ညိုထွန်းလူ - မီးရထားနှင့်ခရီးသွားလာကြသူများ
(မိုးမခ) ဖေဖော်၀ါရီ ၁၃၊ ၂၀၂၂
လွန်ခဲ့သည့် နှစ်သုံးဆယ်လောက်က ဖြစ်ပါ၏။ ကျွန်တော်လိုက်ပါလာသည့်မီးရထားသည် မြို့ငယ်လေးတစ်မြို့၏ ဘူတာရုံရှေ့သို့ ထိုးဆိုက်လိုက်သည်။ နေ့ရထားဖြစ်၍ ခရီးသည်တွေ သိပ်မပါ။ မီးရထားက ဘူတာမှာတစ်မိနစ်လောက်ပဲ ရပ်နားသည်မို့ ရထားတွဲ အဆင်းအတက်ကို မြန်မြန်သွက်သွက် လှုပ်ရှားကြရသည်။
ကျွန်တော်နှင့်မျက်နှာချင်းဆိုင် ထိုင်ခုံလွတ်နေရာမှာ စိန့်မျိုးနွယ်ခရီးသည် လူငယ်စုံတွဲတစ်တွဲ ရောက်လာကြသည်။ သူတို့ကို မသိမသာ အကဲခတ်ကြည့်လိုက်သည်။ မင်္ဂလာဆောင်ပြီးစ အသစ်စက်စက် ဇနီးမောင်နှံဖြစ်ပြီး သတို့သားခေါ်ရာနောက်သို့ သတို့သမီးကလိုက်ပါလာခဲ့ရခြင်းဖြစ်သည်ကို ခန့်မှန်းမိလိုက်သည်။
လူသွားစင်္ကြန်လမ်းပေါ်မှာရပ်နေသော မိခင်တရုတ်မကြီးသည် ရထားတွဲဆီသို့ လျှင်မြန်စွာချဥ်းကပ်၍ ပြတင်း ပေါက်အပြင်သို့ ခေါင်းပြူထွက်လာသည့်သမီးကလေးကို တတွတ်တွတ်ပြောနေ၏။ တရုတ်လိုပြောနေကြ၍ ဘာတွေပြောနေကြမှန်း ကျွန်တော်လည်းမသိပေ။ ထိုအခိုက် မီးရထားစက်ခေါင်းဆီမှာ ဘော်ဝေါ်ဝေါ် ဥသြဆွဲသံကြားလိုက်ရသည်။ ရထားထွက်တော့မည်။ သမီးကလေးက ငိုသံတွေဖြင့် အံမား အံမားဟု အော်လိုက်၍ မိခင်ကြီးခမျာ ပျာယာခတ်သွားရလေပြီ။ စကားပြောရင်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်ကုန်ပြီး ငိုချင်စိတ်ကိုမနည်းထိန်းချုပ်ထားရရှာသည်။
ကျွန်တော် သည်အပူမီးတွေ တောက်လောင်နေရသည့် မိခင်တစ်ယောက်၏သောကကိုမြင်တွေ့လိုက်ရ၍ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ ကလေးမကလေးအနားမှာထိုင်နေသည့် အသစ်စက်စက်သတို့သားကတော့ ဘာဖြစ်နေသည်မသိ။ ယောက္ခမဖြစ်သူ စိတ်ချမ်းသာအောင် စကားတခွန်းတလေမျှဝင်ရောက်ပြောဖော်မရ။ သူနှင့်မသက်ဆိုင်သည့်အလား စောင်းငဲ့၍ပင်မကြည့်။ ရထားတွဲကြမ်းပြင်ပေါ်သို့ခြေချထားရင်း ထိုင်ခုံပေါ်မှာ မသက်မသာထိုင်နေသည့် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းသည် မတ်မတ်တောင့်တောင့်ကြီးဖြစ်နေသည်။ တဖန် သူသည် ဒူးခေါင်းနှစ်ဖက်ပေါ်သို့ လက်အစုံကိုတင်၍သကာလ ရှေ့ဆီသို့မျက်လုံးငယ်ကြောင်တောင်တောင်ဖြင့် ငေးမောကြည့်နေချေ၏။
မီးရထားသည် ဥသြသံပေးပြီး ဘူတာမှ ငြိမ့်ကနဲ ထွက်ခွာသွားလေ့ရှိသော်လည်း ယခုတော့ တုတ်တုတ်မျှမလှုပ်သေးပေ။ ဘယ့်နှာကြောင့်ပါလိမ့်။ ဟော-တွေးရင်းဖြင့် မီးရထားစက်ခေါင်းဆီမှ ဘော်ဝေါ်ဝေါ်ဥသြဆွဲသံကို ဒုတိယမ္ပိ ကြားရပြန်လေပြီ။ သည်တစ်ခါမှပဲ ရထားတကယ်ထွက်တော့မည်။ မီးရထားဥသြဆွဲသံသည် မိခင်တရုတ်မကြီးအတွက် မကောင်းဆိုးရွားအသံနှင့်မခြား။ သမီးကို စကားတွေအဆက်မပြတ်ပြောရင်း စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။ သမီးကလေးကလည်း အံမား အံမားဟု အော်ရင်း တအိအိငိုနေလျှက်။ စိတ်ဆင်းရဲသည့်မြင်ကွင်းကြောင့် မီးရထားမြန်မြန်ထွက်စေချင်မိသည်။
ခက်တာက မီးရထားက မထွက်နိုင်သေး။ ရထားတွဲထဲရှိခရီသည်အချို့က ပြတင်းပေါက်အပြင်ဘက်သို့ ကိုယ်တခြမ်းထွက်ပြီး စက်ခေါင်းဆီသို့ လှမ်းမျှော်ကြည့်ကြကုန်၏။ တယောက်နှင့်တယောက် မေးမြန်းကြရင်း ထင် မြင်ချက်အမျိုးမျိုးပေးကြလေ၏။ ဆယ့်ငါးမိနစ်ခန့်အကြာမှာတော့ စက်ခေါင်းပျက်သွားတာ စက်ခေါင်းအသစ်ကိုလှမ်းထားတယ်ဆိုသည့် ခိုင်မာသည့်သတင်းထုတ်ပြန်ချက်ကို အတိအကျသိလိုက်ရ၏။ ကဲ ဘာလုပ်ကြမလဲဟု မအူမလည်ဖြင့် ကျွန်တော်တွေးလိုက်သည်။ တကယ်တော့ သည်လမ်း သည်ခရီးမှာ ခရီးသွားကြရင်း သို့ကလိုမျိုး တစ်ကြိမ်တစ်ခါလောက်တော့ ကြုံရစမြဲဖြစ်သည်မို့ မည်သူမျှ ရေးကြီးခွင်ကျယ်လုပ်မနေကြပေ။ ငိုပွဲဆင်နွှဲနေသည့်သားအမိနှစ်ယောက်ကတော့ ရထားမထွက်နိုင်သည့်အကြောင်းအရင်းကို သတိမထားနိုင်။ မျက်ရည်တွေ တတွေတွေကျဆင်းရင်း ရှိုက်ငိုနေကြဆဲ။ သူရို့စိန့်တိုင်းပြည်ဘာသာစကားကို နားမလည်မိ၍ ကံကောင်းသွားသည်။ နို့မဟုတ်လျှင် ကျွန်တော်သည်လည်း ယောယောင်ငိုမိတော့မည်ထင်၏။ သို့ဖြင့် မနေသာတော့ဘဲ အဒေါ် ရထားစက်ခေါင်းပျက်သွားတာ၊ တော်တော်ကြာဦးမယ်တဲ့။ မတ်တပ်ရပ်နေရတာ ညောင်းပါတယ်။ ရထားတွဲထဲမှာ လာထိုင်လှည့်ပါဟု တရုတ်မကြီးကို ပြောရင်း ထိုင်ရာမှ မတ်တပ်ထလိုက်ရတော့သည်။
ဘူတာရုံစင်္ကြန်လမ်းပေါ်မှာ အညောင်းအညာပြေ လမ်းလျှောက်သည်။ ထို့နောက် ကုက္ကိုပင်ကြီးအောက်ကထိုင်ခုံပေါ်မှာထိုင်ပြီး အမောဖြေသည်။ စိတ်အာရုံထဲတွင် ဘဝင်မကျမှုဖြင့် အတွေးတွေ ရှုပ်ထွေးနေလျှက်။
ကျွန်တော်တို့နိုင်ငံသည် ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံကြီးနှစ်နိုင်ငံကြားမှာ တည်ရှိနေသည်။ အဆိုပါနိုင်ငံကြီးနှစ်နိုင်ငံမှာနေထိုင်ကြသူတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ လူမျိုးတစ်မျိုးနှင့်တစ်မျိုး အသားအရောင် ကိုးကွယ်သည့်ဘာသာတွေ မတူညီကြ။ ဘဝနေထိုင်မှုပုံစံလည်း ကွဲပြားသည်။ သို့ရာတွင် သမီးမိန်းကလေးကို မလိုချင် သားယောကျ်ားကလေးကို တန်ဖိုးထားကြတာချင်းတော့တူသည်။ လူချင်းအတူတူ ကျား မ ခွဲခြားထားတာကတော့ တော်တော်ဆိုးသည်။ ထိုစဥ်က ကျွန်တော်သည် လူ့အခွင့်အရေးဆိုသဟာကို မသိသေး။ ယနေ့ခေတ်စားနေသည့်ဂျန်ဒါဆိုသည့်စကားလုံးကိုလည်း ကြားတောင်မကြားဖူးသေး။ မိမိခံစားချက်နှင့် အသိအမြင်ကို နားလည်သလို ဆင်ခြင်သုံးသပ်လိုက်ခြင်းသာဖြစ်သည်။
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ ကျွန်တော်တို့မီးရထားတွဲတွေကိုချိတ်ဆွဲမည့် စက်ခေါင်းရောက်မလာသေး။ တရုတ်မကြီးလည်း ငိုရတာ အားရသွားသည်ထင့် သမီးနှင့်သမက်ကိုနှုတ်ဆက်၍ အိမ်သို့ပြန်သွားခဲ့လေပြီ။ ကျွန်တော်တို့စီးလာသည့်ရထားက ဘူတာမှာရပ်တန့်နေရသော်လည်း ပုံမှန်အချိန်အတိုင်း ထွက်လာကြသည့်မီးရထားတွေကတော့ အစုန်အဆန်ခုတ်မောင်းနေလျှက်။ ခရီးသည်တွေ တင်ဆောင်သွားသည့်မီးရထားတွေကို ကျွန်တော်ငေးကြည့်နေမိသည်။ မီးရထားတွဲတွေထဲက ခရီးသည်တွေ၊ ဘဝတွေ၊ ခံစားချက်တွေ၊ မျှော်လင့်ယုံကြည်မှုတွေ၊ တစ်ယောက်နှင့်တစ်ယောက် မတူညီကြ။ မီးရထားကြီးကတော့ သည်အရေးကိုတွေးနေမည်မဟုတ်ပါ။ သူ့တာဝန်အတိုင်းခုတ်မောင်းနေလျှက်ရှိသည်။
သံသရာရထားကြီးကလည်း ထိုနည်းတူပဲဖြစ်ပါသည်။ လမ်းခုလတ်တွင် သည်ရထားကြီးပေါ်မှ ဆင်းသူလည်းရှိ တက်လာကြသူလည်းရှိ။ မရေမတွက်နိုင်သည့် ဘဝပေါင်းများစွာကိုသယ်ဆောင်ပြီး ပုံမှန်အရှိန်နှုံးဖြင့် ခုတ်မောင်းနေလျှက်။
× × × ×
စားပွဲပေါ်က မင်္ဂလာဆောင်ဖိတ်စာကိုကြည့်ရင်း အမှတ်မထင်ပြုံးလိုက်မိသည်။ ကျွန်တော့်မိတ်ဆွေဒေါ်ခင်စန်းမြင့်၏ သမီးမင်္ဂလာဆောင်မို့ သွားရောက်ချီးမြှင့်ပေးရပေဦးမည်။ ဒေါ်ခင်စန်းမြင့်ဆိုတာကလည်း တစ်ခြားသူမဟုတ်ပါ။ လွန်ခဲ့သည့်နှစ်သုံးဆယ်က မီးရထားပေါ်မှာခင်မင်ခဲ့သည့်ကလေးမလေး။ ယခုတော့လည်း မိခင်နေရာသို့ရောက်နေပြီပေါ့။
သူက ဖိတ်စာမပို့ခင်ကတည်းက ကိုဗစ်ရှိနေလို့ လူရင်းတွေပဲဖိတ်လိုက်တာ။ လေးလေးလာဖြစ်အောင်လာခဲ့နော်ဟု တယ်လီဖုန်းဆက်၍ ပြောထားသည်။ သူ့သားမက်တော်ရမည့်သတို့သားက မီးရထားလမ်းပဲရှိသည့်မြို့ကလေးတစ်မြို့မှာနေသည်။ သို့ဖြင့် သမီးကို ဘူတာရုံသို့လိုက်ပို့ရင်း တစ်ခါက သူ့မိခင်ကြီးလိုပဲ ငိုပွဲဆင်ရဦးမည်လား။ ကျွန်တော့်အတွေး မှားချင်လည်းမှားနိုင်သည်။ နှစ်ကာလတွေအများကြီးကွာခြားသွားခဲ့ပြီပဲ။ ပြီးတော့ မနှစ်ဖေဖေါ်ဝါရီလကတည်းက မီးရထားတွေခမျာ ကျန်းမာရေးမကောင်း၍ သံလမ်းပေါ်မှာ ခုတ်မောင်းမသွားလာနိုင်ကြတော့။ သူတို့ခမျာများ လူတွေ၏ ဘဝတွေကိုသယ်ဆောင်ပေးဖို့နေနေသာသာ သူတို့ကိစ္စ သူတို့အရေးနှင့်ကြုံတွေ့နေရသည့် အခက်အခဲတွေကိုပဲ ရင်ဆိုင်ဖြေရှင်းကြရင်းဖြင့် ကြံ့ကြံ့ခံနိုင်အောင်ကြိုးစားနေကြရှာသည်။ ဘဝက တိုသည် သံသရာက ရှည်လျားသည်မို့ ပျော်ရွှင်ခြင်း ဝမ်းနည်းကြေကွဲရခြင်းတို့ဖြင့်လုံးထွေးနေကြရင်း နှလုံးသားရှိကြသူတိုင်း မျှဝေခံစားကြရစမြဲ။ မည်သို့ပင်ဖြစ်စေ တံတားအောက်မှရေသည်ဆက်မပြတ်စီးဆင်းနေလျှက်ရှိသည်။
ညိုထွန်းလူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar