မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၁၃၊ ၂၀၂၂
◾️ ပြည်ထောင်စုနေ့ ပြည်ထောင်စုစိတ်ဓါတ်
ပြည်ထောင်စုနေ့ဆိုတာဟာ ၁၉၄၇ ခုနှစ် အင်္ဂလိပ်ကိုလိုနီလက်အောက်က မလွတ်မြောက်ခင် ၁ နှစ်ခန့်အလို ဗြိတိသျှလက်အောက်ကနေလွတ်မြောက်ဖို့ လွတ်လပ်ရေးယူကြတဲ့အခါ တောင်တန်းဒေသတွေ တနည်းအားဖြင့် တိုင်းရင်းသားလူမျိုးစုဒေသတွေပါ တစုတစည်းထည်း လွတ်လပ်ရေးယူကြပြီး ပြည်ထောင်စု (အင်္ဂလိပ်လို ယူနီယံလို့ သုံးနှုန်းပြီး ဖက်ဒရယ်လို့ မသုံးနှုန်းတဲ့အေပါ် ဝေဖန်မှုတွေရှိခဲ့) အဖြစ်နဲ့ တနိုင်ငံထည်းထူထောင်ကြမယ်ဆိုတဲ့ သဘောတူညီမှုရခဲ့တဲ့နေ့၊ အင်္ဂလိပ်ဘာသာနဲ့ တမျက်နှာသာသာရှိတဲ့စာချုပ်ကို လက်မှတ်ထိုးခဲ့ကြတဲ့နေ့ ဖြစ်ပါတယ်။
ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုဂ္ဂိုလ်ရေး တည်ကြည်မှု၊ နိုင်ငံရေးအရ ရိုးသားမှုအပေါ် ယုံကြည်မှုကြောင့်လည်း ပင်လုံစာချုပ်ကို ချုပ်နိုင်ခဲ့တယ်လို သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ တိုင်းရင်းသားဧရိယာတွေဖြစ်တဲ့ ချင်းတောင်တန်းဒေသလို၊ ရှမ်းပြည်နယ်လို၊ ကယားပြည်နယ်လိုဒေသတွေက မြန်မာနိုင်ငံကို အင်္ဂလိပ်သိမ်းယူချိန်အထိ သူတို့ဘာသာ သူတို့အုပ်ချုပ်ခဲ့ကြတဲ့သမိုင်းရှိခဲ့ပြီး မြန်မာဘုရင်တွေအပေါ် သစ္စာခံတဲ့ သီးခြားကိုယ်ပိုင်လွတ်လပ်စွာအုပ်ချုပ်နေထိုင်ခဲ့ကြတဲ့ သမိုင်းနောက်ခံကြောင့် ဗြိတိသျှတွေက လွတ်လပ်ရေးပေးတဲ့အခါမှာ အဲဒီဒေသက လူမျိုးစုတွေအနေနဲ့ နကိုအနေအထားအတိုင်း ပြန်နေကြမယ့် ယူဆချက်၊ အရပ်စကားနဲ့ ပြောရရင် ပစ္စည်းတခုကိုပြန်ပေးတဲ့အခါ ယူစဥ်ကအခြေအနေအတိုင်း ပြန်ထားဖို့ဆိုတဲ့သဘောမျိုးနဲ့ လွတ်လပ်ရေးမတိုင်ခင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေရာမှာ အတိုချုပ်ပြောရရင် တိုင်းရင်းသားတောင်တန်းဒေသတွေကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိစကားက ပြည်ထောင်စုထဲမှာ ဆယ်နှစ် အတူတူနေကြည့်ကြပါ။ မကြိုက်လို့ ခွဲထွက်မယ်ဆို အဲဒီအချိန်ကျ ခွဲထွက်ခွင့်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေး ပေါ်ပြူလာဖြစ်ခြင်း၊ ပုဂ္ဂိုလ်ရေးယုံကြည်မှုနဲ့ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တချို့က ပင်လုံမြို့မှာ သဘောတူခဲ့ကြပြီး နောက် ၁၀ လအကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလမှာ လွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်။
ကံအကြောင်းမလှစွာပဲ လွတ်လပ်ရေးရပြီးနောက်တနှစ်ကစလို့ တိုင်းရင်းသားအခွင့်အရေးနဲ့ လက်ဝဲလက်ယာ နိုင်ငံရေးအယူဝါဒအပေါ်အခြေခံတဲ့ လက်နက်ကိုင်တိုက်ပွဲ၊ တနည်း ပြည်တွင်းစစ်ထဲကို ကျရောက်ခဲ့ပြန်ပါတယ်။ ၁၉၄၉ မှာ တရုတ်နိုင်ငံမှာ တရုတ်ကွန်မြူနစ်ပါတီက ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ပွဲခံပြီးနောက် အမေရိကန် ထောက်ခံတဲ့ ကူမင်တန်လက်နက်ကိုင်တပ်တွေက တရုတ်ပြည်ကို ပြန်တိုက်ခိုက်ဖို့ မြန်မာနိင်ငံ ရှမ်းပြည်နယ်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့ကြတဲ့ အရေးကိစ္စလည်း ၁၉၅၀ ကျော်ခုနှစ်တွေမှာ ဖြစ်ပွားခဲ့ပြန်ပါတယ်။ တနည်းအားဖြင့် နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေ အရပ်သားနိုင်ငံရေးက အားမကောင်းခင်မှာ စစ်တပ်ရဲ့ သြဇာက တဖြည်းဖြည်း ကြီးမားလာပြီး လွတ်လပ်ရေးရပြီး ၁၀ နှစ်ကျော်အကြာ ဖက်ဒရယ်အရေးဆွေးနွေးကြတဲ့အခါမှာ စစ်တပ်က ပြည်ထောင်စု ပြိုကွဲဖို့ လက်၁လုံးအလိုဆိုတဲ့ဇာတ်လမ်းကိုအကြောင်းပြကာ ၁၉၆၂ ခု မတ်လမှာ စစ်အာဏာသိမ်းခဲ့ပါတော့တယ်။
စစ်အာဏာမသိမ်းမီ လွတ်လပ်ရေးရပြီး ဆယ်နှစ်တာကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းများစွာကို ပေါ်ထွက်စေခဲ့ပြီး ဖြစ်ပါတယ်။ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း၊ ကချင်၊ ကရင်နီ စသဖြင့် မြန်မာ့ လွတ် လပ်ရေးရပြီးနောက် နှစ် ၇၀ ကျော်သမိုင်းဟာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာဖြစ်ပွားတဲ့ စစ်ပွဲတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရုပ်ဆိုးခဲ့ရတဲ့ သမိုင်းအဖြစ်အပျက်တွေ ဖြစ်ပါတယ်။
ပြည်ထောင်စုလို့ အဓိပ္ပါယ်ဖွင့်ဆိုကြတဲ့အခါ ဆန္ဒသဘောထားတူညီစွာနဲ့ ပေါင်းစုကြတဲ့ ပြည်ထောင်စုနဲ့ အာဏာ အင်အားတခုနဲ့ ပေါင်းစုကြတဲ့ ပြည်ထောင်စုဆိုပြီး ၂ မျိုး ၂စားရှိတယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ မြန်မာနိုင်ငံက ၁၉၄၇ ဖေဖေါ်ဝါရီ ၁၂ ရက်က ဆန္ဒသဘောထားတူညီစွာနဲ့ လွတ်လပ်ရေးရပြီး နောက်မှာ ပြည်ထောင်စုမှာပါဝင်ကြဖို့ သဘောတူညီကြပေမယ့် လွတ်လပ်ရေးရပြီးနောက် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကတော့ အင်အားနဲ့ အတင်းအဓမ္မပေါင်းစည်းဖို့ လုပ်ဆောင်ခဲ့တဲ့အနေအထားမျိုး ရောက်ခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်ဖို့အကြောင်းပြကာ စစ်တပ်ရဲ့ အခန်းကဏ္ဍက နိုင်ငံရေးမှာ ပိုပြီးချဲ့ထွင်လာခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။
ဒီနေ့ ပြည်ထောင်စုနေ့ နေပြည်တော်မှာကျင်းပတဲ့ပွဲကိုတော့ NCA ထိုးထားတဲ့ လက်နက်ကိုင် ၇ ဖွဲ့နဲ့ လက် မှတ်ထိုးတဲ့အထဲ မပါဝင်တဲ့ လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့တို့ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီနေ့ပြည် ထောင်စုနေ့အခမ်းအနားက ကောင်းမွန်တဲ့ရလဒ် ထွက်လာဖို့တော့ မမျှော်လင့်ပါဘူး။ ပြည်ထောင်စုနေ့ အခါသမယမှာ ပြည်ထောင်စုနဲ့ပတ်သက်တဲ့သမိုင်း အဖြစ်မှန် ကိုယ်တွေ ငယ်စဥ်ကတည်းက ကျောင်းမှာသင်ယူခဲ့တာတွေကိုပဲ သမိုင်းလို့ မယူဆပဲ မတူတဲ့အမြင်တွေ အယူအဆတွေ နောက်ခံသမိုင်း အဖြစ်အပျက်တွေ ရှိနေခဲ့တာကိုလည်း သိရှိနားလည်အောင် ကြိုးစားဖို့ အချိန်တန်ပြီလို့သာ ဆိုချင်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar