မန္တလေးမြို့ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှု၊ သထုံ-ဘီးလင်း ကားလမ်းမှာ ခရီးသည်တင်ကား ပစ်ခတ်ခံရ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၃ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၄
မန္တလေးမြို့ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှု၊ သထုံ-ဘီးလင်း ကားလမ်းမှာ ခရီးသည်တင်ကား ပစ်ခတ်ခံရ
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန် -သထုံ ကားလမ်းပေါ်မှာ စက်တင်ဘာ ၁ ရက်နေ့ ည ၈ နာရီဝန်းကျင်က မြဝတီမြို့ကနေ ပဲခူးမြို့ကို သွားမယ့် ခရီးသည်တွေ တင်ဆောင်ထားတဲ့ ကား လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရပြီး ကားမောင်းသူနဲ့ ခရီးသည်တဦး စုစုပေါင်း ၂ ဦးသေဆုံးကာ အခြား ခရီးသည် ၅ ဦးဒဏ်ရာရတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါတယ်။ အလားတူ စက်တင်ဘာ ၃ ရက်နေ့ နံနက်စောစောပိုင်းမှာ မန္တလေးမြို့ တွင်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ရာမှာ လူနေရပ်ကွက်ထဲက အဆောက်အဦတချို့ ထိမှန်ပြီး တဦးဒဏ်ရာရကာ အဆောက်အဦ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ရန်ကုန်-သထုံ-ဘားအံ၊ ရန်ကုန်-သထုံ-မော်လမြိုင် ကားလမ်းတလျှောက် သထုံမြို့နယ် ၊ ဘီးလင်းမြို့နယ် နဲ့ ကျိုက်ထိုမြို့နယ်တို့မှာ ကေအန်ယူ၊ ၄င်းနဲ့ တွဲဖက်လှုပ်ရှားတဲ့ PDF အဖွဲ့တွေ ကားလမ်း၊ ရထားလမ်း တလျှောက်ကို အခါအားလျော်စွာ ပစ်ခတ်တာ မိုင်းခွဲတာမျိုးတွေ ဖြစ်ပွားလေ့ရှိတာလည်း ဖြစ်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ အဖြစ်အပျက်မှာတော့ စစ်တပ်မိသားစု ဝင်တွေပါတဲ့ ကားလို့ သတင်းပေးတာကြောင့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သတင်းဌာနတခုက သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
အဆိုပါ သတင်းမှာပဲ အမှန်တကယ်တော့ မြဝတီဘက်မှာ အလုပ်သွားလုပ်သူတွေ ပြန်လာတဲ့ ကားဖြစ်ပြီး စစ်တပ်မိသားစုကား မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့ကလည်း ခရီးသည်တင်လိုင်းကား တစီး အထက်ပါ နေရာတဝိုက်မှာပဲ ပစ်ခတ်ခံရပြီး ယာဥ်နောက်လိုက် သေဆုံးကာ ခရီးသည် အချို့ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်လည်း ရှိခဲ့ပါတယ်။ ဒီလမ်းပိုင်းမှာပဲ ခရီးသည်တင်ယာဥ် ပစ်ခတ် တိုက်ခိုက်ခံရတဲ့ အခြားသော ဖြစ်ရပ်တွေလည်း ခုနှစ်ပိုင်း လပိုင်းတွေမှာ ရှိနေခဲ့တာ ဖြစ်ပြီး မှားယွင်း ပစ်ခတ်တာ၊ သတင်းမှားကြောင့် ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
အခုလို မှားယွင်းပစ်ခတ်တာတွေ၊ ပစ်မှတ်ကို တိုက်ရိုက်မထိဘဲ လူနေရပ်ကွက်တွေ၊ နေအိမ်တွေကို ထိမှန်တာမျိုးတွေ နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ကြတဲ့အခါမှာလည်း ယုတ္တိမတန်တဲ့ ပြောဆိုမှုတွေလည်း တွေ့ရလေ့ ရှိတာဖြစ်ပါတယ်။ မန္တလေးမြို့ နန်းတွင်းက တိုင်းစစ်ဌာနချုပ်ကို ရည်ရွယ် ပစ်ခတ်ပေမယ့် အချို့သော ဒုံးတွေက အရပ်သားနေအိမ်တွေကို ထိမှန်ခဲ့ရာမှာ ဒီလူနေအိမ်တွေကို ထိမှန်တဲ့ ဒုံးတွေက ဘယ်သူတွေ ပစ်တာလဲ မသိဘူး ဆိုသည့် ပစ်ခတ်တိုက်ခိုက်တဲ့ အဖွဲ့က ပြောဆိုမှုတွေက သာမန်လူတွေ အနေနဲ့ ယုံကြည်ဖို့ ခက်ခဲပြီး ဝါဒဖြန့်စကားလုံး သက်သက်အဖြစ် မှတ်ယူစရာဖြစ်ပါတယ်။ အလားတူပဲ သထုံ-ဘီးလင်း အကြား ခရီးသည်ကား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဘယ်လက်နက်ကိုင် အဖွဲ့ကမှ ၄င်းတို့ လုပ်ဆောင်တာလို့ ထုတ်ဖော်ပြောဆိုတာ မတွေ့ရသေးပါဘူး။ ဗွီအိုအေ သတင်းဌာနရဲ့ သတင်းထဲမှာတော့ ဒေသခံတဦးလို့ ရည်ညွှန်းဖော်ပြထားပေမယ့် “တပ်မိသားစုတွေလာတဲ့ကားလို့ သတင်းပေးက သတင်းမှားပေးတာကြောင့်” ဆိုတဲ့ ကိုးကားပြောဆိုချက်က ဒေသခံတယောက် အနေနဲ့ သတင်းမှားပေးချက်လိုမျိုးကို သိရှိနိုင်ပါ့မလားဆိုတဲ့ မေးခွန်းလည်း ရှိနေတာဖြစ်ပါတယ်။
တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ အခုလို အရပ်သားတွေကို မှားယွင်း ပစ်ခတ်မိတာ၊ အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ တကြိမ်မက ဖြစ်ပွားလာနေတာကို သုံးသပ်ကြည့်ရင် လူထုထောက်ခံမှု ဆုံးရှုံးနိုင်တဲ့ အဖြစ်အပျက်တွေလို့ ဆိုနိုင်ပါတယ်။ မရည်ရွယ်ဘဲ ဖြစ်ပွားတဲ့ အဖြစ်အပျက်တွေ အပေါ်မှာ အလေးအနက်ထားကာ သင်ခန်းစာယူသင့်ပြီး တာဝန်ခံမှုလည်း ရှိသင့်တာပါ။ တကြိမ်မက ဖြစ်ပျက်လာတဲ့အခါ လူထုအနေနဲ့ အခုလို ကာလမှာ တုံ့ပြန်ဝေဖန် ပြောဆိုနိုင်စွမ်း မရှိပေမယ့်လည်း ယုံကြည်ကိုးစားမှု ဆုံးရှုံးလာနိုင်တာ ဖြစ်ပါတယ်။
လက်နက်ကိုင် တော်လှန်ရေး လုပ်နေတာ ပန်းနဲ့ ပေါက်နေတာ မဟုတ်သလို ကစားနေကြတာမဟုတ်လို့ အမှားအယွင်းတွေ၊ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်။ ဒါတွေထက် တော်လှန်ရေး အောင်မြင်ဖို့က အရေးကြီးတယ်လို့ စောဒကတက်တာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ အဖိတ်အစင် အကျအပေါက် ရှိတာ သဘာဝကျပေမယ့်လည်း မှားယွင်းထိခိုက်၊ သေဆုံးမှုတွေအတွက်တော့ တာဝန်ယူမှု၊ တာဝန်ခံမှုက အပြည့်အဝရှိဖို့ လိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်။ မဟုတ်ခဲ့ရင် လက်နက်ကိုင် တော်လှန်ရေးရဲ့ ရည်ရွယ်ချက်က အနိုင်ရရေး၊ အာဏာရရေးသဖွယ် ဖြစ်ပြီးလူထုရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်လိုခြင်းက ဒုတိယ၊ တတိယ ရည်မှန်းချက် ဖြစ်သွားမယ့် အနေအထားမျိုး ကြောင့်ပါ။
လက်နက်ကိုင် တိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေးရဲ့ ပကတိတရားတွေက ကဗျာရေးသလို စာဖွဲ့သလို ချောမွေ့နေမှာ မဟုတ်ပေမယ့် တော်လှန်ရေးရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်နဲ့တော့ လိုက်ဖက်ညီထွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ အင်အားအလွန်အကျွံသုံးစွဲမှုတွေ၊ စစ်ရေးအရ ဗျူဟာအရ၊ နည်းပရိယာယ်အရ လုပ်ဆောင်ရတာတွေ ရှိကောင်းရှိနိုင်ပေမယ့် မှားယွင်းပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ အရပ်သား ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူမှု၊ ဖျက်ဆီးမှု စတာတွေနဲ့ ပတ်သက်ရင် တာဝန်ခံမှု အပြည့်အဝနဲ့ ကျူးလွန်သူ၊ မှားယွင်း လုပ်ဆောင်သူတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ လိုအပ်ပြီး မကြာခဏ ထပ်ခါထပ်ခါ ဖြစ်ပွားတာမျိုး မဖြစ်အောင် မူအရရော၊ လက်တွေ့ အကောင်အထည်ဖော်မှု အရပါ အရေးယူဆောင်ရွက်ကြရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
တော်လှန်ရေးက စိတ်ကူးယဥ် ဝတ္ထုတပုဒ် မဟုတ်ပေမယ့် ပြည်သူလူထု ရဲ့ ယုံကြည်ကိုးစားမှု၊ အားကိုးမှုတွေကို အလွဲသုံးစား မပြုမိအောင် ၊ တာဝန်ခံမှု အပြည့်အဝရှိကြဖို့တော့ လိုအပ်တာ အမှန်ပဲဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar