ခင်လွန်း - အောင်ဘညို ၇ နှစ် နဲ့ အမေ့ပုံတူ
* အေဘီညိုကွယ်လွန်ခြင်း ၇ နှစ်အမှတ်တရ
ခင်လွန်း
(မိုးမခ) ဇွန် ၁၀၊ ၂၀၂၂
သူမရှိတာ ဘာလိုလိုနဲ့ ၇ နှစ်ရှိပြီတဲ့။
မနေ့တနေ့ကလိုပဲ၊ မရှိတော့ဘူးဆိုတာ မယုံချင်သေးတာကလဲ ခုထိတိုင်ပါပဲ။ မရှိတော့မှ လွမ်းတယ်လို့ သူများတွေပြောနိုင်ပေမယ့် သူသာ ရှိနေသေးရင်တော့ တကယ်ယုံမှာပါ။ အကြောင်းသိတွေကိုး။
သူနဲ့ကိုယ်နဲ့က ၂ ယောက်အိပ် စစ်ခြင်ထောင်လေးတလုံးထဲ အတူအိပ်၊ ထမင်းဟင်းအေးစက်စက်ကို ၂ ယောက်အတူစားဘဝနဲ့ ရက်ပေါင်း လပေါင်းများစွာနေခဲ့ကြဖူးတော့ ညီရင်းအကိုတမျှ ချစ်ကြပါတယ်။
အကယ်၍ ကဗျာတွေ စာတွေ မပါစတမ်း သာမန်နေမှုထိုင်မှုဘဝထဲကဆိုရင်လဲ အချင်းချင်းအပြန်အလှန်ချစ်ကြမယ့် ဓာတ်ခံရှိသူတွေဆိုရမလားပဲ။
ဇူလိုင် ဝါဆိုလဖွားချင်းတူတော့ စိတ်ချင်းနီးပုံရသလားမသိပါဘူး၊ တယောက်စိတ်ကိုတယောက် ဖောက်ပြီးမြင်ကြတတ်တယ်။ စာပေလောကထဲရောက်ကြပုံကို ပုံနှိပ်ဖော်ပြခံရချိန်ကနေစတင်ရေတွက်ကြမယ်ဆိုရင် လတစ်လထဲ သူ့ကဗျာနှစ်ပုဒ်ပြိုင်တူဖော်ပြခံခဲ့ရတဲ့အချိန်က တပုဒ်သောကဗျာဟာ ကျနော်ကြိုက်လို့ရွေးချယ်ခဲ့တဲ့ ဘိုကြီးမောင်သင်းခိုင်အမှတ်အသား ဂျင်းဘောင်းဘီပါတဲ့ ' ပျဉ်းမနားအဆန်' ဆိုတဲ့ ကဗျာလဲ ပါ ပါတယ်။ အိပ်မက်ဖူးမဂ္ဂဇင်း အမှတ် (၃-၄) ဖြစ်မယ်ထင်တယ်။ (တပုဒ်က ဘိုကြီးဖတ်ရွေးလုပ်နေတဲ့ ရုပ်ရှင်တေးကဗျာမှာ)
အဲဒီကဗျာပါပြီး နောက်လမှာပဲ တခါကြားဖူးရုံနဲ့ စိတ်ကိုလှုပ်ရှားဆွဲဆောင်နိုင်တဲ့ ကလောင်အမည်ပိုင်ရှင် ကဗျာဆရာဟာ ရန်ကုန်ကို ချီတက်လာပါတယ်။ အိပ်မက်ဖူးတိုက်မှာလူချင်းဆုံကြတော့ ကျနော်တို့ဟာ ဘဝဟောင်းက ရေစက်တွေ ပဋ္ဌာန်းဆက်တွေကြောင့်လားမသိ အလွန်ချစ်သွားကြပါတယ်၊
အဲဒီ့ကာလတွေကိုမျက်လုံးထဲပြန်ပုံဖော်ကြည့်တော့ ချက်ချင်းပဲ သူအသက်ဝင်လာသလို အာရုံရိပ်ထဲ တဝဲဝဲပါပဲ။
ဂုတ်(ကုပ်) ထောက်ရုံမက ကျောမှာပြန့်ကျနေတဲ့ဆံပင်က ခုခေတ်လူငယ်လေးတေွလိုဆိုးဆေးမလိုဘဲ နီကျင်ကျင်နဲ့ပါ။ မေးစေ့မွှေး နှုတ်ခမ်းမွှေးက ထူလဗျစ်။ ကွမ်းသွေးကလဲ တဗျစ်ဗျစ်။ ရန်ကုန်မြစ်ကမ်းနဖူး ၄၁ လမ်းက အိပ်မက်ဖူးမဂ္ဂဇင်းတိုက် ဒုတိယထပ် ဝရံတာလေးမှာ ကျနော်တို့ချင်းအပြန်အလှန်စကားတွေဖောင်ဖွဲ့ကြတော့ ဝန်ခံရရင် သူ့စကားလုံးတိုင်းကို ကျနော် နားမလည်ပါဘူး။ (ကျနော်ဘာဆိုလိုတယ်ဆိုတာ အချင်းချင်းတွေသိကြပါတယ်နော်)။ ကျနော်က နားမလည်လေ သူက အားထုတ်ကြိုးစားပြောလေနဲ့ နောက်ဆုံး ညနေချိန်ရောက်လို့ ၄၂ လမ်းအဖြူဆိုင်လေးတွေရောက်တော့ ကျနော်တို့တော်တော့်ကို ချစ်သွားကြပါပြီ။
သူက အပြောကျယ်တဲ့ရန်ကုန်စာပေလောကတောအလည်မှာ စွန့်စားခြေချချင်ကြောင်းပြောပါတယ်။ ကျနော်က အားပေးပါတယ်။ ချပေါ့။ ဒါပေမဲ့ သိတဲ့အတိုင်း ဒီတိုက်ပွဲဟာ ကြမ်းတမ်းမယ်။ ခက်ထန်မယ်။ သိမ်မွေ့လွန်းလှတယ်ပေါ့။
သမရိုးကျနေထိုင်နေကြသူများရင်ဆိုင်ရကြရတဲ့ လောကဓံရိုက်ချက်ထက် အပြင်းစားဟဲဗီးရိုက်ချက်တွေများတယ်ဟ ...လို့လဲ သတိပေးပါတယ်။
ဒါပေမဲ့ စိတ်ကြီးတဲ့သူဆိုတော့ တားမရဆီးမရပါပဲ။ ရန်ကုန်ကို ကမ်းလွန်လေကဗျာမဂ္ဂဇင်းလုပ်ဖို့ တပြည်လုံးကကဗျာဆရာတွေရဲ့စာမူတွေပိုက်ပြီး တက်လာတော့ ကျနော်က " ကိုင်း ...ကိုယ့်လူရေ ...ကိုယ်ကတော့ အနေအထိုင်ဆင်းရဲတဲ့မိသားစုထဲကပဲ၊ အိမ်ကလဲ မြောက်ဉက္ကာလာပနားပဲ၊ မောင်သာချိုတို့ နေစိမ့်တို့နားပဲ။ အဆင်းရဲခံနိုင်ရင် လိုက်နေလေဆိုတော့ ကိုယ့်ဆရာဟာ ကျနော့်ရဲ့တယောက်အိပ် စစ်ခြင်ထောင်ထဲ ခေါင်းအုံးလေးတဖက်မှာချရင်း လိုက်အိပ် လိုက်နေတော့တာပဲ။
...
ကမ်းလွန်လေကဗျာမဂ္ဂဇင်းဟာ အမှတ် ၁ အမှတ် ၂ အဖြစ်နဲ့ စာပေလောကမှာတော့ မှတ်တို်တခု ထင်းထင်းကြီး ကျန်နေခဲ့ပါပြီ။
အမှတ် ၂ ကို ကိုရိုးမြေတို့ တာဝန်ယူလုပ်ကြတာလားဘာလား အဝေးကဆိုတော့ ကျနော် သိပ်မသိတော့ပါဘူး။ အမှတ် ၁ ကတော့ ကျနော်နဲ့သူ တတွဲတွဲလုပ်ခဲ့ကြရ။
စာပေစိစစ်ရေးသွားရ၊ ပုံနှိပ်တိုက်ပြေးရ၊ ပရုဖတ်ရ၊ ဖလင်ခွဲရ၊ စသည် စသည် ..။
ကုန်ကျတဲ့စရိတ်ကိုတော့ မန်းနေပြည်တော်က သရော်စာအရေးကောင်းတဲ့ ကိုခင်အောင်ဝင့် စီမံပုံပါပဲ။ ရန်ကုန်ရောက်မင်းအတွက် လိုအပ်တာကို လှမ်းပေးပို့ကြ ထောက်ပံ့ကြနဲ့ပေါ့...
တခါတခါ အကြောင်းမညီမညွတ်လို့ ငွေပြတ်သွားတဲ့အခါ ဆံပင်ဖားလျားကြီးနဲ့ကဗျာဆရာဟာ သူ့ဗျက်ကျယ်ကျယ် ကြိုးရှည်ရှည် လွယ်အိတ်ကြီးထဲ အမဲရောင်ပုတီးသီးတွေပါတဲ့ စိတ်ပုတီးကြီးကိုထုတ်၊ လက်ညှိုးထိပ်မှာတည်ပြီး မွှေ့တော့တာပါပဲ။ မျက်လွှာကိုချ ခေါင်းကြီးကိုငုံ့၊ ပါးစပ်က ပွစိပွစိနဲ့ (တခုခုရွတ်ဖတ်သလိုလုပ်တာ) ဂါထာမန္တန်တခုခုရွတ်တော့သလိုလုပ်တော့တာ။ သဘောက ငွေခေါ်တာပေါ့လေ...။ သူအဲဒီလိုလုပ်ပြရင် ကျနော်တို့အားလုံး (နေထက်နိုင်တို့၊ ဝတ္ထုတိုသမား ခိုင်အေးတို့၊ အခု မြစ်ဝကျွန်းပေါ် နယ်မြို့လေးတမြို့(အင်္ဂပူထင်တယ်)မှာ ကျောင်းထိုင်ဘုန်းကြီးလုပ်နေတဲ့ သွားလေသူ ကဗျာ ဆရာကိုမြကြီး (မြမြင့်မိုရ်)ရဲ့ ညီတော်စပ်သူ ကဗျာဆရာ လှမြင့်လွင်တို့၊ မိုချာ့တို့၊ ခက်မာတို့၊ ရာသက်ပန်တို့တတွေ တခစ်ခစ်ရယ်ကြမောကြရတယ်။ ရီစရာပုံလဲ တကယ်ဖြစ်တာကိုး။ အညာထည် အကွက်ကျဲကျဲ ပင်ဖြူ ဖျင်အင်္ကျီထူထူကြီးဝတ်ပြီး လောက်စာလုံးလောက်အရွယ်ပုတီးစေ့မဲမဲကြီးတွေသီထားတဲ့ စိတ်ပုတီးကြီးကို လက်ညှိုးထိပ်မှာစွပ်ပြီး လေထဲမွှတ်နေအောင်ဝှေ့၊ ခေါင်းကြီးငုံ့ပြီး ပါးစပ်က ပွစိပွစိလုပ်ပြနေတာ စိတ်နဲ့သာပုံဖော်ကြည့်ကြပေါ့ဗျာ. သူပုံသူ့ဂိုက်နဲ့ ဘယ်လိုများဖြစ်နေမလဲဆိုတာ ...
အဲဒါကို ကျနော်က ဒီလို စာလေးချိုးပြီး ကျီစယ်လေ့ရှိပါတယ်
တောင်ကညို
ပြိုတော့မယ့်မိုး
ကမ်းလွန်လေအဖြစ်ဆိုးမှာ
နည်းပေါ့ကိုယ်ကျိုး ...လို့ရေးတော့
အဲဒါကိုဖတ်ပြီး သူက ဖွဟဲ့ ဖွဟဲ့နဲ့ တံတွေးပစ်ခနဲထွေး ဖနောင့်နဲ့လဲ ပေါက်လိုက်သေးပေါ့.
အဲဒီလိုနဲ့ ကဗျာမဂ္ဂဇင်းလုပ်နေရင်းက ငွေပြတ်လပ်တဲ့အခါ သူ ဟိုကြံဒီကြံ ကြံပါတယ်။ အနုပညာသမားဆိုတော့ မဖွယ်မရာတွေလုပ်မယ့်အကြံမျိုးတော့ဘယ်ဟုတ်ပါ့မလဲ။ ကဗျာဆရာဆိုတော့ ကဗျာကိုလက်နက်လုပ်ပြီး ငွေစကြေးစလေးဖော်ချင်တာမျိုးပေါ့။ အဲဒီကာလက ဆရာမောင်သာရရဲ့သာရမဂ္ဂဇင်းအပါအဝင် မဂ္ဂဇင်းတချို့မှာ ကဗျာရှည်တွေထည့်ကြတဲ့ကာလပေါ့။ စာမူခလဲ မြိုးမြိုးမြတ်မြတ်လေးပေးကြတဲ့အချိန်ပေါ့။
သူက ကဗျာရှည်ကြီးတပုဒ်ရေးပြီး ပို့မယ်ပေါ့ဗျာ။ ကျနော်ကလဲ ရေးပေါ့ အားထုတ်ကြည့်ပေါ့လို့ အားပေးပါတယ်...
အိမ်ပစ်ယာပစ်နဲ့ ရန်ကုန်ကို ချီတက်လာတဲ့ သူဟာ ပုံမှန်ကဗျာတပုဒ်အတွက်ရတဲ့ စာမူခထက်သာတဲ့ကဗျာရှည်ကြီးရေးမယ်ဆိုတော့ ကျနော်လဲ စိတ်ဝင်စားပြီး စောင့်ကြည့်ချင်စိတ်လဲဖြစ်တာပေါ့။ လူချင်းက ညီအကိုတမျှဖြစ်ပေမယ့် သူ့ကဗျာလက်ကိုတော့ လေးစားရင်းစွဲရှိတဲ့ ပရိတ်သတ်ကိုး...
ကဗျာတပုဒ်သူရေးပါတယ်၊ ကျနော့်အိမ်မှာနေရင်း 'တံတားပေါ်ကညနေ' တို့လိုကဗျာတွေ ရေးခဲ့သလို ကဗျာရှည်တပုဒ်ကိုအားထုတ်ရေးခဲ့ပါတယ်။ အမေကဗျာ.... သူ မကြာမကြာ ပြောပြလေ့ရှိတဲ့ သူ့မိခင်နဲ့ သူတို့ငယ်ဘဝအကြောင်းတွေ။ ဒီနေ့ဒီအချိန်အထိ သူ့မိခင်ဆင်းရဲခက်ခဲစွာ ဘဝကိုရုန်းကန်နေရပုံနဲ့ သားဆိုးတယောက်ဖြစ်တဲ့ သူ့အကြောင်းရေးဖွဲ့လိုဟန်ရှိတဲ့ကဗျာ ...
ဟုတ်တာပေါ့၊၊ အဝေးရောက်နေတော့ အမေကိုလွမ်းတာလဲပါမယ်ထင်ပါရဲ့
ထားပါတော့ ... အဲဒီ့ကဗျာရှည်ဟာ အဖတ်မတင်ခဲ့ပါဘူး...
ဒါပေမဲ့ အဲဒီ့အားထုတ်မှုဟာ အရာထင်ခဲ့ပါတယ်။ မဟာအကြီးကြီးကို အရာထင်ခဲ့တာပါ...
ဒီလောက်ဆို အချင်းချင်းတွေဆိုတော့ သိလောက်ပါပြီ။ ထင်တဲ့အတိုင်း သူ့ရဲ့ မာစတာပိစ်တွေထဲက တပုဒ်လို့ ဆိုနိုင်တဲ့ " အမေ့ပုံတူ" ကဗျာပဲပေါ့။
ဒီနေရာမှာ မရှိတော့တဲ့ ကြယ်တွေအကြောင်းပြောရတာ လိပ်ပြာမလုံစရာလဲကောင်းလှသလို စိတ်သန့်သန့်နဲ့ ပြောဖို့လိုတာလဲ လိုမှာမို့ ကျနော်ပြောရမှာလေးပြောပါ့မယ်။ ကျနော်ကိုယ်ကျနော်သစ္စာထားပြီးပဲပြောပါ့မယ်။
သူကြိုးစားနေတဲ့ကဗျာရှည်ရေးလက်စကိုကျနော့်ကိုပေးဖတ်တော့ အခု ကျနော်တို့အားလုံး ဒိတ်ခနဲဖြစ်သွားရတဲ့ အမေ့ပုံတူကဗျာဟာ သူ့ကဗျာရှည်ရဲ့ ပထမဆုံးအဖွင့်အပိုဒ်ပါပဲခင်ဗျာ...
အို အမေ
ငယ်ငယ်တုန်းက
မူလတန်းကျောင်းသားဘဝ
သာဓကပဲအေမ
အတန်းထဲမှာ
ပန်းချီဆွဲတဲ့အခါ
စိတ်ကူးတွေလွဲ
ဘုရားပု့တူမဆွဲနဲ့တဲ့
ဘုရားနဲ့မတူ နူတတ်သတဲ့
ဒီလိုပါပဲအမေ
အမေနဲ့မတူ နူမှာမကြောက်
မတူမှာ ကြောက်လှချည်ရဲ့ ။ ။
ကျနော်ရသွားပြီ။ ကျနော်ထိသွားပြီ။ ကျနော် ညွှတ်ခနဲ ပျော့ခွေကျသွားပြီ...
" ဟေ့လူ ... ရပြီဗျ။ ပြီးပြီ ...ဒီ့ထက်ကောင်းတဲ့ကဗျာ ထပ်ရဖို့ နောက် ၁၀ နှစ်လားမလွယ်တော့ဘူး" လို့ ကျနော် သူ့ပခုံးနှစ်ဖက်ကိုကိုင်လှုပ်ပြီးပြောလိုက်ပါတယ်။
သူက ကျနော့်ကို မျက်တောင်မခပ်ဘဲတော်တော်ကြာကြည့်နေတယ်။ ပြီးတော့မှ သူလည်း အဖြေတခုခုရသွားသူတယောက်လို... ဟုတ်တယ်ဗျာတဲ့...
သူဟာ သူ့မိခင် သားဆိုးအမေ တပေပေဖြစ်ခဲ့ရရှာတဲ့အကြောင်းကို တူအောင်မဖွဲ့နိုင်ခဲ့ပေမယ့် ကမ္ဘာလောကမှာရှိကြတဲ့သားသမီးတိုင်းရဲ့မိခင်ပုံတူကိုတော့ အားလုံးကိုယ်စားရေးဖွဲ့ပေးနိုင်ခဲ့တယ်လို့ ကျနော်ခံစားဖြစ်ခဲ့တယ်။ အောင်ဘညိုဆိုတဲ့ စုတ်ဖားဖားမွဲလျလျ ကဗျာဆရာတယောက်ရဲ့အမေကိုသာမက ကျနော်တို့မိတ်ဆွေတို့ လူသားအပေါင်းဟူသမျှတို့ရဲ့မိခင်များပုံတူကို ရေးဖွဲ့သွားခဲ့တယ်...သူ့ပါစင်နယ်ခံစားမှုကနေ ယူနီဗာဆယ်ဖြစ်အောင် လုပ်ပြနိုင်ခဲ့တယ်...
အောင်ဘညိုက သူ မကြည်မကြည်ဖြစ်ပြီး စိတ်အချဉ်ပေါက်တဲ့အခါများ "ဟေ့ကောင် မင်းမှာ မာစတာပိစ်ဖြစ်ခဲ့တဲ့ကဗျာ ရှိလား ပြစမ်း" ဆိုပြီး အငေါ်တူးတတ်တာလဲ ကျနော့်နားထဲ ခုထိကြားနေမြဲပါပဲ...
ဪ ... ကဗျာလက်နက်လိုကိုင်စွဲပြီး ဘဝထဲ လောကဓံတိုက်ပွဲမျိုးစုံကို ရင်ဆိုင်ခဲ့တဲ့ကျနော့်သူငယ်ချင်းဟာ ကျနော်ရှိရာ နယ်စပ်တနေရာကို ရောက်လာခဲ့ဖူးပေမယ့်မဆုံလိုက်ရဘူး။ သူ့ပေးစာလေးတစောင်ကို တောထဲတောင်ထဲတနေရာကနေ ကျနော်ဖတ်ခွင့်ရခြင်းနဲ့သာ ကျေနပ်ခဲ့ရ။
ကျနော်တို့ နောက်တကြိမ်ပြန်မဆုံနိုင်ကြတော့ဘူးလေ...
အောင်ဘညိုရေ... အေဘီညိုရေ ... မင်းပုံတူကို ငါ မဆွဲနိုင်သေးပါဘူးကွာ..
မင်းခေါ်လေ့ရှိတဲ့ ဘဖေညိမ်း
ခင်လွန်း
ဇွန် ၁၀၊ ၂၀၂၂
မင်းကွယ်လွန်ခြင်း (၇)နှစ်မြောက်အမှတ်တရလွမ်းဆွတ်မှု
-
#MoeMaKaMedia
#WhatsHappeningInMyanmar