Breaking News

အောင်သူငြိမ်း - ခေါင်းဆောင်ကြီး ရှီ

အောင်သူငြိမ်း - ခေါင်းဆောင်ကြီး ရှီ
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၂

Nikkei Asia ဂျာနယ်မှာ တရုတ်နိုင်ငံ ခေါင်းဆောင်မှုနဲ့ အစည်းအဝေးအကြောင်း ဆောင်းပါးဖတ်ရပါတယ်။ 
Nakazawa, Katsuji. And Nikkei senior staff writer. (September 15, 2022). Analysis: Xi prepares to wave magic wand for more power. Nikkei Asia. 

တလောက တရုတ်နိုင်ငံမှာ ထိပ်သီးခေါင်းဆောင်မှုဖြစ်တဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးကို စက်တင်ဘာ ၉ ရက်နေ့မှာ ကျင်းပ ခဲ့ပါတယ်။ လာမယ့်လ အောက်တိုဘာလ ၁၆ ရက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီ (CCP) နိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်ကို ကျင်းပတော့မယ် ဖြစ်ပါတယ်။ ပါတီဝင် ၉၆ သန်းရှိတဲ့ ပါတီကြီးတခုရဲ့ မူဝါဒ၊ ခေါင်း ဆောင်မှုအတွက် အရေးကြီးတဲ့ အစည်း အဝေးကြီးတခု ဖြစ်ရုံသာမက၊ ပါတီ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အတူ နောက်ပိုင်းသိပ်မကြာခင်မှာ နိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေ အထိပါ ပြောင်းလဲတတ်ကြပါတယ်။ 

ပြီးခဲ့တဲ့ ပါတီကွန်ဂရက် (၂၀၁၇ အောက်တိုဘာ) မှာတုန်းကတော့ သမ္မတရှီကျင့်ဖျင်ရဲ့ အတွေးအခေါ်ကို ဂုဏ်မြှောက်ခဲ့ကြ ပါတယ်။ တရားဝင်အားဖြင့် “ခေတ်သစ်ကာလအပေါ် တရုတ်ကြန်အင်လက္ခဏာနဲ့ ပတ်သက်လို့ ရှီကျင့်ဖျင်းအတွေး အခေါ်” ကို လက်ခံချမှတ်ခဲ့ကြပါတယ်။ တရုတ်မှာ ဆိုကြတာက မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်၊ တိန့် ရှောင်ဖိန် သီအိုရီ၊ ရှီကျင့်ဖျင် အတွေးအခေါ်” စသည်ဖြင့် ဦးဆောင်အယူဝါဒအဖြစ် ဖော်ပြကြတာပါ။ ပြီးခဲ့တဲ့ တရုတ်နိုင်ငံ ခေါင်းဆောင် ကျန်ဇီမင်း၊ ဟူကျင်းတောင်တို့ကာလမှာ ဒီလိုအဆင့်အတန်း သတ်မှတ်ဖော်ပြတာ မခံကြရပါဘူး။ 

အဲဒီနောက်ပိုင်း ၂၀၁၈ ခုနှစ်မှာတော့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတသက်တန်းကို ၂ ကြိမ်ပဲ ဆောင်ရွက်ရမယ် လို့ ဖော်ပြထားရာကနေ၊ ဖျက်သိမ်းတာကို ပြန်ပြင်ရေးဆွဲခဲ့ပြီး၊ သမ္မတရှီအနေနဲ့ ဆက်လက်ဦးဆောင်ဖို့ လမ်းဖွင့်တဲ့အနေနဲ့ ဖြစ်စေခဲ့ပါတယ်။ ခုအစည်းအဝေးအပြီး အပြောင်းအလဲအနေနဲ့ “ခေတ်သစ်ကာလအပေါ် တရုတ်ကြန်အင်လက္ခဏာနဲ့ ပတ်သက်လို့ ရှီကျင့်ဖျင်းအတွေးအခေါ်” (Xi Jinping Thought on Socialism with Chinese Characteristics for a New Era) ကို ရှီကျင့်ဖျင်အတွေးအခေါ် (Xi Jinping Thought) လို့ အတိုချုပ်ပြီး ပြောင်းလဲခေါ်ဆိုပါလိမ့်မယ်။ ရှီကျင့်ဖျင်းရဲ့ အဆင့်အတန်းကိုလည်း ပါတီရဲ့ “ခေါင်းဆောင်ကြီး” (lingriu) အဖြစ် ပြောင်းလဲခေါ်ဆိုကြပါလိမ့်မယ်။ ဒီလိုအဆင့်အတန်းသတ်မှတ်မှုကို အရင်တုန်းကတော့ ဥက္ကဋ္ဌမော်တဦးသာ ဖော်ပြခံရတာပါ။ တရုတ်နိုင်ငံ ဖွဲ့စည်းအခြေခံဥပ‌ဒေ အဖွင့်နိဒါန်းကို ဥက္ကဋ္ဌမော် ကို “ခေါင်းဆောင်ကြီး” (lingriu) အဖြစ် ဖော်ပြထားတာပါ။ 

ပြီးခဲ့တဲ့ ဂွမ်ရှီးဇောင် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ (Guangxi Zhuang Autonomous Region) မှာ ကျင်းပတဲ့အစည်းအဝေး ထုတ်ပြန်ကြေညာချက်မှာတော့ သမ္မတရှီကို အဓိက ခေါင်းဆောင်ကြီးအဖြစ် သတ်မှတ်ပြီး “ခေါင်းဆောင်ကြီး lingxiu ကို အစဉ်သဖြင့် ထောက်ခံကြ၊ ခေါင်းဆောင်ကြီးကို ကာကွယ်ကြ၊ လိုက်နာကြ” စသည်ဖြင့် ကြွေးကြော်သံ ဖော်ပြခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစလို့ မူလတန်းကျောင်းတွေမှာ ကလေးတွေက ရှီကျင့်ဖျင် အတွေးအခေါ်ကို သင်ယူလေ့လာ ကြရပါတယ်။ 
ပြဿနာတွေတော့ ရှိပါသေးတယ်။

တရုတ်ခေါင်းဆောင်မှု ဖွဲ့စည်းပုံမှာ ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ နဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူရပါတယ်။ အကယ်၍ အောက်ခြေလူထု၊ ပါတီဝင် အသံတွေကို နားထောင်မယ် ဆိုရင် ၂၀၂၃ ခုနှစ်အတွင်း သမ္မတရာထူးကို သူစွန့်လွှတ်ဖွယ် ရှိပါတယ်။ သူက ဥက္ကဋ္ဌကြီးရှီ အနေနဲ့ သမ္မတအပေါ်မှာ နေဖို့ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ပါတီအထွေထွေအတွင်းရေးမှူးက သိပ်အရေးမပါတဲ့ ရုံးတာဝန်မျိုး ဖြစ်သွားနိုင်ပါတယ်။ 

နောက်တခုက ရှီကျင့်ဖျင်အတွေးအခေါ်မှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ကဏ္ဍကို သေချာရှင်းလင်းမှု မရှိလှဘူးလို့ ဆိုကြပါတယ်။ အခုတော့ ပါတီသုတေသနဌာနများက ဒါကိုဖြည့်ဆည်း ရေးသားဖို့ ကြိုးစားနေကြပါတယ်။ သူတို့ကတော့ ရှီပြောကြားတဲ့အထဲမှာ ထင်ရှားတဲ့ “ဘုံအများပိုင် ကြွယ်ဝမှု” (Common prosperity) ဆိုတဲ့ အိုင်ဒီယာကို အလေးပေးဖော်ပြဖို့ ကြိုးစား ကြပါတယ်။ နိုင်ငံတော်ကောင်စီနဲ့ ပတ်သက်နေတဲ့ စီးပွားရေးနေ့စဉ် (Economic Daily) သတင်းစာမှာ ဆောင်းပါး မှတ်ချက် တွေ ရေးသားကြပါတယ်။ 

ဒါပေမယ့် “ဘုံအများပိုင် ကြွယ်ဝမှု” (Common prosperity) ကို အလျှင်အမြန်ရနိုင်ဦးမှာ မဟုတ်ဘူး။ ဒေသချင်း ကွာဟမှု တွေ ရှိနေသေးတယ်။ အဲဒီဆောင်းပါးမှာပဲ “ဘုံအများပိုင် ကြွယ်ဝမှု” (Common prosperity) ဆိုတာက လူအများ သာတူ ညီမျှဖြစ်ရေး ဦးတည်တဲ့ကြိုးပမ်းမှုတခုတော့ မဖြစ်သင့်ဘူး (common prosperity drive should not be a pursuit of egalitarianism)၊ ရှုပ်ထွေးပွေလီတဲ့ သဘောသဘာဝနဲ့ ရေရှည်ဆောင်ရွက်ရဖို့ ရှိတယ်လို့ ဖော်ပြထားပါသေးတယ်။ အဲဒီဆောင်းပါးမှာ ရှီကျင့်ဖျင်ရဲ့ အရင်ကဖော်ပြဖူးတဲ့ စီးပွားရေး ဦးစားပေးလုပ်ငန်းများထဲက ထောက်တိုင်တခုဖြစ်ခဲ့တဲ့ “အစီအစဉ်မကျ ပရမ်းပတာ အရင်းအနှီးချဲ့ထွင်မှုများကို ကာကွယ်ရေး” (prevention of the disorderly expansion of capital) ဆိုတာကိုလည်း ချန်ခဲ့ပါသေးတယ်။ 

လာမယ့်လပိုင်း တရုတ်ကွန်မြူနစ်ပါတီ (CCP) ကွန်ဂရက်ကိုတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဖို့ ရှိနေပါသေးတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar