Breaking News

ကိုသန်းလွင် - ခရီးသွားခြင်း


ကိုသန်းလွင် - ခရီးသွားခြင်း
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၆

(၁)
အိန္ဒိယမှ လေ့လာသူတစ်ဦး၏အဆိုအရ သူတို့နိုင်ငံတွင် ချမ်းသာသူတို့၏ အမူအကျင့်သည် ပြောင်းလဲ သွားပြီဟု ဆိုသည်။ လူတို့တွင် အမူအကျင့် (Habit) များရှိကြရာတွင် စာဖတ်ခြင်း၊ ကွိုင်စုခြင်း၊ ဥယျာဉ် စိုက်ပျိုး ခြင်းစသော အလေ့အထများထက် ခရီးသွားခြင်းကို ပိုမိုပြုလုပ်လာကြသည်ဟုဆိုသည်။ အိန္ဒိယမှာ သာမဟုတ် တစ်ကမ္ဘာလုံးအနေဖြင့်လည်း ခရီးသွားသည့်အလုပ်ကို လူတို့ခုံခုံမင်မင်ပြုလုပ်လာကြသည်ကို တွေ့နိုင်ပါသည်။ နယ်သစ်မြေသစ်ကို စိတ်သစ်လူသစ်ဖြင့် လှည့်လည်ကြည့်ရှုရသည်မှာ ခုံမင်စရာကောင်းလှပါသည်။

(၂)
ဤအဆိုမှန်မမှန်ကို မသိရသော်လည်း ကျွန်တော်၏ အိုက်စလန် (Iceland) ခရီးသည် အလွန်ပျော်မွေ့ စရာကောင်းသည်ကိုတွေ့ရပါသည်။ အောက်တိုဘာ ၁၀ ရက်နေ့တွင်လန်ဒန်မှ ဗြိတိသျှလေကြောင်းမှလေယာဉ် ပျံကိုသုံးနာရီမျှစီး၍ လာခဲ့သည်။ ဗြိတိသျှလေကြောင်းလိုင်းမှ လေယာဉ်မောင်နှင့် လေယာဉ်မယ်များမှာအသက် ကြီးသူများသာဖြစ်သည်။ အသက်ကြီး လုပ်သက်ရင့်သောကြောင့်လေယာဉ်မယ်၊ လေယာဉ်မောင်တို့မှာဖော်ရွေ ကြသည်။ အိုက်စလန်ကျွန်းသည်မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲတွင်ရှိပြီး မြောက်ဝင်ရိုးစွန်းနှင့်မဝေးကွာတော့ ပါ။ ထူးခြားသည်မှာ အပြင်ထွက် တိုင်း အမြဲမပြတ်ရွာသွန်းနေသောမိုးနှင့် အအေးဒဏ်ကို ခံရခြင်းပင်ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၄၀ က ၁၉၈၆ ခုအောက်တိုဘာလ ၁၁ ရက်နှင့် ၁၂ ရက်တွင် အမေရိကန်သမ္မတ ရေဂင်နှင့် ဆိုဗီယက်နိုင်ငံကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဂေါ်ဘာချော့ တို့သည် အိုက်စလန်ကျွန်း ရေဂျာဗစ်မြို့ (Reykjavik) တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုစဉ်က ရေဒီယိုသတင်းများတွင် အိုက်စလန် ကျွန်း၌ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြကြောင်းကို ကြားလိုက်ရသည်။ ထိုစဉ်က အမှတ်တမဲ့ပဲဖြစ်ပါသည်။ လူ သားတွေအနာဂတ်ရေးအတွက် ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြသည်ဟုသာ မှတ်သားမိခဲ့ပါသည်။

အိုက်စလန်ကျွန်းတွင် ဈေးအလွန်ကြီးသည်။ ယိုးဒယား ပတ်ထိုင်းခေါက်ဆွဲတစ်ပွဲ ကို အင်္ဂလန်ပေါင် ၃၀ ပေးရသည်။ အစစအရာရာသည်ကမ္ဘာ့စံနှုန်းနှင့် ကြည့်လိုက်လျင်အမြဲအမြင့်ပိုင်းမှာရှိသည်။ လူတွေသွားကြလာ ကြ၊ ပျော်ရွှင်နေကြသည်မှာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ဘာမှမဆိုင်သလိုထင်ရသည်။

အိုက်စလန်ကျွန်းသည် ဂရင်းလန်ကျွန်း၏ အောက်ခြေမှာရှိသည်။ အီကွေတာကို သုညဒီဂရီ လတ္တီကျူ့ ရှိသည်ဆိုလျင် မြောက်ဝင်ရိုးစွန်းသည် လတ္တီကျု ၉၀ ဒီဂရီမှာရှိသည်။ ဂရင်းလန်းကျွန်းသည် ကြီးမားသော မြေ ပြင်ကျယ်ရှိပြီး လတ္တီကျု ၅၉ ဒီဂရီနှင့် ၈၃ ဒီဂရီကြားတွင်ရှိသည်။ အိုက်စလန်ကျွန်းမှာလတ္တီကျု ၆၃ နှင့် ၆၈ ဒီဂရီ အကြားတွင်ရှိသည်။ မြောက်ဝင်ရိုးစွန်းတွင် ကြည့်လေရာရာသည် တောင်ဘက်ကိုချည်း မြင်ရသည် ဆိုသဖြင့် အိုက်စလန်ကျွန်းတွင်အမြင်ထူးခြားမှုများ ရှိလေမလားဟု ထင်ခဲ့မိသည်။ အပြင်မှအမြင်တွင်အတူတူဘဲဖြစ်သည် မြေပြင်သည် ကြည့်လေရာရာမှာ တောင်တန်းကြီးတွေကို တမေ့တမော မြင်ရပြီး ကျွန်တော်တို့မြေပြန့်မှာ မြင်ရသလိုဘဲဖြစ်သည်။ ကမ္ဘာမြေပြင်ကျယ်၊တိမ်တိုက်တွေဖုံးအုပ်နေသောမိုးကောင်း ကင်နှင့် နေထွက်လာပုံ၊ နေဝင်သွားပုံတို့မှာ ကျွန်တော်တို့မြေပြင်နှင့် ဘာမှမထူးခြားပါ။

ဆောင်းအခါများတွင် ဂရင်းလန်ကျွန်းမှာ ညဉ့်သန်းခေါင်တွင်ပေါ်ထွက်နေသောနေကို မြင်ရသော်လည်း အိုက်စလန်မှာတောင်ဘက်ကျသောကြောင့်မမြင်ရပါ။ အိုက်စလန်ကျွန်း၏မြောက်ပိုင်းကျသော နေရာအချို့တွင် ညဉ့်သန်းခေါင်နေကိုမြင်နိုင်သည်။ ဆောင်းခါမှာ နာရီ ၂၀ လောက်မှောင်နေပြီးနွေခါတွေမှာ နာရီ ၂၀ခန့်လင်းနေ တတ်သည်။ အိုက်စလန် အိမ်တွေမှာလိုက်ကာထူထူတွေကို နေရောင်ခြည်မမြင်ရစေရန်သုံးရသည်။ သူတို့သည် အိပ်စက်ရန်လိုအပ်သဖြင့် အမှောင်ကို ဖန်တီးခြင်းဖြစ်သည်။
 
ရာသီဥတုမှာအမြဲစိမ့်ပြီးအေးနေသည်။ မိုးကမကြာခဏရွာသောကြောင့်အအေးဓာတ်ကပိုသည်။ အပြင် ထွက်တိုင်း ခြေအိတ်၊ လက်အိတ်၊ ခေါင်းစွပ်၊ လည်ပင်းစွပ်တွေဝတ်ရသည်။ ကားထဲဝင်လျင်သော်လည်းကောင်း အိမ်ထဲဝင်လျင်သော်လည်းကောင်း ထိုအရာတွေကိုချွတ်ရပြန်သည်။ မြေပြန့်မှာလို ဝတ်ထားသည့်အဝတ်အစား နှင့် ဝင်လိုက်ထွက်လိုက် မလုပ်နိုင်။

အိုက်စလန်ကျွန်းသည် မြောက်အတ္တလန္တိတ်နှင့် ယူရေရှမ်ပလိပ် (Eurasian) တို့ဆုံရာမှာ တည်ရှိသဖြင့် (Active) ဖြစ်သော မီးတောင်များရှိသည်။ မြေတွင်းစွမ်းအင် (Geothermal Energy) ကို အားကျစရာကောင်း အောင် ထုတ်လုပ်နိုင်သောနိင်ငံဖြစ်သည်။ ရေနံတွင်းလို တွင်းနက်များတူး၍ မြေအောက်ရေကို မြေပေါ်ရောက် အောင် စုပ်ယူသည်။ ထိုရေပူကို ဂျင်နရေတာများကို မောင်းနှင်ခိုင်းပြီး တာဗိုင်များကိုလည်စေခါ လျှပ်စစ်ဓာတ် ထုတ်လုပ်သည်။ အိမ်များကို အပူပေးသည်။ ခရမ်းချဉ်သီး၊ သခွားသီး စသည့် သီးနှံများကို (Green house) လို မှန်လုံအိမ်ထဲမှာ စိုက်ပျိုးကြသည်။ ရေအေးကို မြေကြီးထဲသို့ မောင်းသွင်းပြီး မြေအောက် ရီဆာဗာကို ထိန်းသိမ်း ထားသည်။

မြေမျက်နှာပြင် တလျောက်မှာလည်း ရေပူတွေပန်းထွက်နေလေရာ အများသုံး ရေချိုးကန်တွေ ပြုလုပ် ထားသည်။ စိမ်ထားသောရေက နွေးနေသော်လည်း ကိုယ်၏အပေါ်ပိုင်းမှာ လေစိမ်းတိုက်သောကြောင့် အေးမြ ၍ချမ်းနေကြသည်။ ရေထဲတွင် အနေကြာလာသော် အပူဓါတ်ရစေရန် မကြာခဏ ရေတွင်ငုပ်နေရသည်။

ပတ်ဝန်းကျင်လေမှာအေးနေသောကြောင့် ဒေတာစင်တာများတွင်စက်များကိုအေးစေရန် လေကို စကာ များခံ၍ လေအေးကိုမှုတ်သွင်းကြသည်။ ထိုလေအေးသည်ပူနေသောစက်များကြောင့်နွေးလာကြသည်။ ထိုလေ ကိုလူနေတိုက်ခန်းများသို့ပေး၍ နွေးစေရန်စီစဉ်ကြသည်။
 
မြို့တော် ရေဂျာဗစ် မှာကြီးမားခန့်ညားသော ဘုရားရှိခိုးကျောင်းကြီးရှိသည်။ ၁၉၄၅ တွင်စတင် တည် ဆောက်ပြီး ၁၉၈၆ ခုနှစ်မှာပြီးစီးသည်။ အဆုံးသတ်သည်အထိ ၄၁ နှစ်ကြာ သည်။ ဘုရားကျောင်း၏ ရှေ့တွင် မြောက်အမေရိကားတိုက်ကို ကိုလန်ဘတ် အရင် အနှစ် ၅၀၀ စော၍တွေ့ရှိ ခဲ့သူ အဲရစ်ဆင် (Leif Erikson)၏ ရုပ်ထုကိုတွေ့ရသည်။ ကျောင်းကြီးမှာ ၇၃ မီတာ အမြင့်ရှိပြီးမြို့၏ အထင်ကရဖြစ်သည်။
ဤနေရာ သည် ကမ္ဘာကြီး၏ နိုင်ငံရေးနှင့်ဘာမျှမဆိုင်။ သို့သော် ရာသီဥတုအေးမြခြင်း၊ တိတ်ဆိတ်ခြင်း ကိုအကြောင်းပြု၍ သမ္မတ ရေဂင် က သဘောကျခဲ့သည်။ ထို့ကြောင့် ထိုဒေသတွင် ဆိုဗီယက် ခေါင်းဆောင်နှင့် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ဆိုဖီဟောက်(စ) ခေါ် အချိုးအစားကျကျ တည်ဆောက်ထားသောအိမ်ကြီးမှာ အိုက်စလန်ကမ်းခြေတွင် ထီးထီးကြီး တည်ရှိနေသည်။ ထိုအိမ်ကြီးကို ၁၉၀၇ ခုနှစ်က ပြင်သစ်သံအမတ်ကြီး အတွက် ဆောက်ခဲ့သည်။ ထို့နောက်အိုက်စလန်ကဗျာဆရာကြီး အိုင်နာ ဘာနာဒစ်ဆန် (Einar Benediktsson) နေထိုင်ခဲ့သည်။ သူ၏ ရုပ်တု မှာအိမ်ဘေးတွင်ထီးထီးကြီးရှိနေသည်။ ထို့နောက်ဗြိတိသျှသံရုံးဖြစ်ခါ ၁၉၅၈ ခုနှစ်တွင် မြို့တော် ကောင်စီ ကဝယ်ယူခဲ့ပြီး နိုင်ငံတော်အခမ်းအနားများ ကျင်းပရာနေရာဖြစ်ခဲ့သည်။ နောက်ဆုံး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးမာကို ယူဘီရိုနှင့် အိုက်စလန်ဝန်ကြီးတို့ထို အိမ်ကြီးမှာ တွေ့ဆုံခဲ့ကြသည်။
 
အဆိုပါ အိမ်ကြီးကို နောက်ခံထားပြီး ခေါင်းဆောင်နှစ်ဦး တွေ့ကြပုံကို မှတ်တမ်းတင်ရန် အမေရိကန် ဒါရိုက်တာ ရပ်ဆဲလ် ဂန်း (Michael Russell Gunn) ကို အိုက်စလန်အစိုးရက ရုပ်ရှင်ရိုက်ခွင့်ပေးခဲ့သည်။ ထိုသို့ ခွင့်ပြုပြီး နှစ်နှစ်အကြာတွင် စစ်ကြီးဖြစ်ချိန် (The Brink of War) ရုပ်ရှင်ကိုရုံတင်နိုင်ခဲ့သည်။ ထိုကားကို ယူကျူ့ တွင် ကြည့်နိုင်ပါသည်။ 

ထိုအထဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျော့ရှု့ နှင့် ရေဂင် တို့၏စကားပြောခန်း များပါဝင်ရာခေါင်းဆောင်ကြီးများ၏ အလုပ်လုပ်ပုံကို အသေးစိတ်မြင်ရသည်။ ဂေါ်ဘာချော့ ကလည်း အင်္ဂလိပ် လိုမပြော၊ ရေဂင် ကလည်း ဆိုဗီယက်စကားမတတ်ကြသော်လည်း ထိုရုပ်ရှင်တွင် ဂေါ်ဘာချော့ ကအသက်ငယ် ငယ်၊ စကားကို အင်္ဂလိပ်လို ဒိုးဒိုးဒေါက်ဒေါက် စိတ်ဆိုးမာန်ဆိုးပြောသည်။ စည်းဝေးခန်းထဲမှ ထပြီး ထွက်သွား သည်မှာလည်းအကြိမ်ကြိမ်၊ လူသားတို့၏အနာဂတ်ရေးကိုမျှော်တွေး ပြီး သမ္မတ ရေဂင် ကလူကြီးဆန်ဆန် ဂုဏ် သရေရှိရှိ ဆက်ဆံပုံကိုတွေ့ရသည်။ သူတို့သည် နျူကလီယားလက်နက်များကိုသုညအထိလျှော့ချရေးကို ဆွေး နွေးခဲ့ကြသည်။ သို့သော်ရေဂင်၏စတားဝါး (Star War) ခေါ်မစ်ဆိုင်းရှီးလ် နှင့်အကာအကွယ်ယူခြင်းကို ပုံသေ ကိုင်စွဲနေသဖြင့် ဆွေးနွေးပွဲမှရလာဒ် ဘာမှမယ်မယ်ရရ မရှိခဲ့ပါ။ သို့သော်သမ္မတရေဂင်က ဂေါ်ဘာချော့ စိတ် ပြောင်းသွားအောင် လူသားတို့အတွက် ရှုမြင်တတ်အောင် သင်ပြသွားပုံကို မြင်ရသည်။

ထိုဆွေးနွေးပွဲမှ ဘာမှသဘောတူညီချက်မရခဲ့သော်လည်း ဆွေးနွေးပွဲကျင်းပအပြီးသုံးနှစ်အကြာ ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းကြီးကို ဂေါ်ဘာချော့ က ဖြိုချနေချိန်တွင် သူစိတ်ပြောင်းခဲ့ပုံကို သိနိုင်သည်။ ၁၉၈၇ ခုနှစ်တွင်ဂေါ်ဘာချော့ ၏ကိုယ်တိုင်ရေးအတ္ထုပတ္တိ ပြန်လည်တည်ဆောက်ခြင်း (Perestroika) တွင် ဟီရိုရှီးမား နှင့် နာဂါဆာကီးတို့တွင် ကျခဲ့သော ဗုံးနှစ်လုံးကြောင့် လူသားတို့၏အနာဂတ်ရေးသည်အမျိုးတုန်းပြီဟု ထင်မှတ် ခဲ့ရာမှလူတို့တွင်အနာဂတ်ရှိသေးကြောင်း ရေဂျာဗစ်ဆွေးနွေးပွဲက သူ့အမြင်ကို ပြောင်းစေခဲ့သည်ဟုရေးခဲ့သည်။

(၃)
ခရီးသွားခြင်းသည် စိတ်ကို ရွှင်လန်းစေရုံမျှမက အိမ်မှာနေရင်းမရရှိနိုင်သည့် အသိဉာဏ် ဗဟုသုတများ ကိုရရှိစေနိုင်ပါသည်။
ကိုသန်းလွင်

Ref: The Reykjavik Grapevine Newspaper 16/26 issue.



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar