ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၇)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၇)
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၆
ဒီရက်ပိုင်း မအလ ဟောင်ချက်တွေကတော့ ခေါင်တက်နေပြီလေ။ တက်ဆို အမေဒစ်ကန်နဲ့ ဆက်ဆံထားသကိုး။ အရှေ့တင်မက အနောက်နဲ့ပါ ဆက်ဆံထားတော့ မာန်ထောင် ဟန်ဆောင် ပြန်ဟောင်ပြီပေါ့။
အင်း... ဟောင်လို့သာ ဟောင်ရတယ်၊ ရုပ်ကလည်း ပုတ်အဲ့၊ နာမ်ကလည်း စုတ်ပဲ့၊ အူသံကလည်း ချည့်နဲ့၊ ဟောင်သံကလည်း အိပဲ့။ နဂို မပီရတဲ့ကြားထဲ မဟီရတာကြာတဲ့ မြင်းအို စမြင်းခံနေသလိုပုံနဲ့ တုန်နေတဲ့ ဟောင်သံမှာ တောင်ပံကျွတ်နေတဲ့ လဒ ငှက်ကုလားအုတ် ခွခံထားရတဲ့ မျက်နှာပေးနဲ့ ခွေးမာန်တွေပျောက်၊ ခွေးသံတွေ ဖောက်နေပုံများ ခွေးဒလန်တွေတောင် အောက်က လိမအာရဲတော့တဲ့အထိ။
မအာရဲဆို သူ့ရဲ့ NCA မြန်ပြည်ကြေပွဲကို မအလခမျာ မလာသာဘူးလေ။ တီဗီထဲကပဲ အူရဟောင်ရတာကလား။ အခေါင်းတွေ ပြင်ထားတဲ့ အခမ်းအနားမှာ ခွေးချုပ်စောက်ခွက်ကြီး ပေါ်လာတော့ အနောက်ဘက် ဆက်ဆံတာ များသွားလို့ ပက်လက်လန် မသာပေါ်သွားပြီလား ထင်လိုက်သေးတာ။ အသံကတော့ ချူနာ အူချာ အင်း လူတကာနဲ့ ဆိုတာလို။
ဖက်ဒရယ်စနစ် ဆိုတာ ဘာညာကစလို့ မြန်ပြည်ကြေ NCA ဆိုတဲ့ပွဲမှာ သူ့အဆင်လေးတွေ လာထိုင်ခိုင်းပြီး အမြီးလေးလှုပ် နှုတ်သီးလေး စူကာစူကာနဲ့ မူယာလှိုင် မာယာအောင် စိုင်းစိုင်းအူဟောင် လုပ်တာပေါ့ကွယ်။ တီဗီကနေ မပီမသ အအ သရဲရိုးခံရတဲ့ အသံမျိုးနဲ့ ဝိုးတိုးဝါးတား အူတာ ဟောင်တာဆိုတာ နှုတ်သီးတော်ဖွာလန်နဲ့ ဖာဆန်နေမှုကြီး တဖြတ်ပေါ့။
လွှတ်တော်ထဲ ၂၅ ရာခိုင်နှုန်း ဝင်ထိုင်ပြီး ကာချုပ်နဲ့ ဖာချုပ်တွေ ကိုယ်ထင်သလို ခန့်ထားရတာကို အားမရလို့ အာဏာတက်သိမ်းထားတဲ့ ကောင်က တိုင်းရင်းသားတွေကို "ခင်ဗျားတို့ ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့် ရတော့မှာ" လို့လည်း အူလား အူရဲ့။
တရုတ် တားပေးလို့ အသာတကြည် စစ်ရပ်ပေးထားရတဲ့ ကိုးကန့်တို့၊ တအာင်းတို့ကိုတောင် "နယ်မြေသတ်မှတ်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် BGF လုပ်၊ လက်နက်ချ၊ ပါတီထောင်ပြီး လွှတ်တော်ထဲ လာခဲ့" ဘာညာနဲ့ မချေမငံ ဆက်ဆံတာများလာလို့ တရုတ်ကတောင် NCA မြန်ပြည်ကြေပွဲမှာ ဗီဒီယိုကတဆင့် လူနည်းစုတိုင်းရင်းသားတွေအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပုံစံရှာဖို့ မအလ ငလမကို နှုတ်သီးတချက် ဝင်ကန်သွားသေးတယ်။ ဂိန်ဂိန်တောင် မအော်ရဲဘဲ ပြာပုံဘေးမှာ ဝဲနာလောက်ကိုက်သလို အီရုံသာ အီနေရတော့တာ။
ဒီတခါ ဟောင်ပုံက အတော်စုံတယ်။ ရှမ်းနဲ့ ကချင်မှာ လူမျိုးစုံတယ်၊ တမျိုးပိုင် မဟုတ်၊ ရှမ်း/ကချင် အစား တခြားနာမည်ပြောင်းကြ ဆိုပြီးလည်း ဆယ်အိမ်ခေါင်း မုန့်ဝေတဲ့ လေသံနဲ့ ရန်တိုက်ဟောင်က ဟောင်လိုက်သေးတယ်။
KNU၊ CNF နဲ့ ABSDF တို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဟောင်သံပေးပြီး PDF တွေကိုတော့ စစ်တပ်ဘက် ပြောင်းလာဖို့ အူပြန်ရော။ နုကြည်အောက် မနေနဲ့ပေါ့လေ။
ခွေးရူးသတ်ဖို့ လက်နက်ကိုင်ထားပါတယ်ဆို ခွေးက လာဟောင်ရုံနဲ့ ဘယ်သူက လက်နက်ချမလဲ။ ဖင်လေးဒရွတ်ဆွဲ ဘွတ်အဲကြီး မြက်မဝ တက်မခွကြလို့ ညှီပြ ပလီပြတယ်ဆို နည်းနည်းတော်သေး။
ရွာတကာ၊ ရပ်တကာ၊ မြို့တကာဝင် မြင်သမျှ လိုက်ကိုက်နေတဲ့ ခွေးရူးက ငြိမ်းချမ်းရေးဆိုပြီး ထထအူနေတဲ့ ကိစ္စကို လူတကာ ရွံလှ၊ စက်ဆုတ်လှ။ အဲဒီ ခွေးရူး၊ ခွေးဘီလူး၊ ခွေးငမူးကပဲ လူတွေဟာ အသာတကြည် အကိုက်မခံဘဲ ခွေးတွေကို ပြန်ပြီး အမြီးနင်း၊ နှုတ်သီးဖြတ်ရိုက်တာကို "အကြမ်းဖက်နည်းလမ်းတွေ" တဲ့။ အဲဒီ အကြမ်းဖက် ခွေးနှိမ်နင်းမှုတွေကို စွန့်လွှတ်ပြီး အမဲရိုးလေးယူကာ မနာမမြည် အကိုက်ခံ ခွေးရူးပျံပိုးဝင် အသေခံဖို့ ဆိုပြီး PDF တွေကို ကြောင်တောင်တောင် ဟောင်ရင်း ခွေးပါးဝနေတာတွေလည်း နားကလော်ကြ။
“ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ အကြမ်းမဖက်တဲ့ လုပ်ရပ်မှန်နဲ့သာ သွားရမှာဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်ပြီး လုပ်ကြစေလိုပါတယ်” တဲ့၊ တကယ့် မြေမျိုမယ့်၊ မိုးကြိုးပွတ်မယ့် ဟောင်ချက်ကြီး။ ချေးကားတိုက်မယ့် ဟောင်ချက်ကြီး။ အင်း... ချေးကားတိုက်လည်း ခွေးဆိုတော့ ပျော်မဆုံး မော်မဆုံး ဖြစ်နေဦးမှာ။ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီဆိုတာ နံ့သာဆီနဲ့ အီးလေ။ အဲလိုမျိုးတွေကို ခွေးသူခိုးပီပီ နှုတ်သီးကောင်းလျှာပါးကလည်း ဟောင်လိုက်သေးတာ။ ဘာတဲ့...
“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မိမိတို့ ဖြစ်ချင်တာတွေကို တောင်းဆိုနေမဲ့အစား ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ ဖြစ်နိုင်တာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဆိုလား။ ခွေးပါးစပ်က နတ်စကား နားခါးလှ။ တကယ်က တိုင်းရင်းသားတွေက ကိုယ့်လူမျိုး၊ ကိုယ့်နယ်၊ ကိုယ့်ဘာသာ အုပ်ချုပ်ချယ်လှယ်ရေး ပြောတာလေ။ "နင်တို့တပ်နဲ့ ငါတို့ဘဝ ဘာမှမဆိုင်၊ မချုပ်ကိုင်ချင်နဲ့" ပြောတာလေ။ အဲဒါ ဖြစ်သင့်ဖြစ်ထိုက်တာတွေချည်းပဲလေ။ နင်တို့နဲ့ ဘာတွေ့ဆုံဆွေးနွေးလို့မှ အဖြေရှာစရာလည်း မရှိ၊ အဲဒီအတွက် ဘာပူးပေါင်းဆောင်ရွက်စရာမှလည်း မရှိ၊ နင်တို့ အုပ်ချုပ်စီမံတာ ခံချင်တဲ့ တိုင်းရင်းသားလည်း တယောက်မှ မရှိ။ ခွေးရူးဇာစ်မြစ် ဖြတ်မဲ့ခေတ်ဆိုတာကို မသိချင်ယောင်ဆောင်ပြီး လူရှိန်မလား ဟောင်ကြည့်တာ။ ဘယ်လူက ခွေးကို ရှိန်မလဲ။
ဗုံးပတ်ကြဲ၊ မီးတိုက်၊ သတ်ဖြတ်နေတဲ့ကောင်၊ ဖမ်းတာ ဆီးတာကလွဲ ဘာမှမဟောင်တတ်တဲ့ကောင်က "အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေး နောက်ကျမယ်" လို့ အစွယ်ဖြဲပြသေးတာ။ သွားကြားမှာက ချီးကလွဲ ဘာမှမရှိ။
ခွေးရူးတွေ မရှိရင် အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေး အလိုလို ကောင်းလာမှာ သိလို့ ခွေးဘီလူး၊ ခွေးငမူး၊ ခွေးအရူး ရှင်းလင်းရေး လုပ်နေပါတယ်ဆို ရူးသလို ပေါသလို အူသလို ကြောင်သလို ဟောင်ဟောင်နေတယ်။
နားကလော်လွန်းလို့ ထင်ရဲ့၊ ကိုယ့်ပြည်သူကို သတ်ဖြတ်နေတဲ့ ကမ္ဘာ့စစ်ရာဇဝတ်ကောင် မအလ ငလမနဲ့ ဘယ်နည်းနဲ့မှ ဆွေးနွေးဖို့ မဖြစ်နိုင်ဘဲ အနှစ်သာရမရှိတဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကိုလည်း ထည့်စဉ်းစားဖို့ အကြောင်းမရှိလို့ ပဒိုစောတောနီးက နှုတ်သီးဖြတ်ရိုက်လိုက်မှ တဂိန်ဂိန် အော်ပြီး အဟောင်ရပ်တော့တာ။
သောက်ရူးထ အာဏာသိမ်းလိုက်မှတော့ အပစ်ရပ်စာချုပ်ဆိုတာ အလိုလို ပျက်သွားတော့တာလေ။ အာဏာသိမ်းပြီး တွေ့သမျှ လိုက်သတ်နေမှတော့ အပစ်ရပ်ဆိုတာ အလိုလိုရပ်သွားပြီး ပြန်ပစ်ခတ်ရတော့တာပေါ့။ ခွေးက ခွေးရိုက်တုတ်ပဲ ကြောက်တာမဟုတ်လား။ လိုက်ကိုက်ဆဲ ခွေးဆိုးကို အမဲရိုးကျွေးခိုင်းနေတာ နည်းလမ်းကျရဲ့လား။ ABSDF ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း “လက်ရှိ ပကတိ အခင်းအကျင်းမှာတော့ ဒီ NCA စာချုပ်ဟာ သေဆုံးသွားတဲ့ ရုပ်အလောင်းတစ်ခုကို အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတကာကို မျက်လှည့်ပြ လှည့်စားနိုင်ဖို့အတွက် မရမက ပြန်လည်အသက်သွင်း အသုံးချနေတဲ့ နိုင်ငံရေးအရ လှည့်ကွက်သာဖြစ်” လို့ ရေးသားဖော်ပြလိုက်တော့ AB ကို အမြီးနှန့်ပြနေတဲ့ ရွေးတု ခွေးပုလည်း အမြီးကုပ်သွားတယ်။
ဘောမရပ်ကွက်က သူတို့ရဲ့ ရွေးတုခွေးပုရဲ့ ဂွေးဥကို လာမကိုင်တဲ့ မုတူးဆေးဖိုးတို့တွေကိုတဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး ရယူပြီးတဲ့အခါ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်လိုတယ် ဆိုရင် ဥပဒေနဲ့အညီ ပါတီထောင်ဖို့နဲ့ ကာကွယ်ရေးတာဝန်တွေ ထမ်းဆောင်လိုရင် စစ်တပ်နဲ့ ပူးပေါင်းပြီး နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲဖို့၊ စီးပွားရေးလုပ်ချင်ရင်လည်း ရတယ်လို့ ဟောင်သံပေးလိုက်တယ်တဲ့၊ ကြွားနေကြတာ။ သူတို့လို လွှတ်တော်ထဲ ခွေးတိုးပေါက်ကဝင်ပြီး ချေးဝင်ထိုင်ပန်းဖို့ထိတော့ စိတ်မကူးကြနဲ့လို့ ဟောင်ကြတာပေါ့လေ။
👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
