒီအခမ်းအနားကို ကျန်ကျင်းကော် က သူ့ကိုယ်စားလှယ် တယောက် စေလွှတ်ခဲ့တယ်။ တပ်သားရာဂဏန်း စုစည်းထားတဲ့ မိုင်းဆတ် စစ်ရေးပြကွင်းရှေ့မှာ လီမီက တရုတ်သမ္မတနိုင်ငံတော် အလံကို လွှင့်ထူလိုက်တယ်။ ပြည်မကြီးကို ပြန်လည်သိမ်းပိုက်ဖို့ ကိုရီးယားစစ်ပွဲနဲ့ အရှေ့တောင်အာရှမှာ ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေက ပေးတဲ့ အခွင့်အရေးကို ဖမ်းဆုပ်ကြဖို့ ကျောင်းသားတွေကို တိုက်တွန်းတယ်။ ပြီးတော့ ဂုဏ်ပြုစားပွဲတည်ခင်းပြီး တရုတ်ဇာတ်ကပွဲနဲ့ ဧည့်ခံပါတော့တယ်။

တက္ကသိုလ်ရဲ့ နေ့စဉ်လုပ်ငန်း တာဝန်တွေကို စာပေသမားကြီး လီဇေဖန်းက ယူရပါတယ်။ လီဇေဖန်း ကို ကွမ်းတုံမှာ ၁၉၀၅ ခုနှစ်တုန်းကမွေးတယ်။ ဟွမ်ပု စစ်တက္ကသိုလ် အပတ်စဉ် (၅) က ကျောင်းဆင်းပြီး နောက်ပိုင်းမှာ တပ်မမှူး၊ တပ်တော်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ ယူနန်မှာ လူဟန့် ဘက်ပြောင်းတုန်းက လီဇေဖင်းဟာ ကုန်းကြောင်းကနေပဲ ပြေးလာပြီး လီမီနဲ့ မိုင်းဆတ်မှာ လာပေါင်းတယ်။2 ထိုင်ဝမ်းက လွှတ်လိုက်တဲ့ အရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီ တခုက တရုတ်သမ္မတနိုင်ငံ ဗဟိုစစ်တက္ကသိုလ်က စည်းမျဉ်းစည်းကမ်းတွေ အတိုင်း တက္ကသိုလ်ကို စီမံခန့်ခွဲတယ်။ အဲဒီထဲက တချို့ အရာရှိတွေက တရုတ်ဖြူ ယူနန်တပ်တော် အဓိက လေ့ကျင့်ရေးစခန်းကြီးတွေ ဖြစ်တဲ့ မိုင်းဆတ်၊ မိုင်းယောင်းနဲ့ မိုင်းညှင်းမှာ စည်းကမ်းတင်းကျပ်တဲ့ စစ်သင်တန်းတွေပေးတယ်။ တချို့က မိုင်းဆတ်မှာ နိုင်ငံရေး ဘာသာရပ်တွေ သင်ကြားပေးတယ်။ မြန်မာတွေ ဖမ်းဆီးထိန်းသိမ်းထားရာကနေ ၁၉၅၁ ဩဂုတ်လမှာ ပြန်လွတ်လာတဲ့ ဒေါက်တာ ထင်းကျိုရှောက် ကလည်း အဲဒီတက္ကသိုလ်မှာ သဘောတရားပညာရေးပေး ညွှန်ကြားရေးမှူး ဖြစ်လာတယ်။ သူ့ကျောင်းသားတွေထဲမှာ ပြည်မကြီးက ထွက်ပြေးလာတဲ့ ပညာတတ် လူငယ်တွေ အပြင် မြန်မာ၊ လာအို၊ ထိုင်း၊ မလေးယားနဲ့ စင်္ကာပူမှာရှိတဲ့ ကူမင်တန် အဖွဲ့တွေက စေလွှတ်လိုက်တဲ့ ပင်လယ်ရပ်ခြားက ပညာတတ် လူငယ်တွေလည်းပါတယ်။3 

၁၉၅၂ ဧပရယ်လလောက်မှာ မြန်မာတပ်တွေ မိုင်းဆတ်ဘက်ကို ဖိတိုက်ကြလို့ လီဇေဖန်း က တက္ကသိုလ်ကို ထိုင်းနယ်စပ်နဲ့ ပိုနီးတဲ့ ပုံပါကျင်ကို ရွှေ့လိုက်ရတယ်။ နောက်တနှစ်လောက်ကြတော့ လီဇေဖန်း က လီမီနဲ့ အတူ ထိုင်ပေမှာပဲ ရှိနေပြီး ပြန်လို့ မဖြစ်တော့တဲ့ အခြေအနေဖြစ်နေလို့ ကျောင်းနာမည်ကို ယူနန်ပြည်နယ် စစ်ရေးနှင့် နိုင်ငံရေး ဗိုလ်လောင်း လေ့ကျင့်ရေးအဖွဲ့ လို့ ပြောင်းလိုက်ပြီး သင်ရိုးညွှန်းတမ်းမှာလည်း စစ်သင်တန်းကိုပဲ အလေးပေးလိုက်တော့တယ်။ တွမ့်ရှီးဝင်နဲ့ လီဝင်ဟွမ့် တို့ နှစ်ယောက်စလုံးဟာ နောက်ပိုင်းမှာ ရွှေတြိဂံဒေသရဲ့ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရေးမှာ နာမည်ဆိုးနဲ့ ကျော်ကြားလာတယ်။ ၁၉၅၄ နွေဦးကာလ မြန်မာတပ်တွေ ပုံပါကျင်အနီးကို ချဉ်းကပ်လာလို့ ကျောင်းကို စွန့်ခွာရတဲ့ နောက်ဆုံးအချိန်အထိ သူတို့က ပုံပါကျင်မှာရှိတဲ့ ကျောင်းသားတပ်ဖွဲ့ကို ကွပ်ကဲခဲ့ပါတယ်။

ထိုင်ဝမ်းမှ မိုင်းဆတ်သို့ လေကြောင်းဆက်သွယ်ရေး

ရေရှည်အခြေစိုက်နေထိုင်ဖို့ တရုတ် ယူနန်တပ်တော် က ပြင်ဆင်ထားတာမို့လို့ မိုင်းဆတ် လေယာဉ်ကွင်းဟာ ထိုင်ဝမ်းကနေ ထောက်ပံ့ရေးလေယာဉ်တွေ ခရီးဆုံးတဲ့ နေရာဖြစ်လာတယ်။ ၁၉၅၁ နွေရာသီမှာ အမျိုးအမည်မသိ လေယာဉ်တွေကနေ လက်နက်နဲ့ တခြားပစ္စည်းတွေကို မိုင်းဆတ်မှာ လေထီးနဲ့ လာချပေးတာကို သိသိသာသာကြီး မြင်တွေ့လာရတယ်။ အဲဒီလေယာဉ်တွေဟာ စီအေတီ လေကြောင်းလိုင်းပိုင် အင်ဂျင်နှစ်လုံးတပ် စီ−၄၆ ကွန်မန်ဒို၊ စီ−၃၇ (ဒီစီ−၃) စကိုင်းထရိန်းနဲ့ အင်ဂျင် လေးလုံးတပ် စီ−၅၄ (ဒီစီ−၄) စကိုင်းမာစတာ အမျိုးအစား ကုန်တင်လေယာဉ်တွေ ဖြစ်ပါတယ်။ ဆိုင်ဂုံနဲ့ ဒါနန် မှာ ခဏဝင်နားနိုင်ဖို့အတွက် လေယာဉ်မှူးတွေက ရန်ကုန်ကို ဆက်လက်ပျံသန်းမှာ ဖြစ်တယ်လို့ စာရင်းလိမ်ပေးတယ်။ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ပြင်သစ်အရာရှိတွေကလည်း အဲဒီခရီးစဉ်တွေအကြောင်း မြန်မာ အာဏာပိုင်တွေကို အကြောင်းမကြားတဲ့အပြင် နောင်ရေးအတွက် မျှော်မှန်းပြီး စာရွက်စာတမ်းတွေကိုပါ ဖျက်ဆီးပေးကြရတယ်။ လုပ်ထုံးလုပ်နည်းတွေကို သိပ်ပြီးမလိုက်နာတဲ့ ထိုင်းနိုင်ငံကနေ တဆင့် ပျံသန်းမယ်ဆိုရင်တော့ ဒီလို ပရိယာယ်သုံးနေတာဟာ မလိုအပ်ပါဘူး။

၁၉၅၁ အစောပိုင်းကတော့ ယူနန်ကို ရွှေ့ဖို့ ဖုတ်ပူမီးတိုက်လုပ်နေရတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေ ဖောက်ခဲ့တဲ့ မူလ မိုင်းဆတ် လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ဖို့ လီမီ အလုပ် အရှုပ်မခံခဲ့ဘူး။ တနှစ်လောက်ကြာပြီးတဲ့နောက် ပေ ၄,၄၀၀ ရှည်တဲ့ မြေသားပြေးလမ်းဟာ ချိုင့်တွေခွက်တွေနဲ့ သုံးစားလို့ မရတော့ပါဘူး။ မုတ်သုံမိုးရွာတဲ့ ဂျွန်ကနေ နိုဝင်ဘာ အတွင်းဆိုရင် ကျွဲတွေပျော်စံရာ ကျွဲလူးအိုင်လေးတွေနဲ့ အပြည့်ပါပဲ။ ယူနန်ဘက်ကနေ မောင်းထုတ်ခံရပြီးနောက် ကြည်းကြောင်းကနေ ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖြတ်တောက်ခံရတဲ့အခါ လီမီက လေယာဉ်ကွင်း ပြန်ပြင်ဖို့ သူ့အင်ဂျင်နီယာတွေကို ခိုင်းပါတယ်။ ဒေသဖြစ် ကိရိယာ တန်ဆာပလာတွေ၊ ဆင့်ခေါ်ထားတဲ့ အလုပ်သမားတွေသုံးပြီး ၁၉၅၂ ဇန်နဝါရီမှာ မြေပြန်ညှိတယ်၊ ပြေးလမ်းအရှည်ကို ပေ ၅,၀၀၀ အထိ ထပ်ချဲ့တယ်။4

မြန်မာအစိုးရ အစီရင်ခံစာနဲ့ စာနယ်ဇင်းတွေရဲ့ ရေးသားချက်အရဆိုရင် မိုင်းဆတ် လေယာဉ်ကွင်းမှာ အင်ဂျင်နှစ်လုံးတပ် လေယာဉ်တွေ အတက်အဆင်း လုပ်နေကြတယ်လို့ သိရပါတယ်။ စာရေးသူတွေ အနေနဲ့ကတော့ မိုင်းဆတ်မှာ အဲဒီလိုမျိုး လေယာဉ်တွေ ဆင်းတဲ့ အထောက်အထားကို မတွေ့ရပါဘူး။ စီ−၄၇ အမျိုးအစား လေယာဉ်တွေဟာ ခြောက်သွေ့တဲ့ ရာသီဥတုမှာ ဒီလေယာဉ်ကွင်းကို ဆင်းနိုင်ပေမယ့် မိုးတွင်းဆို မဆင်းနိုင်ပါဘူး။ အရွယ်အစားပိုကြီးတဲ့ စီ−၄၆ လေယာဉ်တွေဆိုရင် ပိုပြီးလေးတာကြောင့် ရာသီဥတု ကောင်းရင်တောင်မှ ဒီပြေးလမ်းမှာ ဆင်းဖို့ မလွယ်ပါ။ ဒါ့ကြောင့် ဒီလေယာဉ်ကွင်းဟာ လေထီးနဲ့ချပေးဖို့တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

လီမီရဲ့တပ်တွေ မိုင်းဆတ်လေယာဉ်ကွင်းကို ပြန်ဖောက်နေတဲ့အချိန်မှာပဲ နိုင်ငံရေးအခြေအနေတွေက ပြောင်းလဲနေပါပြီ။ လေကြောင်းကနေပြီး အကြီးအကျယ် ပြန်လည်ထောက်ပံ့ဖြည့်တင်းပေးဖို့ သူတို့ မျှော်လင့်ထားတာတွေဟာ အနာဂတ် နိုင်ငံရေးအစီအစဉ်တွေထဲမှာ မပါတော့ပါဘူး။ လီမီရဲ့တပ်နဲ့ အဆက်အသွယ်ဖြတ်ဖို့ ၁၉၅၁ ခုနှစ် ဝါရှင်တန်ရဲ့ ဆုံးဖြတ်ချက်အရ စီအေတီ လေကြောင်းလိုင်း ပိုင်ရှင်တွေကလည်း မိုင်းဆတ်ကို ထောက်ပံ့ရေးပစ္စည်းတွေ နောက်ထပ် ပို့ဆောင်ပေးဖို့ ငြင်းပယ်လိုက်တယ်။ လက်နက်ခဲယမ်းတွေ လေကြောင်းက ပို့ပေးဖို့ လီမီက တောင်းဆိုတာကို ချန်ကေရှိတ်က ထောက်ခံပေမယ့် သူ့လေတပ်က လေယာဉ်တွေနဲ့ ပို့ပေးရင် တရုတ်လေပိုင်နက် အပြင်ဘက်မှာ သူများက တွေ့သွားရင် နိုင်ငံတကာက ပစ်တင်ဝေဖန်ခံရမှာမို့လို့ မဖြစ်နိုင်ပါတယ်။

တရုတ်အမျိုးသားလေတပ်က လေယာဉ်တွေ အစား ဖုရှင်းလေကြောင်းလိုင်းကို သုံးဖို့ ချန်ကေရှိတ်ရဲ့ မွေးစားသား ကျန်ဝေကော် က အကြံပေးတယ်။ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက လျှို့ဝှက် အထောက်အပံ့နဲ့ ဖုရှင်းလေကြောင်းလိုင်းကို ၁၉၅၁ မတ်လမှာ စတင်တည်ထောင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဖုရှင်း လေကြောင်းလိုင်းမှာ အမေရိကန်ရေတပ်သုံး ပီဘီဝိုင် ကာတယ်လီနာ အမျိုးအစား အင်ဂျင်နှစ်လုံးတပ် ခရီးရှည် ဗုံးကြဲ လေယာဉ်ပျံကို အများသုံးအတွက် ပြန်ပြင်ဆင်ထားတာ တစီးရှိတယ်။ ရနိုင်သမျှ စာရွက်စာတမ်းတွေ၊ လီမီရဲ့စစ်သားဟောင်းတွေကို စာရေးသူတို့ တွေ့ဆုံမေးမြန်းချက်တွေ အရတော့ မိုင်းဆတ်ကို ဆင်းတဲ့ လေယာဉ်တွေဟာ ဖုရှင်း လေကြောင်းလိုင်းပိုင် ကာတာလီနာ လေယာဉ်တွေ ဖြစ်တယ်ဆိုတာ သိရတယ်။ ဖုရှင်းလေကြောင်းလိုင်း တည်ထောင်သူ သုံးယောက်ထဲက တယောက်ဖြစ်တဲ့ မွန်းဖန်ချင်း (ချန်ဝင်ခွမ်း) ဟာ လေကြောင်းလိုင်းရဲ့ အဓိက ရှယ်ယာပိုင်ရှင်လည်းဖြစ်၊ ဥက္ကဋ္ဌလည်းဖြစ်၊ လေယာဉ်မှူးချုပ်လည်း ဖြစ်ပါတယ်။ ကလေးဘဝ ကတည်းက အမေရိကန် ပြည်ထောင်စုကို ပြောင်းရွှေ့သွားခဲ့သူ ဖြစ်တာကြောင့် အမေရိကန် နိုင်ငံသား တယောက်ဖြစ်တယ်။ ၁၉၃၃ နှစ် အသက် ၂၀ အရွယ်မှာ အမေရိကန် ပြည်ထောင်စုမှာ လေယာဉ်မောင်း သင်တန်းဆင်းပြီးနောက် တရုတ်နိုင်ငံကိုသွားပြီး တရုတ်အမျိုးသား လေကြောင်း ကော်ပိုရေးရှင်းမှာ အလုပ်လုပ်တယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဟိမဝန္တာ “တောင်စွန်း” ကို ဖြတ်ကျော်ပြီး တရုတ် ပြည်မကြီးမှာ လေယာဉ်ပျက်ကျလို့ ဒုက္ခရောက်နေတဲ့ လေယာဉ်အမှုထမ်းတွေကို လိုက်ကယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ သူကယ်ဖူးခဲ့တဲ့ အထဲမှာ ၁၉၄၂ ဧပရယ်လမှာ တိုကျိုကို ဗုံးသွားကြဲပြီး တရုတ်နိုင်ငံပေါ်မှာ လေယာဉ်ပျက်ကျခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ဂျိမ်း “ဂျင်မီ” ဒူးလစ်တယ် လည်းပါတယ်။5 တိုကျိုကို ဗုံးသွားကြဲတာက အတော် နာမည်ကြီးခဲ့တဲ့ အဖြစ်အပျက်ပါ။ တရုတ်−ဂျပန်စစ်ပွဲ အတွင်းမှာလည်း မွန်းဖန်ချင်းဟာ တရုတ် လေယာဉ်မှူးတွေကို လေ့ကျင့်ပေးခဲ့တယ်။ အဲဒီအထဲမှာ နောင်အခါမှာ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတွေက တရုတ်သမ္မတနိုင်ငံ တပ်ဖွဲ့တွေကို ထောက်ပံ့ပေးခဲ့တဲ့ တရုတ်အမျိုးသား လေတပ် အမှတ် (၃၄) အထူးစစ်ဆင်ရေး လေယာဉ်အုပ်ရဲ့ အုပ်မှူးဖြစ်လာတဲ့ ယီးဖူအန်း တယောက်လည်း ပါတယ်။ ဖုရှင်း လေကြောင်းလိုင်းရဲ့ နောက်ထပ်ပူးတွဲ တည်ထောင်သူ နှစ်ယောက်ကလည်း လေကြောင်းလိုင်းရဲ့ အလုပ်ထဲမှာ ဝင်လုပ်ပါတယ်။ ဟာဗီး တွိုင်း ဆိုတဲ့ အမေရိကန်နိုင်ငံသား တရုတ်လူမျိုး ဟာ ချန်ကေရှိတ် မိသားစုနဲ့ ရင်းနှီးပြီး လေကြောင်းလိုင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်ပါတယ်။ ထိုက်အန်းကော်ကတော့ ချန်ကေရှိတ်ရဲ့သား ကျန်ဝေကော်နဲ့ အတော်ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်ပြီး ဖုရှင်း လေကြောင်းလိုင်းရဲ့ နေ့စဉ်အလုပ်တွေကို စီမံခန့်ခွဲရတယ်။6

အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ရန်ပုံငွေတွေနဲ့ လျှို့ဝှက် ဝယ်ယူပြီး လုပ်ကိုင်နေတဲ့ ဖုရှင်း လေကြောင်းလိုင်းက ကာတာလီနာ လေယာဉ်တွေနဲ့ ၁၉၅၂ ဖေဖော်ဝါရီလမှာ ထိုင်ဝမ်းကနေ မိုင်းဆတ်ကို စတင် ပျံသန်းပါတယ်။ သိပ်မကြာပါဘူး အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက နောက်ထပ် ကာတာလီနာ တစီးထပ်ဝယ်ဖို့ ငွေထုတ်ပေးပါတယ်။ နောက်ထပ် ၁၇ လအတွင်း ဖုရှင်းလေကြောင်းလိုင်းပိုင် ကာတာလီနာ လေယာဉ်တွေဟာ ထိုင်ဝမ်းနဲ့ မိုင်းဆတ် အကြား မိုင် ၂,၉၀၀ ဝေးတဲ့ အသွားအပြန်ခရီးကို အခေါက် ၃၀ ပျံသန်းခဲ့တယ်။ ၁၉၅၃ ဩဂုတ် ၂၇ ရက်နေ့ နောက်ဆုံးပျံသန်းခဲ့ခြင်း ဖြစ်တယ်။ ရာသီဥတုနဲ့ စက်ချို့ယွင်းမှု ပြဿနာတွေကြောင့် နောက်ထပ်ပျံသန်းရမယ့် ခရီးစဉ်တွေကို ရုပ်သိမ်းလိုက်ရပါတော့တယ်။ ခရီးရှည် ပျံသန်းနိုင်တဲ့ ကာတာလီနာ လေယာဉ်တွေဟာ ထိုင်ဝမ်းကျွန်း ထိုင်နန်ကနေ ညအချိန်မှာ ပျံတက်လာခဲ့ပြီး ရေဒါထောက်လှမ်းမှုတွေကနေ ရှောင်နိုင်အောင် ဟိုင်နန်ကျွန်း အနောက်တောင်ဘက်ကနေ နိမ့်နိမ့်လေး ပျံလာရတယ်။ အဲဒီနောက် ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံကို ဖြတ်သန်းပြီးမှ မိုင်းဆတ်ကို ရောက်တယ်။ စုစုပေါင်း ပျံသန်းချိန် ၁၄ နာရီကြာတယ်။ အပြန်ခရီးကိုလည်း ညအချိန်ပဲ ပျံတက်ခဲ့ပြီး တရုတ် ပြည်မကြီးပေါ် ဖြတ်ကာ မိုင်းဆတ်ကနေ ထိုင်နန် ကို တိုက်ရိုက်ပျံသန်းတယ်။ ခရီးရှည် ပျံသန်းရတဲ့အတွက် လေယာဉ်ဆီ အပိုကိုလည်း တပါတည်း သယ်သွားရတာကြောင့် ပစ္စည်း အလေးချိန် ၁.၃ တန်လောက်ပဲ သယ်နိုင်တယ်။

၁၉၅၃ မေလနှောင်းပိုင်းနဲ့ ဂျွန်လဆန်းပိုင်းမှာ ထိုက်အန်းကော် အမေရိကန်ပြည်ထောင်စုကို သွားပြီး လီမီ အတွက် ဆိုပြီး အိုင်စင်ဟောင်ဝါ အစိုးရနဲ့ ချမ်းသာတဲ့ အမေရိကန် နိုင်ငံသား တရုတ်လူမျိုး အထူးသဖြင့် ယူနန်ပြည်နယ်နဲ့ ဆက်နွှယ်နေတဲ့ သူတွေဆီက အကူအညီ သွားရှာပေးတယ်။ ဝါရှင်တန်မှာ သူသွားတွေ့တဲ့ခဲ့သူတွေထဲမှာ “တရုတ် လော်ဘီ” အတွက် အားထားရတဲ့ အထက်လွှတ်တော် အမတ် ဝီလီယမ် နိုးလန်း (ရီပါဘလင်ကင်၊ ကယ်လီဖိုးနီးယား) နဲ့ အောက်လွှတ်တော် အမတ် ချားလ် ဂျေ၊ ကာဆန် (ရီပါဘလင်ကင်၊ ဝီစကွန်ဆင်) တို့ပါတယ်။ ထိုက်အန်းကော်က ကာဆန်နဲ့ လိုက်သွားပြီး လက်ထောက် နိုင်ငံခြားရေးဝန်ကြီး  ဝေါ်တာ အက်စ်၊ ရောဘတ်ဆင်နဲ့ တွေ့ပါတယ်။ ၁၉၅၃ ဧပရယ် ၈ ရက်နေ့မှာ အာလီဆင်ရဲ့ ရာထူးကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဖုရှင် လေကြောင်းလိုင်းပိုင် ပီဘီဝိုင် ကာတာလီနာ လေယာဉ်တွေက ထိုင်နန် ကနေ မိုင်းဆတ်ကို ၂၅ ခေါက် ပျံသန်းပြီးချိန် ဖြစ်ပါတယ်။ လေကြောင်း သယ်ယူပို့ဆောင်ရေး စရိတ်ကို လီမီက သီးသန့်ရန်ပုံငွေကနေ ထုတ်ရှင်းပေးနေရတယ်လို့ ထိုက်အန်းကော် က ပြောတယ်။ ဒါပေမယ့် ထိုင်ပေမှာ ရှိတဲ့ အမေရိကန်သံရုံးကတော့ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ငွေရှင်းပေးတာဖြစ်တယ်လို့ အတည်ပြုပေးတယ်။ ၁၉၅၃ ဂျွန်လ အထိ ဖုရှင်း လေကြောင်းလိုင်း ပီဘီဝိုင် ကာတာလီနာ လေယာဉ်တွေက ထောက်ပံ့ရေး ပစ္စည်း တန် ၃၀ ပို့ပေးပြီးပြီလို့ ထိုက်အန်းကော် က အမေရိကန်တွေကို ပြောပြတယ်။ ချန်ကေရှိတ် အစိုးရက ထပ်ပို့ပေးဖို့ရှိတဲ့ ပစ္စည်း တန် ၁၅၀ က ထိုင်ဝမ်းမှာ အသင့်ရှိနေတယ်။ ဒါ့ကြောင့် သူတို့ လေကြောင်းလိုင်း အနေနဲ့ ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ ကာတာလီနာ လေယာဉ်တွေကို အင်ဂျင်လေးလုံးတပ် ဘီ−၂၃ဒီ လစ်ဘရေတာ ဗုံးကြဲလေယာဉ်တွေကို ကုန်တင်လေယာဉ် အဖြစ် ပြန်ပြင်ထားတဲ့ စီ−၈၇ လစ်ဘရေတာ အိတ်စ်ပရက်စ်တွေနဲ့ အစားထိုးချင်တယ်လို့ ထိုက်အန်းကော် က ပြောပါတယ်။ ဒါပေမယ့် ဒီစီမံချက်က အကောင်အထည် ပေါ်လာခြင်း မရှိပါဘူး။

မြန်မာနိုင်ငံက ကရင်များနဲ့ မဟာမိတ်ဖွဲ့ခြင်း

လီမီက သူ့တပ်အင်အားကို တည်ဆောက်ဖို့ပဲ ဂရုစိုက်တာမို့လို့ မြန်မာအစိုးရကို ပုန်ကန်နေတဲ့ လူမျိုးစု သူပုန်အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ ရှာတယ်။ ဒီလို မဟာမိတ်ဖွဲ့နိုင်အောင် အဓိက လှုပ်ရှားပေးတာက ဒေါက်တာ ထိင်းကျိုရှောက် ဖြစ်ပါတယ်။ တာချီလိတ်တိုက်ပွဲကာလ အတွင်း လီကော်ဟွေးက မြန်မာ့တပ်မတော်နဲ့ ဆွေးနွေးဖို့ လွှတ်လိုက်တုန်း ၁၉၅၀ ဂျွန်လမှာ မြန်မာအာဏာပိုင်တွေ ဖမ်းတာခံခဲ့ရပါတယ်။ မေမြို့မှာ ထိန်းသိမ်းခံထားရတဲ့ ပါမောက္ခကို လွှတ်ပေးဖို့ တရုတ်သမ္မတနိုင်ငံ တရားဝင် မေတ္တာရပ်ခံ တောင်းဆိုတဲ့စာကို ထိုင်ပေရှိ အမေရိကန်သံရုံးက တဆင့် ပေးပို့လာခဲ့တဲ့အတွက် ၁၉၅၀ အောက်တိုဘာလမှာ သံအမတ်ကြီး ကီးက မြန်မာအစိုးရကို ပို့ပေးခဲ့တယ်။ ဒီလိုတောင်းဆိုတာကို မြန်မာအစိုးရက လျစ်လျူရှုထားလိုက်ပါတယ်။ ထိုင်ပေက အမေရိကန် သံရုံးက နားပူနားဆာထပ်လုပ်လို့ ၁၉၅၁ မေလမှာ ကီးက ဒေါက်တာထင်း အမှုနဲ့ ပတ်သက်ပြီး ထပ်ကြိုးစားတယ်။ လနဲ့ချီပြီး ညှိနှိုင်းရတယ်။ ၁၉၅၁ ဩဂုတ်လ လီမီ ယူနန်ဘက်က ပြန်ဆုတ်လာတဲ့အခါ မြန်မာအစိုးရက ပါမောက္ခကို ပြန်လွှတ်ပေးတယ်။ မြန်မာနိုင်ငံက ထွက်သွားမယ်လို့ ထင်ထားပေမယ့် သူက ရန်ကုန်မှာပဲ နေပြီး ကူမင်တန်ကို ထောက်ခံတဲ့ တရုတ် သတင်းစာတွေ ထုတ်ဝေတယ်။ ဒေါက်တာထင်း ထွက်မသွားသေးတာကို မြန်မာအစိုးရက မကျေနပ်ပါဘူး။ ဒါကြောင့် သူ့အမှုကို တရုတ်အကျဉ်းသားတွေထဲက အမှုလျှော့ပေါ့ပေးပြီး ရွေးချယ်လွှတ်ပေးလိုက်တဲ့ အမှုတခုအဖြစ် ထုတ်ဖော်ပြောကြားပါတယ်။

၁၉၅၁ နှစ်ကုန်ပိုင်းမှာ လီမီရဲ့ လူယုံတော်ကြီး ထင်းကျိုရှောက် မိုင်းဆတ်ကို ရောက်လာပြီး လီမီရဲ့တပ်တော်နဲ့ ကရင့်အမျိုးသား ကာကွယ်ရေး အစည်းအရုံး (ကေအဲန်ဒီအို) တို့ မဟာမိတ်ဖွဲ့ကြဖို့ အဆိုပြုတယ်။ ကေအဲန်ဒီအို ဆိုတာ မြန်မာနိုင်ငံအတွင်း သူ့ဘာသာ ပေါ်ပေါက်လာတဲ့ သူပုန်အဖွဲ့တွေအထဲမှာ အင်အားအကြီးဆုံး ဖြစ်ပါတယ်။ ၁၉၅၀ နွေရာသီကာလ တာချီလိတ် အနီးတဝိုက်မှာ လီကော်ဟွေးက တရုတ်ဖြူတပ် အကြွင်းအကျန်တွေကို ပြန်စုဖွဲ့နေတုန်း ကတည်းက ကေအဲန်ဒီအိုနဲ့ ကြိုးကြားကြိုးကြား ဆက်သွယ်ခဲ့ဖူးတယ်။ ကေအဲန်ဒီအိုရဲ့ အနီးကပ် မဟာမိတ် မွန်အမျိုးသား ကာကွယ်ရေး အစည်းအရုံး (အမ်အဲန်ဒီအို) နဲ့လည်း ဆက်သွယ်ဖူးတယ်။ မေမြို့မှာ အထိန်းသိမ်းခံထားရတုန်းက အကျဉ်းကျနေတဲ့ ကရင်၊ မွန် တက်ကြွလှုပ်ရှားသူတွေနဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ အဲဒီလူတွေက ထင်းကျိုရှောက်ကို ရန်ကုန်က သခင်ဗစိန်နဲ့ ဆက်သွယ်ဖို့ ပြောကြတယ်။ သခင်ဗစိန်က လက်ယာနိုင်ငံရေးသမား တယောက်ဖြစ်ပြီး ဦးနုကို နှစ်ပေါင်းများစွာ အတိုက်အခံလုပ်လာသူ ဖြစ်တယ်။ ဗမာပြည် ဒီမိုကရက်တစ်ပါတီ တည်ထောင်သူလည်း ဖြစ်တယ်။ သူက ကရင်မဟုတ်ပေမယ့် ကရင်ခေါင်းဆောင်တွေနဲ့ အတော်နီးစပ်သူ ဖြစ်တယ်။ တရုတ်ဖြူတွေကို ဝါရှင်တန်က လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ သခင်ဗစိန်နဲ့ ကရင်တွေက ယူဆထားတယ်။ ဒါကြောင့် ကေအဲန်ဒီအိုက လက်နက်ဝေစုနိုင်တယ်လို့ သခင်ဗစိန် က မျှော်လင့်တယ်။  လက်နက်တွေ ရလာရင် ကရင်တွေက ဦးနုကို ဖြုတ်ချနိုင်ပြီး ရန်ကုန်မှာ သခင်ဗစိန် ဦးဆောင်တဲ့ အစိုးရ ဖြစ်လာနိုင်တယ်ပေါ့လေ။ အပြန်အလှန်အနေနဲ့ ကရင့်ကိုယ်ပိုင်အုပ်ချုပ်ရေးကို သူက ထောက်ခံတယ်။ ပြီးတော့ ရှမ်းပြည်နယ်မှာ ရှိနေတဲ့ တရုတ်ဖြူတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ သခင်ဗစိန်ရဲ့ တောင်းဆိုချက်အရ ၁၉၅၂ ဇန်နဝါရီလ အစောပိုင်းမှာ ဒေါက်တာထင်းက လီမီနဲ့ ချင်းမိုင်မှာ တွေ့ပြီး မဟာမိတ်ဖွဲ့ဖို့ အဆိုပြုတယ်။ လီမီကလည်း စိတ်ဝင်စားပြီး ပါမောက္ခကို ရေဒီယို ဆက်သွယ်ရေးစက် တလုံး၊ တပ်ခွဲတခွဲနဲ့အတူ မြန်မာနိုင်ငံ တောင်ပိုင်း ကယားပြည်နယ် အတွင်းက မော်ချီးအနီးမှာ ဆက်ဆံရေးရုံးဖွင့်ဖို့ လွှတ်လိုက်တယ်။

မော်ချီး သတ္တုတွင်းကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ မြန်မာတပ်တွေကို မောင်းထုတ်နိုင်ဖို့ ၁၉၅၂ မေလမှာ လီမီက တပ်ကူတွေလွှတ်လိုက်တယ်။ ပြီးတော့ ကရင်တွေ ဝူဖရမ်ကနေ ရနေတဲ့ ဝင်ငွေတွေကိုလည်း ဖြတ်တောက်လိုက်နိုင်တယ်။ ကရင်သူပုန်တွေက ဗြိတိသျှပိုင် ဝူဖရမ်မိုက် (သံ၊ မန်းဂနိ၊ တန်စတင်) သတ္တုတွင်းတွေကို သိမ်းပိုက်ထားပြီး သတ္တုရိုင်းတွေကို ထိုင်းဘက်ကို မှောင်ခိုထုတ်ခဲ့တယ်။ ကျွန်းသစ်အပြင် ဝူဖရမ်မိုက်တွေ မှောင်ခိုရောင်းရာက ရတဲ့ငွေတွေနဲ့ များသောအားဖြင့် ထိုင်းစစ်တပ်ဂိုဒေါင်က ထွက်လာတဲ့ လက်နက်တွေကို ဝယ်ကြတယ်။ ကရင်အေးဂျင့်တွေက ထိုင်းနယ်စပ်မြို့ မယ်ဆောက်ကနေ နယ်နမိတ်မျဉ်း ဖြစ်တဲ့ သောင်ရင်းမြစ်ရဲ့ မြန်မာနိုင်ငံဘက်ကမ်းက မြဝတီကို လက်နက်တွေ သယ်သွားကြတယ်။ ၁၉၅၀ မှာ အမေရိကန်က ထိုင်းနိုင်ငံကို စစ်ရေးအကူအညီတွေ ပေးတဲ့နောက်ပိုင်း ကရင်တွေဆီ ရောက်သွားတဲ့ လက်နက် အတော်များများဟာ အမေရိကန်လုပ်တွေဖြစ်တယ်။ ဒါ့ကြောင့် တချို့ ကရင်တွေက အမေရိကန်တွေက သူတို့အတွက် လက်နက်တွေ အထူးတလည် ထောက်ပံ့ပေးနေတယ်လို့တောင် အထင်မှားကြတယ်။ မြန်မာအရာရှိတွေကလည်း ဒီလိုပဲ ထင်ကြတယ်။7

နိုင်ငံတကာ စာနယ်ဇင်းထဲမှာ လီမီ အကြောင်း

ဘန်ကောက်ကနေ ထိုင်ပေကိုအသွား ၁၉၅၁ ခရစ္စမတ်အကြိုရက်မှာ လီမီ တယောက် ဗီဇာပြဿနာကြောင့် ဟောင်ကောင်လေဆိပ်မှာ သောင်တင်နေပါတယ်။ သတင်းထောက်တွေကတွေ့လို့ လာမေးကြတော့ လီမီက ချန်ကေရှိတ်နဲ့ တိုင်ပင်စရာရှိလို့ သူထိုင်ဝမ်းကို ပြန်တာလို့ ဖြေတယ်။8 မြန်မာအစိုးရက စီစဉ်ပေးချက် အနောက်တိုင်းနဲ့ မြန်မာ သတင်းစာဆရာတွေက ဝိုင်းရေးကြလို့ မြန်မာနိုင်ငံက လီမီရဲ့ လှုပ်ရှားမှု အကြောင်းကို နိုင်ငံတကာက သိကုန်ကြပါတော့တယ်။ ဇန်နဝါရီ ၂၀ ရက်နေ့ထုတ် လန်ဒန် အော်ဇာဗာ က သူတို့ ရန်ကုန်က သတင်းထောက်ရေးပေးတဲ့ သတင်းကို အသေးစိတ် ဖော်ပြပါတယ်။ အဲဒီသတင်းမှာ ထိုင်ဝမ်းကနေ လီမီအတွက် အင်အားဖြည့်တင်းပေးတဲ့အကြောင်း (အဓိကကတော့ သူ့ရဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး တက္ကသိုလ်၊ လေ့ကျင့်ရေးစခန်းတွေ အတွက် ကေဒါတွေ)၊ “လွတ်လပ်တဲ့ အမေရိကန် အဖွဲ့အစည်း တခုက ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံမှာရှိတဲ့ ကေအမ်တီတပ်ဖွဲ့တွေကို ကူညီနေတာ” နဲ့ ပတ်သက်လို့ “ငြင်းမရတဲ့ သက်သေ အထောက်အထား” တွေ အကြောင်း အသေးစိတ်ပါတယ်။

လန်ဒန်ရှိ အော်ဇာဗာ က အကြီးတန်း အယ်ဒီတာက ရန်ကုန်က သူတို့သတင်းထောက် ရေးပို့လိုက်တဲ့ သတင်းက ဘယ်လောက်မှန်သလဲဆိုတာ သေချာ မသိရှာပါဘူး။ အမေရိကန်မှာ ပညာသင်ကြားခဲ့ဖူးပြီး ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သမ္မတနိုင်ငံ သံအမတ်ကြီး ဖြစ်လာတဲ့ ဒေါက်တာ ဟန်လိဝူနဲ့ လန်ဒန်မြို့က ညစာစားပွဲ ပါတီတခုမှာ ဆုံခဲ့ကြမှ အတည်ပြုနိုင်ခဲ့တယ်။ ဝါရှင်တန်မှာ ရှိတဲ့ အော်ဇာဗာ သတင်းထောက် တယောက်ကလည်း− အရှေ့တောင်အာရှာကို ဖြန့်ကျက်လာနိုင်တဲ့ ပေကျင်းကို တန်ပြန်နိုင်ရေး အတွက်ဆိုပြီး အမေရိကန် အစိုးရ အဖွဲ့အစည်း တခုခုရဲ့ အကျိုးစီးပွားအတွက် ၁၉၅၀ ခုနှစ်အတွင်းမှာ လီမီက ဆွဲဆောင်နိုင်ခဲ့တယ်လို့ သတင်းပို့ပါတယ်။ ဒီလိုအကျိုးစီးပွားတွေအကြောင်း ပေါ်ထွက်လာတာကြောင့် အစက လီမီရဲ့ လှုပ်ရှားမှုတွေကို ဆက်လက် မထောက်ပံ့ဖို့ ထိုင်ပေကို ဝါရှင်တန်က ဖိအားပေးတဲ့ဆိုတဲ့ အကြောင်းတွေ ပျောက်လွင့်ကုန်တယ်လို့ လန်ဒန် အော်ဇာဗာ သတင်းစာက ဖော်ပြပါတယ်။

သတင်းစာက နောက်ဆက်တွဲ သတင်းထပ်လိုက်ပြီး ၁၉၅၂ မတ်လ ၂ ရက်နေ့ ဘန်ကောက်မြို့ ဆိုတဲ့ ဒိတ်လိုင်းနဲ့ တနင်္ဂနွေနေ့ အော်ဇာဗာ ဆောင်းပါးတပုဒ် ထပ်ဖော်ပြပါတယ်။ အဲဒီဆောင်းပါးမှာတော့ တရုတ်ဖြူ ယူနန်တပ်တော်က ဖောင် ဆီယာနွန်ရဲ့ ရဲတပ်ဖွဲ့ကို ဘိန်းတွေ ပို့ပေးရတဲ့အကြောင်း၊ အပြန်အလှန် အနေနဲ့ ရဲတွေက တရုတ်ဖြူတွေ အတွက် လက်နက်ခဲယမ်း လွယ်လွယ်ကူကူ သယ်နိုင်အောင် ပြန်ကူညီရတဲ့ အကြောင်းတွေ ဖော်ပြထားတယ်။ ဝီလီဘာ့ဒ်ရဲ့ ဘန်ကောက် ထရေးဒင်း ကုမ္ပဏီနဲ့ ထိုင်းမြို့တော်မှာရှိတဲ့ တခြား အမေရိကန်တွေဟာ လက်နက်−အတွက်−ဘိန်း ထောက်ပံ့ရေး ကွင်းဆက်ကြီးမှာ ကြားလူတွေ အဖြစ် ပါကြတယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ အော်ဇာဗာ သတင်းထောက်က ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းရင်းမြစ်တွေကို ကိုးကားထားတယ်လို့ ဆိုပါတယ်။ အမေရိကန် တယောက်ကဆိုရင် လီမီရဲ့တပ်တွေနဲ့ ပတ်သက်နေရလို့ “ကျနော်တို့ ဘိန်းအရောင်းအဝယ်ထဲ ရောက်နေတယ်ဆိုတာ ငြင်းလို့ မဖြစ်နိုင်ပါဘူး” လို့တောင် မှတ်ချက်ပေးထားတာကို ဆောင်းပါးထဲ ထည့်ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ ထုတ်တဲ့ ရန်ကုန် သတင်းစာတွေကတော့ မြန်မာအစိုးရ ပြန်ကြားရေးဌာနက ပေးတဲ့ အချက်အလက်တွေပေါ် အခြေခံပြီး လီမီရဲ့တပ် သမိုင်းကြောင်းနဲ့ လှုပ်ရှားမှု အကြောင်း ပြည့်စုံကျယ်ပြန့်တဲ့ သတင်းတွေ ဆက်တိုက်ရေးကြပါတယ်။ ရှမ်းပြည်နယ်အတွင်းက အထူးသဖြင့် သူတို့ကို လိုလားတဲ့ လားဟူ လူမျိုးတွေ အများစု နေထိုင်ရာ ဒေသတွေမှာ တရုတ်ဖြူတွေ လွတ်လွတ်လပ်လပ်ကြီး လှုပ်ရှားနေကြတယ်ကြောင်း၊ တရုတ်ဖြူ ဝါဒဖြန့်ချိရေးအဖွဲ့တွေက ကွန်မြူနစ် ဆန့်ကျင်ရေး စင်တင် ဖျော်ဖြေမှုတွေ ပြုလုပ်ကြောင်း၊ အမျိုးသမီး သူနာပြုတွေက အမေရိကန်ဆေးဝါးတွေသုံးပြီး ကုသပေးတဲ့ ကျန်းမာရေးဌာနတွေ ရှိကြောင်း ရေးသားဖော်ပြကြတယ်။ ရန်ကုန်မှာရှိကြတဲ့ အမေရိကန် သံတမန်တွေကလည်း အဲဒီသတင်းဖော်ပြချက်တွေ အတော်အတန် မှန်ကန်တယ်လို့ အတည်ပြုကြတယ်။

တရုတ်ဖြူတွေဟာ ဒေသတွင်းက မြန်မာအစိုးရ အမှုထမ်းတွေကို မောင်းထုတ်ပြီး ကျေးရွာသားတွေ ဆီက ငွေနဲ့ တခြား ပစ္စည်းတွေကို အခွန် အဖြစ် ကောက်ခံကြောင်း မြန်မာ သတင်းစာတွေကို ဖော်ပြကြတယ်။ ဒါ့ကြောင့် ၁၉၅၁ ခုနှစ် ကျိုင်းတုံနယ်ရဲ့ အခွန်ကောက်ခံရရှိမှု ၆၀ ရာခိုင်နှုန်း လျော့ကျသွားတဲ့အထိ ထိခိုက်နစ်နာခဲ့ပြီး ၁၉၅၂ ခုနှစ်အတွက် လျာထားတဲ့ ပုံမှန်သုံးစွဲငွေအတွက် လေးပုံတပုံ ထိခိုက်ခဲ့တယ်။ တရုတ်ဖြူတပ်တွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု ဖြစ်ခဲ့ရတယ်။ လီမီရဲ့တပ်တွေအတွက် ပစ္စည်းတွေ တင်လာတဲ့ ဝန်တင် တိရစ္ဆာန်တန်းဟာ ထိုင်းနိုင်ငံကို အပြန်မှာ ဘိန်းတွေ၊ ကျောက်စိမ်းတွေ သယ်သွားကြတယ်လို့လည်း ရေးကြတယ်။ ရန်ကုန် သတင်းစာတွေဟာ လီမီ၊ “ဗိုလ်မှူး စတီးဝပ်” နဲ့ တခြား ကော့ကေးရှက် တယောက်ကို ကယ်ထုတ်ဖို့ လွှတ်လိုက်တဲ့ ရဟတ်ယာဉ် တစီး ပျက်ကျတဲ့အကြောင်းကိုတောင် ဖော်ပြကြတယ် (ဘယ်ကသိသလဲ ဆိုတာတော့ မဖော်ပြဘူး)။ ဒါပေမယ့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ စိတ်နေသဘောထားကို ချင့်ချိန်ပြီးတော့ မြန်မာနိုင်ငံက သတင်းစာတွေဟာ ရဟတ်ယာဉ် ပျက်ကျမှုနဲ့ ဆက်စပ်နေတဲ့ တရုတ်ဖြူတပ်တွေ ယူနန်ကို ဝင်တိုက်တဲ့အကြောင်းကိုတော့ လုံးဝ မရေးကြဘူး။

ကုလသမဂ္ဂမှာ နိဒါန်းချီခြင်း

လီမီအကြောင်း သတင်းတွေ စာနယ်ဇင်းမှာ ပါလာတဲ့အချိန်က ကုလသမဂ္ဂ အထွေထွေညီလာခံ ဆဋ္ဌမ အကြိမ် အစည်းအဝေးကို ပဲရစ်မြို့မှာ ကျင်းပချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ၁၉၅၂ ဇန်နဝါရီ ၃ ရက်မှာ ပထမကော်မတီ (နိုင်ငံရေးနဲ့ လုံခြုံရေး) အစည်းအဝေးမှာ ဆိုဗီယက် နိုင်ငံခြားရေးဝန်ကြီးက ပေကျင်းရဲ့ သံယောင်ကိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုဟာ တရုတ်ဖြူတပ်တွေကို ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံ အတွင်း ပို့ဆောင်ပေးနေတယ်လို့ ပြောပါတယ်။ ရန်ကုန်က တာဝန်တွေ ပြီးဆုံးလို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှာ ပါလာတဲ့ သံအမတ်ကြီး ကီးက အမေရိကန် ပြည်ထောင်စုက တရုတ်သမ္မတနိုင်ငံ တပ်ဖွဲ့တွေကို ထောက်ပံ့ကူညီနေတာ မဟုတ်ဘူးလို့ တာဝန်ကျေပွန်စွာ ငြင်းဆိုလိုက်ပါတယ်။ လီမီတပ်တွေကို မကူညီဖို့ မထောက်ပံ့ဖို့ ဝါရှင်တန်ကို နားချခဲ့ရဖူးတဲ့ ကီး အနေနဲ့ အခုလို ပြောင်ငြင်းပေးရတာဟာ သူ့အတွက် အတော်ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။

အသစ် ရရှိလာတဲ့ ထောက်လှမ်းရေး အချက်အလက်တွေ အရ ဇန်နဝါရီ ၈ ရက်နေ့မှာ မြန်မာနိုင်ငံ ယာယီနိုင်ငံခြားရေးဝန်ကြီးက အမေရိကန် သံမှူးကြီး ဒေး ကို ဝါရှင်တန်က ချန်ကေရှိတ်နဲ့ ပေါင်းပြီး မြန်မာနိုင်ငံကနေ တဆင့် ယူနန်ကို ထပ်မံတိုက်ခိုက်ဖို့ ပေကျင်းက ယုံကြည်နေကြောင်း ပြောပြလိုက်ပါတယ်။ ပေကျင်းက ခြိမ်းခြောက်သံပါနေတာတွေ ငြိမ်ကျသွားအောင် မြန်မာအစိုးရကလည်း ဒီပြဿနာကို ကုလသမဂ္ဂဆီ တင်ဖို့ စဉ်းစားနေပါတယ်။ ညွှန်ကြားထားတဲ့အတိုင်း ဒေးကလည်း အမေရိကန်အစိုးရရဲ့ အရင်က ထိုင်ပေနဲ့ ဘန်ကောက်ကို ချဉ်းကပ်ခဲ့ဖူးတာကို ကျေးဇူးတင်ရင်း “အဲဒီ [တရုတ်ဖြူ] တပ်တွေကို လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတာ အားလုံး ဖယ်ရှားပစ်နိုင်တယ် ဒါမှမဟုတ် သိသိသာသာ လျှော့ချပစ်နိုင်ခဲ့တယ်” လို့ မြန်မာတွေကို အာမခံလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ အမေရိကန် နိုင်ငံသား တယောက်တလေမှ လီမီနဲ့ ပတ်သက်တာ မတွေ့ရကြောင်း၊ ဗိုလ်ချုပ်ကြီး [လီမီ] ကို ပြန်ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ ထိုင်ပေကလည်း အာမခံကြောင်း ဒေးက ရှင်းပြပါတယ်။ အမေရိကန် အစိုးရက ထိုင်ပေနဲ့ ဘန်ကောက်တို့ကို ထပ်မံ ချဉ်းကပ်ပြောဆိုရင်လည်း အလုပ်ဖြစ်မှာ မဟုတ်သလို “တိုက်ရိုက်ပတ်သက်ခြင်း မရှိတဲ့” နိုင်ငံတနိုင်ငံထက် တရုတ်ဖြူတပ် အကြွင်းအကျန်တွေကိစ္စကို ပိုပြီး အလေးပေး ဆောင်ရွက်သင့်တယ် ဒေးက ဆိုပါတယ်။

ဒေးက ဘယ်လိုပဲ ရှင်းပြပြ မြန်မာဘက်ကတော့ တုတ်တုတ်မှ မလှုပ်ပါဘူး။ ဇန်နဝါရီလ ၂၈ ရက် ပဲရစ်မြို့ ကုလသမဂ္ဂ ပထမ ကော်မတီ အစည်းအဝေးမှာ ချန်ကေရှိတ် အစိုးရကို ဒေါသတကြီးနဲ့ တရားဝင် စွပ်စွဲ ပြစ်တင်လိုက်ပြီး လုံခြုံရေးကောင်စီကို တင်သွင်းမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ထင်ထားအတိုင်းပါပဲ၊ စစ်ရေးထောက်ပံ့ရေးပစ္စည်းတွေ သူ့တို့ပိုင်နက်အတွင်း ဖြတ်သန်းသွားတယ်ဆိုတာကို ထိုင်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ က ငြင်းဆိုလိုက်ပါတယ်။ တရုတ်သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ကျန်ထင်ဖူ ကလည်း လီမီရဲ့တပ်ဖွဲ့တွေဟာ “သီးခြားလွတ်လပ်တဲ့” တပ်ဖွဲ့တွေဖြစ်ပြီး ထိုင်ပေ လက်အောက်ခံ တပ်ဖွဲ့ မဟုတ်ဘူးလို့ ခိုင်ခိုင်မာမာပြောပါတယ်။

အခြေအနေတည်ငြိမ်သွားတဲ့နောက်မှာ လုံခြုံရေးကောင်စီသို့ တင်သွင်းဖို့ကို မြန်မာနိုင်ငံက ကန့်ကွက်လို့ ဝါရှင်တန်ကလည်း သက်သာရာရသွားတယ်။ အမေရိကန်နဲ့ ထိုင်းက လီမီရဲ့တပ်ကို ကူညီထောက်ပံ့ပေးနေတာကို သူတို့ သိနေပေမယ့် ဝါရှင်တန်နဲ့လည်း အဆက်အသွယ် မဖြတ်ချင်ဘူး ဖြစ်နေတယ်။ အဲဒီတပ်တွေကို မနှင်ထုတ်နိုင်ဘူးဆိုရင် ဦးနုက အတိုက်အခံတွေနဲ့ နိုင်ငံရေးပြဿနာ တက်မှာဖြစ်ပါတယ်။ ကုလသမဂ္ဂကို အကူအညီတောင်းတာက မြန်မာအစိုးရနဲ့ တရုတ်သမ္မတနိုင်ငံ အပါအဝင် အနောက် ဒီမိုကရေစီနိုင်ငံတွေ အကြား ဆက်ဆံရေးကို ထိခိုက်သွားနိုင်ပါတယ်။ မြန်မာ အစိုးရ အနေနဲ့ ကိုယ့်လက်နက်ကိုင် တပ်ဖွဲ့တွေကို အင်အားကောင်းအောင် တည်ဆောက်နိုင်တဲ့ အချိန်ရောက်အောင် စောင့်တာက အကောင်းဆုံးဖြစ်မယ်လို့ သုံးသပ်မိတယ်။ မျှော်မှန်းထားတဲ့ အတိုင်းပဲ ၁၉၅၂ အောက်တိုဘာလ ပွင့်လင်းရာသီ အစမှာ မြန်မာနိုင်ငံက ကရင်နဲ့ ကွန်မြူနစ် အစရှိတဲ့ ပြည်တွင်းသူပုန်တွေကို ထိန်းချုပ်လာနိုင်တယ်။ မြန်မာ့တပ်မတော်ကလည်း လီမီရဲ့တပ်တွေကို ရင်ဆိုင်နိုင်ပါတော့တယ်။

ရှမ်းပြည်မှာ ဘိန်းကုန်ကူးခြင်း

လီမီရဲ့ တပ်တွေ မရောက်ခင်ကတည်းက မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ ဘိန်းကို ကူးသန်းရောင်းဝယ် ကြတယ်။ “တောင်ပေါ်နေလူမျိုးစုတွေ” လို့ သိမ်းကျုံးခေါ်တဲ့ လူမျိုးလူနည်းစုတွေ အတွက်တော့ ဘိန်းက ငွေသားပဲဖြစ်ပါတယ်။ ဘိန်းစိုက်ဖို့ ကုန်သည်တွေက စရံငွေနဲ့ မျိုးစေ့တွေပေးတယ်။ ထွက်တဲ့ဘိန်းတွေကို ဈေးကွက်ထဲ တင်ပို့ပြီးမှ တောင်သူတွေက ငွေကို ပြန်ဆပ်ရတယ်။ ဘိန်းတွေကို မြန်မာနိုင်ငံထဲက ဈေးကွက်အပြင် ထိုင်းနဲ့ အင်ဒိုချိုင်းနားကိုလည်း ပို့ကြတယ်။ မြန်မာနိုင်ငံကထွက်တဲ့ ဘိန်း ခုနစ်ဆယ် ရာခိုင်နှုန်းကို ကုန်းလမ်းကနေပဲ ထိုင်းနိုင်ငံကို တင်ပို့တယ်။ ကျန်တဲ့ဟာတွေကိုတော့ ရန်ကုန် ဆိပ်ကမ်းကနေ တဆင့် ပင်လယ်ဘက်ထွက်တယ်။ ၁၉၅၀ လောက်တုန်းက ဘိန်းဖြန့်ချိရေးလုပ်ငန်းကို မြန်မာနိုင်ငံက တရုတ်လူမျိုးတွေက လက်ဝါးကြီးအုပ်ထားပြီး ဘိန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ အမေရိကန် ဒေါ်လာ ၁၀ သန်းစာလောက် ရင်းနှီးမြှုပ်နှံထားကြတယ်။ တရုတ်လူမျိုးတွေ တခြားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏက ဒီ့ထက် ပိုနည်းတာကို တွေ့ရတယ်။9

၁၉၅၀ မှာ ရောက်လာတဲ့ တရုတ်ဖြူ စစ်သားတွေက ရှိနှင့်ပြီးသား ရှမ်းပြည်က ဘိန်းကုန်သွယ်ရေးကို တွေ့လိုက်ရတယ်။ လက်နက်ကိုင် မြင်းဝန်တင် အဖွဲ့ အတော်များများလည်း ပြင်ပက အကူအညီမလိုဘဲ ဘိန်းတွေကို အောင်အောင်မြင်မြင် သယ်ယူပို့ဆောင်ပေးနေနိုင်တာကိုလည်း တွေ့ရတယ်။ ဒါပေမယ့် အသစ်ရောက်လာတဲ့ သူတွေက ရှိရင်းစွဲ အကြီးဆုံး မြင်းဝန်တင်အဖွဲ့ ဆိုတာတွေထက် အင်အားလည်း ပိုများတယ်၊ လက်နက်တွေကလည်း ပိုကောင်းတယ်။ ဒါကြောင့် အချိန်တိုအတွင်း အဓိက မြင်းဝန်တင် လမ်းကြောင်းတွေကို ထိန်းချုပ်လာနိုင်တယ်။ တရုတ်ဖြူတွေ လိုက်လံစောင့်ရှောက်ပေးတဲ့ မြင်းဝန်တင် လမ်းကြောင်းတွေက ကုန်ပစ္စည်း လုံခြုံချောမွေ့စွာ ရောက်ရှိရေးအတွက် စိတ်ချရတယ်။ ဒီလို ဝန်ဆောင်မှုကို မငှားဘဲ ကိုယ့်ဘာသာ သွားလာချင်တဲ့ မြင်းဝန်တင်အဖွဲ့တွေက တရုတ်ဖြူတွေဆီ “အခွန်” ပေးရပါတယ်။ အခွန်မပေးဘဲ ကိုယ့်ဘာသာ သယ်သွားမယ်ဆိုရင်တော့ ဘိန်းတွေရဲ့ လုံခြုံရေးကို လီမီရဲ့ လူတွေနဲ့ ထိုင်းရဲတွေက ကာကွယ်မှုအောက်မှာ ရှိမှာ မဟုတ်လို့ တဖွဲ့ဖွဲ့က သိမ်းယူလုယူတာကို ခံရနိုင်ပါတယ်။ တရုတ်ဖြူ ယူနန်တပ်တော်က တပ်မှူး တဦးချင်းကလည်း ကုန်သည်တွေဆီက မြင်းဝန်တင်လမ်းကြောင်း ကန်ထရိုက်ရဖို့ ယုံကြည်စိတ်ချရတဲ့ လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့ ဆွဲဆောင်တဲ့ အပြင် ဝန်ဆောင်ခကိုပါ အပြိုင်အဆိုင် အနိမ့်ဆုံးဖြစ်အောင် လျှော့ပေးကြပါတယ်။

တရုတ်ဖြူ ယူနန်တပ်တော်က မြင်းဝန်တင်အဖွဲ့ တချို့ကို ရွေးချယ်ပြီး စစ်ရေးတာဝန်တွေ ပေးထားတာ ရှိတယ်။ တရားဝင်တော့ မဟုတ်ဘူး။ အဲဒီအဖွဲ့တွေက လီမီရဲ့တပ်တော်အတွက် သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့ အဖြစ် တာဝန်ထမ်းဆောင်ပေးရတယ်။ အဲဒီအဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် ခေါ်ယူထားတာ ဖြစ်ပေမယ့် သူတို့ရဲ့ အဓိက တာဝန်က လက်နက်၊ ထောက်ပံ့ရေးပစ္စည်းနဲ့ ဘိန်းတွေ သယ်ပေးဖို့ပဲ ဖြစ်တယ်။ လာဘ်မြင်တဲ့ စီးပွားရေးသမားတွေလည်း ဖြစ်တဲ့ မြင်းဝန်တင်သမားတွေဟာ သူတို့ကိုယ်ပိုင် စီးပွားရေးတွေကိုပါ တပြိုင်တည်းတွဲလုပ်ကြတယ်။ ထိုင်း ဒါမှမဟုတ် လာအို နယ်စပ်ဆီ ဘိန်းတွေ တခါပို့ပြီးရင် မြောက်ပိုင်းကို အပြန်မှာ စစ်နဲ့ အရပ်ဖက်သုံး ပစ္စည်းတွေ သယ်သွားရတယ်။ ဖြစ်ချင်တော့ မြောက်ပိုင်းကို သယ်သွားတဲ့ ပစ္စည်းအတော်များများဟာ ကွန်မြူနစ်တွေ ထိန်းချုပ်ထားတဲ့ ယူနန်ထဲကို မှောင်ခိုသွင်းဖို့ ပစ္စည်းတွေ ဖြစ်နေတာများတယ်။

လီမီရဲ့ မိုင်းဆတ် ဌာနချုပ်ဟာ ထိုင်းနိုင်ငံကို သယ်သွားမယ့် ဘိန်းတွေကို သိုလှောင်ထားတဲ့ အဓိက နေရာဖြစ်တယ်။ မိုင်းဆတ်နားမှာ အများစု သိုလှောင်ထားပြီး ပုံပါကျင်မှာလည်း ထားတယ်။ ပုံပါကျင်ဟာ မြင်းဝန်တင်အဖွဲ့တွေ အဓိက စုဝေးတဲ့ မိုင်းဟန်နဲ့ ထိုင်းနိုင်ငံဘက်က ချင်းဒေါင်အကြား မြေသားလမ်းပေါ်မှာ ရှိတယ်။ ချင်းဒေါင် ကနေမှ ရာသီမရွေး သွားလာနိုင်တဲ့လမ်းကနေ တဆင့် ချင်းမိုင်၊ တောင်ဘက်က ဘန်ကောက် အထိ သွားနိုင်တယ်။ တာချီလိတ်−မယ်ဆိုင် ဒေသနဲ့ ဒွိုင်တွန်း ဟာလည်း အရေးကြီးတဲ့ ခရီးတထောက်နားတဲ့ နေရာတွေဖြစ်တယ်။ လီမီလက်ထက်မှာပဲ ဘိန်းတွေကို မိုင်းဟန်နဲ့ မြန်မာနိုင်ငံထဲက တခြားနေရာတွေမှာပဲ ထိုင်းရဲတွေလက်ထဲ မကြာခဏ လက်လွှဲပေးရတယ်။ ထိုင်းရဲတွေက မြင်းဝန်တင် အဖွဲ့တွေ လုပ်နေကြတဲ့ တာဝန်အတိုင်း ဘိန်းတွေကို အကာအကွယ်ပေးပြီး ထိုင်းနိုင်ငံထဲက ပို့ရမယ့်နေရာ ရောက်အောင် သယ်ယူပို့ဆောင်ပေးကြတယ်။ ထိုင်းနိုင်ငံထဲကို ဘိန်းပမာဏ ဘယ်လောက်ပဲ ဝင်ဝင် ဖောင်ဆီယာနွန် လက်အောက်က ရဲတွေက အဓိက လက်ခံသူတွေ ဖြစ်ပြီး သူတို့နောက်က ထိုင်းဘုရင့်ကြည်းတပ်နဲ့ လေတပ်က တန်းစီနေပါတော့တယ်။

တရုတ်ဖြူရဲ့ ဘိန်းလုပ်ငန်း

၁၉၅၀ ဆယ်စုနှစ် အစောပိုင်းက မြန်မာနိုင်ငံ ယစ်မျိုးဥပဒေတွေဟာ ခေတ်မမီတော့တဲ့အပြင် အင်မတန် ရှုပ်ထွေးပါတယ်။ ၁၉၂၃ ရှမ်းပြည်နယ်များ ဘိန်းအမိန့် အရ “မြန်မာပြည်မ” မှာ ဘိန်းစိုက်ပျိုးခွင့် မရှိပါဘူး။ ဒါပေမယ့် သံလွင်အရှေ့ခြမ်းက ကျိုင်းတုံနယ်၊ ကိုးကန့်နယ်နဲ့ “ဝ” နယ်တွေမှာတော့ စိုက်ပျိုးခွင့် ပေးထားပါတယ်။ ဒီဥပဒေက ရိုးရာအစဉ်အလာအရ ဘိန်းကို အနည်းအကျဉ်း စိုက်ပျိုးတာကို တားမြစ်ပြီးတော့ အကြီးအကျယ် စိုက်ပျိုးတဲ့ဒေသမှာတော့ ခွင့်ပြုထားတဲ့ သဘောဖြစ်နေတယ်။ ကိုလိုနီခေတ် အစိုးရ ဥပဒေအရ ဘိန်းကို လက်ဝါးကြီးအုပ်ပြီး သံလွင်အရှေ့ပိုင်းက ဘိန်းတွေကို မြန်မာ တနိုင်ငံလုံးက လိုင်စင်ရ ဘိန်းခန်းတွေဆီ ဖြန့်လို့ရတယ်။ နိုင်ငံပေါင်းချုပ်အသင်းကြီးက ဘိန်းစိုက်ပျိုးမှုနဲ့ သုံးစွဲမှုကို တားဆီးတဲ့အခါကြမှ ဗြိတိသျှက ရေရှည်မှာ ဘိန်းပပျောက်သွားအောင် ရည်မှန်းချက်ထားပြီး “တိုးတက်တဲ့ ထိန်းချုပ်မှု” ဆိုတဲ့ မူဝါဒကို ချမှတ်တယ်။ လက်တွေ့မှာတော့ အဲဒီရည်မှန်းချက်ကို လျစ်လျူရှုထားတယ်။ ရှမ်းစော်ဘွားတွေကတော့ ဘိန်းစိုက်သူတွေနဲ့ လက်လီဘိန်းခန်းတွေ အပေါ် အခွန်ကောက်ပြီး ဘိန်းနဲ့ ဆက်လက် ပတ်သက်နတယ်။ ကိုလိုနီ အုပ်ချုပ်ရေး အရာရှိတွေကတော့ လက်လှမ်းမမီလို့ ဆိုပြီး ထိန်းချုပ်ဖို့ မကြိုးစားဘူး။ သံလွင်အရှေ့ခြမ်း ဒေသဟာ ဥပဒေမဲ့ ဒေသလို ဖြစ်နေပြီး ဘိန်းထိန်းချုပ်ရေး လုပ်ဖို့ဆိုရင် စစ်ရေးအရ အတော်လေး အားထုတ်မှ ရလိမ့်မယ်။ ကိုလိုနီအစိုးရအနေနဲ့ ရှမ်းပြည်က ဘိန်းတွေကို ဒိုင်ခံ ဝယ်ယူပြီး လိုင်စင်ရ ဘိန်းခန်းတွေဆီ ရောက်အောင် ပြန်ဖြန့်ချိပေးပြီး ကျန်တာကို ဆေးဝါးထုတ်လုပ်ဖို့ နိုင်ငံခြားကို တင်ပို့ပေးရန် ရှမ်းပြည်သားတွေက အဆိုပြုတာကို ဗြိတိန်က ပယ်ချလိုက်တယ်။ ဗြိတိသျှတို့ အနေနဲ့ ရှမ်းပြည်က ဘိန်းနဲ့ ယူနန်က တရားမဝင် ဝင်လာမယ့် ဘိန်းကို ခွဲခြားသိနိုင်ဖို့ ခက်ခဲတယ်လို့ အကြောင်းပြပါတယ်။ ဖြစ်နိုင်တဲ့ ခိုင်မာတဲ့ အကြောင်းပြချက် တခုကတော့ ရှမ်းပြည်ကဘိန်း အထွက် အလားအလာဟာ အိန္ဒိယက တရားဝင် ထုတ်လုပ်ပြီး တင်ပို့တဲ့ ဘိန်းလုပ်ငန်းကို ထိခိုက်မှာ စိုးရိမ်လို့ ဖြစ်နိုင်ပါတယ်။ အိန္ဒိယက ဘိန်းထုတ်လုပ်သူတွေကို မျက်နှာသာပေးတဲ့ အနေနဲ့ အိန္ဒိယဘိန်းတွေကို မြန်မာနိုင်ငံထဲမှာ အမြောက်အမြား ရောင်းချခွင့်ပေးခဲ့ပြီး ရှမ်းပြည်က ဘိန်းတွေဝယ်ယူမှုကိုတော့ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတယ်။ ရှမ်းပြည်က ထွက်တဲ့ဘိန်းတွေက ဒေသတွင်း ဝယ်လိုအားထက် အရမ်းများနေပြီး တရားဝင်ရောင်းဝယ်လို့လည်း မရတာကြောင့် ပိုတဲ့ဘိန်းတွေကို မှောင်ခိုထုတ်ပြီး ဒေသတွင်း စော်ဘွားတွေနဲ့ ကုန်သည်တွေရဲ့ ဘဏ္ဍာတွေ ဖြစ်သွားပါတော့တယ်။ မှောင်ခိုထုတ်တဲ့ ဘိန်းအများစုကို ထိုင်းနိုင်ငံဘက် ပို့ပါတယ်။ ထိုင်းနိုင်ငံမှာက ၁၉၅၉ ခုနှစ်အထိ အစိုးရလိုင်စင်ရ ဘိန်းခန်းတွေ ရှိတယ်။ ၁၉၅၉ နောက်ပိုင်းတော့မှာ တရားမဝင် ဘိန်းခန်းတွေ ဖြစ်ကုန်တာ။ ထိုင်းနိုင်ငံဘက်က ဘိန်းဝယ်တာဟာ ဗဟိုအစိုးရတွေဆီက ဝယ်တာ မဟုတ်ဘဲ ရှမ်းပြည်ကနေ တိုက်ရိုက်ဝယ်တာ ဖြစ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးတဲ့နောက် ဦးနု အစိုးရက ငါးနှစ်အတွင်း ဘိန်းကုန်သွယ်မှု ပပျောက်ရေးကို ကြွေးကြော်ပေမယ့် နောက်ဆုံးမှာ ထိရောက်တဲ့ လုပ်ဆောင်မှု မရှိပါဘူး။ တကယ်တမ်း လုပ်ခဲ့ရင်လည်း နဂိုကတည်းက သူပုန်အဖွဲ့ ပေါင်းများစွာက ဝိုင်းပတ်ဒုက္ခပေးနေပြီ ဖြစ်နေပြီးသားအပြင် ဘိန်းစိုက်တောင်သူ တိုင်းရင်းသား လူနည်းစုတွေကပါ ဆူပူအုံကြွအောင် ဆွပေးသလို ဖြစ်သွားပါလိမ့်မယ်။ ၁၉၆၁ ခုနှစ် ကုလသမဂ္ဂ “မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ တခုတည်းသော ကွန်ဗင်းရှင်း” ကို လက်မှတ်ထိုးလိုက်ပြီးနောက် မြန်မာအစိုးရက သံလွင်အရှေ့ခြမ်း နယ်တွေမှာ ဘိန်းထုတ်လုပ်ရေး ကင်းလွတ်ခွင့် အနှစ် ၂၀ တောင်းဆိုခဲ့တယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရက ဆေးဝါးလုပ်ငန်း သုံးဖို့ ဘိန်း စိုက်ပျိုးတင်ပို့ခွင့်ရဖို့ ကုလသမဂ္ဂဆီ တောင်းခံခဲ့တယ်။ အဲဒီဒေသတွေကို မြန်မာအစိုးရက မထိန်းချုပ်ထားနိုင်တဲ့အပြင် ထွက်လာတဲ့ ဘိန်းတွေကို ပိုမိုအမြတ်ရအောင် မှောင်ခိုချကြမှာကို တားဆီးနိုင်မှာ မဟုတ်ဘူးဆိုတာကို ကုလသမဂ္ဂက သိတာကြောင့် ငြင်းပယ်လိုက်ပါတယ်။ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက ရှမ်းပြည်နယ်မှာ ဘိန်းရောင်းချနေတာ တရားမဝင်ကြောင်း ၁၉၆၅ ခုနှစ်မှာ ကြေညာလိုက်ပါတယ်။ မြန်မာအစိုးရကို ဆန့်ကျင်နေတဲ့ သူပုန်တွေနဲ့ တရုတ်ဖြူ အကြွင်းအကျန်တွေရဲ့ ဝင်ငွေရလမ်းကို ဖြတ်တောက်ပစ်လိုက်တာလည်း ဟုတ်ပါတယ်။ သံလွင်မြစ် အရှေ့ခြမ်းက ဘိန်းလုပ်ငန်းကို ရာဇဝတ်မှု အဖြစ် သတ်မှတ်လိုက်ပေမယ့်လည်း ပပျောက်သွားအောင် မလုပ်နိုင်ပါဘူး။ တရုတ်ဖြူ အရာရှိဟောင်းတွေကတော့ သိလျက်နဲ့ပဲ သံလွင်အရှေ့ခြမ်းဒေသတွေမှာ ဘိန်းကို တရားဝင် ထုတ်လုပ်၊ ရောင်းချပြီး သယ်ယူခွင့်ရှိတယ်လို့ ဆိုပြီး သူတို့ရဲ့ ဘိန်းလုပ်ငန်းတွေက မြန်မာနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ၁၉၆၅ ခုနှစ် မတိုင်ခင်ကာလမှာ မှောင်ခိုလုပ်ငန်း တိုက်ဖျက်ရေး ဥပဒေတွေကို အရှက်မရှိ ဗြောင်ကျကျ ဘေးချိတ်ထားတဲ့ အဲဒီတရုတ်ဖြူ စစ်ပြန်တွေမှာလည်း အကြောင်းရှိတယ်။ ဘယ်လိုပဲပြောပြော ဘိန်းတွေကို သူတို့ လုပ်နေကြ အတိုင်း မြန်မာနိုင်ငံ သံလွင်အရှေ့ခြမ်းဒေသကနေ သယ်ထုတ်လိုက်တာနဲ့ တပြိုင်တည်း ဒီဘိန်းတွေက တရားမဝင် ပစ္စည်းတွေ ဖြစ်သွားပြီး သူတို့လည်း မှောင်ခိုသမားတွေ ဖြစ်သွားတော့တာပါပဲ။

ထိုင်းနိုင်ငံ ဘိန်းဥပဒေတွေနဲ့ လက်တွေ့ကျင့်သုံးပုံ

၁၉၅၉ ခုနှစ် ဘိန်းကို အသုံးပြုခွင့်နဲ့ ကူးသန်းရောင်းခွင့်ကို ပိတ်ပင်တဲ့ ဥပဒေ မပြဋ္ဌာန်းခင် အထိ ထိုင်းဘုရင့်အစိုးရ ယစ်မျိုးဌာနကနေ ဘိန်းတွေကို ဝယ်တယ်၊ ချက်တယ်၊ ပြီးတော့ တနိုင်ငံလုံးက လိုင်စင်ရ ဘိန်းခန်းတွေဆီ ရောင်းပေးတယ်။ လိုင်စင်မရဘဲ ဖွင့်ထားတဲ့ ဘိန်းခန်းတွေလည်း အများကြီးရှိတယ်။ ဒါ့အပြင် မှောင်ခိုဘိန်းက ဈေးသက်သာတဲ့အပြင် ယစ်မျိုးဌာနက ထုတ်ရောင်းပေးတဲ့ ဘိန်းထက် အရည်အသွေးလည်း ပိုကောင်းတော့ လိုင်စင်ရ ဘိန်းခန်းတွေကတောင် မှောင်ခိုဘိန်းကိုပဲ လိုချင်ကြတယ်။ ၁၉၅၃ ခုနှစ်အတွင်း လိုင်စင်ရဘိန်းခန်းတွေမှာ ရောင်းတဲ့ ဘိန်းအားလုံးရဲ့ လေးပုံသုံးပုံဟာ မှောင်ခိုဈေးကွက်က ရတာပါ။ ယစ်မျိုးခွန်ကို ရှောင်တဲ့နေရာမှာ တခြား ပြဿနာ တခုရှိပါသေးတယ်။ ဘိန်းခန်းတွေက ရှူပြီးသား ဘိန်းချေးတွေကို ယစ်မျိုးဌာနဆီ ပြန်ပေးရမယ့် တာဝန်ရှိပါတယ်။ ဝယ်တုန်းက ဘိန်းရဲ့အရည်အသွေးနဲ့ ရှူပြီးသားဘိန်းရဲ့ အရည်အသွေးကို ယစ်မျိုးဌာနက ပြန်နှိုင်းယှဉ်ကြည့်ဖို့ ဆိုလားပဲ။ ဒါပေမယ့် ဘိန်းခန်းပိုင်ရှင်တွေက ဘိန်းချေးအတုတွေကိုပဲ ပုံမှန် ပြန်သွင်းပါတယ်။ ဘိန်းချေး အစစ်တွေကိုတော့ အဆင့်နိမ့်ဘိန်း အဖြစ် လမ်းပေါ်က ဘိန်းစားတွေကို ပြန်ရောင်းပေးကြတယ်။ လိုင်စင်ရ ဘိန်းခန်းမှာ ဘိန်းရှူတာဟာ တရားဝင်တဲ့ ခေတ်အခါဖြစ်တဲ့ ၁၉၅၁ မှာတောင် ကုလသမဂ္ဂရဲ့ ဖိအားပေးမှု အရ ပြဋ္ဌားလိုက်ရတဲ့ ထိုင်းနိုင်ငံဥပဒေအရ ထိုင်းနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုကို တားမြစ် ပိတ်ပင်လိုက်ပါတယ်။ စိုက်ပျိုးခြင်း၊ မှောင်ခိုခြင်း၊ တရားမဝင် ရောင်းချခြင်း အတွက် များပြားတဲ့ ဒဏ်ငွေနဲ့ ပြင်းထန်တဲ့ ထောင်ဒဏ်ပေးဖို့ စာအုပ်ကြီးထဲ ပြဋ္ဌာန်းထားပေမယ့် မျက်နှာလိုက်ပြီး အရေးယူတာပဲ ရှိပါတယ်။ ဖမ်းဆီးရတဲ့ လူအရေအတွက်လည်း အင်မတန်နည်းပြီး ပြစ်ဒဏ်တွေကလည်း မပြင်းထန်ပါဘူး။

လိုင်စင်ရဘိန်းခန်းတွေကို ထုတ်ရောင်းပေးဖို့အတွက် ယစ်မျိုးဌာနက ပုံမှန်အားဖြင့် ဘိန်းကို မတင်သွင်းပါဘူး။10 “သိမ်းဆည်းရမိတဲ့” ဘိန်းတွေနဲ့တင် လုံလောက်တယ်လို့ ဆိုပါတယ်။ ရဲတွေ စီစဉ်ပေးတဲ့ “သိမ်းဆည်းရမိ” ဘိန်းတွေက အလွန်များပါတယ်။ တခြားလက်နက်ကိုင် တပ်ဖွဲ့တွေက “သိမ်းဆည်းရမိ” တာတွေလည်း နည်းနည်းရှိပါတယ်။ အာဏာပိုင်တွေက အောက်ခြေက ဘိန်းသယ်သူတွေကို ဖမ်းပြီး ဘိန်းတွေကို သိမ်းပါတယ်။ ပြီးမှ အမှုတွေကို ရုပ်သိမ်းတာ ဒါမှမဟုတ် အကျဉ်းသားတွေကို “လွတ်မြောက်အောင်” စီမံပေးပါတယ်။ ဘိန်းသယ်သူတွေဆီက မိတဲ့ ဘိန်းတွေကလည်း အာဏာပိုင်တွေ ဖမ်းဆီးသိမ်းဆည်းထားတဲ့ ဘိန်းတွေထဲကပဲ မှောင်ခိုဈေးကွက်ထဲကို ပြန်ထွက်လာတာမို့လို့ လုံးချာရိုက် နေပါတော့တယ်။ “သိမ်းဆည်းရမိ” ဘိန်းတွေ အဖြစ်သတ်မှတ်ထားတဲ့ ဘိန်းတွေကို ယစ်မျိုးဌာနဆီ လွှဲပေးရပါတယ်။ များသောအားဖြင့်တော့ ဘိန်းတွေကို တခြားပစ္စည်းတွေနဲ့ ရောနှောပြီး ပိုတဲ့ဘိန်းတွေကိုတော့ မှောင်ခိုဈေးကွက်ထဲ ထုတ်ရောင်းကြပါတယ်။ ဒီလို “သိမ်းဆည်းရမိ” ဘိန်းတွေအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ဆုငွေထုတ်ပေးပါတယ်။ တချို့ကိုတော့ သူတို့ယူထားပြီးတော့ အများအားဖြင့်တော့ သူတို့ရဲ့ အထက်အရာရှိတွေဆီ ရောက်ကုန်ပါတယ်။

စစ်တပ် အရာရှိကြီးတွေက သူတို့ရဲ့ အဆောင်အယောင်နဲ့ လက်အောက်ငယ်သားတွေကို အသုံးပြုပြီးတော့ သူတို့ကိုယ်ပိုင် ဘိန်းလုပ်ငန်းတွေ လုပ်ကြပါတယ်။ စစ်တပ်က ဝန်ထမ်းတွေဟာ သူတို့ရဲ့ တရားဝင် လုပ်ငန်း တာဝန်တွေအပြင် ဘိန်းတွေ သယ်ယူပို့ဆောင်တာ၊ စစ်စခန်းမှာ ဘိန်းကို သိုလှောင်တာ၊ လုံခြုံရေး ယူရတာတွေကိုပါ လုပ်ရပါတယ်။ ထိုင်းဘုရင့်ကြည်းတပ်ရဲ့ အဓိက ဘိန်းသိုလှောင်ရုံဟာ ဘန်ကောက်မြို့ ဘုရင့်နန်းတော် အနီးက ဆွန်ကျောက်ကျိတ် မှာ ရှိပါတယ်။ မြောက်ပိုင်းက ဘိန်းတွေ သယ်ယူပို့ဆောင်တာကို ဒုတိယဗိုလ်ချုပ်ကြီး ဆရစ် ထာနရတ် နဲ့ ဗိုလ်ချုပ် ထနွမ် ကစ်တိခချွန် လက်အောက်က တပ်တွေက ထိန်းချုပ်တားပြီး သူတို့ပဲ သိုလှောင်ထားပါတယ်။ ပြီးမှ ဟောင်ကောင်နဲ့ စင်္ကာပူဘက်ကို ပို့ဖို့ စီစဉ်ပါတယ်။ ဒီဗိုလ်ချုပ် နှစ်ယောက်စလုံးဟာ နောင်မှာ ဝန်ကြီးချုပ်တွေ ဖြစ်လာကြပြီး အမေရိကန်ပြည်ထောင်စုနဲ့ အင်မတန် နီးစပ်တဲ့ ဆက်ဆံရေးရှိကြပါတယ်။ လူပြောသူပြောအရ ဘန်ကောက် မြို့တော် ဘန်ဆူးခရိုင်မှာ ဆရစ် ထိန်းချုပ်ထားတဲ့ ဘိန်းကနေ မော်ဖိန်းချက်တဲ့ စက်ရုံ တရုံရှိတယ်ဆိုပဲ။ အာဏာသိမ်းအုပ်စုထဲက နောက်ထပ် ထင်ရှားတဲ့ အဖွဲ့ဝင် တယောက်ဖြစ်တဲ့ လေတပ် မာရှယ် ဖွန်း ရွန်နာဖကတ် ကလည်း ထိုင်းဘုရင့်လေတပ်က အထူးသီးသန့် ပံ့ပိုးမှုအင်္ဂါရပ်တွေကို အသုံးပြုပြီး သူ့အတွက် တော်ရုံသင့်ရုံ ဝေစုရအောင် ကုန်သွယ်ရေးလုပ်ပါတယ်။ တပ်တိုင်းက သူတို့မှာ ရှိတာသုံးပြီး ကိုယ့်အတွက် ကိုယ်အလုပ်လုပ်ကြတာ ချည်းပါပဲ။ ချင်းမိုင်က ဘိန်းတွေကို သူ့လေယာဉ်နဲ့  ထိုင်းနိုင်ငံ တောင်ဘက်စွန်းက စစ်လေယာဉ်ကွင်းဆီ သယ်လာပါတယ်။ ပြီးမှ သင်္ဘောပေါ်တင်ပြီး ဟောင်ကောင်နဲ့ စင်္ကာပူကို ပို့ပါတယ်။

ဖောင်ဆီယာနွန် ကလည်း ရဲတပ်ဖွဲ့က ပံ့ပိုးမှုအင်္ဂါရပ်တွေကို သုံးပြီး သူ့ဘိန်းလုပ်ငန်းကို လုပ်ပါတယ်။ ရဲအတော်များများကို သူ့ကိုယ်ပိုင်ငွေနဲ့ လစာပေးတယ်။ နိုင်ငံခြား ခရီးထွက်တဲ့အခါတွေမှာ အမေရိကန်နဲ့ ဥရောပဆီ မူးယစ်ဆေးဝါး ပို့ဆောင်ဖို့အတွက် ထိုင်းအဲယားဝေး လေကြောင်းလိုင်း ဝန်ထမ်းတွေနဲ့ ပူးပေါင်း စီစဉ်တယ်။ ထိုင်းအဲယားဝေးဟာ ထိုင်းဘုရင့်လေတပ်က အရာရှိတွေ ထိန်းချုပ်ထားတဲ့ အစိုးရပိုင် လေကြောင်းလိုင်း ဖြစ်တယ်။ ထိုင်းဘုရင့်အစိုးရ အကြီးတန်း အရာရှိတွေက ဘိန်းကုန်သွယ်ရေးနဲ့ ပတ်သက်နေကြတယ်ဆိုတာကို ဘန်ကောက်နဲ့ ဝါရှင်တန်မှာ ရှိကြတဲ့ အမေရိကန် အရာရှိတွေက အသေအချာ သိကြပါတယ်။ ဒါပေမယ့် အာဏာသိမ်းအုပ်စု အဖွဲ့ဝင်တွေ မှောင်ခိုလုပ်နေတာဟာ သူတို့ကိုယ်ကျိုးစီးပွား အတွက်သာဖြစ်ကြပြီး ထိုင်းဘုရင့်အစိုးရရဲ့ မူဝါဒကို ကိုယ်စားမပြုဘူး၊ မူးယစ်ဆေးဝါးက ရတဲ့ အကျိုးအမြတ်တွေကလည်း ထိုင်းဘုရင့်အစိုးရ ဘဏ္ဍာတိုက်ထဲ ရောက်မသွားဘူးလို့ အမေရိကန် အရာရှိတွေက သုံးသပ်ထားကြတယ်။

  1. အဲဒီခေတ်က ဒီခေတ် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး နှစ်ခုပေါင်းကို တနင်္သာရီတိုင်း လို့ခေါ်တာ ဖြစ်ပါတယ်။ ဘာသာပြန်သူ
  2. လီဇေဖန်း က ပြောင်မြောက်တဲ့ ဂန္တဝင် တရုတ် ကဗျာဆရာ၊ သမိုင်းဆရာ တယောက်ဖြစ်တယ်။ နောက်ပိုင်းမှာ တရုတ် စစ်သမိုင်းနဲ့ ပတ်သက်ပြီး စာအုပ်တွေ အတွဲလိုက်ရေးခဲ့တယ်။ ဒါပေမယ့် သူကိုယ်တိုင် တရုတ်ဖြူတပ်တွေနဲ့ အတူ မြန်မာနိုင်ငံမှာ ရှိခဲ့တဲ့အချိန်က အကြောင်းကိုတော့ တစွန်းတစမှ မရေးခဲ့တာကတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
  3. ဖြစ်ချင်တော့ မလေးယားက လာတဲ့ တချို့ ကျောင်းသားသားတွေဟာ နောက်ဆုံးမှာ မလေးယား ကွန်မြူနစ်ပါတီ သူပုန်တွေ ဖြစ်သွားကြတယ်။
  4. ဒီနေ့ခေတ် မိုင်းဆတ် အရပ်ဘက် လေယာဉ်ကွင်းဟာ ပြေးလမ်း ပေ ၅,၀၀၀ ရှိပါတယ်။
  5. ၁၉၉၅ ခုနှစ် ရောက်မှ အမေရိကန် ပြည်ထောင်စုက မွန်းဖန်ချင်းကို ၁၉၄၁−၄၅ ကာလအတွင်း အမေရိကန် စစ်တပ်အတွက် အမှုထမ်းခဲ့တဲ့ အတွက် ဆိုပြီး Distinguished Flying Cross နဲ့ Air Medal ကို ချီးမြှင့်ခဲ့တယ်။
  6. ထိုင်ဝမ်းက ကျယ်ပြန့်တဲ့ ကောလဟလတွေအရ ချန်ကေရှိတ် က ထိုက်အန်းကော် အဖေရင်းဖြစ်တယ်လို့ ဆိုတယ်။ သူ့အမေကတော့ ချန်ကေရှိတ်ရဲ့ တရားဝင်သား အဖြစ် အသိအမှတ်ပြုထားတဲ့ ကျန်ဝေကော်ကို မွေးခဲ့တဲ့ အိမ်စေ အမျိုသမီး တဦး ဖြစ်တယ်။ အများကတော့ ကျန်ဝေကော်ဟာ ချန်ကေရှိတ်ရဲ့  သူငယ်ချင်းကောင်းရဲ့ သားဖြစ်တယ်လို့ သိကြတယ်။
  7. အမေရိကန်နိုင်ငံသားတွေ ပါဝင်ပတ်သက်နေတာတွေ ရှိပေမယ့် စာရေးသူတို့ အနေနဲ့တော့ အမေရိကန်အစိုးရ အဖွဲ့အစည်းတွေ တရားဝင် ပါဝင်ပတ်သက်တယ်လို့ ယုံကြည်ရလောက်တဲ့ အကြောင်းပြချက်ကို မတွေ့ရပါဘူး။
  8. ပထမတော့ လီမီက ကြည်းတပ် ဧည့်ရိပ်သာမှာ နေပါတယ်။ နောက်ပိုင်းတော့ ဘူတာကြီးနားမှာ ကိုယ်ပိုင်အိမ်ဝယ်ပြီး နေပါတယ်။
  9. ၁၉၅၅ ခုနှစ် ကူမင်တန်ပါတီရဲ့ တရားဝင် အစီရင်ခံစာတွေအရ မြန်မာနိုင်ငံမှာ တရုတ်လူမျိုး ၁၅၀,၀၀၀ (သုံးပုံနှစ်ပုံလောက်ဟာ မြန်မာအစိုးရဆီက တရားဝင် နေထိုင်ခွင့်မရသေးတဲ့ လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေ ဖြစ်တယ်) လောက်ရှိတယ်လို့ ဆိုပေမယ့် အများဆုံး ၃၆၀,၀၀၀ လောက် ရှိနိုင်ပြီး တသန်းလောက်တောင် ရှိကောင်း ရှိနိုင်ပါတယ်။ ၁၉၅၀ တုန်းက တရုတ်စကားပြောတဲ့ ကိုးကန့်လူဦးရေ တခုတည်းကိုက ၁၀၀,၀၀၀ လောက် ရှိပါတယ်။
  10. အဲဒီဌာနဟာ ပုံမှန်အားဖြင့် ဘိန်းတွေကို တရုတ်၊ အိန္ဒိယက ဝယ်တဲ့အပြင် အီရန်ကလည်း တခါတရံ ဝယ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar