Breaking News

နန္ဒလင်းရှိန် - အခါတော်ရောက်ချိန် နီးလုပြီ

နန္ဒလင်းရှိန် - အခါတော်ရောက်ချိန် နီးလုပြီ
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၂

ယနေ့မြန်မာနိုင်ငံတွင် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံရေးသင်္ခန်းစာများနှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင် ကြုံတွေ့လိုက်ရချိန်၌ ရေမကူူးတတ်ဘဲ ကူးတတ်သယောင် ရေထဲခုန်ဆင်းမိသူကဲ့သို့ဖြစ်နေလေသည်။ ပြည်သူ့ထံမှ စီးဆင်းလာသော နိုင်ငံရေးအာဏာကို ရွေးကောက်ပွဲနည်းဖြင့် ပြည်သူက ရွေးချယ်တင်မြှောက်ခံရသူသာ ရယူကျင့်သုံး ပိုင်ခွင့်ရှိသည်။ လက်နက်အားကိုးဖြင့် ဓါးပြတိုက်သလို လုယူ၍ မရဆိုသည့် သင်္ခန်းစာကို အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင် သိနားလည်ပုံမရပေ။
 
ထို့ကြောင့် သူ့ထက်အသက်အရ၊ ၀ါအရ၊ နိုင်ငံရေးအတွေ့အကြုံအရ နှိုင်းမရလောက်အောင် သာလွန်သည့် လူထုခေါင်းဆောင်က အာဏာလိုချင်လျှင် သူ့ထံမှာ မတောင်းနဲ့။ ပြည်သူလူထုထံမှာ တောင်းချေဟုဆိုလိုက်သည်ကို (ဒီမိုကရေစီကျင့်စဉ်ကို နားမလည်သူပီပီ) အာဏာသိမ်းပွဲဆင်နွှဲလိုက်လေသည်။ ဤသို့ဖြင့် လက်ရှိအခြေအနေတွင် ရွှံ့ညွန်အတွင်း သက်ဆင်းမီသည့် တောရိုင်းတိရိစ္ဆာန်ပမာ ရုန်းကန်လေ နစ်မြုပ်လေ ဖြစ်နေရပေပြီ။
 
အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းပြီးနောက် အဓမ္မလုပ်ရပ်များကို ခြုံငုံသုံးသပ်ကြည့်ပါက အာရှနှင့်အာဖရိကတခွင်တွင် အရက်စက် အကြမ်းကြုတ်ဆုံး စစ်အာဏာရှင်အဖြစ်တွေ့မြင်နိုင်သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် နိုင်ငံတကာ၏ စောင့်ကြည့်အကဲခတ်မှုအောက်တွင်ကျင်းပခဲ့သဖြင့် လွတ်လပ်၍မျှတမှုရှိသော ရွေးကောက်ပွဲဖြစ်ကြောင်း ကမ္ဘာက အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ယခုအထိလည်း ကုလသမဂ္ဂအပါအဝင် နိုင််ငံကာက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို အသိအမှတ်ပြထြားဆဲဖြစ်သည်ကို မမေ့သင့်ပေ။

သို့သော် စစ်အုပ်စု၏ သြဇာခံပါတီ ရှုံးနိမ့်သွားခဲ့သောကြောင့် ပြဿနာမရှိ ပြဿနာရှာပြီး၊ တရားမဝင် အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ ဒီမိုကရေစီလိုလားသော ပြည်သူလူထု၏ဆန္ဒကိုပစ်ပယ်ကာ အဓမ္မအာဏာ သိမ်း သည့်လုပ်ရပ်သည် ပြည်သူလူထု (အထူးသဖြင့် တက် သစ်စလူငယ်ထု) ၏ အနာဂတ်အိပ်မက်ပေါင်းများစွာကို စစ်ဖိနပ်ဖြင့် မိုက်မိုက်ရိုင်းရိုင်း နင်းချေလိုက်ရာရောက်သည်။
 
ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြကြသည့် ပြည်သူများအား ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းမှုကို စစ်တပ်က စတင်ဆင်နွှဲခဲ့ကြောင်း ကမ္ဘာသိဖြစ်ပွားခဲ့သည်။ အကြောက်တရားဖြင့် လွှမ်းမိုးအုပ်ချုပ်ရန် အကြမ်းဖက်စစ်တပ်က ပြည်သူ့အိုးအိမ်၊ ဘုန်းကြီး ကျောင်း၊ ခရစ်ယန်ဘုရားကျောင်း၊ ကလေးသူငယ်များ၏ စာသင်ကျောင်း အစရှိသည်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ယုံမက လူသတ် မုဒိန်းကျင့် ပစ္စည်းဥစ္စာများကိုပါ လုယက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းအတွင်း၌ စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၂၅ ရက်အထိ စစ်ကောင်စီတပ်က အိမ်ခြေ ၂၀,၁၅၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ခြေပေါင်း ၂၈,၄၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု Data For Myanmar က သြဂုတ် ၂၇ ရက်က အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။ မကွေးတိုင်းတွင် အိမ်ခြံမြေပေါင်း ၅၄၁၈ လုံး မီးရှို့ခံရပြီး ချင်းပြည် နယ်မှ အိမ်ပေါင်း ၁၄၁၇ လုံးမှာ မီးရှို့ဖျက်ဆီးခံရသည်။ နိုင်ငံအတွင်း အခြားဒေသအများအပြားတွင်လည်း အိမ်ပေါင်း ၁၄၀၀ ခန့်သည် မီးရှို့ခံရသည်။

ကုလသမဂ္ဂအထူးသံတမန် နိုလင်းဟေဇာက အရပ်သားပစ်မှတ်များကို လေကြောင်းနှင့် အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် နေအိမ်များ မီးရှို့ခြင်း ရပ်ရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သြဂုတ်လ ၁၇ ရက်နေ့က တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီစစ်သားများသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ ကျေးရွာ ၂၀ ကျော်တွင် မီးရှို့တိုက်ခိုက်မှုများနှင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို ရည်ရွယ် ချက်ရှိရှိ ကျူးလွန်ခဲ့ကြသည်ဟု ဧရာဝတီသတင်းကဆိုသည်။ အရပ်သား တဒါဇင်ကျော် ထပ်မံသတ်ဖြတ်ခံရပြီး ခန့်မှန်းခြေ လူပေါင်း ၅၀၀၀၀ သည် နေအိမ်များကို စွန့်ခွာထွက်ပြေးရသည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာသိမ်းမှုကို သည်းမခံနိုင်တော့သည့် အလျောက် ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး တိုက်ပွဲဝင်သူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၂၈၁) ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPP မှ ကောက်ယူရရှိထားသည့် စာရင်းအရ သိရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၄၁၂) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၄၇၂) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၄) ဦးရှိသည်ဟု ဆိုသည်။
 
မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၂၆) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၁၁၂) ဦး ရှိသည်။ ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ဟု ဆိုသည်။

စစ်တပ် အာဏာသိမ်းထားသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ သြဂုတ်လ ၃၁ ရက်နေ့အထိ ၁၉ လတာကာလအတွင်း ကယား ပြည်နယ်တွင် အပြစ်မဲ့ အရပ်သား ၃၂၂ ဦး သေဆုံးခဲ့ရကြောင်း တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF တာဝန်ရှိသူတို့က ပြောသည်။ သေဆုံးသူ ၂၆၁ ဦးသည် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။ အခြား ၆၁ ဦးမှာမူ စစ်ဘေးရှောင်နေစဉ် အစာအာဟာရ ပြတ်လပ်မှု၊ ဆေးဝါးမလုံလောက်မှုတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ကိုယ်တိုင်စာရင်းကောက်ယူပြီး မှတ်တမ်းပြုစုနေသော PKPF တာဝန်ရှိသူ တစ်ဦးက RFA သတင်းဌာနသို့ ပြောပြခဲ့သည်။

ကရင်ပြည်နယ်အခြေအနေကို ကြည့်လျှင်လည်း စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ တိုက်ပွဲပေါင်း ၆,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဖာပွန်မြို့နယ်တွင် တိုက်ပွဲပေါင်း ၃,၇၃၄ ထက်မနည်း ဖြစ်ပွားခဲ့ပြီး အကြိမ်ရေ အများဆုံးဖြစ်ကြောင်း မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို စောင့်ကြည့်လေ့လာနေသည့် ISP Myanmar သုတေသနအဖွဲ့ ၏ စာရင်းများ အရသိရသည်။
 
တိုးတက်သော ကရင်နီ ပြည်သူအင်အားစု၏ စက်တင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း (၁၉) လအတွင်း ကယားပြည် နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပေါင်း (၄၅၄) ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု (၁၅၈) ကြိမ်လုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
 
၂၀၁၄ သန်းခေါင် စာရင်းအရ လူဦးရေသုံးသိန်းကျော်သာရှိသည့် ကယားပြည်နယ်တွင် စစ်တပ်က အာဏာ သိမ်းပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသော စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်နေပြီဖြစ်သည်ဟု ISP – Myanmar နှင့် ကရင်နီလူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။ ယင်းအရေအတွက်မှာ ပြည်နယ်လူဦးရေ၏ သုံးပုံနှစ်ပုံဖြစ်သည်ဟု PKPF တာဝန်ရှိသူတို့က ဆိုသည်။

NUG အစိုးရအဖွဲ့ နှစ်ပတ်လည်ချိန်တွင် ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ တစ်နှစ်တာကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ရဝဝ၀ ကျော်လောက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ဖေါ်ပြပါကိန်းဂဏန်းများအရ ပြည်သူလူထုက စစ်ကောင်စီဘက်တွင် မရှိတော့ဘဲ၊ NUG အစိုးရအဖွဲ့နှင့် ဂျန်ဇီးလူငယ် အင်အားစုကို အခြေခံသော PDF တပ်ဖွဲ့များဘက်၌ ခိုင်မာစွာ ရပ်တည်နေကြသည်ကို တွေ့နိုင်သည်။ လက်နက်အားကိုး လူသတ်အကြမ်းဖက်နေသည့် အကြမ်းဖက် စစ်တပ် နား လည်သည့် ဘာသာစကားမှာ စစ်ရေးနည်းလမ်းသာဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ခုခံစစ် တစ်နှစ်ပြည့်တွင် Myanmar Now သတင်းဌာနသို့ ပြောကြားခဲ့သည်ကို တွေ့ရသည်။

ဤအတောအတွင်း စစ်ကောင်စီက လာမည့် ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ရန် စီစဉ်နေသည့် ရွေးကောက်ပွဲ ဖြစ်ရေး၊ မဖြစ်ရေးကိစ္စသည် ငြိမ်းချမ်းရေးနှင့် စီးပွားရေးအားကောင်းလာမှု၊ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု အစရှိသည်တို့အပေါ် မူတည်ကြောင်း စစ်ကောင်စီ ခေါင်းဆောင်က ရုရှားအခြေစိုက် RIA သတင်းဌာနနှင့် တွေ့ဆုံချိန်အတွင်း ပြောခဲ့သည်ဟု ဆိုသည်။ တနိုင်ငံလုံးတွင် နေရာလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဖြစ်သည်ဟု စစ်ခေါင်းဆောင်က RIA သတင်းဌာနကို ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် နိုင်ငံတခွင်လုံး နေရာအနှံ့ တိုက်ပွဲများ၊ ဗုံးခွဲတိုက်ခိုက်မှုများ စသဖြင့် ပဋိပက္ခမျိုးစုံ ဖြစ်နေသည်။ ၂၀၂၃ ရွေးကောက်ပွဲကို လုံခြုံရေး ရှုထောင့်မှ ကြည့်လျှင် ဖြစ်နိုင်ခြေ နည်းလွန်းသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည့် NLD အစိုးရကို လက်မခံလိုသော စစ်တပ်က အာဏာသိမ်းခဲ့သည်။ သို့သော် လက်ရှိအခြေအနေအရ ပြည်တွင်းစစ် လက်နက်ကိုင်ပဋိပက္ခ၊ စီးပွားရေး အကျပ်အတည်းကြီးမားမှု၊ နိုင်ငံတကာ သံခင်းတမန်ခင်းတွင် အရေးနိမ့်မှု စသော ဘေးကျပ်နံကျပ်များကို စစ်ကောင်စီအနေဖြင့် ဆက်တိုက်ကြုံတွေ့နေရသည်။
 
သို့သော် ထိုသို့သော အကျပ်အတည်းများကြား၌ပင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရယ်စရာအကောင်းဆုံး ပျက်လုံးတခု ထုတ်ခဲ့သည်။ မြန်မာနိုင်ငံ၌ ဆူပူအကြမ်းဖက်မှုကိစ္စများကို အတော် ထိန်းချုပ်နိုင်သည့် အခြေအနေရောက်ရှိ လာပြီး စီးပွားရေးလည်း တည်ငြိမ်စပြုလာ ပြီဟု ရုရှားအခြေစိုက် RIA သတင်းဌာနကို ပြောဆိုခဲ့သည့်အချက်မှာ အရှက်မဲ့ စွာ မျက်နှာပြောင်တိုက် ပြောသည့်စကားဟု ပြည်သူအများက ဝေဖန်နေကြသည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ခန့် ရှိသည့်အနက် မြို့နယ် ၂၇၀ ကျော်တွင် တော်လှန်ရေးအဖွဲ့များက ခုခံတိုက်ခိုက်နေကြသည့် အခြေအနေမျိုးတွင် မင်းအောင်လှိုင်က ရွေးကောက်ပွဲလုပ်ရန် စိတ်ကူးယဉ်နေပုံမှာ ရယ်ရမလို၊ သနားရမလိုဖြစ်နေသည်။

မြန်မာပြည်သူလူထုအများစုမှာ ဆင်းရဲပင်ပမ်းစွာ လုပ်ကိုင်စားသောက်ကြရသည့်အလျောက် မိသားစုအလိုက်နေထိုင်ရန် အိမ်တလုံးဖြစ်မြောက်ရေးအတွက် ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့ကြရသည်။ ထိုသို့ ခက်ခက်ခဲခဲ အားထုတ်ဆောက်လုပ်ခဲ့ကြရသော မိသားစုနေအိမ်ပေါင်းမြောက်မြားစွာကို စစ်ကောင်စီတပ်များက ကိုယ်ချင်းစာတရားကင်းမဲ့စွာ တရွာဝင် တရွာထွက် လိုက်လံမီးရှို့ဖျက်ဆီးခဲ့ကြသည့် လုပ်ရပ်မှာ အလွန်တရာ မိုက်ရိုင်းယုတ်မာလှပေသည်။ ပြည်သူကို မျက်ရေပေါက် ကြီးငယ်ကျအောင်လုပ်ခြင်းဖြင့် တိုင်းပြည်ကို အုပ်ချုပ်နိုင်မည်ဟု ထင်နေခြင်းသည်ပင်လျှင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးလိုက်ခြင်းဖြစ်သည်။ ပြည်တင်းလျှင် မင်းမခံနိုင်ဆိုသော စကားမှာ မှန်လှပေသည်။

ပြည်သူတို့က စစ်တပ်ကို မထောက်ခံသဖြင့် အကြောက်တရားဖြင့် လွှမ်းမိုး အုပ်ချုပ်နိုင်ရန် ပြည်သူ့ အိုးအိမ်တိုက်တာများ ကို မီးရှို့ယုံမက လူသတ် မုဒိန်းကျင့် ပစ္စည်းဥစ္စာများကိုပါ လုယက်ခဲ့ကြသည်။ ပြည်သူကို ကာကွယ်ပါမည်ဟု သစ္စာဆိုထားသည့် စစ်တပ်က မကာကွယ်သည့်အပြင် လုယက်သတ်ဖြတ် မီးရှို့အဓမ္မကျင့် စသည့် ရာဇဝတ်မှုပေါင်းများစွာကို အရှက် သိက္ခာမဲ့စွာ ကျူးလွန်ခဲ့ကြသည့်အဖြစ်မှာ မည်သည့်နည်းနှင့်မျှ သည်းခံနိုင်စရာ မရှိပေ။ စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာ ဆက်တိုက်ကျူးလွန်နေသောအဖြစ်ကို စစ်အာဏာရှင်တို့ မမြင်ဘဲဖြစ်နေသည်။ ယင်းသို့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် လုပ်ရပ်များ၏ တန်ပြန်အကျိုးသက်ရောက်မှုများကို ခံရသောအချိန်ကျမှ သံဝေဂရမည်ထင်သည်။
 
မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူလူထုကို အကြောက်တရားဖြင့် ခြောက်လှန့်အုပ်ချုပ်ရန် စစ်ကောင်စီက ကြံစည်ခဲ့သည်။ အရှေ့ တောင် အာရှ၌သာမက ကမ္ဘာတခွင်မှာပင် မင်းအောင်လှိုင်စစ်အာဏာရှင်ကဲ့သို့ ရက်စက်ကြမ်းကြုတ် သွေးဆာရိုင်းစိုင်းလွန်းသော၊ ကိုယ့်ပြည်သူကို ကိုယ်ပြန်ဖိနှိပ်သတ်ဖြတ်သော၊ ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်မြေလှန်မီးရှို့ခဲ့သော အာဏာရှင်မျိုး လူ့သမိုင်း၌ မပေါ် ပေါက်ခဲ့ဘူးကြောင်း ဝေဖန်သုံးသပ်ချက်များပင် ပေါ်ထွက်ခဲ့သည်။ ယင်းသို့သော အမြင်သဘောထားများ ပြည်သူလူထုအကြား ပြန့်နှံ့လာခြင်ကိုကြည့်လျှင် စစ်အာဏာရှင်၏ကျဆုံးခန်း နီးလာပြီဟု ဆိုနိုင်သည်။

ပြည်သူတို့ (အထူးသဖြင့် ဂျန်ဇီးလူငယ်မျိုးဆက်သစ်တို့) အနေဖြင့် အခါတော်ရောက်ချိန် နီးလုပြီဟု ဆိုရပေတော့မည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar