ဆယ်ပေါင်တူ - ဖတ်ခွင့်မရလိုက်သည့် ဂျက်ဆရာ အကျော်အမော်၏ နွေဦးသရော်စာများ
ဖတ်ခွင့်မရလိုက်သည့် ဂျက်ဆရာ အကျော်အမော်၏ နွေဦးသရော်စာများ
ဆယ်ပေါင်တူ
မိုးမခ ၊ ဇူလိုင် ၁၅ ၊ ၂၀၂၅
အမှန်တကယ် ပေးချင်သည့် ခေါင်းစဉ်က ‘ကြင်စိုးတို့ ဖတ်ခွင့်မရလိုက်သည့် ဂျက်ဆရာ အကျော်အမော်၏ နွေဦးသရော်စာများ’ ဖြစ်သည်။ သို့ရာတွင် ကြင်စိုး၏အမည်ပါလျှင် ရေးလေ့ရေးထရှိသည့် သရော်စာဟု ထင်မှတ်သွားကြမည်ကို စိုးမိသည်။ ထပ်၍ပြောပါဦးမည်၊ယခုရေးသည်မှာ သရော်စာ မဟုတ်။ သရော်စာရေးသူ တယောက်၏ ‘ဂျက်(ကွမ်းခြံကုန်း)’အတွက် နှမြောတသစိတ်ဖြင့် ခံစားရေးဖွဲ့မှုသာ ဖြစ်သည်။
စာ၊ ကဗျာလိုင်းစုံ အရေးအသားကောင်းသူ တယောက် ဖြစ်လင့်ကစား၊ သရော်စာသမားများအတွက်တော့၊ အခြားစာကောင်းပေကောင်းများထက် ဂျက်(ကွမ်းခြံကုန်း) ကလောင်၏ လွှမ်းမိုးမှု ပိုခံရမည်မှာ သေချာလှသည်။ အထေ့အငေါ့ အသော့များဖြင့် ကမောက်ကမခေတ်နှင့် ပတ်ဝန်းကျင်အကြောင်း ထောက်ပြတတ်သည့် ဂျက်(ကွမ်းခြံကုန်း) ၏ ထူးခြားချက်မှာ သရော်စာဆိုသော်လည်း၊ အရွယ်မရွေး အမိနှင့်သမီး၊ မောင်နှင့်နှမ အတူတကွ ဖတ်ရှုနိုင်သော စကားလုံးများကို သတိထား အသုံးပြုတတ်ခြင်းပင်။ ဆရာမောင်သာချိုသည် သရော်စာအမျိုးအစားကို တဆင့်မြှင့်ပြီး၊ ဘားမြင့်မြင့် တင်ထားပေးခဲ့သူ ဖြစ်သည်။
ဟာသ၊ သရော်ကွပ်၊ နှိပ်ကွပ်ချက်များကို စကားလုံးကြွယ်ကြွယ်ဖြင့် မျှမျှတတ ချိန်ဆပေါင်းစပ်ကာ သရော်စာကြိမ်လုံးဖြင့် တအုံးအုံး တရွှီးရွှီး စပ်ဖျင်းဖျင်းဖြစ်အောင် ရိုက်နှက်ရေးသားနိုင်ခြင်းက သူ၏ ဖန်တီးနိုင်စွမ်း ပါရမီကိုသာမက၊ သူမတူအောင် ဝမ်းစာပြည့်နေမှုကို ဖော်ပြသည်။ သူသည် စကားလုံးကြမ်းကြမ်း၊ အောက်လုံးအထွေထွေဖြင့် ရေးသားတတ်သူ မဟုတ်။ မြန်မာစာဖြင့် ပါရဂူဘွဲ့ယူခဲ့သူ မြန်မာစာပါမောက္ခတဦး၏ သရော်စာများအကြောင်းကို တချိန်တွင် မဟာတန်း၊ပါ ရဂူတန်းများအတွက် စာတမ်းပြုစုဖို့ ရွေးချယ်ခဲ့ကြသည်ဆိုလျှင် တင့်တယ်မှာဖြစ်သလို၊ အံ့အားသင့်ကြရမည့် အရာလည်းမဟုတ်။
အရေးခံရသည့်သူများကပင် အောင့်သက်သက် ဖြစ်သည့်ကြားက သူတို့အကြောင်းကို ဘယ်လိုများ ရေးထားပါလိမ့်ဟု ရယ်ချင်စိတ်တပိုင်းနှင့် ဖတ်ချင်စိတ်ကိုလည်း အပြိုင်းအရိုင်း နှိုးဆွပေးနိုင်စွမ်းရှိသည်က သူ၏အတတ်ပညာပင်။
အမှန်တကယ်လည်း စာပေကိုလက်နက်ဖြင့် အသုံးပြုရန်ရည်ရွယ်ပါက၊ မိမိတို့ဘက်ခြမ်းမှသူများသာ ဖတ်ရှုတတ်သည့် စာများအဖြစ်ကို ကျော်လွန်ကာ၊ တဖက်ခြမ်းမှလည်း စိတ်ဝင်တစားရှိအောင် စွမ်းဆောင်နိုင်ရပေမည်။ ထို့အတွက်ကြောင့် ဤကဲ့သို့ ရှားပါးသော အရည်အချင်းမျိုးရှိသည့် ‘ဂျက်(ကွမ်းခြံကုန်း)’ကို နှမြောစိတ်ကြီးစွာ ဖြစ်ရပါသည်။
အကယ်၍သာ ရေးအားကောင်းသည့် ဆရာမောင်သာချိုတယောက် လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ ရေးခွင့်ရခဲ့မည်ဆိုလျှင်၊ အရသာရှိရှိနှင့် ထိမိသလို ထိလည်းထိရောက်သည့် သရော်ချက်များ ဤနွေဦးတလျှောက် အချိန်နှင့်အမျှ ဆိုသလို ဖတ်ခွင့်ရကြမည်မှာ သေချာသည်။ ထိုသို့ရေးခဲ့မည်များကို ကြင်စိုးနှင့် သူ၏အသိုင်းအဝိုင်းကတောင် စိတ်ဝင်တစား ခိုးဖတ်လိုစိတ် ပေါ်နေလောက်သည်ဟု ယုံကြည်ထားမိ၍ ‘ကြင်စိုးတို့ ဖတ်ခွင့်မရလိုက်သည့် ဂျက်ဆရာ အကျော်အမော် ၏ နွေဦးသရော်စာများ’ဟု အမည်ပေးလိုခြင်း ဖြစ်သည်။
အတွေးကောင်း၊ အရေးကောင်း၊အဟောကောင်း၊ အပြောကောင်း၊ မြန်မာစာပါမောက္ခတဦး၏ ချန်ရစ်ခဲ့သော ကွက်လပ်သည် နှိုင်းယှဉ်ပြောစရာ ရှာမရလောက် အောင် ကြီးမားလှသည်။ အနောက်တိုင်းမှာတော့ ‘Big shoes to fill’ဟု ပြောလေ့ရှိကြသည်။ ဤကဲ့သို့သုံး နှုန်းပြောဆိုပါက ‘ ဟာဗျာ ကျနော့်ဘိနပ်ဆိုက်က အဲဒီလောက်မကြီးပါဘူး၊ (……..)ရဲ့ ခြေဖဝါးလေးနဲ့ မတိမ်းမယိမ်းပဲ ရှိပါတယ်၊ မနက်ကတောင် ဘိနပ်မှားစီးခဲ့မိလို့ လမ်းမှာ ဘိနပ်အသစ် ဝင်ဝယ်စီးလိုက်ရသေးတယ်’ဟု ဟော ပြောပွဲများတွင် သူပြောနေကျ မင်းသမီးလေး၏ နာမည်ကို ထည့်ပြောရင်း အရွှန်းဖေါက်နေပေဦးမည်။ ထို့နောက် ဟန်ပါပါနှင့် သူ၏ဖုန်းကို ဆတ်ကနဲဆွဲထုတ်လိုက်ကာ ‘ ဟော ……ဒီမှာကြည့်လေ၊ (……..)က မက်ဆေ့ချ် လှမ်းပို့နေတယ်၊ ‘ကိုကို မနက်က အိပ်ရာထနောက်ကျတော့ ကသောကမျောနဲ့ ဖိနပ်မှားစီးသွားတယ်မလား၊ ညကျရင် စောစောအိပ်ရာ အတူဝင်ကြရအောင်နော်တဲ့’ ဟု အပြုံးမျက်နှာ ဖြီးဖြီးကြီးနှင့် အသံကျယ်ကျယ် ရယ်မောရင်း ထပ်ပြောနေပေလိမ့်ဦးမည်။
သရော်စာရေးသူတယောက် ဖြစ်သည့်အတွက် ဆရာမောင်သာချိုသည် အဘယ်သို့ သောသူဟု ထင်မြင်မိပါသနည်းဟု အမေးခံရသည်ဆိုပါစို့။ ဘယ့်နှယ်ကြောင့် အသို့လို မေးခွန်းမျိုးကို လာမေးရသနည်းဟု တွေး၍မနေတော့။ အနို့ကလို အမေးစကားရှိလာသည့်အခါ အကျွန်ုပ်တွင် မြိန့်မြိန့်ကြီးထိုင်၍ ခန့်ခန့်ညားညား ဖြေစရာမရှိသော်ငြားလည်း၊ ကြိုးစားဖြေကြည့်ရချေဦးမည်။ အသို့ဖြင့် နှောင်းလူများ တစ်ခုသောကာလတွင် ဘုတ်အုပ်ထဲတွင် မှီငြမ်းကိုးကား လာနိုင်ဘွယ်ရှိသည့် အံ့ဘွယ်လိလိ ဖြေ ကြားချက်တခု၊ ခေါင်းထဲမှ ရုတ်ချည်းဆိုသလို ဖွတ်ခနဲ စွပ်ခနဲ ထွက်ပေါ်လာခဲ့ချေသည်။
သရော်စာရေးသူတဦးက ‘ကျနော်လည်း သရော်စာရေးပါတယ်’ဟု တိုက်ပုံဝတ် နှလုံးသားနှင့် ပုဂ္ဂိုလ်တဦးတယောက်ရှေ့တွင် ပြောရမည်ကို မဝံ့မရဲ၊ ပြောဖို့အတွက်လည်း ရှက်ရှက်ရွံ့ရွံ့၊ သိမ်သိမ်ငယ်ငယ် ၊ ချီတုံချတုံ အခက်ကြုံနေရပြီ ဆိုလျှင်တော့ အနှီသွားတက်ကလေးနှင့် ပြုံးအလှပိုင်ရှင်ပုဂ္ဂိုလ်သည် ‘အဘယ်နာမည်ကျော် နုနုရွယ် ရွယ် မော်ဒယ်မလေးနှင့် လစ်ဗင်းတူဂဲသား နေသူများပါလိမ့်’ဟု ဟု ခေါင်းခြောက်ခံပြီး ဒေါင်းတောက်အောင် ရှာညည်းနေစရာမလို။ ဘဇာများမှလည်း ထပ်ပြီးအတွေးပွါး အမေးစကားပြုစရာမလို။ အနှီပုဂ္ဂိုလ်ကျော်သည်ကား ကျွန်ုပ်တို့ ဘုတ်အုပ် ချစ်သူများ၏ အသည်းကျော် ‘ကမ္ဘာကြီးအတွက် ဆရာကြီးဂျက်’ ခေါ် ‘မျက်နှာများသယောင်ဆောင် သည့် ဂျက်ဆရာသမားမောင်’ပင် ဖြစ်ချေတော့သည်တမုံ့။
နှမြောတသစွာဖြင့် လေးလေးစားစား ဂါရဝပြုလိုက်ရပါတယ်ဆရာ။
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar