Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၉ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၉ မြင်ကွင်း

(မိုးမခ) ဇွန် ၁၀၊ ၂၀၂၂ 


စစ်ကိုင်းတိုင်းထဲမှ မီးရှို့ခံနေရဆဲကျေးရွာများ၊  အကျဥ်းထောင်တွေထဲက ရိုက်နှက်မှု အသက်ဆုံးရှုံးမှုတွေ  

ခုရက်ပိုင်းထဲမှာ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေ ဆက်လက်မီးရှို့ခံနေရဆဲဖြစ်တာ သတင်းတွေထဲ တွေ့နေရပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၅ ရွာမှ အိမ်ခြေ ၇၀၀ ကျော် ခုသီတင်းပတ်အတွင်း မီးရှို့ခံရတယ်လို့ သတင်းထဲ ဖော်ပြထားတာ တွေ့ရပြီး တန့်ဆည်မြို့နယ်ထဲက မီးမလောင်သေးဘဲ ကျန်နေသေးတဲ့ ကျေးရွာအချို့လည်း အခုရက်ပိုင်းမှာ မီးရှို့ခံရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက် အရသိရပါတယ်။  

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့နှစ်ကစလို့ အခုလက်ရှိ အချိန်ထိ စစ်ကိုင်းတိုင်းထဲက စိုက်ပျိုးရေး အဓိက လုပ်ကိုင် အသက်မွေးကြတဲ့ ဒေသတွေဖြစ်တဲ့ မုံရွာ၊ ရွှေဘို ၊ ဝက်လက်၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး ၊ တန့်ဆည် ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး ၊ ကနီ စတဲ့ မြို့နယ်တွေထဲက ကျေးရွာပေါင်း ရာချီ၊ လူနေအိမ်ပေါင်း သောင်းချီပြီး မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သလို ကျေးရွာတွေက ကာကွယ်ရေး အဖွဲ့ဝင်တွေရော အဖွဲ့ဝင် မဟုတ်သူတွေပါ ရာပေါင်းများစွာ သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။  

ပီဒီအက်ဖ် တွေဘက်ကလည်း စစ်ကောင်စီတပ်တွေ ယာဥ်တန်းတွေကို အကြိမ်ပေါင်းများစွာ ကြားဖြတ်တိုက်ခိုက်ခဲ့ မိုင်းခွဲခဲ့ကြပြီးစစ်ကောင်စီလည်း ရာနဲ့ချီ သေဆုံးခဲ့ကြတယ်လို့ ခန့်မှန်းရပါတယ်။ လက်တွေ့ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်ရင် စစ်ကောင်စီ အနေနဲ့ သူတို့တပ်တွေကို တိုက်ခိုက်တဲ့ ပီဒီအက်ဖ်တွေကိုတင် ရှာဖွေ ဖမ်းဆီး သတ်ဖြတ်တာမျိုးမဟုတ်ပဲ  တရွာထဲနေသူတွေ ဒီအဖြစ်အပျက်ကို သတင်းမပေးသူ၊ အားပေးသူ၊ ထောက်ခံသူတွေကိုပါ ပီဒီအက်ဖ်လို့ စွပ်စွဲ သတ်မှတ်ပြီး သတ်ဖြတ်တာမျိုး လုပ်ဆောင်နေခြင်းဟာ လူထုရဲ့ စစ်ကောင်စီတပ်အပေါ် နာကျည်းမှု လက်တုံ့ပြန်တိုက်ခိုက်ဖို့ ပိုင်းဖြတ်မှုတွေကို ဖြစ်စေတဲ့အကျိုးဆက်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။  

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက စစ်တိုင်းမှူး လဲပြီးလုပ်ဆောင်တာအပြင် ဒီစစ်တိုင်းတွေကို တာဝန်ယူအမိန့်ပေးတဲ့ ကစထ မှူး ဒုဗိုလ်ချုပ်ကြီးလို အဆင့်မျိုးတောင် အနားပေး လဲလှယ်ပြီး  ချေမှုန်းတာ၊ ကျေးရွာတွေ ဖျက်ဆီးတာ ပိုင်ဆိုင်မှုတွေ ယူဆောင်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။  

တဖက်မှာလည်း ဒီကျေးရွာက ပြည်သူလူထုကို ဘယ်သူတွေ ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတဲ့ မေးခွန်းက ပေါ်ထွက်လာပါတယ်။ ဒီလို သတ်ဖြတ်ခံရတဲ့အခြေအနေ နေအိမ်တွေ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရ ရိက္ခာတွေ ဖျက်ဆီး ခံရတဲ့အခြေအနေတွေကို တားဆီးကာကွယ်နိုင်တဲ့ နည်းလမ်းမရှိတော့ပြီလား ဆိုတဲ့မေးခွန်းက လတ်တလောမှာ အရေးကြီးဆုံးမေးခွန်း ဖြစ်နေပါတယ်။  

ဒေသအလိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်နိုင် မိုင်းခွဲတိုက်ခိုက်နိုင်တာ မှန်သော်လည်း ဒေသတခုကို ကာကွယ်နိုင်တဲ့ အဆင့်မျိုးမရောက်ရှိကြသေးတာ ဒေသတခုနဲ့တခု အင်အားကူညီတာ၊ ပူးပေါင်း ကာကွယ်နိုင်တဲ့ အခြေအနေမျိုး မရောက်ရှိကြသေးတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အခြေစိုက်မယ့် ကျေးရွာတွေကို ဖျက်ဆီးတဲ့နည်း မြေလှန်တဲ့ နည်းနာသုံးပြီး လက်နက်ကိုင် တိုက်ခိုက်မှုကို ခြေမှုန်းမယ်လို့ ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။  

တဖက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေခံဒေသတွေဖြစ်တဲ့ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံနေရတာကို ကာကွယ်နိုင်ဖို့ နည်းဗျူဟာအားဖြင့် နည်းပရိယာယ်အားဖြင့် အဖြေရှာကြိုးပမ်းကြသင့်ပြီလို့ ထင်ပါတယ်။  

ဒီနေ့အတွက် အခြားအကြောင်းအရာတခုကတော့ အကျဥ်းထောင်ထဲက တိုက်ပွဲတွေ ဖြစ်ပါတယ်။ နိုင်ငံရေး ကိစ္စရပ်နဲ့  အကျဥ်းကျခံနေကြရတဲ့ သူ ထောင်သောင်းနဲ့ ချီရှိနေပြီး ရန်ကုန် အင်းစိန်ထောင်မှာ အရေအတွက် ထောင်ချီရှိနေချိန်မှာ  နယ်မြို့ အကျဥ်းထောင်  အသီးသီးမှာ ရာဂဏန်းမှ ထောင်ဂဏန်းနဲ့ချီရှိနေကြတဲ့ အနေအထားလည်းဖြစ်ပါတ​ယ်။  

ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း အကျဥ်းထောင်တွေမှာ လူ့အခွင့်အရေးကို အတိုင်းအတာတခုထိ လိုက်နာဖို့ ပြောင်းလဲမှုတွေလည်း စစ်အာဏာသိမ်းပြီးနောက်မှာ သဲထဲရေသွန်သလို ဖြစ်သွားစေတဲ့ သဘောတွေ့နေရပါတယ်။ အကျဥ်းထောင်တွေရဲ့ ထောင်ပိုင် ညွှန်မှူးတွေကို စစ်တပ်က အသွင်ပြောင်းလာသူတွေကို ခန့်အပ်တာတွေ ပိုများလာသလို အဓိကကျတဲ့ စီမံအုပ်ချုပ်တဲ့ ရာထူးတွေကို စစ်တပ်က အသွင်ပြောင်းနဲ့ အစားထိုးတာ၊ ရန်ကုန် အင်းစိန်၊ မန္တလေး အိုးဘိုထောင်တို့မှာ နိင်ငံရေးအကျဥ်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို အကျဥ်းဦးစီးက  စစ်ထောက်လှမ်းရေးတို့ဆီ အစီရင်ခံရတာတွေက အရင်စစ်အစိုးရလက်ထက် ထောက်လှမ်းရေး ခေတ်ကလို အနေအထားမျိုးတွေ ပြန်ရောက်သွားတဲ့ အခြေအနေ ဖြစ်လာနေပါတယ်။  

ခုရက်ပိုင်းမှာ ဘားအံအကျဥ်းထောင်မှာ နိင်ငံရေးအကျဥ်းသားတချို့ တံတိုင်းကို ကြိုးနဲ့ ကျော်တက်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အဖြစ်အပျက်ဖြစ်ပွားအပြီး ကျန်နိုင်ငံရေးအကျဥ်းသားတွေနဲ့ အကျဥ်းထောင် အာဏာပိုင်တွေအကြား တင်းမာမှုတွေ ဖြစ်ပြီး အကျဥ်းသားတွေကို နှိပ်စက် ရိုက်နှက်တာ၊ လေးခွနဲ့ ပစ်တာတွေ ရှိခဲ့တယ်လို့သတင်းတွေထဲ ထွက်ပေါလာပါတယ်။  

အဲဒီအဖြစ်အပျက်သတင်းတွေ ထွက်ပေါ်ပြီး ရက်အနည်းငယ်တွင်းမှာပဲ မန္တလေး အိုးဘိုထောင်မှာလည်း အကျဥ်းထောင် ဝန်ထမ်းနဲ့ နိုင်ငံရေးအကျဥ်းသား စကားများရာက အကျဥ်းသားကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်တာ၊ ဓားနဲ့ထိုးတာတွေ ရှိခဲ့တဲ့ သတင်းထွက်ပေါ်ပြီး ၂ ဦးသေဆုံးကာ အချို့ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။  

ဒီအဖြစ်အပျက်တွေက ထောင်တွင်းမှာ နိုင်ငံရေးအကျဥ်းသားအများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ကာလတွေ ဖြစ်တဲ့ ၁၉၆၀ နှောင်းပိုင်း၊ ၁၉၇၀ ခုနှစ်နှောင်းပိုင်းကာလတွေတုန်းက ထောင်တွင်းတိုက်ပွဲတွေကို ပြန်နှိုင်းယှဥ်စရာတွေ ဖြစ်စေပါတယ်။  

၁၉၆၀ ခုနှစ်တွေတုန်းက ကိုးကိုးကျွန်းမှာ ထောင်တွင်းတိုက်ပွဲတွေ လနဲ့ချီ ဖြစ်ပွားခဲ့ပြီး အချို့လည်း အစာငတ်ခံ တိုက်ပွဲမှာ ကျဆုံးခဲ့ကြရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ ၁၉၇၅၊ ၇၆ ခုနှစ်တွေက ကျောင်းသား အရေးအခင်းတွေ ပြီးနောက် အကျဥ်းထောင်ထဲမှာ ဆန္ဒပြကျောင်းသားတွေ ရာနဲ့ချီ ရှိခဲ့ကြတဲ့ကာလတွေမှာလည်း အင်းစိန်ထောင်တွင်း အစာငတ်ခံ တိုက်ပွဲတချို့ ရှိခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ဖိနှိပ်မှု ပြင်းထန်ချိန် စစ်အာဏာရှင် ဆန့်ကျင်ရေးနိုင်ငံရေး လှုပ်ရှားမှုအားကောင်းချိန်မှာ အကျဥ်းထောင်ထဲအထိ တိုက်ပွဲတွေ ရောက်ရှိခဲ့ကြတယ်လို့ ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။  

အခုကာလမှာလည်း အကျဥ်းထောင်တွေထဲ နိုင်ငံရေးအကြောင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ရာ ထောင်ချီ ရှိလာချိန်မှာ စစ်ကောင်စီ အကျဥ်းထောင်ရဲ့ ဖိနှိပ်မှုနဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ တုံ့ပြန်ခုခံမှုတို့ ထိတွေ့ကြတာလို့ ကောက်ချက်ချနိုင်မယ် ထင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar