Breaking News

ကိုသန်းလွင် - အေးဆေးတည်ငြိမ်သောသူ

ကိုသန်းလွင် - အေးဆေးတည်ငြိမ်သောသူ

မိုးမခ ၊ ဇူလိုင် ၂၂ ၊ ၂၀၂၅


(၁)

အချို့လူများသည် တည်ငြိမ်အေးဆေးသော အသွင်ရှိကြသည်။ သူတို့ကိုယ်သူတို့ သေချာပြီး စိတ်ချလက်ချ အေးချမ်းငြိမ်သက်ကြသည်။ Cool ဖြစ်သည်ဟု ဆိုပါသည်။ မကြာသေးမီက “Cool People” ဟူသော အမည်ဖြင့် သုတေသနစာတမ်းတစ်စောင် ထွက်လာခဲ့သည်။ ထိုစာတမ်း၏ အလိုအရလူတို့သည် အေးချမ်းတည်ငြိမ်စွာ နေနိုင်ရန်အတွက် အရည်အချင်း ၆ မျိုး ရှိကြသည်ဟု ဆိုပါသည်။ 

သူတို့သည် ပြင်ပကမ္ဘာနှင့် ပွင့်လင်းစွာ ဆက်ဆံတတ် (extrovert) ကြသည်။ မိမိဘာသာ ငြိမ်ကုပ်ပြီး ဖြေဖျောက်နေတတ်သည့် (Introvert) အကျင့် မရှိကြပါ။ အမြဲပျော်ရွှင်သော (hedonistic) စိတ်ဓာတ်ရှိရမည်။ စွမ်းဆောင်နိုင်သူ (Powerful) ဖြစ်ရမည်။ စွန့်စားလိုသော သဘောရှိရမည်။ ပွင့်လင်းသော အမြင်နှင့် မိမိဘာသာ ယုံကြည်မှုအပြည့်ဖြင့် (autonomous) နေနိုင်ရမည်။ ထိုအရည်အချင်းတို့နှင့် ပြည့်စုံသူတို့မှာ အေးဆေးတည်ငြိမ်သော လူတို့ ဖြစ်ကြပါသည်။

(၂)

ယခင်လက ထုတ်ဝေသည့် လက်တွေ့စမ်းသပ်ရေးစိတ်ပညာ (Journal of Experimental psycholo- gy: general) စာစောင်မှာ ပါလာခဲ့ခြင်း ဖြစ်ပါသည်။ လူပေါင်း ၆၀၀၀ ခန့်ကို အင်တာဗျူး လုပ်ပြီး အမေရိကန် အပါအဝင် ၁၂ နိုင်ငံတို့၌ လက်တွေ့စမ်းသပ်သည့် မေးခွန်းများကို မေးမြန်းကာ အဖြေထုတ်ယူခဲ့ခြင်း ဖြစ်ပါသည်။ စမ်းသပ်မှု၏ ပထမဆုံးမေးခွန်းမှာ မည်သည့်အရည်အသွေးသည် လူအများကို ကောင်းသောလူနှင့် ခင်မင်ဖွယ်ရာ လူများနှင့်ကွဲ၍ အေးဆေးသည်ဟု အထင်ရောက်စေပါသနည်း။

အေးဆေးတည်ငြိမ်သည့်ပုဂ္ဂိုလ် ဆိုသည်မှာ ဘယ်နေရာမှာပဲနေနေ အတူတူပဲ ဖြစ်ပါသည်။ အသက်အရွယ် ဘယ်လောက်ပဲရှိရှိ၊ ဝင်ငွေ ဘယ်လောက် များသည် နည်းသည်မဟူ၊ သူတို့သည် ပညာအရည်အချင်းကိုလည်း ထည့်သွင်းစဉ်းစားရန်မလို မိန်းမ၊ ယောက်ျား မရွေး မှန်ကန်ပါသည်။

ဒုတိယမေးခွန်းမှာ လူတို့၏ အေးဆေးသည်ဟု ထင်စေသော အရည်အသွေးများသည် ယဉ်ကျေးမှုကို လိုက်၍ ပြောင်းလဲမှုရှိပါသလား ဆိုသော မေးခွန်း ဖြစ်သည်။

သုတေသနလုပ်သူများကို အံ့အားသင့်စေသော အချက်မှာ သူတို့သည် ဘယ်နေရာကိုပဲရောက်ရောက် သည်အရည်အသွေးများကို မြင်တွေ့ရခြင်းပင် ဖြစ်ပါသည်။ ဤစာတမ်းရေးသူများတွင် တစ်ဦး အပါအဝင် ဖြစ်သည့် ဝါရင် (Carleb Warran) ဆိုသူမှာ ဤသုတေသနနယ်ပယ်တွင် အနှစ် ၂၀ မျှ အလုပ်လုပ်နေသူ တစ်ဦး ဖြစ်သည်။ 

မေးခွန်းများကို ဖြေဆိုသူများသည် Cool ဟူသော စကားလုံး၏ သဘောအဓိပ္ပာယ်ကို သိနားလည်ပြီးသူ ဖြစ်ရန် လိုသည်။ စကားလုံးကို မိမိတို့ဘာသာသို့ ဘာသာပြန်ပြီး နားလည်ရသူများကို မမေးပါ။ ယဉ်ကျေးမှုတစ်ခုတွင် ဤသဘောတရားများကို စာလုံးအဓိပ္ပာယ်အရ ဘာသာပြန်စရာမလိုဘဲ နားလည်ခြင်းကို ဆိုလိုသည်။

`ဤအဖြစ်မှာ ချမ်းသာ၍ ပြည့်ပြည့်၀၀ နေနိုင်သော လူ့အဖွဲ့အစည်းတွင်သာ ဖြစ်ပေါ်နိုင်သည် မဟုတ်ပေ။ ဤစကားလုံး၏ အဓိပ္ပာယ်ကို နားလည်သည် ဆိုခြင်းသည် အေးဆေးငြိမ်သက်သည့် သဘောသဘာဝကို နားလည်သည်ဟု ဆိုလိုသည်။ သို့သော် အေးဆေးတည်ငြိမ်ခြင်းကို လူတို့ ကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်ခြင်း မရှိသေးပါ။ ကာလရှည်ကြာစွာ လူတို့ သဘောပေါက် လက်ခံထားခဲ့ကြသည်မှာ တည်ငြိမ်အေးဆေးစွာ နေထိုင်ခြင်းကို ကောင်းသည်ဟုသာ လူတို့ သိထားကြခြင်း ဖြစ်သည်။ တည်ငြိမ်အေးဆေးသောသူသည် ခင်မင်ဖွယ်ကောင်းသည်။ အရည်အချင်း ပြည့်ဝသည်။ သူ၏ ကိုယ်ပိုင်စတိုင်သည် ဆွဲဆောင်မှု အားကောင်းသည့် လူမျိုးတွင်သာ တွေ့နိုင်သည်။ ဒေါက်တာဝါရင် တို့က သိလိုသည်မှာ Coolness ဆိုသော စကားသည် အဘယ်ကို ရည်ညွှန်းပါသနည်း။ သူတို့ သည် လူတို့၏ ကောင်းသော သဘောကိုသာ နားလည်လိုခြင်း မဟုတ်။ အချို့လူများက အေးဆေးသည်။ အချို့က မအေးမဆေး ပျာလောင်ခတ်နေသည်။ မကောင်းသောသူများလည်း ရှိကြသည်။ ထို့နောက် သူတို့က သူတို့နှင့် ပတ်သက်သည့် အရည်အချင်း ၁၅ မျိုးလောက်ကိုလည်း  ရှိ၊ မရှိကို မေးကြသည်။

တချိန်က ကုမ္ပဏီ ဥက္ကဋ္ဌများ (Tech CEO) သည် လျှပ်စစ်ကားကို မောင်း၍ စတိုင်ယူကြသည်။ အာကာသသို့ သွားကာ ကြွားလုံးထုတ်ကြသည်။ မဂ္ဂဇင်းတစ်စောင်က လူတို့သည် အေးဆေးသည်ဟု အထင်ခံရအောင် သုံးကြသောပစ္စည်းများမှာ တစ်နှစ်လျှင် ၂ ဒဿမ ၄ ထရီလီယံဖိုးမျှရှိသည်ဟု ဆိုပါသည်။

ဤအေးဆေးခြင်းစကားလုံးမှာ ၁၉၆၀ ပတ်ဝန်းကျင်က အာဖရိကန် အမေရိကန်လူမျိုးနင့် ဥရောပ ဘိုဟီ မီယံ လူမျိုးတို့အကြား စတင်အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ မိအိုဖအိုများ၊ ဆရာများ၊ သီလရှင်ဆရာကြီးတို့သည် ကောင်း၏။ သို့သော် မအေးဆေးကြပါ။ ကောင်းသောလူ ဖြစ်ရခြင်းသည် အေးဆေးသူဖြစ်ဖို့ လုံလောက်မှု မရှိပါ။ မိမိတို့၏ ခံစားချက်များကို မပြသခြင်းကို အေးဆေးသည်ဟု ထင်မြင်ကြသည်။ ဓာတ်ပုံရိုက်သောအခါ မရယ် မပြုံးနေသောသူကို အေးဆေးသူဟု မြင်ကြသည်။

ထိုနေရာတွင် ကောင်းသောလူနှင့် အေးဆေးတည်ငြိမ်သောလူတို့သည် များစွာသော အရည်အချင်းများ၌ အတူတူ ဖြစ်နိုင်ပါသည်။ သို့သော် ကောင်းသောလူ၏ ထူးခြားချက်မှာ ကောင်းသောလူတို့သည် လိုက်လျော သော သဘောရှိခြင်း၊ ထုံးစံကို မြတ်နိုးခြင်း၊ ခိုင်ခန့်သော ယုံကြည်မှုရှိခြင်း၊ နွေးထွေးသော သဘောထားတူညီခြင်း၊ လူတိုင်းသည် ညီမျှသော သဘော၊ အားလုံး တူသော သဘော၊ မိမိဘာသာ တာဝန်သိပြီး ငြိမ်သက်အေးချမ်းသော သဘောကို ဖော်ဆောင်ပါသည်။ စွမ်းဆောင်ရည်ရှိသောသူတို့သည် အေးချမ်းငြိမ်သက်သည့်အပြင် ကောင်းသော သဘောကိုလည်း ဆောင်ကြပါသည်။

ထို့ကြောင့် သုတေသနပြုချက်တွင် Cool ၏ သဘာဝကို မသိသောသူတို့အား သုတေသနပြုသူများမှ ဖယ်ရှားထားခြင်း ဖြစ်သည်။ ယဉ်ကျေးမှုတစ်ခုတွင် အေးချမ်းငြိမ်သက်ခြင်း ဆိုသောစကားကို မည်သည့်အခါမှာသုံးရ သည်ကို မသိသောသူများကို ဆိုလိုပါသည်။ အေးဆေးသောသူများကို အခြားလူတို့ထက် လူမှုရေးအဆင့်အတန်း မြင့်မားသည်ဟု ယူဆကြသည်။ ဤသုတေသနပြုချက်မှာ အသက်အရွယ်မျိုးစုံ ပါဝင်သော်လည်း အသက် ၃၀ နှင့် အောက်လူများကို အဓိက ရည်ရွယ်ပါသည်။

ထို့ပြင် ယဉ်ကျေးမှု၏ လက္ခဏာတရပ်ဖြစ်သော ရန်လိုခြင်း (aggressive)၊ အများအပေါ် လွှမ်းမိုးနိုင်ခြင်းဆိုသော အခြင်းအရာသည် ယဉ်ကျေးမှုပုံစံ အမျိုးမျိုးကို လိုက်၍ ပြောင်းလဲပါသည်။ ဒေါက်တာ ပရင့်စတိန်း (Mitch Prinstein) မှာ စိတ်ပညာဆိုင်ရာ စာအုပ်အမျိုးမျိုး ရေးခဲ့သူ ဖြစ်သည်။ သူက အနောက်တိုင်း နိုင်ငံများတွင် ရန်လိုခြင်း၊ ကျူးကျော်နှောင့်ယှက်ခြင်းကို လူကောင်းတို့၏ လက္ခဏာတစ်ရပ်အနေဖြင့် လက်ခံထားကြသည်။ ထိုကိစ္စမှာ အရှေ့တိုင်းသားတို့အဖို့ မလိုလားအပ်သော လူ၏ အရည်အချင်းတစ်ခုဖြစ်သည်။ ပရင့်စကိန်းသည် ပေါ်ပြူလာဖြစ်ခြင်းအတွက် လူတို့တွင် ရှိရမည့် အရည်အချင်းများ စာအုပ်များကိုလည်း ပြုစုသူဖြစ်ရာ Coolness သည် ပေါ်ပြူလာဖြစ်ရန် အကြောင်းတစ်ခု ဖြစ်သည်ဟု ဆိုပါသည်။

သုတေသနပြုသူများက လူတို့၏ အရွယ် အမျိုးမျိုးတွင် လူပျိုဖော်ဝင်စ (Adolescence) အရွယ်သည် လူအများအဖို့ အေးဆေးစွာ နေလိုခြင်းအတွက် စိတ်ဓာတ်အရ ရှင်သန်ဆုံးအချိန် ဖြစ်သည်။ သူသည် လူအများက ဝယ်သည့်ပစ္စည်း၊ မည်သူ့ကို ချစ်ခင်သည်၊ ဘယ်လို စကားပြောရမည်နှင့် ပျော်ရွှင်မှုအတွက် ဘာတွေ လုပ်ရမည် ဆိုသော အချက်များက လွှမ်းမိုးနေသည်။ 

သို့သော် သင်ယုံကြည်သည့် အေးချမ်းတည်ငြိမ်မှု ဆိုသည်မှာ ကျယ်ပြန့်သော ယဉ်ကျေးမှုနယ်ပယ်တွင် သင့်ခံယူချက်နှင့် ကိုက်ညီလိုမှ ကိုက်ညီပါလိမ့်မည်။ အေးချမ်းတည်ငြိမ်သောသူနှင့် လူကောင်းတို့မှာ အခါခပ်သိမ်း တူညီကြသည် မဟုတ်ပေ။ ကောင်းသောသူနှင့် တည်ငြိမ်မှုရှိသောသူတို့ကို ခွဲခြားရန် လူအများကို မေးသောအခါ ကြင်နာတတ်ခြင်းနှင့် ကူညီလိုခြင်း ၂ ခုမှာ ကောင်းသောသူတွင် ရှိသည်ဟု ဖြေဆိုသည်။

ထို့ကြောင့် အေးချမ်းတည်ငြိမ်သောသူ ဆိုသည်မှာ လူတို့၏ ဦးတည်ချက် ဖြစ်သင့်၊ မသင့် စဉ်းစားကြည့်သင့်သည်။ သုတေသနပြုသူများက ဤကိစ္စအပေါ်  သံသယရှိကြသည်။ 

လူတို့သည် အေးဆေးတည်ငြိမ်စွာ နေနိုင်ရေးအတွက် စွန့်စားရခြင်း၊ ငယ်ရွယ်စဉ်ကာလ၌ ဖြစ်ပါက ဘေးပတ်ဝန်းကျင်တွင် ပေါ်ပြူလာဖြစ်ခြင်းကြောင့် ဆိုးကျိုးများ ရှိ၏။ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော စူးစမ်းလေ့လာမှုတစ်ခုက ၎င်း၏အန္တရာယ်များကို ဖော်ပြခဲ့သည်။ ဆယ်ကျော်သက်အရွယ်တွင် ဤကဲ့သို့ ပြင်ပမှကြည့်လျှင် အေးဆေးသည်ဟူသောအဖြစ်ကို ရရန် ကြိုးစားသော လူငယ်အများအပြားမှာ အသက်၂၀ကျော်လာသောအခါ တွင် အရက်သေစာသောက်ခြင်း၊ ဆေးချခြင်းနှင့် လူမှုဆက်ဆံရေးနယ်ပယ်တွင် အခက်အခဲများစွာ ကြုံရသည်ဟု ဆိုပါသည်။ သူတို့သည် အစွန်းရောက်သော အပြုအမူများကို သူတို့၏ အေးဆေးသော အမူအရာဖြစ်ပေါ် ရေးအတွက် ပြုလုပ်ကြသည်ဟု ဆိုသည်။

(၃)

ကျောင်းသားငယ်တစ်ယောက် ကျောင်းတွင် ပေါ်ပြူလာဖြစ်ရေးမှာ သူတို့၏ အရည်အချင်း၊ စိုးမိုးမှုနှင့် မြင်သာထင်သာရှိမှု တို့အပေါ်တွင်မူတည်ရပေရာ ထိုအရာများရရှိအောင် ကြိုးစားရမည့်အပြင် နောင်လာမည့် အရေးကိစ္စများတွင် အောင်မြင်မှုရရေးမှာလည်း ထိုအလုပ်ပေါ်တွင် မူတည်နေသည်ဟု ဒေါက်တာပရင့် စကိန်း က ဆိုသည်။ ကလေးတစ်ယောက်သည် အေးချမ်းငြိမ်သက်သော လက္ခဏာမရှိသည့်တိုင် အရင်းနှီးဆုံး မိတ်ဆွေ တစ်ယောက်၏ ထောက်ခံမှုကို ရသည်ဆိုလျှင်ပင် သူတို့အတွက် အောင်မြင်မှုရနိုင်သည်ဟု ဆို၏။

Ref: What makes Someone Cool? By Christina Caron N.Y. Times 30 June 2025



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar