Breaking News

လွတ်မြောက်နယ်မြေတွေက အုပ်ချုပ်ရေးနဲ့ အများပြည်သူဝန်ဆောင်မှုတွေ ဘယ်လို ပေါ်ထွက်လာကြမလဲ

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၆ မြင်ကွင်း

(မိုးမခ) မေ ၁၇၊ ၂၀၂၄

လွတ်မြောက်နယ်မြေတွေက အုပ်ချုပ်ရေးနဲ့ အများပြည်သူဝန်ဆောင်မှုတွေ ဘယ်လို ပေါ်ထွက်လာကြမလဲ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ တအန်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲက နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ နမ့်ခမ်း အစရှိတဲ့ မြို့နယ် ၇ ခုမှာ စစ်ကောင်စီလက် အောက် CDM မလုပ်ဘဲ အမှုထမ်းခဲ့တဲ့ ဝန်ထမ်းတွေကို အရေးယူဖို့ ရှိကြောင်း TNLA က ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ထုတ်ပြန်ချက်အရ စစ်ကောင်စီထံက စာ သို့မဟုတ် ငွေကြေးထုတ်ယူနေတာ၊ အစီရင်ခံစာပေးပို့နေတာ၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေခဲ့ရင် ဖြစ်စေ၊ ပြစ်မှုကျူးလွန်တဲ့ Non-CDM လို့ တိုင်ကြားသူရှိလာရင် ဖြစ်စေ အရေးယူ အပြစ်ပေးသွားမယ်လို့ ပါရှိတာ တွေ့ရပါတယ်။ ဘယ်လိုဘယ်ပုံ အရေးယူ အပြစ်ပေးမလဲဆိုတာတော့ ဖော်ပြထားခြင်း မရှိသေးတာတွေ့ရပါတယ်။ စစ်ကောင်စီထံက လစာယူနေတာကို ဖော်ထုတ်တွေ့ရှိရင်လည်း စစ်ကောင်စီကို ထောက်ခံတာလို့ မှတ်ယူမယ့် အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လက်တွေ့အခြေအနေတွေမှာတော့ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးသွားတဲ့ နယ်မြေတွေမှာ စစ်အစိုးရရဲ့ဘဏ်တွေလည်း မရှိတော့သလို Non-CDM တွေကိုလည်း လစာထုတ်ပေးခြင်း ရှိပုံမရပါဘူး။ AA သိမ်းယူထားတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အချို့က ပညာရေးဝန်ထမ်းတွေ လစာမရတဲ့အကြောင်း သတင်းတပုဒ်မကြာသေးတဲ့ ရက်ပိုင်းက ဖော်ပြထားတာလည်း တွေ့ရပါတယ်။ 

စစ်ကောင်စီအနေနဲ့ ထွေအုပ်၊ ရဲ စတဲ့ လက်နက်ကိုင်အဖွဲ့နဲ့တသားထည်း လက်တွဲလုပ်ဆောင်တဲ့ ဝန်ထမ်းတွေကို သီးခြားစီစဥ်ကောင်း စီစဥ်တာတွေရှိနိုင်ပြီး ပညာရေးဝန်ထမ်းတွေလို အုပ်ချုပ်ရေးမှာ သက်ဆိုင်ခြင်းမရှိတဲ့ဝန်ထမ်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက အလေးထားထည့်သွင်းစဥ်းစားတာမျိုးမရှိတဲ့သဘောလည်း တွေ့နေရတာပါ။ ရခိုင်ပြည်နယ်လို တအန်းပြည်နယ်မှာလည်း ကျန်ခဲ့တဲ့အရပ်ဘက်ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ကောင်စီအနေနဲ့ ကြိုးစားပြီး လစာပေးဖို့ ကြိုးစားလိမ့်မယ်လို့ မျှော်လင့်ခြင်းမရှိပါဘူး။ 

နယ်မြေတွေလွတ်မြောက်ပြီးနောက် ပေါ်ထွက်လာတဲ့အခုလိုပြဿနာတွေဟာ အရင့်အရင်တကြိမ်တခါမျှ မကြုံဖူးခဲ့တဲ့ပြဿနာမျိုးတွေလို့ ဆိုနိုင်ပါတယ်။ ဒီနယ်မြေတွေကိုတာဝန်ယူလိုက်တဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမြို့နယ်တွေဒေသတွေကို အခွန်ဘယ်လိုကောက်ခံမလဲ၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု ဘယ်လိုပေးမလဲ၊ လိုအပ်တဲ့ကုန်စည်တွေ ဘယ်လိုတင်သွင်းမလဲ၊ ဒေသခံတွေ တနယ်နဲ့တနယ် ကုန်စည်ကူးသန်းတာ၊ ရွှေ့ပြောင်းအခြေချ နေထိုင်တာ၊ ဆေးဝါးကုသမှုအကြောင်းကြောင့် ဖြစ်စေ ပညာသင်ယူရေး အကြောင်းကြောင့် ဖြစ်စေ ကူးလူးမှုတွေကို ဘယ်လို သဘောထားမလဲ၊ နယ်မြေကျော်ဖြတ်တဲ့ ရာဇဝတ်မှုတွေကို စီရင်ကြမယ့် ကိစ္စတွေ အစရှိတဲ့ လက်တွေ့ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စရပ်အသစ်တွေက အများအပြားရင်ဆိုင်လာရတာ ဖြစ်ပါတယ်။ နယ်မြေစိုးမိုးမှုလို့ဆိုလိုက်ရင် ယေဘုယျအားဖြင့် အခွန်အကောက် ကောက်ခံခွင့်ရှိတာ၊ တပ်ဖွဲ့ဝင်အသစ် စုဆောင်းခွင့်ရှိတဲ့ နယ်မြေဒေသအဖြစ်သော်လည်းကောင်း ရှုမြင်ကြရာကနေ ကာလကြာရှည်တာဝန်ယူအုပ်ချုပ်ရတဲ့အခြေအနေမျိုးမှာတော့ ပညာရေး၊ ကျန်းမာရေး ကုန်သွယ် ရေးနဲ့ နယ်မြေကူးသန်းကုန်သွယ်မှုလို ဖွံ့ဖြိုးရေး ကိစ္စရပ်တွေပါ တာဝန်ရှိလာတာ ဖြစ်ပါတယ်။ 

ဒီကိစ္စရပ်တွေ နယ်ပယ်တွေအတွက် တာဝန်ရှိလာပြီး နယ်မြေဒေသနဲ့ ထိစပ်နေတဲ့ အခြားသော တိုင်းရင်းသား ဒေသတွေ သို့မဟုတ် ပြည်မက ဒေသတွေနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နေရာဒေသတွေရဲ့ လုံခြုံရေး၊ ကောင်းမွန်တဲ့ ဆက်ဆံရေးထူထောင်မှု စတာတွေလည်း ရင်ဆိုင်ဖြေရှင်းလာရမယ့် အနေအထားဖြစ်ပါတယ်။ 

အခုလတ်တလော ထုတ်ပြန်ကြေညာတဲ့ Non-CDM နဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်ကိုကြည့်ရင် စီဒီအမ်မလုပ်ခြင်းကြောင့် အဆိုပါ ဝန်ထမ်းတွေကို မယုံကြည်ရသူ၊ သံသယထားစောင့်ကြည့်ခံရမယ့်သူတွေအဖြစ် သတ်မှတ်လိုက်တဲ့သဘောလည်း သက်ရောက်သလို ၄င်းတို့ရဲ့အသက်မွေး ဝမ်း ကျောင်းအလုပ်အကိုင်နဲ့ အတတ်ပညာတွေကိုလည်း ဆက်လက်အသုံးချခြင်းမပြုနိုင်အောင် ရည် ရွယ်လုပ်ဆောင်လိုက်တဲ့သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ စစ်ကောင်စီက CDM ဝန်ထမ်းတွေအပေါ် စောင့်ကြည့်နေတာ၊ ပြည်ပထွက်ခွာခွင့်မပြုတာ၊ အချို့သော CDM ဝန်ထမ်းတွေကို ဖမ်းဆီးထောင်ချတာတွေကို မလုပ်သင့်ဘူးလို့မှတ်ယူခဲ့ကြတာဖြစ်လို့ အခုလိုလွတ်မြောက်နယ် မြေတွေမှာ ပညာရေး၊ ကျန်းမာရေး အပါအဝင် အခြားသောအရပ်ဘက် ပြည်သူ့ဝန်ဆောင်မှု ဌာနတွေက ဝန်ထမ်းတွေအပေါ် Non-CDM ဖြစ်လို့ဆိုတဲ့အကြောင်းနဲ့ ဖမ်းဆီးအရေးယူ အပြစ်ပေးတာ၊ ကန့်သတ်ပိတ်ဆို့ဒဏ်ခတ်တာတွေ မလုပ်ဆောင်သင့်ဘူးလို့ ယူဆပါတယ်။ 

ဒီလိုထုတ်ပြန်ချက်ထုတ်ရခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းရင်းခံတွေရှိတဲ့အကြောင်း တချို့သော နီးစပ်သူတွေက လူမှုကွန်ရက်မီဒီယာတွေမှာရေးသားနေကြတာလည်း တွေ့ရှိရပါတယ်။ အဲဒီ လွတ်မြောက်နယ်မြေက CDM ဝန်ထမ်းတွေက Non-CDM ဝန်ထမ်းတွေနဲ့ အတူတူ အလုပ်မလုပ်နိုင်ကြောင်း သို့မဟုတ် ၄င်းတို့ကို တနည်းနည်းနဲ့ ဒဏ်ခတ်အရေးယူဖို့ လိုလားတဲ့အကြောင်းက ခုလို စာထုတ်ခြင်းရဲ့ စေ့ဆော်စေတဲ့ အကြောင်းအချက်လို့လည်း ဆိုကြတာဖြစ်ပါတယ်။ 

နယ်မြေစိုးမိုးပြီးနောက်မှာ စစ်ရေးအမြင်တခုထဲနဲ့ ရန်သူ၊ မိတ်ဆွေလို့ ဘက် ၂ ဘက် ခွဲခြားပြီး အုပ် ချုပ်တာ စီရင်ဆောင်ရွက်တာတွေဟာ ရေရှည်အတွက် ကောင်းမွန်တဲ့အကျိုးဆက်တွေမဟုတ်နိုင်တာကိုလည်း သတိမူသင့်တာ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar