Breaking News

Louis - လမ်းမီးတိုင်အောက်က ခေတ်သစ်လင်ကွန်းများ



Louis - လမ်းမီးတိုင်အောက်က ခေတ်သစ်လင်ကွန်းများ
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၆

ဆောင်းလေအေးတချက်က ဝေ့၍တိုက်ခတ်သွားသည်။ သီတင်းကျွတ်ပိတ်ရက်လည်းနီးပြီမလို့ ပျော်စရာပဲဟု တွေးလို့မဆုံးမီတွင် ဘီဘီစီ သတင်းသံ တချက်ကြားရသည်။ သေချာသည် ထိုအသံသည် ကျမတို့ ဆရာကြီး၏ ဖုန်းမှ ထွက်ပေါ်လာသော အသံပင်ဖြစ်သည်။ ကျမတို့ဆရာကြီးက စတားလင့်ဆိုင်က ဒေါင်းလုတ်ဆွဲလာသော သတင်းများကို အကျယ်ကြီး ဖွင့်လျက် ကျောင်းထဲလျှောက်သွားလေ့ ရှိသူဖြစ်သည်။ အခုလည်း မနက်ဖြန် သင်္ချာ‌ဖြေရမည် ဖြစ်‌သောကြောင့် ကျောင်းသားတွေ စာလုပ်မလုပ် ဆရာကြီးက ဝရောင်းချက် လုပ်နေခြင်းပင်။

ကျမတို့ကျောင်းအဆောင်တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၄ ဦး ရှိသည်။ ကျမတို့မြို့တွင် ရေအားလျှပ်စစ်က ည ၉ နာရီပြတ်လေ့ရှိသည်။ ထို့ကြောင့် ကျောင်းဝန်းထဲရှိ ဆိုလာလမ်းမီးတိုင်များသည် ကျမတို့အဖို့ အားကိုးစရာဟုပင် ဆိုရမလိုပင်။ ဤလမ်းမီးတိုင်များ တပ်ဆင်ထားသည်မှာလည်း တပါတ်မပြည့်သေးပေ။ ကျမတို့ စာမေးပွဲ မဖြေခင် လေးရက်အလိုက မြို့မြူနီစပါယ်အဖွဲ့က တပ်ဆင်သွားခြင်းဖြစ်သည်။ လမ်းဘေးရှိ ဓါတ်တိုင်အကုန်နီးပါးတွင် တပ်ဆင်သွားသော်လည်း ကျမတို့ကျောင်းအတွင်းရှိ ဓာတ်တိုင် နှစ်တိုင်တွင် တတိုင်ကိုမူ တပ်ဆင်သွားခြင်းမရှိ။ ဒါ့ကြောင့် ကျမတော့ သိပ်မကျေနပ်ပေ။ သို့ပေသည့် အခုတိုင် ကျမသည် သူတို့တပ်ထားသော လမ်းမီးတိုင်အောက်တွင် မဟုတ်ပါလော။

ကျမတို့ဆရာကြီးက တခါသားပြောဖူးသည်။ အမေရိကန်သမ္မတကြီး တဦးက ကျမတို့လိုပဲ မီးဖိုဘေးတွင် စာလုပ်ခဲ့ရသည်တဲ့။ ကျမလည်း ဒီဒေသ၏ ခေါင်းဆောင်ကြီးတဦး ဖြစ်လာနိုင်သည်မဟုတ်‌ပါလော။

ယခုလက်ရှိတွင်တော့ လမ်းမီးအောက်က ကျောင်းသူတဦးပင်ဖြစ်သည်။ လမ်းမီး မှိန်မှိန်‌အောက်တွင် ကြိုးစား၍ စာလုပ်နေရင်း စက်ယန္တရားကြီးများ၏ အသံမျိုးစုံကြားနေရသည်။ ၎င်း စက်ယန္တရားကြီးများသည် ကျမတို့ ကျောင်း‌ရှေ့ လယ်ကွင်းစိမ်းစိမ်းများကို မြေစာပုံဘဝပြောင်းနေသော ကိရိယာကြီးများပင်ဖြစ်သည်။ စက်ယန္တရားကြီးများ၏ တဝေါ‌တဝေါသံများသည် ၂၄ နာရီလုံး မတိတ်။ သူတို့ အိပ်မှ အိပ်ကြပါ့မလားဟု ကျမတွေးမိသည်။

ကျမသည် လက်ရှိကိုးတန်း ကျောင်းသူ တဦးဖြစ်သည်။ ကျမတို့ရွာမှ မြို့သို့ကျောင်းလာတတ်သော တဦးတည်းသော ကိုးတန်းကျောင်းသူဖြစ်သည်။ ကျမသူငယ်ချင်း အများစုသည် ယခု ကြားနေရသော စက်ယန္တရားကြီးများရှိရာတွင် အလုပ်လုပ်ကိုင်‌နေကြသည်။ အီမိုးဆိုသော ကျမသူငယ်ချင်းသည် ဖိုးဝှီးကားကြီးပေါ်တွင် မင်းသမီးပမာ ကြော့မော့စွာ ထိုင်လျက် ကျောင်းရှေ့မှ ဖြတ်သွားလေ့ရှိသည်။ သူ၏အလုပ်က ရွှေဆိုဒ်တွင် ထမင်းချက်။ တလ ၁၀ သိန်းရသည်။ အိုက်ယု ကမူ ၆ သိန်းသာ ရသည်။ ဘာကွာသလဲ ကျမမေးတော့ အိုက်ယုက ပြောသည်မှာ အီမိုးက မိန်းခလေးတဲ့။ ကျမ နားမလည်ပါ။

ကျမကိုလည်း အမေက အလုပ်လုပ်စေချင်သည်။ သို့သော်ကျမက ကျောင်းတက်ချင်လွန်း၍ အစာအငတ်ခံဆန္ဒပင် ပြခဲ့ရသည်။ ရွာမှ ခွာ၍ မြို့သို့ဆင်းလာသည်မှာ တူသော်လည်း ကျမနှင့် သူတို့နှင့် မတူ။ အီမိုးက လှလာသည်။ အိုက်ယုက မအိပ်တဲ့ဆေးတွေသောက်ရင်း ပုံစံက တမျိုးပြောင်းလာသည်။ ကျမကမူ ကျောင်းဝန်းထဲရှိ မီးတိုင်အောက်က မိန်းကလေးတစ်ဦးဖြစ်သည်။

ရုတ်တရက် ကျမနာမည် ခေါ်သံကြားမိသည်။ ဆရာကြီး၏ ဆူသံပင် ဖြစ်သည်။ မီးတိုင်အောက်တွင် စာမလုပ်ဘဲ အတွေးများနေသော ကျမကို တဘာသာကျလျှင် နှစ်ချက်ဟု အော်ပြောနေခြင်းပင်ဖြစ်သည်။ မှန်သည်။ မနက်ဖြန် သင်္ချာဖြေရမည်။ မှိန်တုတ်တုတ်လမ်းမီးကို ငြူစူရင်း ကျမ သင်္ချာ ဆက်တွက်သည်။ သို့သော် အတွေးက မငြိမ်။ ထိုစဉ် ရဲသားသုံးဦးက အိတ်ဇောပေါက်နေသာ ဆိုင်ကယ်ဖြင့် ဝေါကနဲ ဖြတ်သွားသည်။ ကျမနားအူသွားသည်။ ဘယ်လို လူတွေလဲဟု ကျမရေရွတ်လိုက်သည်။

ကျမတို့ရွာတွင်မူ ရွာဥက္ကဌက ဆိုင်ကယ် တစီး သုံးဦးပေးမစီးပါ။ အတော်ကြီးကျယ်သော ဥက္ကဌ ပင်ဖြစ်သည်။ မြို့မှာ ရဲတွေ၊ စစ်သားတွေ စီးနေသော်လည်း တားမည့်ဥက္ကဌ မရှိ။ သူတို့ကို တားရန် ကျမတို့ရွာက ဥက္ကဌကို ကျမခေါ်လိုက်မည်ဟု တွေးမိသည်။ ဥက္ကဌအကြောင်း တွေးရင်းမှ သတိရသွားတာ တခုရှိသည်။

ဥက္ကဌ၏ သမီးတွေက ကျောက်မဲက စကစ ကျောင်းတွင် ကျောင်းတက်နေသည် မဟုတ်လော။ ကျမတို့ကျောင်းလေယာဉ်နဲ့ အပစ်ခံရချိန် သူတို့သမီးက သူတို့ကျောင်းဆုပေးပွဲမှာ ပထမ ရခဲ့သည်။ ဥက္ကဌ တင် မက ကျမတို့ရွာက TLEC ဆရာမကလည်း သူ့သားကို ကျောက်မဲ ပို့ထားသည်။ အကြောင်းက တရုတ်စာ တတ်စေချင်၍ဖြစ်သည်။ ကျမတို့ကမူ ယခုနှစ်ဝက် ဖြေသည့်တိုင် ပုံနှိပ် အစုံ မရသေးပါ။

သို့သော် ကျမပျော်သည်။ လေယာဉ်လာလျှင်ပြေးရသော၊ စာအုပ်မစုံသော၊ ဆရာ/မ မလုံလောက်သော ဤကျောင်းတက်ရဖို့ပင် ကျမ အဆာ အငတ်ခံခဲ့ရသည် မဟုတ်ပါလော။ ကျမရှေ့က ထိုင်၍ သင်္ချာတွက်နေသော ၁၂ တန်း မမသည် ယမန်နေ့က သူတို့အင်္ဂလိပ်စာတွင်ပါသော Equal access to Education and Education is for all ဆိုပြီး ဖတ်နေခဲ့သေးသည်။ သူဖတ်ခဲ့သောနေရာကား ဤမီးတိုင်အောက်တွင်သာ။ မီးတိုင်အောက်က ကျမလည်း ၁၂တန်းမမ ဖတ်နေသော Equality ကဗျာနားထောင်ရင်း မနက်ဖြန်သင်္ချာနေ့အတွက် အားမွေးရပါဦးမည်။




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar