Breaking News

အောင်သစ် - နွေဦးတော်လှန်ရေး နဲ့ နိုင်ငံရေးလမ်းနှစ်သွယ်

အောင်သစ် - နွေဦးတော်လှန်ရေး နဲ့ နိုင်ငံရေးလမ်းနှစ်သွယ်

(မိုးမခ) ဇွန် ၂၂ ၊ ၂၀၂၃


ကမ္ဘာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်ကိုပဲ ကြည့်ကြည့်၊ မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်ကိုပဲ ကြည့်ကြည့် အခြေအနေတိုင်းမှာ မတူတဲ့ အမြင်အယူအဆတွေ ဖြစ်ထွန်းပေါ်ပေါက်ခဲ့တာချည်းပါပဲ။ အမြင်အယူအဆ မတူကြတာက လူသားတွေရဲ့ သဘာဝတရားတခုလို့တောင် သဘောထားလို့ ရပါတယ်။ “Unity of Opposite” ၊ “Unity in Diversity” ဆိုတဲ့ အဆိုတွေအတိုင်းပါပဲ။ အခြေအနေတရပ်မှာ စုံလင်ကွဲပြားမှုတွေဆိုတာ ပေါင်းစည်းမှု၊ အတိုက်အခံဖြစ်မှုဆိုတဲ့ ဖြစ်စဉ်တွေနဲ့ ယှဉ်တွဲ တည်ရှိနေတာပါ။

နိုင်ငံရေးဖြစ်စဉ်တခုကို ချဉ်းကပ်တဲ့အခါမှာတော့ စုံလင်ကွဲပြားတဲ့ အမြင်အယူအဆတွေကို ရပ်တည်ချက်၊ အမြင်၊ နည်းနာ ဆိုပြီး ဆန်းစစ်ချဉ်းကပ် ဖွင့်ဆိုထားဖို့ လိုအပ်ပါတယ်။ ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားနိုင်မှ ရန်သူ၊ မိတ်ဆွေ၊ ရဲဘော်၊ မဟာမိတ် ဆိုတာတွေကို လွယ်လွယ်ကူကူ ခွဲခြားဆက်ဆံလို့ရမှာပါ။  

နိုင်ငံရေးအမြင်အယူအဆတခု၊ ဒါမှမဟုတ် နိုင်ငံရေးလမ်းကြောင်းတခုဟာ ဘယ်လိုရပ်တည်ချက်ရှိလဲ၊ ပကတိ အခြေအနေကို ဘယ်လို ကြည့်မြင်သလဲ၊ ဒီရပ်တည်ချက်၊ ဒီအမြင်တွေနဲ့ လက်တွေ့ဆောင်ရွက်မယ့် နည်းနာက ဘာလဲဆိုပြီး ဆန်းစစ်ဖော်ထုတ်ကြည့်ပါမယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံရေးလမ်းနှစ်သွယ်

နွေဦးတော်လှန်ရေး၊ မြန်မာ့နိုင်ငံရေးရဲ့ ပစ္စက္ခ လက်ရှိအခြေအနေမှာ ပေါ်ပေါက်နေတဲ့ အဓိကနိုင်ငံရေး လမ်းနှစ်သွယ် တွေ့ရပါတယ်။ 

ဒီနေ့ နွေဦးတော်လှန်ရေးမှာ ထင်ထင်ရှားရှား မြင်နေ၊ ကြားနေ၊ တွေ့နေရတဲ့ နိုင်ငံရေးလမ်းနှစ်သွယ်က— 

၁။ လက်နက်ကိုင်ခုခံစစ်ဟာ အဓိကနဲ့ အဆုံးအဖြတ်တိုက်ပွဲပုံသဏ္ဌာန်ဖြစ်တယ်၊ နိုင်ငံတကာရေးလှုပ်ရှားမှု၊  နိုင်ငံရေးလှုပ်ရှားမှုတွေဟာ လက်နက်ကိုင်ခုခံစစ်ကို အထောက်အပံ့ပြုတဲ့အရေးကြီးတိုက်ပွဲ၊ တနည်းအားဖြင့် စစ်ရေးတိုက်ပွဲအတွက် ဘက်ပေါင်းစုံဖိအားပေးမှု(pressure mechanism) ဖြစ်တယ်။

၂။ နိုင်ငံရေးတိုက်ပွဲဟာ အဓိကနဲ့ အဆုံးအဖြတ်တိုက်ပွဲပုံသဏ္ဌာန် ဖြစ်တယ်၊ နိုင်ငံတကာရေးလှုပ်ရှားမှု၊  စစ်ရေး လှုပ်ရှားမှုတွေဟာ နိုင်ငံရေးတိုက်ပွဲအတွက် အထောက်အပံ့ပြုတဲ့ အရေးကြီးတိုက်ပွဲ၊ တနည်းအားဖြင့် နိုင်ငံရေး တိုက်ပွဲအတွက် ဘက်ပေါင်းစုံဖိအားပေးမှု(pressure mechanism) ဖြစ်တယ်။

အဲဒီနိုင်ငံရေးလမ်းနှစ်သွယ်ကို ရပ်တည်ချက်၊ အမြင်၊ နည်းနာတို့နဲ့ ဆန်းစစ်ပါမယ်။ နိုင်ငံရေးလမ်းသွယ်တွေဟာ ဘယ်လိုရပ်တည်ချက် ရှိပါသလဲ၊ ဘယ်လိုအမြင် ရှိပါသလဲ၊ ဘယ်လိုနည်းနာနဲ့ သွားနေပါသလဲဆိုပြီး ဆန်းစစ်ကြည့်မှာပါ။ ဆန်းစစ်တဲ့အခါမှာ အဲဒီလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေကြတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ထိတို့ဆန်းစစ်မှာ မဟုတ်ပါ၊ နိုင်ငံရေးလမ်းကြောင်းကိုသာ ဆန်းစစ်မှာဖြစ်ပါတယ်။

ဒီလိုဆန်းစစ်ဖို့ဆိုရင် နိုင်ငံရေးလမ်းနှစ်သွယ်ရဲ့ မဟာဗျူဟာအခင်းအကျင်းနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အရင်ဆုံး ပုံဖော်ကြည့်ဖို့ လိုပါတယ်။

နိုင်ငံရေးလမ်းနှစ်သွယ်ရဲ့မဟာဗျူဟာအခင်းအကျင်းနဲ့ ဖြစ်ပေါ်တိုးတက်မှုများ

နိုင်ငံရေးလမ်းနှစ်သွယ်ရဲ့ မဟာဗျူဟာအခင်းအကျင်းနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို တွေ့မြင်ကြားသိနေရတဲ့ ဖော်ထုတ်ချက်တွေပေါ်ကနေ  ပေါင်းချုပ်လေ့လာကြည့်ပါတယ်။ 

လက်နက်ကိုင်ခုခံစစ်ကို အဓိကနဲ့ အဆုံးအဖြတ်အဖြစ်ယုံကြည်တဲ့ နိုင်ငံရေးလမ်းသွယ်နဲ့ပတ်သက်တဲ့ မဟာဗျူဟာ လမ်းစဉ်ကို ဒီလို ပေါင်းချုပ်ကြည့်လို့ရပါတယ်။

၁။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ပန်းတိုင်ကို ရှင်းရှင်းပြတ်ပြတ် ပွင့်ပွင့်လင်းလင်း ကြေညာတယ်။ 

၂။ ပန်းတိုင်ကိုသွားမယ့်လမ်းကြောင်းဟာ လက်နက်ကိုင်တိုက်ပွဲကို အဓိကတိုက်ပွဲပုံသဏ္ဌာန်အဖြစ် အကောင်အထည် ဖော်ပြီး၊ တိုက်ပွဲသဏ္ဌာန်ပေါင်းစုံ ပေါင်းစပ်ဆင်နွှဲနေကြောင်း တွေ့ရတယ်။

၃။ အနှစ် ၇၀ ကျော် လက်နက်ကိုင်တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေးအရှိန်အဟုန် ပေါင်းစပ်မှုကြောင့် လက်နက်ကိုင်ခုခံ စစ်ဒီရေမြင့်တခု ဖြစ်လာနေတယ်။ ဒီအချက်ကို တိုက်ပွဲဆင်နွှဲနိုင်မှုအရေအတွက်၊ နယ်မြေစိုးမိုးလာနိုင်မှု၊ လက်နက်ကိုင်တော်လှန်ရေးတပ်သား အင်အားတိုးပွားလာမှု၊ ရန်သူ့တပ်အတွင်း ဘက်ပေါင်းစုံ ဆုတ်ယုတ်ကျဆင်းမှု ဆိုတဲ့အချက်တွေက ဖော်ပြနေတယ်။ 

၄။ ပြည်သူလူထုရဲ့ထောက်ခံပါဝင်မှုက မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးနဲ့ လုံးဝ လွတ်လပ်ရေးကာလ နောက်ပိုင်း မကြုံဖူးလောက်အောင် အမြင့်မားဆုံး ဖြစ်တယ်။

နိုင်ငံရေးတိုက်ပွဲဟာ အဓိကနဲ့ အဆုံးအဖြတ်ဖြစ်တယ်လို့ ယုံကြည်တဲ့ နိုင်ငံရေးလမ်းသွယ်နဲ့ပတ်သက်တဲ့ မဟာဗျူဟာလမ်းစဉ်ကို ဒီလို ပေါင်းချုပ်ကြည့်လို့ရပါတယ်။

၁။ ပန်းတိုင်နဲ့ပတ်သက်လို့ ဖော်ပြချက်အမျိုးမျိုး ရှိကြပေမယ့် ယေဘုယျအားဖြင့် ဒီမိုကရေစီနိုင်ငံ၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ တည်ဆောက်မယ်ဆိုတဲ့အပိုင်းကိုသာ ဖော်ပြကြတယ်၊ အဲသလို ဖော်ပြတဲ့အခါမှာလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို မပြောကြတဲ့အပြင် မြန်မာ့နိုင်ငံရေးမှာ စစ်တပ် လုံးဝ မပါဝင်ရေး ဆိုတာအထိ ရှင်းရှင်းလင်းလင်း မပြောနိုင်တာ တွေ့ရတယ်။ 

၂။ စစ်ပွဲနဲ့ပတ်သက်တဲ့အကျိုးဆက်တွေကို ဖော်ထုတ်ပြောဆိုကြတဲ့အခါမှာ စစ်ပွဲမှာပါဝင်နေတဲ့ (တော်လှန်ရေး အင်အားစုနဲ့ စစ်အုပ်စု) ဘက်နှစ်ဖက်စလုံးကို တာဝန်ရှိသူများအဖြစ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပြောဆိုတယ်။

၃။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့အဖြေရှာရေးဆိုတဲ့ ကြွေးကြော်သံကိုကိုင်ပြီး ဖက်ဆစ်စစ်အုပ်စုနဲ့ တွေ့ဆုံ ဆွေးနွေးရေးကိုသာ မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းဖို့ တခုတည်းသောနည်းလမ်းအဖြစ် ဖော်ပြတယ်။

နိုင်ငံရေးလမ်းနှစ်သွယ်ဖော်ပြချက်တွေကို ကောက်ချက်ချခြင်း

နိုင်ငံရေးလမ်းနှစ်သွယ်တွေရဲ့ အခု တွေ့ရှိခဲ့တဲ့ဖော်ပြချက်တွေကို ဒီလို ကောက်ချက်ချလို့ ရပါတယ်။

လက်နက်ကိုင်ခုခံစစ် အဓိကနဲ့ အဆုံးအဖြတ် ဆိုတဲ့လမ်းသွယ်ဟာ -

၁။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ပန်းတိုင်၊ တနည်း အန္တိမနိုင်ငံရေးရည်မှန်းချက်ကို တိတိလင်းလင်း ဗြောင်ဖော်ပြခြင်းဟာ အနှစ်(၇၀)ကျော် လက် နက်ကိုင်တော်လှန်ရေးဖြတ်သန်းမှုနဲ့ နွေဦးတော်လှန်ရေးမှာ ဖော်ထုတ်နေတဲ့ ပြည်သူလူထုရဲ့အသံနဲ့ ပြည်သူလူ ထုရဲ့ပကတိဘဝလိုအပ်ချက်ကို ထင်ဟပ်ဖော်ပြတာဖြစ်တယ်။ ပြည်သူလူထုဘက်ကရပ်တည်တဲ့ ရပ်တည်ချက် ဖြစ်ကြောင်း တွေ့ရှိရတယ်။

၂။ တိုက်ပွဲပုံသဏ္ဌာန်ကို ရန်သူကပြဌာန်းတယ်ဆိုတဲ့သဘောတရားအတိုင်း ရန်သူစစ်အုပ်စုကရွေးချယ်တဲ့  လက် နက်နဲ့ မတရားရက်ရက်စက်စက် အကြမ်းဖက်ဖိနှိပ်မှုအပေါ် အမြင်က ရှင်းလင်းတယ်၊

(က) ရန်သူကို ရန်သူလို့ ပြတ်ပြတ်သားသား မြင်တယ်။

(ခ) လက်နက်နဲ့ အဆုံးစွန်အရက်စက်ဆုံး ဖိနှိပ်လာမှုကို လက်နက်နဲ့ပြန်ခုခံရမယ်လို့ ရှင်းရှင်းလင်းလင်း မြင်တယ်။

၃။ သံတမန်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲတွေ ပေါင်းစပ်ပါဝင်တဲ့ လက်နက်ကိုင်တိုက်ပွဲနည်းနာကို ရဲရဲရင့်ရင့် ကျင့်သုံးတယ်။

ဒါကြောင့် လက်နက်ကိုင်ခုခံစစ် အဓိကနဲ့အဆုံးအဖြတ်လမ်းသွယ်ဟာ ပြည်သူလူထုဆီကလာတဲ့ ပြည်သူ လူထုဘက်က ရပ်တည်တဲ့ ရပ်တည်မှု ဖြစ်တယ်၊ ရန်/ငါ ပြတ်သားတဲ့အမြင်ရှိတယ်၊ အချိန်တချိန်မှာ ရွေးချယ်ရမယ့် တိုက်ပွဲနည်းနာကို စိတ်ဆန္ဒစွဲကင်းကင်းနဲ့ လက်တွေ့ကျကျ ရွေးချယ်တယ်လို့ ကောက်ချက်ချနိုင်တယ်။ 

နိုင်ငံရေးတိုက်ပွဲ အဓိကနဲ့ အဆုံးအဖြတ် ဆိုတဲ့လမ်းသွယ်ဟာ— 

၁။ မြန်မာနိုင်ငံရေး သမိုင်းဖြတ်သန်းမှုနဲ့ အနှစ် (၆၀) ကြာ စစ်အာဏာရှင်စနစ်ရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ခါးစည်းခံနေရတဲ့ ပြည်သူလူထုရဲ့ ဘဝလိုအပ်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ စစ်အာဏာရှင်စနစ် တစမကျန် ဖျက်သိမ်းရေးကို အန္တိမရည်မှန်းချက်အဖြစ် မဖော်ပြနိုင်ဘူး။ ဒါ့အပြင် အန္တိမ ရည်မှန်းချက်က တခြားဘာလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မဖော်ပြထားနိုင်ဘူး။

၂။ နံပတ် (၁) အချက်ရဲ့အဆက်အဖြစ် စစ်အုပ်စု နဲ့ စစ်အာဏာရှင်စနစ်ကို ရန်သူအဖြစ် ပြတ်ပြတ်သားသား မမြင်နိုင်ဘူး၊ စိတ်ထဲက ကျိတ်မြင်တာ မမြင်တာ အကျုံးမဝင်၊ လက်တွေ့မမြင်ရ။  အကြမ်းဖက်စစ်တပ်ကို မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲမှာ ပစ်ပယ်လို့မရမဲ့၊ ပါဝင်နေရမယ့် အင်အားစုတခုအဖြစ် မြင်တယ်။ ရန်သူ့ဘက်က ပြတ်ပြတ်သားသား သဘောထားပြီး ရက်ရက်စက်စက် ဖိနှိပ်နေပေမယ့် ရန်သူကို ရန်/ငါ ပြတ်တဲ့၊ ပြတ်သားတဲ့ အမြင် မရှိဘူး။ 

၃။ နံပါတ် (၁) နဲ့ နံပါတ် (၂) အချက်ရဲ့ အကြောင်းအကျိုးဆက်အဖြစ် ရန်သူစစ်အုပ်စုနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးနည်းလမ်းကိုသာ ရွေးချယ်စရာဖြစ်နေတယ်။ ဒီနည်းလမ်းတခုထဲမှာပဲ လက်နက်ကိုင်တိုက်ပွဲကို ရန်သူစစ် အုပ်စုနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းလမ်းအတွက် (pressure mechanism) ဖိအားအဖြစ် အသုံးပြုရေးလိုင်းနဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့ လုံးဝ ကင်းကင်းရှင်းရှင်းဖြစ်ရေးလိုင်း ဆိုပြီး ထပ်ကွဲတယ်။ လက်နက်ကိုင် တိုက်ပွဲနဲ့ ကင်းကင်းရှင်းနေချင်ရင် ရန်သူနဲ့ မကင်းမရှင်းနေရမယ့်ဘဝမျိုး ရောက်ရတယ်။

ဒါကြောင့် နိုင်ငံရေးတိုက်ပွဲ အဓိကနဲ့ အဆုံးအဖြတ် လမ်းသွယ်ဟာ ပြည်သူလူထုရဲ့ပကတိဘဝက ပေါ်ထွက်လာ တာမဟုတ်ဘဲ၊ နိုင်ငံရေးအပေါ်ယံအလွှာ (political elite) က သီးခြားစဉ်းစားချမှတ်တာဖြစ်တယ်၊ ပြည်သူလူထုဘက်က ရပ်တည်တဲ့ ရပ်တည်ချက် မဟုတ်ဘူး။ ရန်သူအပေါ် ရန်/ငါ ပြတ်သားတဲ့အမြင် မရှိတာနဲ့ တဆက်တည်းမှာ ရန်သူနဲ့တွေ့ဆုံ ဆွေးနွေးအဖြေရှာရေးနည်းနာကိုသာ ရွေးချယ်ရတော့တာကြောင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို သွယ်ဝိုက်အထောက်အပံ့ပြုရာရောက်နေကြောင်း ကောက်ချက်ဆွဲလို့ရတယ်။ အဆိုးပေါ် အဆိုးဆင့်တဲ့ နောက်တချက်ကတော့ ဒီလမ်းကြောင်းကို လိုက်သူတွေအတွက် ရန်သူ့ဒေသတွင်းမှာ နေသူတွေဖြစ်ရင် ရန်သူက ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ “ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာနိုင်ငံရေး”မျိုးသာ လုပ်ရမယ့်ဘဝမျိုး ဖြစ်နေတာပါ။

အခု‌ဖော်ပြခဲ့တဲ့ နိုင်ငံရေးလမ်းနှစ်သွယ်အဖြစ် ကွဲပြားသွားရတဲ့ အဓိကအကြောင်းရင်းတခု ရှိတာကိုလည်း တွေ့ရတယ်။ ကျန်တဲ့အကြောင်းရင်းတွေ အမျိုးမျိုးရှိနိုင်ပေမယ့် အဓိကကွဲပြားသွားတဲ့ အကြောင်းရင်းကတော့ တချက်တည်း ရှိတယ်။ 

စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ လုံးဝဖျက်ဆီးချေမှုန်းလို့ မရနိုင်ဘူးဆိုတဲ့ အမြင်နဲ့၊ ဒီအကြမ်းဖက်စစ်တပ်ကို သက်ဆုံးတိုင်၊ မျိုးဆက်တဆက်ပြီးတဆက် လက်ဆင့်ကမ်းပြီး တနေ့မှာ အမြစ်ပြတ်ချေမှုန်းနိုင်မှာ ဖြစ်တယ်ဆိုတဲ့ အမြင်၊ အဲဒီအမြင်ကွဲပြားမှု အချက်တချက်ထဲကနေ လမ်းနှစ်သွယ် ကွဲပြားသွားတာ ဖြစ်တယ်။ 

အကြမ်းဖက်စစ်တပ်ကို လုံးဝဖျက်ဆီးချေမှုန်းလို့ မရနိုင်ဘူးလို့ ယုံကြည်သူတွေက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်လာနိုး၊ ပေါ်လာခဲ့သော် အောင်မြင်နိုး မျှော်ကိုးနေချိန်မှာ၊ စစ်အာဏာရှင်စနစ် တစမကျန် ဖျက်သိမ်းနိုင်မှာကို ယုံကြည်သူတွေက (နွေဦး)တော်လှန်ရေးကို လက်နက်ကိုင်တိုက်ပွဲအဓိကနဲ့ အဆုံးအဖြတ်ဆိုတဲ့ တိုက်ပွဲပုံသဏ္ဌာန်နဲ့ ပြတ်ပြတ်သားသား ဆင်နွှဲနေကြကြောင်း တွေ့ရှိချက်ကို တင်ပြလိုက်ရပါတယ်။ ။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar