Breaking News

ဆယ်ပေါင်တူ - အမတ်ရူးသည့် “ဘတ်ဘတ်ဘူး”



ဆယ်ပေါင်တူ - အမတ်ရူးသည့် “ဘတ်ဘတ်ဘူး”
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၆


“မောင်နိမ့်” တစ်ယောက် သေးသေးတင်နဲ့ “ဝန်” တာပဲဖြစ်ဖြစ်၊ နသတ်နဲ့ “ဝန်” တာပဲဖြစ်ဖြစ် ရွေးတုက ပေါ်လာတဲ့ အစိုးရတုမှာ ဝန်ကြီးဖြစ်သွားလေသောအခါ “ဘူးလက်” တစ်ယောက် အကြီးအကျယ် “ဂျေ” ဝင်သွားလေတော့သည်။

“မောင်နိမ့်လိုလူတောင် ဝန်ကြီးဖြစ်တယ်ဆိုရင် ငါလိုလူက ပိုဖြစ်ထိုက်တာပေါ့” ဟု တွေးရင်း ဒေါသတွေ တလိပ်ပြီးတလိပ် တက်လာသည်။ စဉ်းစားကြည့်ရင် သူတို့ဖွတ်ပါတီထဲမှာ သူ့လို ပြောတတ်၊ ဆိုတတ်သူ တစ်ယောက်မှ မရှိဟု သူ့ဖာသာ အထင်ရှိပြီးသား။

ညညဆို “လေးစားပါတယ်… အာ့… လာပြောတာ၊ အာ့… လာပြောတာ” ဆိုပြီး အရည်မရ၊ အဖတ်မရတွေ ပြောနိုင်တာ သူ့အပြင် ဘယ်သူများ ရှိလို့လဲ။

သူ့ကိုယ်သူတော့ ပြန်ဝန်ရာထူးနှင့် ထိုက်တန်သူဟုလည်း အတွေးပေါက်မိသည်။ ဘစိန်လက်ထက်က ပြန်ဝန်လိုတော့ ဖတ်ကောင်းအောင် ရေးတတ်၊ တတ်သားတတ်လည်း မဟုတ်ပြန်။ ဘာပဲဖြစ်ဖြစ် သေးသေးတင်နဲ့ပဲ “ဝန်” ရ၊ “ဝန်” ရ အဲဒီရာထူးမျိုး တစ်နေရာရာရတော့ ရချင်သား။

ပြဿနာက သူ့ကို ဖွတ်ပါတီထဲမှာတောင် အရေးပေးကောင်းမှန်း မသိကြတော့ လူအာရုံစိုက်အောင် ဆိုရှယ်မီဒီယာပေါ်မှာ ဟိုပြောဒီပြော လုပ်ရတော့သည်။ လွှတ်တော်ထဲ ထပြောမိတာတွေကလည်း ဘောင်မဝင်၊ တန်းမဝင်ဆိုလေတော့ သူ့ခမျာ မျက်နှာမရရှာ။

သူမို့လည်း စဉ်းစားတတ်သည်။ ပြည်သူတွေ၏နှလုံးသားထဲရှိ နိုင်ငံတော်မိခင်က သားဖြစ်သူနှင့် ဖုန်းပြောခဲ့တာကိုပင် အပြစ်မရှိ အပြစ်ရှာပြောခဲ့သည်ဆိုတော့ ဝေဖန်ကဲ့ရဲ့ခံရသည်ကလည်း မဆန်း။

အဲဒီနောက်မှာတော့ သူမကြားကြားအောင် သူသွားလေရာမှာ ကဗျာရွတ်၊ ဩဘာပေးခံရပြန်သည်။

ဖုန်းဆက်တာ ပြဿနာရှာ
လွှတ်တော်မှာ မူး
“စိမ်းပိန်း” ကို ခံရခက်တဲ့
“ဘူးလက် စောက်ရူး”

ပြန်စဉ်းစားကြည့်ရင် သူတို့အဖြစ်က ရင်နာစရာ။ လွှတ်တော်တက်ပြီး အစည်းအဝေးထိုင်ကြသည်ဆိုသော်ငြားလည်း မည်သူကမျှ အရေးတယူ မလုပ်ကြ။ နိုင်ငံတကာကလည်း သူတို့အုပ်စု မတရားသဖြင့် ချုပ်နှောင်ထားသူကိုသာ ဘုရင်ကအစ၊ အစိုးရအဖွဲ့ဝင်များအဆုံး စိတ်ဝင်တစား ရှိကြသည်။

ပြောရလျှင် သူကိုယ်တိုင်တောင် လွှတ်တော်တွင်းမှာ တိုင်တည်ရည်ညွှန်းရပေသည်။ သို့သော် မနာလိုစိတ်ယုတ်မာပြီး စိတ်ဓာတ်အောက်တန်းကျသူများပီပီ နာမည်အပြည့်အစုံကို ခေါ်ဝံ့လောက်သည့် သတ္တိမရှိကြ။

ဒီကြားထဲ သူနှင့်အဆင်မပြေသူ ဘောမမီဒီယာသမားတချို့ကလည်း တစ်မှောင့်။ အခွင့်ရလျှင်ရသလို သူ့ကို ထေ့ကြသည်၊ ငေါ့ကြသည်။ ဒါနဲ့ပဲ တရားစွဲဖို့ ရှေ့နေနဲ့ တိုင်ပင်ထားပြီဟု လေသံလွှင့်ထားလိုက်ရသည်။

အင်း… ဒီအတိုင်း ဆက်နေသွားရင်တော့ ရှိစုမဲ့စုလေးတွေနဲ့ ဂုဏ်ဆာလို့တောင် ရတော့မည်မထင်။ ဘူးလက်တစ်ယောက် ဉာဏ်နီဉာဏ်နက်သုံးပြီး မရမက အကြံထုတ်လေတော့သည်။

“ငါ့အကြောင်း တော်တော်များများက သိထားပြီဆိုတော့ ဝေးဝေးလံလံသွားပြီး ‘စဆရက’ လုပ်ဦးမှပါပဲ” ဟု တွေးလိုက်သည်။

ဤသို့ဖြင့် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့် ဒေသတစ်ခုသို့ သွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်သည်။ အရေးအကြီးဆုံးက တော်လှန်ရေးအင်အားစုတွေ အဝင်အထွက်မရှိသည့် နေရာဒေသဖြစ်ဖို့ပင်။ အခုကာလမှာ ထိုနေရာမျိုးဆိုသည်ကလည်း ခပ်ရှားရှား။

နောက်ဆုံးမှာတော့ ရှားရှားပါးပါး ကျေးရွာလေးတစ်ခု သူ ရွေးနိုင်လိုက်သည်။ ဒါကလည်း အခုသွားထားကာမှ သေချာမည်။ နောက်မှသွားလျှင် သားရဲတွင်းသို့ ရွေးသွားမိသလိုမျိုး ဖြစ်သွားနိုင်သည်မို့ ခပ်မြန်မြန် ခရီးစီစဉ်လိုက်သည်။

လူအရောက်အပေါက် နည်းသည့်ဒေသဖြစ်၍ ရွေးတုလွှတ်တော်က အမတ်တုဖြစ်နေသည်တောင် သူတွက်ထားသည့်အတိုင်း အကောင်အထည်ဖော်၍ ရသည်။ သူ့ကိုယ်သူ “ဘူးလက်ဘာညာ” ဆိုပြီး မိတ်ဆက်လိုက်သည်နှင့် “ဒီဘတ်ဘတ်ကြီးရဲ့ နာမည်က အဆန်းသား” ဟုလောက်သာ တွေးကြကာ “ဘတ်ဘတ်ဘူး” ဟု ခေါ်ဆိုကြပြီး ဧည့်ခံကြသည်။

ဒေါ်စိန်အေးကျောင်းကြီးက မည်သို့မည်ပုံ မွေးထုတ်လိုက်ကြသည်မသိ။ “ဘတ်ဘတ်ဘူး” သည်လည်း စီနီယာ “ဘတ်ဘတ်ဂျာပေါင်ကု ကြင်စိုး” လိုပင် အရည်မရ၊ အဖတ်မရ၊ ဗရမ်းဗတာ ပြောတတ်သူပင် ဖြစ်လေသည်။

ရွာရှိလူများမှာ “ဘတ်ဘတ်ဘူး” နှင့် “ဘတ်ဘတ်ကြင်စိုး” မည်သူက ရာထူးပိုကြီးသည်ကိုပင် ဝေခွဲမရဖြစ်ရလောက်အောင် “ဘတ်ဘတ်ဘူး” သည် လေထွားလွန်းလှပေသည်။

ဤရွာအတွက် သူမလုပ်ပေးနိုင်တာ ဘာမှမရှိဟုပင် နားထောင်သူများက ပါးစပ်အဟောင်းသား ဖြစ်ကာ နားထောင်နေကြသည်။ “ဘတ်ဘတ်ဘူး” ကလည်း မြို့မှာ လူအထင်ကြီးမခံရလေသမျှ ရွာမှလူများ အထင်တကြီးဖြစ်စေရန် လေတစ်လုံး၊ မိုးတစ်လုံး၊ တားမနိုင်ဆီးမရ ပြောလေတော့သည်။

“ခင်ဗျားတို့ရွာမှာ ဘာလိုအပ်နေလဲ ပြောသာပြော။ ကျွန်တော် အကုန်လုပ်ပေးနိုင်တယ်။”

“ရွာကိုလာရတဲ့လမ်းက ‘ဘတ်ဘတ်ဘူး’ မြင်တဲ့အတိုင်းပဲ။ အခုတောင် မိုးရာသီမဟုတ်လို့ ဒီလောက်သွားလို့ရတာ။ ဒီတော့ ရာသီမရွေး သွားလို့ရတဲ့ လမ်းကလေးများ…”

စကားပင်ဆုံးအောင် ပြောခွင့်မရလိုက်။ “ဘတ်ဘတ်ဘူး” က လက်ကာပြလိုက်ပြီး ဟန်ပါပါနှင့် သူ၏မိုဘိုင်းဖုန်းကို ထုတ်ကိုင်လိုက်သည်။ ပြီးတော့ တစ်စုံတစ်ယောက်ကို ခေါ်ဟန်ပြုသည်။

“ဆောက်လုပ်ရေးဝန်ကြီးလား။ မင်္ဂလာပါ။ ကျွန်တော် ‘ဘူးလက်’ ပါ။ အခု ကျွန်တော် ရောက်နေတဲ့ ရွာလေးမှာ လမ်းတွေ၊ တံတားတွေ လိုအပ်နေတယ်။ မြန်မြန်လေး ဆောင်ရွက်ပေးပါဦး။ အေးဗျာ… ပြောလိုက်မယ်၊ ပြောလိုက်မယ်။ သူတို့ ဝမ်းသာကြမှာပဲ။ ကျေးဇူးပါပဲ… လေးစားပါတယ်။”

“ကဲ… ကြားတယ်နော်။ လမ်းအတွက်တော့ စိတ်အေးကြတော့။ နောက်ရော ဘာလိုသေးလဲ။”

ရွာသူရွာသားများက အံ့ဩသည့်မျက်နှာပေါက်နေကြပြီး တစ်စုံတစ်ခု မေးလိုဟန်ရှိသည်။ သို့သော် သူတို့ထဲမှ ရွာလူကြီးတစ်ယောက်က—

“ရွာက ကလေးတွေအတွက် ကျောင်းလည်းလိုတယ်။ နို့မို့ တခြားရွာကို ကျောင်းသွားတက်…”

ဒီတစ်ခါမှာလည်း စကားမဆုံးလိုက်။ ဖုန်းထပ်ခေါ်ပြန်သည်။ ပညာရေးဝန်ကြီးလားဟု အစချီပြီး လေသံကတော့ ခုနအတိုင်း တထေရာတည်းလို ပြောပြန်သည်။

“ကဲ… ကျောင်းအတွက်လည်း စိတ်ချ။ နောက်ထပ်ရော ဘာလိုအပ်သေးလဲ။”

ဤသို့ဖြင့် ဆေးရုံ၊ လျှပ်စစ်မီး၊ အဝီစိတွင်း၊ ဓာတ်မြေဩဇာ တစ်ခုပြီးတစ်ခု ပြောလိုက်၊ “ဘတ်ဘတ်ဘူး” က ဖုန်းဆက်ဖြေရှင်းပေးလိုက်နှင့် သူ့ဖာသာသူတော့ ဟုတ်လို့နေသည်။

“ကဲ… ကဲ… နောက်ဆုံးတစ်ခုပြောကြဗျာ။ အချိန်လည်း လင့်နေပြီ။”

ဤတစ်ကြိမ်တွင်တော့ “ဘတ်ဘတ်ဘူး” ဖုန်းဆက်ပြောတိုင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသော အုပ်စုထဲမှ လူတစ်ယောက်က မတ်တပ်ရပ်ကာ စကားပြောသည်။

“နောက်ဆုံးမှာ တောင်းတာဆိုပေမဲ့ ကျွန်တော်တို့ရွာအတွက်တော့ အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံးလို့ပဲ ပြောချင်ပါတယ်။ တွေ့တဲ့အတိုင်း ကျွန်တော်တို့ရွာက တော်တော်ခေါင်တဲ့နေရာပါ။ အနီးအနားမှာ ဘာတာဝါတိုင်မှလည်း မရှိဘူး။ အဲဒါကြောင့် လိုင်းမိဖို့မပြောနဲ့၊ ဘာမိုဘိုင်းဖုန်းကိုမှ သုံးလို့မရဘူး။ ‘ဘတ်ဘတ်ဘူး’ ကို ရွာမှာ ဖုန်းပြောလို့ရအောင် အကူအညီတောင်းမလို့ပါ။”

“တကယ်လို့ ‘ဆက်သွယ်ရေး’ ဘက်က လူကြီးတွေက မလုပ်ပေးနိုင်ဘူးဆိုရင်လည်း ဘာဆက်သွယ်ရေးကွန်ရက်မှ မရှိတဲ့ ကျွန်တော်တို့ရွာကနေ ခုနကလို ဖုန်းခဏခဏခေါ်လို့ရတဲ့ ‘ဘတ်ဘတ်ဘူး’ ကိုင်တဲ့ မိုဘိုင်းဖုန်းမျိုး ကျွန်တော်တို့ရွာက လူတွေအတွက် ပို့ပေးလို့ရမလားဆိုတာ သိချင်ပါတယ်။”

ပါးစပ်ထဲပေါ်သလို မိုဘိုင်းဖုန်းဖြင့် ဟိုလူကိုခေါ်သလိုလို၊ ဒီလူနဲ့ဆက်သလိုလို ပေါက်ပန်းလေးဆယ် ဖြီးဖြန်းပြောပြနေသော “ဘူးလက်” ခမျာ သူလိမ်နေတာ ပေါ်သွားသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

ထို့နောက် ပါးစပ်ထဲ ထွက်မိထွက်ရာ—

“ဟောဗျာ… အခုမှ မပြန်ရင် အဲဒီအစည်းအဝေးက မမီနိုင်တော့ဘူး။ မေ့နေလိုက်တာ… ကဲ သွားပြီဗျို့။ နောက်မှတွေ့မယ်” ဟု ပြောပြီး အမြန်သုတ်ခြေတင်လေတော့သည်။

သူပြောနေကျ “လေးစားပါတယ်၊ အာ့… လာပြောတာ” တို့ကိုပင် ပြောမသွားနိုင်ရှာတော့။

ဆယ်ပေါင်တူ

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar