Breaking News

နန္ဒအောင် - ဦးဆန်းထွန်း (မန်းတက္ကသိုလ်)ရဲ့ ပညာရှာဖွေတဲ့ဘဝခရီး

Photo- Credit

ဦးဆန်းထွန်း (မန်းတက္ကသိုလ်)ရဲ့ ပညာရှာဖွေတဲ့ဘဝခရီး
နန္ဒအောင်
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၆


အတန်းပညာစတုတ္ထတန်းလောက်သာရှိတဲ့ပုဂ္ဂိုလ်မျိုးလိုလူမျိုးကို အထင်ကြီးတာက ပိုများမလား၊ အထင်သေးတာက ပိုများမလား လိုက်မေးနေစရာမလိုပါ။ စတုတ္ထတန်းလောက်သာအတန်းပညာရှိသူကို အထင်သေးသူများ ဒုနဲ့ဒေးပါ။ စတုတ္ထတန်းတောင်မအောင်ဘဲ တက္ကသိုလ်က မြန်မာစာဌာနမှာ လက်ထောက်ကထိကအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ပုဂ္ဂိုလ်ကျော်တယောက်ရှိပါတယ်။ တခြားသူတော့မဟုတ်ဘူး၊  မြန်မာပညာရှိကြီး “ ဦးဆန်းထွန်း(မန်းတက္ကသိုလ်)” ပါ။

ဆရာဦးဆန်းထွန်း (မန်းတက္ကသိုလ်)ကိုယ်တိုင် “ မြန်မာစာလေ့လာစက လေးလုံးစပ်များကိုသာ ‘စာ ’ ဟုထင်သည်။ မြန်မာစာတတ်လျှင် မြန်မာစာနှင့်လုပ်ကိုင်စားသောက်မည်။ ထမင်းတစ်လုတ်ကို မြန်မာစာအရင်းအနှီးနှင့် စားရသည်။ စားနိုင်သည်ဟု တစ်ခါမျှစိတ်ကူးထဲ မထည့်စဖူး၊ မထင်စဖူး။ သို့သော်မြန်မာစာပေဌာနတည်းဟူသော တံခါးတပေါက်ကို မြန်မာစာတည်းဟူသောသော့ဖြင့် ဖွင့်နိုင်ခဲ့သည်။ မြန်မာစာတည်းဟူသော တံခါးပေါက်မှသာလျှင် ကျွန်တော်ကဲ့သို့သော ‘ခေတ်ပညာတတ်မဟုတ်သူ ’ တစ်ယောက်သည် ကောလိပ်လို၊ တက္ကသိုလ်ကောလိပ်လို၊ တက္ကသိုလ်လို ခမ်းကြီးနားကြီးထိပ်သီးနေရာသို့ဝင်ရောက်နိုင်ကြောင်း ကျွန်တော်သိပါသည်” လို့ မြန်မာစာရဲ့ ကျေးဇူးတရားကို ဖော်ကြူးရေးသားခဲ့ပါတယ်။

ဆရာ ဦးဆန်းထွန်းရဲ့ ဘဝကို လေ့လာကြည့်ရင် ပညာရှာတဲ့ ကိုရင်၊ ရဟန်းဘဝနဲ့ ပညာဖြန့်ဖြူးတဲ့ စာရေးဆရာ၊ ကျောင်းဆရာဘဝတွေကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) ရဲ့ ဘဝအကြောင်းကို ဖတ်တိုင်း ပညာရှာဖွေတဲ့ ဘဝနဲ့ ပညာဖြန့်ဖြူးတဲ့ ဘဝ နှစ်မျိုးမှာ ပညာရှာနေတဲ့ ကိုရင်ဘဝ၊ ရဟန်းဘဝ၊ ရှန်တိနိကေတန်က ဘဝတွေကို ပိုပြီးသ‌ဘောကျမိပါတယ်။ ပညာရှာတဲ့ ဘဝမှာ ဆုံစည်းခဲ့ရတဲ့ ကျမ်းတတ်ပေတတ် ဆရာတော်ကြီးတွေရဲ့အကြောင်း၊ ဆရာတော်ကြီးတွေနဲ့ ထိတွေ့ရတဲ့အကြောင်းတွေ၊ ဆရာဦးဆန်းထွန်းရဲ့ စာပေဆိုရင် အပြင်းအထန် လေ့လာဖတ်မှတ်တဲ့ ပုံရိပ်တွေကို ဖတ်မိတိုင်း  ကျေနပ်နှစ်သက်နေမိပါတယ်။ ဖတ်မိတိုင်းလည်း ဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) ဆိုတဲ့ နာမည်ဟာ တော်ယုံတန်ယုံနဲ့ ရလာတာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာမိပါတယ်။

ဆရာဦးဆန်းထွန်းကို ၁၉၁၅ ခုနှစ် ဧပြီလ ၆ ရက် ( ၁၂၇၆ ခုနှစ် နှောင်းတန်ခူးလဆုတ် ၈ ရက် ) နေ့ ည ၁၀ နာရီမှာ မွေးတယ်။  ဦးဆန်းထွန်းဆိုတဲ့ နာမည်ပေးဖြစ်ပုံကလည်း ဆရာကြီးရဲ့ အဖေမျိုးရိုးနဲ့ ဆိုင်ပါတယ်။ ဆရာကြီး အဖေဘက်က အဘိုးနာမည်က ဦးဆန်း၊ အဖေနာမည်က ဦးဖိုးထွန်း။ အဘိုးနာမည်နဲ့ အဖေနာမည်ပေါင်းပြီး မောင်ဆန်းထွန်း၊ ဦးဆန်းထွန်း ဖြစ်လာတယ်။ ဆရာကြီးက ဆရာပါရဂူနဲ့ အတူတူ သနွံသနော့ကျေးရွာသားတွေပါ။ သနွံသနော့ကျေးရွာမှာ ဦးဆန်းထွန်းကို ငယ်ငယ်တုန်းက  “ မောင်ပုလေး ” လို့ နာမည်ပြောင် ခေါ်ကြတယ်။ မောင်ဆန်းထွန်း သံဃာဘဝထဲကို ခြေစချတော့ ကိုရင်ဘဝ ပထမဘွဲ့နာမည်က “ ရှင်ဇနိန္ဒ ”၊ နောက်ပိုင်းကျတော့
“ ရှင်ဉာဏိဿရ ” ရယ်လို့ ဘွဲ့နာမည်ပြောင်းသွားတယ်။ စာပေလောကမှာတော့ ပထမဘွဲ့ နာမည်ထက်၊ “ ရှင်ဉာဏိဿရ ” ဆိုတဲ့ ဒုတိယဘွဲ့နာမည်က ပိုပြီးလူသိများပါတယ်။  ဦးဆန်းထွန်း စာရေးတော့ ကျုံကဒူးသား၊ ရှင်နာဂသိန်၊ ကာဝိယဝါစီအပြင် တခြားကလောင်နာမည်ခွဲတွေ အများကြီးနဲ့ စာရေးတယ်။

ဆရာဦးဆန်းထွန်း ပညာရှာတဲ့ဘဝမှာ  ဆရာစ,တော်ရသူက ဦးခန့်ပါ။ ဦးခန့်က နောင်မှာ သနွံသနော့ ရွာဦးကျောင်းက ဆရာတော် ဦးကုသလာစာရ ဆိုတဲ့ ဓမ္မကထိက ပုဂ္ဂိုလ်ကျော် တစ်ပါးဖြစ်ပါတယ်။ ‌ဆရာကြီး ဦးဆန်းထွန်းငယ်ငယ် မောင်ပုလေးဘဝကျောင်းစတက်တော့ သူ‌တို့အိမ်ရှေ့ ယာယီကျောင်းကလေးမှာပါ။ ကျွန်တော့်ဘဝမှာ “ စ,တော် ” ဆိုတဲ့ အသုံးအနှူန်းနဲ့ ပတ်သက်ပြီး ဉာဏ်အလင်းမပွင့်ဖြစ်နေတာ အတော်ကြာပါပြီ။ ဉာဏ်အလင်းမပွင့်တော့ စိတ်ကဘဝင်မကျ ဖြစ်နေတာပေါ့။ စ,တော်ဆိုတဲ့ အသုံးအနှူန်းက ပါဠိအနက်မှာ ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ ဘုန်းကြီးလောကမှာတော့ ဒီအသုံးအနှူန်းရှိခဲ့တာတော့ သေချာတယ်။ ဆရာသမားနဲ့ ပတ်သက်လို့ သုံးတဲ့ အသုံးအနှူန်းမျိုးလို့တော့ လက်ခံထားတယ်။

ဘုန်းကြီးတစ်ပါးနဲ့ စာပေမိတ်ဆွေ တစ်ဦးကတော့ စ,တော်ဆိုတဲ့ အသုံးအနှူန်းမရှိဘူးလို့ ငြင်းကြတယ်။ သူတို့ကို ပြန်ငြင်းဖို့၊ ကိုယ်တွေ့ရှိထားချက်ကို ခိုင်လုံအောင် ပြန်ပြောပြဖို့ ကိုယ်တိုင်တောင် ဉာဏ်အလင်းမပွင့်ဖြစ်နေတယ်။ ဆရာကြီး ဦးဆန်းထွန်းရဲ့ သူ့ဆရာ ဦးခန့်ကို ဆရာစ,တော်ရတယ်လို့ ရေးသားထားတာ ဖတ်လိုက်ရတော့မှ ကျွန်တော့်မှာ အစာမကျေဖြစ်နေတာလေး ကျေသွားတော့တယ်။  စ,တော်ဆိုတာ ဆရာစ,တော်ရတာကို အသိအမှတ်ပြုရင်းနဲ့ အစအဦးဆုံး ဆရာကို စ,တော်လို့ ခေါ်ရာကနေ ဘုန်းကြီးလောကမှာ စ,တော်လို့ ခေါ်တဲ့ အသုံးအနှူန်းရှိနေပုံပါ။

ဆရာဦးဆန်းထွန်း မောင်ပုလေးဘဝ အတန်းကျောင်းမှာ ဦးခန့်ပြီးတော့ မောင်စောခေါ် စာပုလွေကို ဆရာတော်ရပါတယ်။ မောင်ပုလေး ၁၄ နှစ်သားမှာ သနွံသနော့ ရွာဦးကျောင်းမှာပဲ ကိုရင်ဝတ်ပါတယ်။ ဦးခန့်က ဦးကုသလာစာရ ဖြစ်နေပြီ။ ဆရာကြီး ဦးဆန်းထွန်း ကိုရင်ဝတ်တဲ့ ရွာဦးကျောင်းက ဘုန်းတော်ကြီးက ရွာကျောင်းတောကျောင်းမှာ သီတင်းသုံးပေမယ့် နယ်နယ်ရ ပုဂ္ဂိုလ်၊ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ ဘွဲ့နာမည်က ဦးဉာဏ ( ၁၂၁၄ - ၁၂၉၈ ) ပါ။ ‌ဇာတိက ရွှေဘိုခရိုင် အင်းဘဲဇာတိ။ ဦးဉာဏရဲ့ ဥပဇ္ဈာယ်ဆရာတော်က ပထမရွှေကျင်ဆရာတော်ဘုရားကြီး၊ ရဟန်းဒါယိကာမက သီလရှင်မယ်ကင်းပါ။


မောင်ပုလေးခေါ် ရှင်ဉာဏိဿရက သနွံသနော့ ရွာဦးကျောင်းမှာ ဆရာတော်ကြီး ဦးဉာဏ၊ ဆရာ တော်ကလေး ဦးကုသလာစာရတို့ဆီမှာ သဒ္ဒါသင်္ဂြိုဟ်အခြေခံစာတွေ သင်ခွင့်ရခဲ့တယ်။ ဆရာတော်ကြီး ဦးဉာဏက ရွှေကျင်ဆရာတော်ကြီးအရိပ်အာဝါသအောက်မှာ ဝိသုဒ္ဓါရုံဆရာတော်ကြီးနဲ့ တကျောင်းတည်း အတူအရိပ်ခိုခဲ့တယ်။ ဦးဉာဏက ကိုရင်၊ ဝိသုဒ္ဓါရုံဆရာတော်ကြီးက ရဟန်းအဖြစ်နဲ့ပါ။ ဦးဉာဏက မြို့မှာမနေဘဲ တောမှာအနေများတယ်။ စာပေအလွန်ဝါသနာပါတယ်။ သက်တော်၊ ဝါတော်ကြီးမြင့်လာတော့ မျက်စိမကောင်းဖြစ်ပြီး ကျမ်းစာတွေကို ကိုယ်တိုင်မဖတ်နိုင်တော့ပါ။ ကျမ်းဂန်နဲ့လည်း ကင်းကွာမနေနိုင်တော့ ဦးဉာဏက စာတော်ဖတ်တွေ ထားတယ်။ ဦးဆန်းထွန်းက ဆရာတော်ကြီး ဦးဉာဏရဲ့ စာတော်ဖတ် တစ်ယောက်ဖြစ်လာတယ်။ ရှင်ဉာဏိဿရခေါ် ဆရာကြီး ဦးဆန်းထွန်းက အဲဒီစာတော်ဖတ်ဘဝနဲ့ ကျမ်းဂန်ဗဟုသုတ ပြည့်စုံလာတာပါ။  ဆရာပါရဂူက “ ရှင် ဉာဏိဿရသည် ထိုနည်းဖြင့် ကျမ်းဂန်ဗဟုသုတကြွယ်ဝလာခြင်းဖြစ်သည် ” လို့ ထေရကထာ စာအုပ်ထဲမှာ ရေးခဲ့တယ်။

ဆရာတော်ကြီး ဦးဉာဏရဲ့ စာတော်ဖတ်ဘဝနဲ့ ရှင်ဉာဏိဿရက ကျမ်းဂန်ဗဟုသုတ ပြည့်ဝလာသလို ဆရာတော်ကြီးက ရှင်ဉာဏိဿရကို ကျောင်းကနေ နှင်ချဖူးတဲ့ အဖြစ်အပျက်လေး ရှိခဲ့ဖူးတယ်။ ဆရာတော်ကြီး ဦးဉာဏက  ကိုရင်လေးတစ်ပါးကိုလွှတ်ပြီး ရှင်ဉာဏိဿရကို ခေါ်ခိုင်းတယ်။   ရှင်ဉာဏိဿရက အိပ်နေတယ်။ ကိုရင်လေးက နှိုးတော့ ရှင်ဉာဏိဿရက သူ့ထုံးစံအတိုင်း  “ အိပ်နေတယ်လို့ ပြောလိုက် ” လို့  ပြောတယ်။ ကိုရင်လေးက ငယ်သေးတော့ ဆရာတော်ကြီးကို အဲဒီအတိုင်းလျှောက်တော့ ဒေါပွပြီး ဆရာတော်ကြီး ဦးဉာဏက ရှင်ဉာဏိဿရကို ကျောင်းကနေ နှင်ချတယ်။ ရှင်ဉာဏိဿရကလည်း ထုံးစံအတိုင်း ပေတေတေ၊ ကတ်တတ်တတ်နဲ့ ကျောင်းမှာဆက်နေနေတယ်။ ဆရာတော်ကြီးကလည်း နောက်ပိုင်းမှာ အဲဒီကိစ္စကိုမေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတယ်။

ဆရာတော်ကြီး ဦးဉာဏနဲ့ ရှင်ဉာဏိဿရတို့က စာပေကျမ်းဂန်အယူအဆနဲ့ ပတ်သက်ပြီးတော့လည်း အငြင်းပွားလေ့ရှိကြတယ်။ ရှင်ဉာဏိဿရ ( ဦးဆန်းထွန်း ) နဲ့ စာချဆရာတော် ဦးကုသလာစာရ( ဦးခန့် ) တို့ ဆရာတပည့်က  လယ်တီဆရာတော်ဘုရားရဲ့ ပရမတ္ထဒီပနီကို သိပ်ကြိုက်ကြတယ်။ ဆရာတော်ကြီး ဦးဉာဏက ရှင်သုမင်္ဂလသာမိရဲ့  ဋီကာကျော်ကို အရမ်းကြိုက်တယ်။ တခါတလေ ဆရာတော်ကြီး ဦးဉာဏက ဆရာတော်ကလေး ဦးခန့်ရဲ့ အခန်းတံခါးပေါက်ဝနားမှာ လာရပ်ပြီး စာအေကြာင်း၊ ပေအကြောင်း ပြောတတ်တယ်။ ဆရာတော်ကြီး ဦးဉာဏက သင်္ဂြိုဟ်ဘယ်နေရာမှာ ဋီကာကျော်က ဘယ်လိုဖွင့်လိုက်တာ၊ ဘယ်လောက်ကောင်းသလဲ ချီးမွန်းခန်းဖွင့်ရင် ဦးကုသလာစာရကလည်း လယ်တီဆရာတော်ရဲ့ ပရမတ္ထဒီပနီဖွင့်လိုက်တာ အလွန်ကောင်းကြောင်း၊ ယုတ္တိရှိကြောင်း တုံ့ပြန်ပြောဆို‌တယ်။ အဲဒီအခါမျိုးမှာဆရာတော်ကြီး ဦးဉာဏက ဟိန်းဟောက်ပြီး ရှင်သုမင်္ဂလာသာမိက ဘယ်လောက်ဉာဏ်ထက်ကြောင်း၊  ဋီကာကျော်ကို ၂၄ ရက်နဲ့ အပြီးရေးတာ အလွန်တော်ကြောင်းပြောပြီး  အခန်းပေါက်ဝကနေ ပြန်အလှည့်မှာ ရှင်ဉာဏိဿရ ( ဦးဆန်းထွန်း ) က “ ၂၄ ရက်နဲ့ အပြီးရေးလို့ အမှားတွေပါနေတာပေါ့ ” လို့ မကြားတကြား တွတ်လိုက်တာကို ဆရာတော်ကြီးက ကြားပြီး “ နင်က ဘာဝင်ပြောတာလဲ ” လို့ ဟိန်းဟောက်ပြီး ခြေထောက်နဲ့ ကန်မယ်လုပ်လို့ ကိုရင်ရှင်ဉာဏိဿရလည်း ကပျာကယာထပြေးရတယ်။

ဆရာဦးဆန်းထွန်းနဲ့ သူ့ငယ်ဘဝ ရွာဦးကျောင်းဆရာတော်ကြီးတို့ရဲ့ဆက်ဆံရေးက အဲဒီလို သဘော ကျစရာကောင်းပါတယ်။ ဆရာဦးဆန်းထွန်းက ငယ်ငယ်ကတည်းက တော်လှန်ရဲတဲ့စိတ်အပြည့်ရှိသူ တစ်‌ယောက်ဖြစ်သလို၊ ကိုယ်မှန်တယ်ထင်ရင်  ရဲရဲဝံ့ဝံ့ ပြောရဲတတ်သူ တစ်ယောက်ပါ။ မိမိတွေးခေါ်လက်ခံထားတဲ့ အယူအဆပိုင်းနဲ့။ ပတ်သက်လာရင် ဆရာတွေ၊ နတ်နေကိုင်းတွေ မထားတာကိုလည်းတွေ့ရပါတယ်။  ဆရာ ဦးဆန်းထွန်းတို့ ရွာဦးကျောင်းဆရာတော်ကြီး ဦးဉာဏ ကျောင်းထိုင်တဲ့ အချိန်အခါတုန်းက သနွံသနော့ရွာမှာ  တရားမိုးတွေ ရွာနေတဲ့ အချိန်အခါပါ။  ဥပုသ်နေ့မနက်ပိုင်းတိုင်းမှာ ဆရာတော်ကြီး ဦးဉာဏက တ‌ရားဟောတယ်။ နေ့လယ်ပိုင်းမှာ ဆရာတော်လေး ဦးကုသလာစာရက တရားဟောတယ်။  ဆရာပါရဂူကော၊ ဆရာဦးဆန်းထွန်းကောက အဲဒီအချိန်အခါကို သနွံသနော့ရွာရဲ့ ရွှေခေတ်လို့ တင်စားကြတယ်။

၁၂၇၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှာ ဆရာတော်ကြီး ဦးဉာဏ ပျံလွန်တော်မူတယ်။ ၁၃၀၁ ခုနှစ် တန်ဆောင်မုန်းလ သနွံသနော့ရွာကျောင်းမှာ ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ စတုတ္ထအကြိမ် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲ ကျင်းပတယ်။ ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ အထိမ်းအမှတ်ပွဲအတွက် ဆရာဦးဆန်းထွန်းက “ ကာဝိယဝါစီ အရှင်ဉာဏိဿရ ကလောင်နာမည် ” နဲ့  တမ်းချင်း အာသာဝတီ လင်္ကာကဗျာတစ်ပုဒ် ရေးသားဖွဲ့ဆိုခဲ့တယ်။ ဆရာဦးဆန်းထွန်း ရေးစပ်ခဲ့တဲ့ လင်္ကာလေးကတော့

“ ခဝဲရွှေဝါ၊ ခိုင်ပန်းညှာတို့၊ ခွေကာနွမ်းစ၊ ရှင်တော်ကြွခဲ့။
ပန်းလှဆယ့်နှစ်ခိုင်၊ ဘယ်သို့လှိုင်လည်း၊ လှိုင်သည်မမှတ်၊
အရှင်မြတ်လျှင်၊ ပန်းနတ်အာသာ၊ ဂုဏ်ကြီးရာသို့၊ စိတ်ပါညွှတ်နူး၊ စက်တော်မြူး၍၊ မဖူးတတ်သော်၊ မမျှော်တတ်ဘဲ၊
ရှင်နှင့်ကွဲသား၊ တော်ပွဲအဝင်၊ ပန်းသဇင်လည်း၊ အရှင်ကိုမှန်း၊
ခွာညိုပန်းလည်း၊ မလန်းမထုံ၊ ပေါက်လဲငုံလည်း၊ အမုံမစွင့်၊
ရွှေဖီပွင့်လည်း၊ မတင့်တော့နိုင်၊ အင်ကြင်းခိုင်လည်း၊ မလှိုင်တတ်အား၊ ရွှေစံကားလည်း၊ စကားမကြွယ်၊ ငွေစံပယ်လည်း စံပယ်နိုင်ဘူး၊ ပုန်းညက်ဖူးလည်း၊ မမြူးတတ်ရှာ၊ ပန်းခတ္တာလည်း၊ ပွင့်ကာကြွားကြွား၊ ထွားထွားမအာ၊ ရွှေယင်းမာလည်း၊
ရွှေပါနိုင်ဘဲ၊ မာနိုင်ဘဲလျှင်၊ မွဲခြောက်ပျော့ယိုင်၊ ကြာငါးခိုင်လည်း၊ မြိုင်ဆိုင်နိုင်ဘဲ ယိုင်ကာလဲသည်၊ ခဝဲရွှေဝါ၊ ခွေကာနွမ်းခဲ့ပြီ ဘုရား။ ”

ဆရာဦးဆန်းထွန်းက သနွံသနော့ ရွာဦးကျောင်းကနေ ဟင်္သာတမြို့ မြစ်ကွေ့တိုက်ကို ရောက်တယ်။ ရှင်တေဇောသာရ ( ဒဂုန်ဦးထွန်းမြင့် ) အဆက်အသွယ်နဲ့ပါ။ ဆရာဦးဆန်းထွန်းဘဝမှာ ဒဂုန်ဦးထွန်းမြင့်က အရေးပါခဲ့တယ်။ ဒဂုန်ဦးထွန်းမြင့်က ရှင်ဉာဏိဿရ ( ဦးဆန်းထွန်း ) ကို တနိုင်ငံလုံး အစိုးရ ပထမပြန် စာမေးပွဲ အကြီးတန်မှာ ပထမစွဲအောင်တဲ့အထိ ဆောင်ကြဉ်းပေးခဲ့တယ်။ ဆရာဦးဆန်းထွန်းကို ကဗျာလင်္ကာစာပေ အရေးအသား စိတ်ဝင်အောင်လည်း အလင်းပြခဲ့တယ်။ ဆရာဦးဆန်းထွန်းရဲ့ ငယ်ဘဝ ပညာရှာတဲ့ဘဝကို ပြောမယ်ဆိုရင် ဒဂုန်ဦးထွန်းမြင့်က ရှေ့ဆုံးကနေ ရှိနေပါလိမ့်မယ်။ ရှင်တေဇောသာရ ( ဒဂုန်ဦးထွန်းမြင့် ) သွားလေရာကို ဆရာဦးဆန်းထွန်း၊ ဆရာပါရဂူတို့က လိုက်ပါလေ့ရှိတယ်။ ဒဂုန်ဦးထွန်းမြင့် ဟင်္သာတ မြစ်ကွေ့ကျောင်းတိုက်ကနေ သန်လျင် လဟာရက်ရွာ ပထမပြန် စာသင်တိုက်၊ မန္တလေးဘက်တွေ သွားလေရာ လိုက်ပါကြတယ်။

ဆရာဦးဆန်းထွန်းက ဒဂုန်ဦးထွန်းမြင့်နဲ့ ပတ်သက်ပြီး  “ ဝမ်းနည်းဖွယ်ကောင်းသည်ကား ကျွန်တော်သည် ဆရာ၏ သည်းခံတတ်သောသဘော၊ မွန်ရည်သော သဘောမျိုးကို အမွေမရလိုက်ပါ ” လို့ ရေးသားခဲ့တယ်။ အဲဒီလို ရေးသားခဲ့ပေမယ့်၊ အဲဒီအရေးအသားကို ဆင်ခြင်သတိပြုကြည့်ရင် ဆရာဦးဆန်းထွန်းကိုယ်တိုင်မှာလည်း နှိမ့်နှိမ့်ချချနေတတ်တဲ့ သဘောသဘာဝ ရှိတာကို တွေ့ရပါတယ်။

ဆရာဦးဆန်းထွန်းက ရှင်တေဇောသာရကို အကြောင်းပြုပြီး ဟင်္သာတမြို့ မြစ်ကွေ့တိုက် စတုတ္ထ မြစ်ကွေ့ဆရာတော် ဦးပညာဝံသရဲ့ တပည့်ဖြစ်သွားတယ်။  စာတတ်ပေတတ် အကျော်အမော် စတုတ္ထ မြစ်ကွေ့ဆရာတော် ဦးပညာဝံသရဲ့ တပည့်ဖြစ်ရတာဟာ ဆရာဦးဆန်းထွန်းအတွက် ကြီးမားတဲ့ ဆုလာဘ်တခုလို့ ပြောရမှာပါ။ ဆရာတော် ဦးပညာဝံသက စာအလွန်တတ်တယ်။ ပါဠိစာပေကိုသာမက မြန်မာစာပေ ‌အထွေထွေတွေကိုလည်း နိုင်နင်းကျွမ်းကျင်တယ်။ တချိန်လုံး မျက်နှာနှင့်စာ ပြတ်တယ်လို့ မရှိပါ။ ရှေးခေတ် အမှာစာရေးဆရာတော်လို့ ဆိုကြတယ်။ ဇမ္ဗူမိတ်ဆွေ၊ သုဓမ္မဝတီ၊ ပြည်ကြီးမဏ္ဍိုင် ပိဋကတ်စာပုံနှိပ်တိုက်ကြီးတွေက ရိုက်နှိပ်ထုတ်ဝေတဲ့ ပါဠိ မြန်မာကျမ်းစာတွေမှာ ဆရာတော် ဦးပညာဝံသရဲ့ မဟာနိဒါန်းမပါတဲ့ကျမ်းစာ ခပ်ရှားရှားပါ။ ဦးပညာဝံသရဲ့ သုတေသနအလုပ်ကို စာပေသုတေသီတိုင်း သိကြတယ်။ ပိဋကတ်အုပ် ဦးယံရဲ့ ပိဋကတ်သမိုင်းမှာ ရေးသူအမည်မသိ၊ ကျမ်းပြုသူ နာမည်မှားနေတာတွေနဲ့ အသစ်‌တွေ့ရှိချက်တွေကို ပြင်ဆင်ဖြည့်စွက်ထားတဲ့ “ ပိဋကတ်သမိုင်းသစ် ” ကျမ်းစာအုပ်ကို ရေးသားခဲ့တယ်။ 

ဟင်္သာတမြို့ စတုတ္ထ မြစ်ကွေ့ဆရာတော် ဦးပညာဝံသက စာရေးဆရာတွေရဲ့ စာစုစာရင်းတွေ လုပ်ထားတာလည်း အများကြီးပါ။ ပုံနှိပ်တဲ့အဆင့်ထိ မရောက်ခဲ့တာ စာပေလောကအတွက်တော့  နှမြောစရာပေါ့။ ဆရာတော်ဆီမှာ ပေးစောတွေလည်း ရှိတယ်။ ဆရာတော်က ပညာရှင်တွေဆီကို သူသိချင်တာတွေ လှမ်းပြီး စာရေးမေးတယ်။ စာနဲ့မေးလို့မရရင် လူကိုယ်တိုင်သွားမေးတတ်တယ်။ ဆရာတော် မေးထားတာတွေကို ပြန်ဖြေထားတဲ့ အပြန်အလှန်ပေးစာတွေလည်း ဆရာတော်ဆီမှာရှိတယ်။ စတုတ္ထမြစ်ကွေ့ဆရာတော် ဘယ်လောက်စနစ်ကျလဲဆိုရင်   ဆိုက္ကားစီးတယ်ဆိုရင် ဆိုက္ကားဆရာ နာမည်မေးပြီး မှတ်တယ်။ ဆိုက္ကားနံပတ် မှတ်တယ်။ အဲဒီလိုကို စနစ်ကျတာ။ စစ်ဖြစ်လာတော့ ဆရာတော်က သူစုဆောင်းထားတဲ့ မှတ်စုမှတ်တမ်းတွေ၊ စာအုပ်စာတမ်းတွေကို ရွာတွေခွဲပြီး ပို့ထားတယ်။ တစ်နေရာထဲကို စုပုံပြီး ပို့မထားတာကလည်း ဆရာတော်ရဲ့ အမြှော်အမြင်ပါပဲ။ တော်ကြာ စုပုံပို့ထားတဲ့ တစ်နေရာတည်းက အန္တရာယ်ဘေးတစ်ခုခုနဲ့ ကြုံရင် အကုန်ဆုံးရှုံးသွားမှာပါ။

တချိန်လုံး စာကြည့်၊စာဖတ် စာရေး၊ကျမ်း‌ရေးနေတဲ့ အကျော်အမော် ပုဂ္ဂိုလ်ကြီးကို မိမိငယ်ဘဝမှာ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံရတာဟာ ကြီးမားတဲ့ အခွင့်အရေးတခုကြီးလို့ ပြောချင်ပါတယ်။ စတုတ္ထ မြစ်ကွေ့ဆရာတော် ဦးပညာဝံသရဲ့ စာပေကျမ်းဂန်တတ်မြောက်မှု ပုံရိပ်ဟာ ဒဂုန်ဦးထွန်းမြင့်၊ ဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) ၊ ဆရာပါရဂူတို့အပေါ်  လွှမ်းမိုးမှုရှိခဲ့မှာပါ။ လွှမ်းမိုးမှုရှိခဲ့လို့လည်း ဒဂုန်ဦးထွန်းမြင့်၊ ဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) ၊ ဆရာပါရဂူတို့ဟာ စာတတ်ပေတတ် ပညာတတ်ကြီးဖြစ်အောင် အသေအလဲ ကြိုးစားခဲ့ကြတာပါ။ ဆရာဦးဆန်းထွန်းကလည်း စတုတ္ထမြစ်ကွေ့ဆရာတော် ဦးပညာဝံသရဲ့ ပုံရိပ်တွေ လွှမ်းမိုးခံရတာကို “ စတုတ္ထမြစ်ကွေ့ ဆရာတော်ထံမှ မဲမဲသဲသဲ တံတောင်မဲ ဒူးပြဲ၊ အလဲအကွဲ အသေအကျေ ပေ၍စာကြည့်သော ပေ၍စာရှာသော အမွေကိုကားရခဲ့ပါသည် ” လို့ ရေးဖွဲ့ခဲ့တယ်။ ပေပြီးစာဖတ်တဲ့၊ ပေပြီးစာရှာတဲ့အမွေရခဲ့လို့လည်း မြန်မာစာပေအတွက် ဦးဆန်းထွန်း (မန်းတက္ကသိုလ်) ဆိုတဲ့ ကလောင်တချောင်းရခဲ့တဲ့အပြင်၊ မြန်မာစာပေအတွက်လည်း အကျိုးများခဲ့တာပါ။

စတုတ္ထမြစ်ကွေ့ဆရာတော် ဦးပညာဝံသတပည့်တွေထဲမှာ ဒဂုန်ဦးထွန်းမြင့်၊ ဦးဆန်းထွန်း (မန်းတက္ကသိုလ်) ၊ ဆရာပါဂူတို့အပြင် နောက်ထပ်တပည့်ဖြစ်တဲ့  ဆရာကြီး ဦးသော်ဇင်လည်း ရှိပါသေးတယ်။ ဆရာကြီးဦးသော်ဇင်ဘွဲ့နာမည်က အရှင်သောမဒတ္တပါ။ ဆရာဦးဆန်းထွန်းတယောက် စတုတ္ထ မြစ်ကွေ့ဆရာတော် ဦးပညာဝံသတပည့်ဖြစ်ရခြင်းကြောင့် ဆက်ရရှိတဲ့အကျိုးထူးက ဆရာကြီး ဦးသော်ဇင် (အရှင်သောမဒတ္တ) ဆီကနေ သက္ကတ၊ ဟိန္ဒီ၊ ‌ဘင်္ဂါလီ ဗီဇမျိုးစေ့ကောင်းတွေ ရလိုက်တာပါပဲ။ ဆရာကြီးဦးသော်ဇင် (အရှင်သောမဒတ္တ) က ဦးဆန်းထွန်းကိုချော့မော့ပြီး သူ့ဆွမ်းချိုင့်ထဲက ဆွမ်းတွေဟင်းတွေကျွေးပြီး ဟိန္ဒီစာသင်ပေးတာပါ။ ဆရာဦးဆန်းထွန်းကိုယ်တိုင်က ဆရာကြီး ဦးသော်ဇင် (အရှင်သောမဒတ္တ) ဟာ “ အလွန်ကိုယ်ကျိုးစွန့်လွှတ်တတ်တဲ့ သူဝောာ်ကောင်း အာဇာနည် ပုဂ္ဂိုလ်ထူးဖြစ်တယ် ” လို့ ရေးသားခဲ့တယ်။ ကိုယ့်ဆွမ်းချိုင့်ထဲက ဆွမ်းတွေဟင်းတွေ ကျွေးပြီးတော့ကို စာသင်ပေးတယ်ဆိုတော့ ဆရာဦးဆန်းထွန်းရဲ့ပညာအပေါ်  လိုလားတောင့်တစိတ်၊ မြတ်နိုးစိတ်တွေကို ဆရာကြီး ဦးသော်ဇင်ကရိပ်စားမိလို့ ဖြစ်ပါလိမ့်မယ်။ ဆရာဦးဆန်းထွန်းရဲ့ပညာလိုလားတဲ့ စိတ်ထားဟာလည်း အတော်နှစ်သက်သ‌ဘောကျစရာကောင်းတာလည်း ပါ,ပါလိမ့်မယ်။

ဆရာဦးဆန်းထွန်းက ဟင်္သာတမြို့ မြစ်ကွေ့ကျောင်းတိုက်ကနေ  ရှင်တေဇောသာရ ( ဒဂုန်ဦးထွန်းမြင့် ) ပြောင်းသွားတဲ့ သန်လျင် လဟာရက်ရွာ ပထမပြန် စာသင်တိုက် ( မင်းကျောင်း ) ကို လိုက်ပြောင်းတယ်။ သန်လျင်မှာ ပထမကြီးတန်း ဝင်ဖြေတယ်။ အဲဒီအချိန်ကာလတုန်းက သန်လျင်မှာ ဘီ၊အို၊ စီ ဓာတုဗေဒ အရာရှိ ဦးမောင်မောင်ဆိုတဲ့ ပုဂ္ဂိုလ် ရှိနေပါတယ်။ ဦးမောင်မောင်က ခေတ်ပညာတတ်၊ မြန်မာစာ ဗဟုသုတလည်း ပြည့်စုံတယ်။ ဦးမောင်မောင်နဲ့ ရှင်ဉာဏိဿရ ရင်းနှီးသွားတော့ ဦးမောင်မောင်က အင်္ဂလိပ်စာသင်ဖို့ တိုက်တွန်းတယ်။  ရှင်ဉာဏိဿရက မသင်ချင်ဘူး ငြင်းသေးပေမယ့် ဦးမောင်မောင်က အင်္ဂလိပ်စာ တတ်သင့်တယ်ဆိုပြီး သင်ပေးရာကနေ ရှင်ဉာဏိဿရ အင်္ဂလိပ်စာသင်ဖို့ ဖြစ်လာတယ်။

ဆရာဦးဆန်းထွန်းက ရောက်လေရာအရပ် လူချစ်လူခင်ပေါများတယ်။ ဟင်္သာတမြစ်ကွေ့ကျောင်းတိုက်တုန်းကလည်း ဆရာကြီးဦးသော်ဇင် (အရှင်သောမဒတ္တ) က သူ့ဆွမ်းချိုင့်ထဲက ဆွမ်းဟင်းကျွေး ချော့မော့ပြီး  ဟိန္ဒီစာသင်ပေးတယ်။ သန်လျင် လဟာရက်ရွာ ပထမပြန်စာသင်တိုက်ရောက်တော့ ဦးမောင်မောင်က ခဲတံ၊ ဖောင်တိန်၊ ဗလာစာအုပ် ၊ လှူဒါန်းဖွယ်ရာတွေပါယူလာပြီး အင်္ဂလိပ်စာကိုချော့မော့စာသင်ပေးတယ်။  ရှင်တေဇောသာရ (ဒဂုန်ဦးထွန်းမြင့်) ဆိုရင် ချော့မော့ပြီး စာမေးပွဲသွင်းပေးတယ်။
လူချစ်လူခင်ပေါများရတဲ့အကြောင်းအရင်းကလည်း ဆရာဦးဆန်းထွန်းရဲ့ ပညာလိုချင်တဲ့ပြင်းပြစိတ်ကြောင့် ဖြစ်မယ်ထင်တာပဲ။

ဆရာဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) ရဲ့ ပညာရှာဖွေတဲ့ ဘဝခရီးလမ်းဟာ သန်လျင် လဟာရက်ရွာ ပထမပြန်စာသင်တိုက်မှာပဲ ရပ်တန့်မနေသေးပါဘူး။ အဲဒီခေတ်အခါတုန်းက ဘုန်းကြီးလောကမှာ ပခုက္ကူနဲ့ မန္တလေးမှာ စာဝါမလိုက်ရသေးရင် စာသင်ကိစ္စမပြီးဆုံးသေးလို့ ယူဆထားတဲ့ အချိန်ကာလပါ။ အဲဒီယူဆချက်အရ ရှင်တေဇောသာရ (ဒဂုန်ဦးထွန်းမြင့်) က မန္တလေးတက်ပြီး စာဝါလိုက်တယ်။ ရှင်တေဇောသာရ (ဒဂုန်ဦးထွန်းမြင့်) နဲ့ အတူတူ ရှင်ဉာဏိဿရ (ဦးဆန်းထွန်း) ၊ ရှင်ပါရဂူ (ဆရာပါရဂူ)၊ ရှင်သာသန (စာပေဗိမာန် ဦးသိန်းနိုင် ) တို့ပါ, ပါကြတယ်။

ဆရာဦးဆန်းထွန်းက မန္တလေးမှာ ခင်မကန်တိုက် သဌေးဆရာတော်ကြီးဆီမှာ ကင်္ခါအဋ္ဌကထာကို လိုက်တယ်။  ဆရာဦးဆန်းထွန်းက မန္တလေးမှာ အားတာနဲ့ စာအုပ်အဟောင်း ရနိုင်မယ်ထင်တဲ့ နေရာမျိုးတွေဆီသွားပြီး စာအုပ်အဟောင်းရှာတယ်၊ ဝယ်တယ်၊ စုတယ်။ မန္တလေးမှာ ရှေးဟောင်းစာပေနဲ့ ပတ်သက်ရင် ဆရာကြီး ဦးမောင်မောင်တင်နဲ့ ကင်းလို့မရပါဘူး။ ဆရာဦးဆန်းထွန်းက ဆရာကြီး ဦးမောင်မောင်တင်အိမ်ကိုလည်း ရှေးဟောင်းစာ၊ ပေပုရပိုက်သွားကူးတတ်တယ်။ ရှင်ဉာဏိဿရ (ဦးဆန်းထွန်း) က ဆရာကြီးဦးမောင်မောင်တင်နဲ့မရင်းနှီးပါဘူး။ ဆရာကြီးဦးမောင်မောင်တင်က  ညောင် ရမ်းဆရာတော်ကြီးကိုကြည်ညိုရင်းစွဲရှိတာမလို့ ‌ဆရာတော်ကြီးတပည့်ဖြစ်တဲ့ ရှင်ဉာဏိဿရကို လက်ခံပြီးစာကူးခွင့်ပေးတာပါ။ ညောင်ရမ်းဆရာတော်ကြီးက ရှင်ဉာဏိဿရရဲ့ စာပေအပေါ် ထက်သန်စိတ်ကို ကြည်ညိုလို့ သူ့ဆွမ်းချိုင့်တွေထဲက တချိုင့်လှူတယ်။ မိုးကောင်းကျောင်း ညောင်ရမ်းဆရာတော်ကြီးက ဆွမ်းချိုင့်လှူတာသိရတော့ ရှင်ဉာဏိဿရ (ဦးဆန်းထွန်း) ဟာ ရောက်လေရာအရပ် ဆရာအစဉ်အဆက်က ချစ်ခင်ကြည်ညိုတာကို သိတိပြုမိတယ်။

ရှင်ဉာဏိဿရ (ဦးဆန်းထွန်း) ရဲ့ စာပေအပေါ် ထက်သန်စိတ်ကတော့ ကြည်ညိုစရာပါ။ စာအုပ်အဟောင်း၊ ပေပုရပိုက်ရှိတယ် ထင်ရတဲ့ အိမ်တွေ၊ ကျောင်းတွေရှိရာကို ယောင်ပေယောင်ပေနဲ့ သွားတတ်တယ်။ စာသမား၊ ပေသမား ပညာရှိများဆီကိုလည်း ယော‌င်ပေယောင်ပေနဲ့ သွားတတ်တယ်။ ဆရာဦးဆန်းထွန်းမှာ စာအုပ် “ ဆာ ” တဲ့ ဝေဒနာ အမြဲစွဲကပ်နေတယ်။ ရှင်ဉာဏိဿရ စာအုပ်အရှာကောင်းပုံကတော့ မန္တလေးမှာ သကျသီဟစာမေးပွဲဖြေဖို့ ရှိနေတာကို စာအုပ်အဟောင်းအရှာကောင်းနေတာနဲ့ စာမေးပွဲမဝင်ဖြစ်တဲ့အထိပါပဲ။ မန္တလေးက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာလည်း ရှားရှားပါးပါး သက္ကတစာအုပ်တွေကို ဗီရိုတွေနဲ့ထည့်ထားတယ်။ ရှင်ဉာဏိဿရက အရမ်းကြည့်ချင်ပေမယ့် ပိုင်ရှင်ဆရာတော်က ကြည့်ဖို့မပြောနဲ့ ထုတ်တောင်မပြလို့ “ မာန်လျှော့ခဲ့ရကြောင်း ” ဖွင့်ဟဖူးတယ်။ စာအုပ်စာပေနဲ့ ပတ်သက်ရင် ဇွဲကောင်းတဲ့ ရှင်ဉာဏိဿရအတွက် အဲဒီသက္ကတစာပေတံခါးက တစ်နေ့မှာ ပွင့်လာပါတယ်။  ပိုင်ရှင်ဆရာတော်ကြီးပျံလွန်တော်မူတော့ အရိုက်အရာဆက်ခံတဲ့ ဆရာတော်‌ ကလေးလက်ထဲ အဲဒီသက္ကတစာအုပ်တွေရောက်သွားတယ်။ ဆရာတော်ကလေးက “ ဆရာကြီးကြိုက် ရာစာအုပ်တွေ လာအလှူခံပါ ” ဆိုပြီး ပုံပေးတယ်။ ဆရာဦးဆန်းထွန်းက “ အဖိုးတန်လွန်းတယ် ” လို့ ဖွင့်ဟခဲ့တယ်။

ဆရာဦးဆန်းထွန်းက ရောက်လေရာအရပ်မှာ စာအုပ်အဟောင်းပဲ လိုက်ရှာဝယ်နေတာပါ။ တောင်းလို့ရရင် တောင်းတယ်။ တောင်းမရရင် စာအုပ်ချင်းလဲတယ်။ တချို့စာအုပ်တွေကို ပိုက်ဆံပေးဝယ်တယ်။ တချို့ ဘုရားထီးတင်ပေးပြီး ယူတယ်။ တချို့က သူတို့အတွက် အသုံးမဝင်ဘူးဆိုပြီး လာပေးတယ်။ ဆရာဦးဆန်းထွန်း အိန္ဒိယရောက်တော့လည်း စာအုပ်အဟောင်းတွေပဲ လိုက်ရှာဝယ်ယူ စုဆောင်းနေတာပါ။ ဆရာဦးဆန်းထွန်းကိုယ်တိုင်ကလည်း “  ဟိုအိပ်မက်၊ ဒီအိပ်မက် မက်ခဲတယ်၊ မက်လိုက်ရင် ဘုန်းကြီးကျောင်း အဆောက်အအုံဟောင်းကြီးထဲက ရှားရှားပါးပါးစာအုပ်အဟောင်းတွေ တွေ့နေရတဲ့ အိပ်မက်မျိုးပဲမက်တယ် ” လို့ ရေးသားဖူးတယ်။

ဒုတိယကမ္ဘာစစ်အတွင်းရောက်တော့ ရှင်ဉာဏိဿရ ( ဦးဆန်းထွန်း ) က အင်္ဂပူမှာ အနေများတယ်။ အင်္ဂပူမှာက ရှင်ဉာဏိဿရရဲ့ ရဟန်းဒကာတွေရှိတယ်။ အင်္ဂပူမြို့၊ ရွှေတောင်တန်းလမ်း၊ အမိန့်တော်ရ ရှေ့နေ၊ မြေပိုင်ရှင် ဦးပြားကြီးနဲ့ ဒေါ်မြပါ။   ရှင်ဉာဏိဿရရဲ့ ဆရာ စ,တော်ရတဲ့ ဦးကုသလာစာရ ( ဦးခန့် )  အဆက်အသွယ်နဲ့ ရဟန်းဒကာ၊ ဒကာမတွေ ဖြစ်လာတာပါ။ ရှင်ဉာဏိဿရရဲ့ ရဟန်းဒကာတွေ ရဟန်းရှာပုံတော်ကလည်း နည်းနည်းတော့ အဆန်းသားလို့ ပြောရမယ်။
ဦးပြားကြီးနဲ့ ဒေါ်မြက ဦးကုသလာစာရကို “ အရင့်အရင် ရဟန်းခံလိုက်တဲ့ မောင်ပဉ္စင်းတွေမှာတော့ ရုပ်ရည်ကနားသမားရှိကြသမို့ လူချည်းထွက်ကုန်ကြပါတယ်ဘုရား။ ဒီတစ်ခါတော့ ရုပ်ဆိုးဆိုး စကားပြောတော့ အပေါက်ဆိုးချင်ဆိုးပါစေ ... ရဟန်းလောင်း တစ်ပါး ရှာပေးပါဘုရား ” ဆိုပြီး လျှောက်တယ်။ အဲဒီလိုအကြောင်းတရားတွေကနေ ရှင်ဉာဏိဿရရဲ့ ရဟန်းဒကာတွေဖြစ်လာပါတယ်။

စစ်ပြီးတဲ့အခါ ရှင်ဉာဏိဿရ ( ဦးဆန်းထွန်း ) ရန်ကုန် ရောက်လာတယ်။ စတော့ဂိတ်ဂုံးကြီးနားက မင်္ဂလာရာမတိုက်မှာ စာချဘုန်းကြီးလုပ်တယ်။ ရှင်ဉာဏိဿရ ပညာဖြန့်ဖြူးတဲ့ဘဝထဲကို တစိတ်တပိုင်း ဝင်လာပေမယ့် ပညာရှာပုံတော်ခရီး မပြီးသေးပါ။ ရန်ကုန်မှာ အခြေချနေတဲ့ ဆရာကြီး ဦးအောင်မြတ်ထွတ်ဆီမှာ နိကာယ်ငါးရပ် ပိဋကတ်တွေသင်ပါတယ်။  ၁၉၄၈ ခုနှစ် အချိန်ကာလတုန်းကဆိုရင် ရှင်ဉာဏိဿရမှ မဟုတ်ဘူး၊ တစ်နိုင်ငံလုံးလို,လိုက စာအခြေခံရပြီးသား ရဟန်းတွေဟာ ဆရာကြီး ‌ဦးအောင်မြတ်ထွတ်ဆီမှာ နိကာယ်ငါးရပ်ပိဋကတ်သုံးပုံမွမ်းမံသင်တန်းတက်နေကြတာပါ။  ဆရာဦးဆန်းထွန်းရဲ့ ရှင်ဉာဏိဿရဘဝ ပညာရှာပုံတော်ခရီးမှာ ဆရာကြီး ဦးအောင်မြတ်ထွတ်လို ပုဂ္ဂိုလ်ကျော်နဲ့ တွေ့ဆုံဖြစ်တာ အတော်အကျိုးများခဲ့ပါတယ်။ ဆရာကြီး ဦးအောင်မြတ်ထွတ်က သက္ကတစတဲ့ မဇ္ဈိမဒေသသုံး ဘာသာစကားတွေ တော်တော်များများတတ်တယ်။  အင်္ဂလန်၊ အိန္ဒိယ၊ သီဟိုဠ်စတဲ့နေရာ တော်တော်များများကို ရောက်ဖူးတယ်။

ဆရာကြီး ဦးအောင်မြတ်ထွတ်က ရှင်ဉာဏိဿရကို သားတပည့်တစ်ပါးအဖြစ် ခင်တွယ်တယ်။ ဆရာကြီး ဦးအောင်မြတ်ထွတ်က ရှင်ဉာဏိဿရကို“ ရှင်ဉာဏိဿရ ... ကိုယ်တော် ဘာဘွဲ့ညာဘွဲ့ ရဖို့ မျှော်လင့်တမ်းတမနေနှင့်။ ကိုယ့်ဉာဏိဿရဆိုတဲ့ဘွဲ့ကို ဘာဘွဲ့ညာဘွဲ့တွေလို အရောင်တောက်ဝါအောင်သာလုပ်ပါ။ ဉာဏိဿရ ဆိုလိုက်လျှင် အေ ( A ) မှသည် ဇက် ( Z ) အထိ ဘာစာလုံးမှဆက်ဖို့မလိုအောင် ပင်ကိုယ်တော်အောင် နဂိုရှိအောင်လုပ်ပါ ”  ဆိုတဲ့ စကားတစ်ခွန်း ပြောဖူးတယ်။ 

ဆရာကြီးဦးအောင်မြတ်ထွတ်ပြောခဲ့တဲ့စကားအပြင် ဆရာဦးဆန်းထွန်းရဲ့ ပင်ကိုယ်စိတ်လည်း ပါတယ်ပြောလို့ရမယ် ဆရာဦးဆန်းထွန်းက သူ့ဘဝတစ်လျှောက်မှာ ဘွဲ့တွေ၊ ဒီဂရီတွေထက် ဘာသာရပ်၊ ပညာရပ်တစ်ခုခုကို တကယ်တတ်သိနားလည်ဖို့ပဲကြိုးစားခဲ့တာကို တွေ့ရပါတယ်။ သူစိတ်ဝင်စားတဲ့ နယ်ပယ်ဘာသာရပ်မှာဆိုရင်လည်း အေ (A) ကနေ ဇက် (Z) ၊ ကကြီးကနေ အ,အထိ နှံ့နှံ့စပ် စပ်သိအောင် ကြိုးစားအားထုတ်တာလည်း တွေ့ခဲ့ရတယ်။

ဆရာဦးဆန်းထွန်းက ရှင်ဉာဏိဿရဘဝကတည်းက သူလက်ခံထားတဲ့ အတွေးအခေါ်အယူအဆနဲ့ ပတ်သက်လာရင် လွယ်လွယ်နဲ့ အလျှော့မပေးတတ်ဘူးဆိုတဲ့ သဘောထားအတိုင်း ဆရာကြီး ဦးအောင်မြတ်ထွတ်နဲ့လည်း အတွေးအခေါ်ပိုင်း ငြင်းခဲ့ဖူးတယ်။ ရှင်ဉာဏိဿရက နောင်ဘဝ၊ ရှေးဘဝရှိတယ်ဆိုတာကို လက်မခံထားတဲ့ အချိန်မှာ ဆရာကြီး ဦးအောင်မြတ်ထွတ်နဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ အငြင်းအခုံဖြစ်ဖူးတယ်။ “ ရှင်ဉာဏိဿရ ... တစ်နေ့ကျရင် ယုံလာမှာပါ ” လို့ ဆရာကြီး ဦးအောင်မြတ်ထွတ်က ပြောခဲ့တယ်။

ရှင်ဉာဏိဿရ ( ဆရာဦးဆန်းထွန်း ) က အစကတည်းက အိန္ဒိယ၊ သီဟိုဠ်လောက်ကို ရောက်ဖူးချင်တဲ့ စိတ်ရှိတယ်။ ရာဟုလာသံကိစ္စည်းရဲ့ ‘ ဗုဒ္ဓအမြင် ’ ၊ ‘ ဗော်လဂါမှ င်္ဂဂါသို့ ’ စာအုပ်တွေကို ဘာသာပြန်စပြုနေပြီဆိုတော့ ရာဟုလာသံကိစ္စည်းရှိတဲ့ မဇ္ဈိမဒေသကို သွားချင်နေစိတ်တွေ လှုံဆော်နေတယ်။ တခြားဟိန္ဒီစာအုပ်တွေကလည်း မဇ္ဈိမဒေသသွားဖြစ်အောင် လှုံဆောါနေတယ်။  ရာဟုလာသံကိစ္စည်းကို ကြည်ညိုကြတဲ့ ဆရာဦးသိန်းဖေမြင့်၊ ဓနုဖြူဦးအေးမောင်တို့ကလည်း ရာဟုလာရှိတဲ့အရပ်ကို သွားဖြစ်အောင် တိုက်တွန်းကြတယ်။ အဲဒီအကြောင်းတရားပေါင်းစုံကနေ ရှင်ဉာဏိဿရ မဇ္ဈိမဒေသဘက်ကို ပညာရှာပုံတော်ခရီး ခြေဆန့်ခဲ့တယ်။  ရှင်ဉာဏိဿရက မဇ္ဈိမဒေသကို မသွားခင် သူမြတ်နိုးလှတဲ့ စာအုပ်သေတ္တာတစ်လုံးကို သခင်ဝိဇယ ( စာရေးဆရာ ဦးဘဝင်း ) ဆီမှာ အပ်ခဲ့တယ်။ ( ဆရာဦးဆန်းထွန်း မဇ္ဈိမဒေသကနေ ပြန်ရောက်တော့ ဆရာ့ စာအုပ်သေတ္တာက အသိမ်းဆည်းခံပစ္စည်းထဲပါသွားလို့ လမ်းဆုံးပြီလို့ သခင်ဝိဇယက ပြောပါတယ် )

၁၉၅၀ ပြည့်နှစ်လောက်မှာ ရှင်ဉာဏိဿရ ( ဦးဆန်းထွန်း ) တစ်ယောက် ရာဘင်ဒြာနတ်တဂိုးကြီးရဲ့ရှန်တိနိကေတန်ကို ပညာသင်အဖြစ်နဲ့ ရောက်တယ်။ ရှင်ဉာဏိဿရ ရောက်တဲ့အချိန်မှာ ရှန်တိနိကေတန် နာမည်မဟုတ်တော့ဘူး “ ဗိဆွဘာရတီ ” နာမည်နဲ့ဖြစ်နေပြီ။ “  ဗိဆွဘာရတီ နာမည်ကော၊ ရှန်တိနိကေတန် နာမည်ကော အဆင်ပြေသလို ခေါ်ကြတယ်၊ ရှန်တိနိကေတန် နာမည်နဲ့အလိုက် ချမ်းမြေ့မှုအပြည့်အဝရှိပြီး၊ ဗိဆွဘာရတီ နာမည်နဲ့လိုက်အောင် ဘာသာမျိုးစုံ ပြောသံများကြားရတယ် ” လို့ ဆရာဦးဆန်းထွန်းက ဆိုပါတယ်။ ကျွန်တော်တို့ အရပ်ဆီမှာတော့ ရှန်တိနိကေတန်ရယ်လို့ပဲ လူသိများပါတယ်။

ရှင်ဉာဏိဿရ (ဦးဆန်းထွန်း) က နှိမ့်နှိမ့်ချချနေတတ်သူပီပီ ရှန်တိနိကေတန်မှာ “ သူ့လောက်ညံ့သူမရှိသလောက်” လို့ နှိမ့်ချတဲ့အရေးအသားမျိုးရေးပါတယ်။  ရှန်တိနိကေတန်မှာ ရှင်ဉာဏိဿရအပြင် ရှင်ကေလာသနဲ့ ရှင်နာဂသေနတို့ ရှိပါသေးတယ်။ ရှင်ဉာဏိဿရက “ ရှင်နာဂသေနဟာ ဘယ်တက္ကသိုလ်ကမှ ဘွဲ့တွေမရပေမယ့် အင်္ဂလိပ်ဘာသာ၊ မြောက်ပိုင်းဗုဒ္ဓဘာသာ တိဗက်၊ တရုတ်စာပေတွေမွှတ်ထွက်နေတဲ့ကိုယ်တော်တစ်ပါး ” လို့ ချီးကျူးထားပါတယ်။ ရှင်နာဂ‌သေနက ရှင်ဉာဏိဿရ ရဲ့ မြင်ဆရာတစ်ဦးပါ။

ရှန်တိနိကေတန်မှာ ရာဟုလာသံကိစ္စည်းအပြင် ဟိန္ဒီကျောင်းဆောင်က ပါမောက္ခ ဒေါက်တာဟဇာရီပြဆာဒ် ( ပရဆာဒ် ) ၊ စီနဘဝန၊ ကျီနဘဝန် ( တရုတ်ကျောင်းဆောင် ) အကြီးအကဲ ပါမောက္ခ တန်ယွန်ရှန်လို သူတော်ကောင်း ဆရာကြီးနဲ့ ဆုံခဲ့ရသေးတယ်။ ရှန်တိ‌နိကေတန်မှာ တွေ့ဆုံရတဲ့ ပုဂ္ဂိုလ်တွေကို “ သက်တန့်ပေါ်မှာ က‌စားနေသူများ ” လို့ တင်စား‌ထားတယ်။ ပညာအရာမှာ အလွန်ကြီးမားတဲ့ ပုဂ္ဂိလ်တွေဆိုပေမယ့် သူတို့ကိုယ်သူတို့ “ မြှင့် ” မထားကြသူ‌တွေပါ။  ရှင်ဉာဏိဿရ ရှန်တိနိကေတန်မှာ နေတုန်းကဆိုရင် နေ့တိုင်း မနက် ( ၇ ) နာရီကနေ ( ၁၁ ) နာရီအထိ နေ့စဉ်မှတ်စုစာအုပ်မှာ လက်မှတ်ထိုးပြီး ပိဋကတ်တိုက်ပေါ်တက် ကိုယ့်နေရာနဲ့ကိုယ် စာကြည့်ကြရတယ်။ ည ( ၇ ) နာရီကနေ ( ၁၀ ) နာရီအထိ ကိုယ့်နေရာမှာကိုယ် စာကြည့်ကြတယ်။  ဒီနေရာမှာ အချိန်မူကွဲလို့ ပြောရမလား ၊ ကျောင်းဆောင်တွေ တစ်ဆောင်နဲ့ တစ်ဆောင်  အချိန်မတူဘူး ပြောရမလား အချိန်မူကွဲလေး တွေ့ရတယ်။ ဆရာဦးဆန်းထွန်းကိုယ်တိုင်ရေးတာပါပဲ။ “ တရုတ်ကျောင်းဆောင်မှာ မနက် ၇ နာရီကနေ  ၁၀ နာရီအထိ၊ မွန်းလွဲ ၂ နာရီကနေ ၄ နာရီအထိ မှန်မှန်တက်ရောက်လေ့ရှိတယ် ” လို့‌ ရေးသားထားတာတွေ့ရတယ်။

ရှင်ဉာဏိဿရ ( ဦးဆန်းထွန်း ) ရှန်တိနိကေတန်မှာ ရှိနေတုန်းကဆိုရင် တရုတ်ကျောင်းဆောင်က ပိဋကတ်တိုက်မှာ အဖိုးတန်တရုတ်စာအုပ်တွဲပေါင်း နှစ်သိန်းခန့် ရှိပါတယ်။ တရုတ်ဗုဒ္ဓဘာသာ၊ တရုတ်ကျမ်းကြီးကျမ်းခိုင်၊ တရုတ်ဒဿန၊ တရုတ်သမိုင်း၊ တရုတ်စာပေ၊ တရုတ်အ‌ထွေထွေ ပညာရပ်တွေနဲ့ဆိုင်တဲ့ စာအုပ်စာတမ်းတွေပါ။ ရှင်ဉာဏိဿရက မြောက်ပိုင်းဗုဒ္ဓဘာသာ၊ တိဗက်ဘာသာတွေကို အဲဒီပိဋကတ်တိုက်ကြီးအပေါ်ထပ်မှာ လေ့လာရတာပါ။

ရှန်တိနိကေတန်မှာ ( ၁၀ ) နာရီနောက်ပိုင်း အိပ်စက်ကြတာများတယ်။  ရှင်ဉာဏိဿရက အင်္ဂလိပ်စာမှာ ညံ့သေးလို့ဆိုပြီး ( ၁ ) နာရီ၊ ( ၂ ) နာရီအထိ ဖိပြီး ကြိုးစားတယ်။ ရှင်ဉာဏိဿရ အဲဒီလို ဇွဲကောင်းကောင်းနဲ့ တံတောင်မဲ ဒူးမဲ စာကြည့်တဲ့အလေ့ဟာ မြစ်ကွေ့ကျောင်းတိုက် စတုတ္ထဆရာတော် ဦးပညာဝံသဆီကနေ အမွေရခဲ့တာပေါ့။  ရှင်ဉာဏိဿရက “ အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေသင်ပေးနေတဲ့ သီရိ‌နိကေတန်နဲ့ ရှန်တိနိကေတန်ဟာ ပုဂံနဲ့ညောင်ဦးလို ကပ်နေလျှက် သီရိနိကေတန်ကိုမသွားဖြစ်ခဲ့ကြောင်း” ရေးသားခဲ့တယ်။ ‌ဆရာဦးဆန်းထွန်းက သိမူအခြေခံအတော်လေးလည်းရ၊ အရွယ်လေးလည်းနည်းနည်းရလာတော့  “ ယနေ့အခြေအနေမျိုးနှင့်သာ ကျွန်တော် မဇ္ဈိမ ဒေသရောက်ဖြစ်လျှင် ဘာသာစကားဆိုင်ရာ၊ စာပေဆိုင်ရာ စာအုပ်စာတမ်းတွေ အများကြီးသယ်ဆောင်လာမည်ဖြစ်ပေသည် ” လို့ ရေးသားခဲ့တယ်။

ဆရာဦးဆန်းထွန်း (မန်းတက္ကသိုလ်) ရဲ့ ပညာရှာဖွေတဲ့ဘဝကိုပြောမယ်ဆိုရင် ဒဂုန်ဦးထွန်းမြင့် ( ရှင်တေဇောသာရ) နဲ့ ဆရာပါရဂူ (ရှင်ပါရဂူ)  တို့လည်း မပါလို့မဖြစ်ပါဘူး။ ဆရာပါရဂူဆိုရင် ဆရာဦးဆန်းထွန်းနဲ့ သနွံသနော့ကျေးရွာက ရွာဦးကျောင်းမှာကတည်းက ကိုရင်ဝတ်နဲ့ အတူတူပညာရှာဖွေခဲ့ကြတာပါ။ သနွံသနော့ကနေ ဟင်္သာတမြစ်ကွေ့ကျောင်းတိုက်ကို ရောက်တော့လည်းအတူတူ သီတင်းသုံး ပညာရှာဖွေကြတယ်။ အဲဒီကနေ ဒဂုန်ဦးထွန်းမြင့်က နှစ်ယောက်လုံးရဲ့ ဆရာရင်းဖြစ်လာတယ်။ ဒဂုန်ဦးထွန်းမြင့်သွားလေရာ နှစ်ယောက်လုံးလိုက်ပါကြတယ်။ ဟင်္သာတ မြစ်ကွေ့ကျောင်းတိုက်ကနေ သန်လျင် လဟာရက်ရွာ ပထမပြန်စာသင်တိုက်မှာလည်း ဒဂုန်ဦးထွန်းမြင့်၊ ဆရာဦးဆန်းထွန်း၊ ဆရာပါရဂူ အတူတူသီတင်းသုံးပညာရှာဖွေကြတယ်။ ဒဂုန်ဦးထွန်းမြင့် မန္တလေးဘက်ပညာရှာဖွေတဲ့ ခရီး ဆက်တော့လည်း ဦးဆန်းထွန်းနဲ့ ဆရာပါရဂူတို့က တစ်လှေတည်းစီးကြတဲ့ ခရီးဖော်တွေ ဖြစ်ကြတယ်။

ဆရာပါရဂူက ဆရာ ဦးဆန်းထွန်း ဟင်္သာတမှာပထမငယ်တန်း စာမေးပွဲဖြေတော့ အပြင်ဘက်ကနေ တစ်ချိန်လုံး စောင့်ကြည့်နေတယ်။  ဆရာပါရဂူရဲ့  ကျောင်းသားသက်တမ်းတစ်လျှောက် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ဆရာရိုက်တာခံရတာလည်း မောင်ပုလေး (ဆရာဦးဆန်းထွန်း) ရဲ့ စနက်မကင်းပေ။ ဆရာပါရဂူ ရွာကျောင်း တတိယတန်းလောက်တုန်းက စတုတ္ထတန်းအောင်ပြီးသား မောင်ပုလေးက ကျောင်းကို ခဏ,ခဏလာတတ်တယ်။ ကျောင်းဆရာမရှိတုန်း မောင်ပုလေးက ဆရာပါရဂူကို သူငယ် တန်းကို စာပြခိုင်းတယ်။ ဆရာပါရဂူလည်း စာပြနေတုန်း ကျောင်းဆရာပြန်လာတာနဲ့ တိုးပြီး သူမခိုင်းဘဲ လူတတ်ကြီးလုပ်တယ်အထင်နဲ့ ဆရာပါရဂူကို ရိုက်ပါတယ်။  ဆရာပါရဂူက “ ကျွန်တော့်ကို ခိုင်းထားသော မောင်ပုလေးကလည်း ဘာမှရှင်းမပြဘဲ အသာငြိမ်နေသည်။ ကျွန်တော်အချောင်ရိုက်ခံရ လေသည်။ ကျောင်းသား သက်တမ်းတလျှောက်၌ မှတ်မှတ်ရရ ထိုအကြိမ်သည် ပထမဆုံးနှင့် နောက် ဆုံးအကြိမ် အရိုက်ခံရခြင်းဖြစ်သည်” လို့ အမှတ်တရရေးသားခဲ့တယ်။ ဆရာပါရဂူနဲ့ ဆရာဦးဆန်းထွန်းတို့ရဲ့ ရင်းနှီးမှုဆက်ဆံရေးက သနွံသနော့ မူလတန်းကျောင်းကတည်းက စတင်ခဲ့တယ်ဆိုတာ အဲဒီအကြောင်းအရာတွေက သက်သေခံနေပါတယ်။

ဆရာဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) ရဲ့   ငယ်ဘဝ ပညာရှာဖွေတဲ့ ဘဝခရီးဟာ ရှင်ဉာဏိဿရဆိုတဲ့ ရဟန်းအဖြစ်နဲ့ ပညာရှာဖွေခဲ့တာပါ။ ဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) ဆိုပြီး ကျောင်းဆရာဘဝ၊ စာရေးဆရာဘဝ ရောက်တော့လည်း ပညာရှာတဲ့ ခရီးကို ဆက်လျှောက်ရပါတယ်။ ပညာရှာဖွေတဲ့ ငယ်ဘဝမှာတော့ စာတတ်ပေတတ် ရဟန်းတွေနဲ့ အနေနီးခဲ့ရတာက ဆရာဦးဆန်းထွန်း အတွက် ပညာတတ်ကြီးဖြစ်ဖို့ အကြောင်းဖန်လာတာပဲ။ 

ဆရာဦးဆန်းထွန်း (မန်းတက္ကသိုလ်) ရဲ့ စာအုပ်စာပေနဲ့ပတ်သက်လာရင် ဇွဲကောင်းပုံကလည်း ကျမ်း တတ်ပေတတ် ဆရာတော်ကြီးတွေဆီကနေ ဆင်းသက်လာတာပဲ။ ကျွန်တော့် အနေနဲ့  ဆရာဦးဆန်းထွန်းရဲ့ ဘဝအကြောင်းကိုဖတ်ကြည့်မိရင် ပညာရှာဖွေတဲ့ငယ်ဘဝကို ပိုပြီးသဘောကျမိတယ်။ ဆရာဦးဆန်းထွန်း (မန်းတက္ကသိုလ်)ဆိုတဲ့နာမည်ဆိုတာ လွယ်လွယ်နဲ့ဖြစ်လာတာမဟုတ်ဘူးဆိုတာ သဘောပေါက်ခဲ့ရသလို၊ ရှင်ဉာဏိဿရရဲ့ ပညာရှာဖွေတဲ့ ဘဝခရီးဟာ အားကျဖို့လည်း ကောင်းပါတယ်။ ရှင်ဉာဏိဿရရဲ့ ပညာရှာဖွေတဲ့ခရီးလမ်းကို လိုက်လျှောက်ဖို့ဆိုတာ တော်ယုံတန်ယုံ ဇွဲနဲ့မဖြစ်နိုင်ပါဘူး။  ဒါကြောင့်မလို့လည်း ဆရာဦးဆန်းထွန်းရဲ့ ပညာရှာဖွေတဲ့ ငယ်ဘဝခရီးအကြောင်းကို ကျွန်တော် လက်လှမ်းမီသလောက် စုစည်းပြီး စာဖတ်သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

နန္ဒအောင်

၂၅. ၉. ၂၀၂၆


* စာကိုး
ပါရဂူ။ ၂၀၂၀။ ဘဝခရီးသည်။ နှစ်ကာလများစာပေ။
ပါရဂူ။ ၂၀၁၉။ ပဉှာကထာ။ စိတ်ကူးချိုချိုစာပေ။
ပါရဂူ။ ၂၀၁၅။ ထေရကထာ။ စိတ်ကူးချိုချိုစာပေ။
ပါရဂူ။ ၂၀၂၀။ ဘဝမှတ်တမ်းများ။ စိတ်ကူးချိုချိုစာပေ။
ဆန်းထွန်း၊ မန်းတက္ကသိုလ်။ ၂၀၁၆။ သူ့ဘဝ အကြောင်း တစေ့တစောင်း။ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် သုတေသနနှင့် ကျမ်းပြုဌာန။
 -

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar