Breaking News

နိုင်မွန်အောင်သွင် - အနမ်း

Art - Than Htay Maung
 အနမ်း

နိုင်မွန်အောင်သွင်

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၅

ငါ့ကိုဘာကြောင့်နမ်း
တောင်တန်းတစ်ခုက
မိုးတိမ်ကိုမေးတယ်။

ပင်လယ်ဆီသွားမလို့
ခဏလေးနားနေရင်းနမ်းမိတာပါ။

ငါ့ကိုဘာကြောင့်နမ်း
ကမ်းနဖူးက
တံတားတစ်စင်းကိုမေးတယ်။

အချိန်တွေမျောသွားတာကို
ရပ်ကြည့်နေရင်းနမ်းမိတာပါ။

ငါ့ကိုဘာကြောင့်နမ်း
ရူးနေတဲ့သီချင်းသံက
ဂစ်တာတစ်လက်ကိုမေးတယ်။

ကောက်သစ်စားပွဲရဲ့သွေးခုန်နှုန်းကိုစမ်းမိရင်း နမ်းမိတာပါ။

ငါ့ကိုဘာကြောင့်နမ်း
စိန်ပန်းပြာပင်က
နွေဦးရာသီကိုမေးတယ်။

လောင်ကျွမ်းမှုတွေထဲ
အေးမြမှုလေးကိုခဲစားရင်းနမ်းမိတာပါ။

ငါ့ကိုဘာကြောင့်နမ်း
မျက်ရည်တစ်စက
အမယ်အိုကိုမေးတယ်။

ငါ့သားကိုစောင့်နေတာပါ။
တံခါးခေါက်သံလေးကိုကြားယောင်နေရင်း နမ်းမိတာပါ။

 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar