Breaking News

ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်ပြီးနောက် အခြေအနေ၊ ချင်းပြည်နယ် အိန္ဒိယနယ်စပ်က ရိဒ်ခေါဒါက စစ်စခန်း သိမ်းယူ၊ ရှမ်းမြောက်က ၈ မြို့နယ် စစ်အုပ်ချုပ်ရေး ကြေညာ


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၃ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၃


ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်ပြီးနောက် အခြေအနေ၊ ချင်းပြည်နယ် အိန္ဒိယနယ်စပ်က ရိဒ်ခေါဒါက စစ်စခန်း သိမ်းယူ၊ ရှမ်းမြောက်က ၈ မြို့နယ် စစ်အုပ်ချုပ်ရေး ကြေညာ

နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်စောစောက အေအေလက်နက်ကိုင် တပ်ဖွဲ့က ရသေ့တောင်မြို့နယ်ထဲက ချိန်ခါလီနဲ့ ဒုံးပိုက် ကျေးရွာတွေအနီးက စစ်ကောင်စီရဲ့ နယ်ခြားစောင့် စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ ရခိုင်ပြည်နယ်ဟာလည်း နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေအကြားတိုက်ပွဲတွေ ဖြစ်ပွားလာတော့မယ့် အနေအထား ဖြစ်လာနေပါတယ်။ 

နယ်ခြားစောင့် စခန်းတွေကို တိုက်ခိုက်သိမ်းယူခြင်းဟာ စစ်ဆင်ရေးရဲ့ ကနဦး အစပျိုးခြင်း ဖြစ်ပုံရပြီး အေအေ အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တော အစရှိတဲ့ မြို့နယ်တွေက စစ်ကောင်စီ တပ်တွေ အခြေစိုက်ထားတဲ့ စခန်းတွေ၊ နယ်ခြားစောင့် စခန်းတွေကို သိမ်းယူဖို့ ရည်ရွယ်ကောင်း ရည်ရွယ်ပါလိမ့်မယ်။ နိုဝင်ဘာ ၁၃ ရက်စတင်တဲ့နေ့မှာပဲ ကျောက်တော်မြို့နယ်ထဲက အပေါက်ဝ ကျေးရွာ ရဲစခန်းကို တိုက်ခိုက်မှုမဖြစ်ပွားမီမှာပဲ ရဲစခန်းက ရဲတွေက လက်နက်ချဖို့ သဘောတူခဲ့ကြလို့ အပေါက်ဝ ကျေးရွာရဲစခန်းက အေအေ ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်ကတော့ အေအေ အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖေါ်ဆောင်နိုင်တယ်ဆိုတာ မျှော်လင့်ထားပြီး ဖြစ်မှာသေချာပါတယ်။ သို့ပေမယ့် ရှမ်းမြောက်၊ ကရင်နီဒေသ၊ စစ်ကိုင်းတိုင်းအ ထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ် ဒေသအချို့တို့မှာ လက်ရှိတပြိုင်နက်ထဲ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီ အနေနဲ့ လေကြောင်း ပစ်ကူကလွဲရင် မြေပြင်မှာ အလုံးအရင်းနဲ့ တပ်တွေရွှေ့ပြောင်းကူညီဖို့ အခြေအနေမျိုး မရှိဘူးလို့ ယူဆရပါတယ်။ 

မြန်မာနိင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့တောင်၊ နဲ့ အနောက်ပိုင်းတို့မှာ စစ်မျက်နှာတွေ ဖွင့်ထားရတဲ့ အနေအထားမျိုး ကြုံတွေ့နေရတာကြောင့် စစ်ကောင်စီအနေနဲ့ အရင် အခြေအနေတွေလို မြေပြင်တပ်အင်အားနဲ့ ဖိပြီး ပြန်တုံ့ပြန်တိုက်ခိုက်နိုင်တဲ့ အနေအထားမျိုးမဟုတ်တာ တွေ့ရမှာဖြစ်ပါတယ်။ 

ဒါ့အပြင် ရဲစခန်းတွေနဲ့ စစ်တပ်ဘက်က လက်နက်ကိုင် တပ်သား၊ အရာရှိအချို့ အနေနဲ့ ခုခံတိုက်ခိုက်ပြီး အသက်ဆုံးရှုံးရမယ့်အစား တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ PDF တွေတိုက်ခိုက်လာချိန်မှာ လက်နက်ချလိုက်ကြတဲ့ အဖြစ်အပျက်တွေလည်း ခုရက်ပိုင်း ခပ်စိပ်စိပ် ကြားလာနေရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ တပ်တွေအနေနဲ့ ဒိလောက်ထိ စစ်တိုက်ဖို့ စိတ်ဓါတ်တက်ကြွမှု ရှိမနေကြတော့တဲ့ အနေအထားလို့ ယူဆမယ်ဆို ယူဆလို့ရပါတယ်။ သို့သော် အားလုံးအဲလိုဖြစ်လိမ့်မယ်လို့တော့ ယေဘုယျဆန်ဆန် ကောက်ချက်ချလို့ မရသေးဘူးဆိုတာလည်း သတိပြုသင့်ပါတယ်။ 

စစ်ရေးအတွေ့အကြုံရှိတဲ့ လက်ကိုင်အဖွဲ့ဝင်တွေ အဖို့  နောက်က စစ်ကူ တပ်တွေ မလာနိုင်တဲ့ အနေအထားက ဘယ်လောက် ခုခံတိုက်တိုက် မအောင်နိုင်ဘူးဆိုတာ ခန့်မှန်းသိရှိနိုင်လို့ အသက် မဆုံးရှုံးအောင် လက်နက်ချတာမျိုး ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ 

နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကိုးကန့်ဒေသ ကွမ်းလုံမြို့အနီး ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းယူနိုင်တဲ့ သတင်းက စစ်ကောင်စီတပ်တွေအတွက် စစ်ရေးအရ၊ စိတ်ဓါတ်ရေးအရ အထိနာစေတဲ့ သတင်းတပုဒ်ဖြစ်ပါလိမ့်မယ်။ မြေပြင်ပစ် ဟောင်ဝစ်ဇာတွေ၊ အတွဲလိုက်ပစ်တဲ့ ဒုံးကျည်တင် ကားတွေ၊ သံချပ်ကာကားတွေကို မြောက်ပိုင်း ညီနောင် ၃ ဖွဲ့လက်နက်ကိုင် အဖွဲ့က သိမ်းယူရရှိလိုက်တဲ့ အကြောင်း သတင်းတွေမှာ ဓါတ်ပုံတွေနဲ့ ဖေါ်ပြထားပြီး စစ်ကောင်စီဘက်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တိုက်ရိုက် ငြင်းဆိုနိုင်ခြင်းမရှိပဲ စစ်ဗျူဟာအရ ဟထားပေးတာတွေ ရှိတယ်ဆိုတဲ့ ဆင်ခြေပေးသလို အဲဒီလို ဟထားပေးတဲ့ နေရာတွေမှာ ကိုးကန့်တပ်တွေက ခိုးကြောင်ခိုးဝှက် ဓါတ်ပုံရိုက်ယူပြီး တင်နေတာလို့ ဆိုပါတယ်။ 

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသကို ဆက်သွယ်ထားရှိတဲ့ လမ်းကြောင်းတလျှောက် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေက တံတားတွေနဲ့ ဖျက်ဆီးထားသလို လမ်းခရီးမှာလည်း ကြားဖြတ်တိုက်ခိုက်ခံရနိုင်ခြေ ရှိတာကြောင့် စစ်ကောင်စီတပ်တွေ အနေနဲ့ မန္တလေးဘက်ကနေ တပ်ကူပို့ဖို့ မလွယ်သလို လားရှိုးမှာ အခြေစိုက်ထားတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကလည်း စစ်ကူပို့ဖို့ မလွယ်ကူတဲ့ အနေအထားမျိုးလို့ ယူဆရပါတယ်။ 

ရှမ်းမြောက်၊ ကရင်နီဒေသ၊ ရခိုင် မှာ စစ်ဆင်ရေးတွေ ကြေညာပြီး တိုက်ခိုက်နေကြစဥ်မှာပဲ ချင်းပြည်နယ် မြောက်ပိုင်း ရိဒ်ခေါဒါ မြို့ အနီးက စစ်ကောင်စီ စခန်းတခုကို ယနေ့မနက်ပိုင်းက စတင်တိုက်ခိုက်ပြီး နာရီအတန်ကြာမှာတော့ သိမ်းယူလိုက်ကြောင်း CNF ဘက်က သတင်းမီဒီယာတွေကို ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ 

ချင်းပြည်နယ် မြောက်ပိုင်း အိန္ဒိယနိုင်ငံနယ်စပ်နဲ့ ထိစပ်နေတဲ့ ရိဒ်ခေါဒါမြို့က စစ်စခန်းကို သိမ်းပိုက်ချိန်မှာ စစ်ကောင်စီ အရာရှိအချို့အပါအဝင် စစ်ကောင်စီတပ်သား ၇ ဦးလက်နက်ချခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။ ရိဒ်ခေါဒါမြို့ဟာလည်း စစ်ကိုင်းတိုင်း တမူးမြို့ နယ်စပ်ဂိတ်ပြီးရင် ဒုတိယ နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်ပါတယ်။ ချင်းပြည်နယ် တီးတိန်မြို့က တဆင့် ကလေးမြို့နဲ့ ကားလမ်းအားဖြင့် ဆက်သွယ်ထားတဲ့ မြို့၊ ဖလမ်းမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းလည်း ပေါက်တဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။ 

ချင်းပြည်နယ်မှာတော့ နေ့စဥ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေတာမျိုးမဟုတ်ပဲ စစ်ကောင်စီ တပ်တွေက မြို့တွေမှာ အထိုင်အနေအထားနဲ့ အုပ်ချုပ်မှု ရှိနေတဲ့ သဘောမျိုး အသွင်ဆောင်ထားတဲ့ အခြေအနေဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေမှာ စစ်ဆင်ရေး၊ စစ်ကောင်စီရဲ့ အခြေစိုက်စခန်း သိမ်းယူမှုတွေ နယ်မြေ သိမ်းယူမှု၊ မြို့သိမ်းယူမှုတွေ လုပ်ဆောင်နေချိန်မှာ အခွင့်အခါကောင်း တရပ်အနေနဲ့ ချင်းအမျိုးသားတပ်နဲ့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းယူခဲ့တဲ့ သဘောလို့ ယူဆရပါတယ်။ 

အခုလို ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသမှာ လက်နက်ကိုင် တိုက်ပွဲတွေ စစ်စခန်းနဲ့ မြို့တွေ သိမ်းနေချိန်မှာ အဆိုပါ ဒေသက မြို့ ၈ မြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး အဖြစ်ကြေညာလိုက်ပါတယ်။ လက်ရှိမြို့ကို မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေက သိမ်းယူထားတဲ့ ကွမ်းလုံ၊ နမ့်ခမ်း တို့လိုမြို့တွေကိုပါ စစ်အုပ်ချုပ်ရေး ကြေညာတဲ့ မြို့တွေအဖြစ် ထည့်သွင်းထားခြင်းက အနည်းငယ် ထူးဆန်းတဲ့ သဘောလည်း ဖြစ်ပါတယ်။ အခြားမြို့နယ်တွေ ဖြစ်တဲ့ လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ လောက်ကိုင်၊ သိန္နီ၊ ကုန်းကြမ်းတို့ကတော့ တစိတ်တပိုင်းအားဖြင့် သိမ်းခံထားရတဲ့ မြို့တွေ ပါသလို မြို့နယ်အတွင်း မြို့အစပ်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြို့တွေလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ အောက်တိုဘာ ၂၇ ရက်နေ့က စတင်လိုက်တဲ့ စစ်ဆင်ရေးတွေကို ဘယ်လို ရင်ဆိုင်မလဲ၊ မဟာဗျူဟာအရ အဓိက ကုန်သွယ်ရေး လမ်းကြောင်း၊ ဆက်သွယ်ရေး လမ်းကြောင်း၊ သယံဇာတနဲ့ ဒေသတခုနဲ့ တခုအကြား ဆက်သွယ်ရေးမှာ မဟာဗျူဟာကျတဲ့ မြို့တွေ နယ်မြေတွေကို ဦးစားပေး ထိန်းချုပ်ဖို့ ကြိုးစားမလား၊ အချို့မြို့နယ်တွေ စခန်းတွေကို ပြန်လည်ရယူဖို့ ကြိုးစားမလားဆိုတဲ့ မှန်းဆချက်တွေတော့ ရှိနိုင်ပြီး ရခိုင်၊ ချင်းတို့လို ပြည်နယ်တွေမှာပါ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာခြင်းက စစ်ကောင်စီအတွက် အခွင့်အရေးက တဖြည်းဖြည်း ယုတ်လျော့လာနေတာ ထင်ရှားတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ရေးမှာ အနိမ့်ရောက်နေလို့ အခြားနိုင်ငံရေးနည်းတွေကို စဉ်းစားပြန်တော့လဲ အခုချိန်မှာ စစ်ကောင်စီဘက်က ထိပ်တိုက်ရင်ဆိုင်ခြင်းကလွဲပြီး အလျော့ပေးခြင်း၊ စေ့စပ်ခြင်း နဲ့ အနည်းဆုံး အာဆီယံ၏ မြန်မာလမ်းပြမြေပုံ ၅ ချက်ဆီ လှည့်ကြည့်မလား ဆိုတာတွေကို အရိပ်အယောင်မပြသေးပါဘူး။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar