Breaking News

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဘဏ် ၂ ဘဏ်ကို အမေရိကန်က ပိတ်ဆို့အရေးယူ၊ မိုခါပြီးအလွန်ကာလ အရေးပေါ် အကူအညီ ကန့်သတ်ခံနေရဆဲ ရခိုင် နဲ့ ချင်းပြည်နယ်


မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၁ မြင်ကွင်း

(မိုးမခ) ဇွန် ၂၂၊ ၂၀၂၃


စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဘဏ် ၂ ဘဏ်ကို အမေရိကန်က ပိတ်ဆို့အရေးယူ၊ မိုခါပြီးအလွန်ကာလ အရေးပေါ် အကူအညီ ကန့်သတ်ခံနေရဆဲ ရခိုင် နဲ့ ချင်းပြည်နယ် 

မြန်မာစစ်အစိုးရရဲ့ နိုင်ငံပိုင် ဘဏ်၂ ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုဘဏ် MICB ဘဏ်၂ ဘဏ်ကို အမေရိကန် နိုင်ငံက ပိတ်ဆို့အရေးယူမှု စာရင်းထဲထည့်သွင်းလိုက်ကြောင်း ခုရက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ ဒီလို လုပ်ဆောင်ချက်ဟာ နိုင်ငံခြားနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ မြန်မာစစ်ကောင်စီ အစိုးရလက်အောက်က ကုန်သွယ်ရေးဆိုင်ရာ ဘဏ်၂ ဘဏ်ကို ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်ပြီး ဒိမတိုင်ခင်မှာတော့ စစ်တပ်ရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ အင်းဝဘဏ်လိုမျိုးကို စစ်အာဏာသိမ်းပြီးနောက် ပိတ်ဆို့အရေးယူခဲ့ပြီး ဖြစ်ပါတယ်။ 

အခုလို အစိုးရပိုင် ဘဏ် ၂ ဘဏ်ကို ပိတ်ဆို့အရေးယူရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု ဘက်ကတော့ ဒီဘဏ် ၂ ဘဏ်ဟာ စစ်ကောင်စီရဲ့ ပြည်ပမှ လက်နက်ဝယ်ယူရေး ငွေပေးချေမှုတွေကို ဆောင်ရွက်ပေးခဲ့တာကြောင့်လို့ ဖော်ပြထားပါတယ်။ ဘယ်နိုင်ငံတွေထံက ဝယ်ယူတဲ့ လက်နက်တွေ ဘယ်လို လမ်းကြောင်းတွေနဲ့လဲဆိုတာမျိုးအထိတော့ အသေးစိတ် ဖေါ်ပြမထားပါဘူး။ 

အဆိုပါ ဘဏ် ၂ ဘဏ်ဟာ စစ်ကောင်စီ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ဘဏ် ၂ ဘဏ်ဖြစ်ပြီး ပြည်တွင်းမှာရှိတဲ့ကုလသမဂ္ဂ အေဂျင်စီတွေ၊ အချို့သော နိုင်ငံတကာအန်ဂျီအိုတွေ၊ အချို့သော ပုဂ္ဂလိကကုမ္ပဏီတွေက အဖွဲ့အစည်းလိုက်သော်လည်းကောင်း အဆိုပါ အဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းတွေ အနေနဲ့ တဦးချင်း ငွေစာရင်း အနေနဲ့သော်လည်းကောင်း ဖွင့်လှစ်ထားရှိကြတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ၂၀၂၂ ခုနှစ်ထဲမှာ ပြည်ပမှာ သင်္ဘောသားလို ပြည်ပမှာ အလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်နေသူတွေ မိသားစုထံ တရားဝင် ငွေပြန်လွှဲခဲ့လို့ရှိရင် အဆိုပါ ဘဏ် ၂ ဘဏ်ကို သုံးဖို့ စစ်ကောင်စီဘက်က သတ်မှတ်ထုတ်ပြန်ခဲ့တာတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ခုလို ပိတ်ဆို့မှု လုပ်ဆောင်လိုက်လို့ အဆိုပါ မိသားစုလွှဲငွေလိုမျိုး ပုဂ္ဂလိက ပို့ကုန်သွင်းကုန်ကုမ္ပဏီလို ဘဏ်စာရင်းကိစ္စရပ်တွေကို ဗဟိုဘဏ်က ကိုင်တွယ်ဆောင်ရွက်ပေးသွားမယ်လို့ စစ်ကောင်စီဘက်က ပြောထားကြောင်းလည်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေး OFAC ရုံးက အခုလိုပိတ်ဆို့မှု ချမှတ်လိုက်တဲ့နောက်ပိုင်း ပိတ်ဆို့ခံရတဲ့ ဘဏ်မှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းတွေအနေနဲ့ နိုင်ငံခြားငွေကြေး ဒေါ်လာနဲ့ ဖွင့်လှစ်ထားတဲ့ ငွေပေးချေမှုတွေ လွှဲပြောင်းမှုတွေကို အခြားဆက်သွယ်ဆောင်ရွက်တဲ့ ဘဏ်က တဆင့် ဘယ်လောက်ထိ လုပ်ဆောင်ရပြီး ဘယ်လို အရာတွေက လုပ်လို့ မရလည်းဆိုတာတွေအထိ အသေးစိတ်တော့ တိတိပပ မသိရသေးပါဘူး။ 

မြန်မာနိုင်ငံတွင်းက ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့တော့ အခြားနည်းလမ်းတွေ ရှာဖွေပြီး စီးပွားရေး လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပေးချေမှု လက်ခံမှုတွေကို လုပ်ဆောင်ကြမယ်လို့ မှန်းဆရပြီး စစ်ကောင်စီ အနေနဲ့ လက်နက်ဝယ်ယူရေး ဆိုင်ရာကိစ္စတွေမှာ အနည်းနဲ့အများ သက်ရောက်မှုတွေ ရှိလာကောင်း ရှိလာနိုင်မှာ ဖြစ်ပါတယ်။ 

တဖက်မှာတော့ ပြည်ပက ပုဂ္ဂလိကဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ ကမ္ဘောဇ၊ စီဘီ၊ ဧရာဝတီ၊ ယူအေဘီတို့လို ပုဂ္ဂလိကဘဏ်ကြီးတွေ ရှိနှင့်နေပြီးဖြစ်လို့ ၂၀၁၀ ခုနှစ်မတိုင်ခင် အရင် နအဖ စစ်အစိုးရ လက်ထက်တုန်းကလို ကြီးမားတဲ့ အခက်အခဲမျိုးတော့ မတွေ့ကြုံနိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

အခု အရေးယူမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူကတော့ အမေရိကန်ပြည်ထောင်စုနဲ့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နေတာမျိုး ဘာမှ မရှိတာကြောင့် ထိခိုက်မှု မရှိနိုင်ဘူးလို့ သတင်းမီဒီယာတချို့ကို ပြောဆိုခဲ့ပေမယ့် ဘဏ်တွေရဲ့ လုပ်ငန်းဆောင်တာ ငွေပေးချေမှု၊ ဘဏ်အချင်းချင်းအကြား ငွေပေးချေမှုဆိုင်ရာ စာရင်းရှင်းလင်းမှုတွေမှာ ဒေါ်လာနဲ့ပတ်သက်တဲ့ ရှင်းလင်းမှုမျိုးကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးစနစ်ဘက်က အတည်ပြုချက် စည်းမျဥ်းဥပဒေတွေ အရလုပ်ကိုင်ရတာမျိုး ရှိတာကြောင့် အနည်းနဲ့အများ ထိခိုက်မှု ရှိနိုင်တာဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ စစ်ကောင်စီဘက်ကို ဖိအားတွေ တရစ်ပြီးတရစ် တဖက်မှာလည်း စစ်ကောင်စီ ပြုတ်ကျရေး လက်နက်ကိုင် တိုက်ခိုက်တဲ့ အင်အားစုတွေကို စစ်ရေးမှာ အသုံးချနိုင်တဲ့ ငွေကြေး၊ လက်နက်လိုမျိုး မကူညီဘူးလို့ စစ်အာဏာသိမ်းမှု ပြီးခါစကတည်းက အသိပေးကြေညာခဲ့ပြီး အာဏာသိမ်း စစ်အစိုးရကို ဖိအားဖြစ်စေမယ့် တဦးချင်း ပိတ်ဆို့မှုတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေကိုတော့ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ 

ယခုနှစ် အမေရိကန် အမျိုးသား ကာကွယ်ရေးဥပဒေ NDAA ထဲမှာတော့ လူသေစေနိုင်တဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေကို NUG, CRPH, NUCC နဲ့ EAO အဖွဲ့အစည်းတွေကို ပေးအပ်ဖို့ ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ သို့ပေမဲ့ အဆိုပါ အကူအညီတွေက မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ တဆင့်ခံအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေ လုပ်နေဆဲလို့ မှန်းဆရပြီး ခုအချိန်ထိတော့ အကျိုးခံစားရမယ့်သူတွေထံ မရောက်ရှိသေးပါဘူး။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ မိုခါ ဆိုင်ကလုန်းဒဏ်ကြောင့် လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူတွေကို ကုလသမဂ္ဂအနေနဲ့ လွတ်လွတ်လပ်လပ် ကူညီခွင့်မရသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့ UNOCHA က ဇွန်လ ၁၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

မုန်တိုင်းတိုက်ခတ်ပြီးတာ တလကျော်ရောက်လာသည့်တိုင် အကူအညီပေးဝေရေးတွေမှာ လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းရေးတွေမှာ စစ်ကောင်စီဘက်က အကန့်အသတ်တွေ ချမှတ်ထားဆဲဖြစ်ပြီး အကန့်အသတ်နဲ့သာ အကူအညီပေးနေရတဲ့အကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံရတဲ့ ရခိုင်ပြည်နယ်မှာ နေအိမ် အမိုးမရှိသေးဘဲ နေထိုင်နေကြရတဲ့မိသားစုတွေ၊ သန့်ရှင်းတဲ့သောက်သုံးရေ မရရှိသေးတာ၊ မုန်တိုင်းဒဏ်၊ အမိုးအကာမရှိတဲ့ ဒဏ် နဲ့ ရေနဲ့ ရိက္ခာအခက်အခဲကြားက ဖြစ်ပွားလာတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်လို့ အရေးပေါ် အကူအညီတွေ လိုအပ်နေကြသလို အသက်မွေးဝမ်းကျောင်း ကိရိယာတွေဖြစ်တဲ့ စိုက်ပျိုးရေး ရေလုပ်ငန်းဆိုင်ရာပစ္စည်းပစ္စယတွေ မုန်းတိုင်းအတွင်း ပျက်စီးကုန်တာကြောင့် အကူအညီကို မှီခို အသက်ရှင်နေရတဲ့အနေအထားတွေလည်း ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ မုန်တိုင်းကို နိုင်ငံရေး စည်းရုံးမှုအတွက် အမြတ်ထုတ်မှု တခုအနေနဲ့ အသုံးချဖို့၊ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ အစည်းဖြစ်တဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းကို နိုင်ငံရေးရှုထောင့်က ရှုမြင်ပြီး အကန့်အသတ်တွေ ချမှတ်တာတွေ လုပ်ဆောင်နေတာဟာ သမိုင်းမှာ အမည်းစက်ကျန်ရစ်စေမယ့် လုပ်ရပ်တခုလည်း ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar