ဆယ်ပေါင်တူ - ဆယ်ပေါင်တူ၏ ဆစ်ဂနယ် ရှာပုံတော်
ဆယ်ပေါင်တူ - ဆယ်ပေါင်တူ၏ ဆစ်ဂနယ် ရှာပုံတော်
မိုးမခ ၊ ဩဂုတ် ၁၇ ၊ ၂၀၂၅
ဆယ်ပေါင်တူသည်လည်း ဘာသားနှင့်ထုထားပါလို့လဲဟုသာ သက်ပြင်းအခါခါချရင်း အစပြုလိုက်ချင်ပါသည်။ မိကြင်စိုး အတင်းအဓမ္မ မတန်မရာ သူကြီးတက်လုပ်နေသည့် ကာလတွင်၊ ခရိုနီမဟုတ်သော အများထဲက တယောက်ဖြစ်သည့် ဆယ်ပေါင်တူသည် သမုဒ္ဒရာ ဝမ်းတထွာအတွက် ယက်ကန်ယက်ကန်ဖြင့် ရုန်းကန်လှုပ်ရှားနေရတာကတော့လည်း အဆန်းမဟုတ်။
ဆယ်ပေါင်တူတို့၏ ‘နထို့ပလို့’ရွာကြီး ဆိုသည်က စကတည်းက ယဉ်သကို ဆိုသလို၊ ရွာနံမည်စပေးရာတွင်တောင်မှ တညီတညွတ်တည်း မရှိကြ။ ပြောခဲ့ဖူးပေမင့် မေ့တေ့တေ့ ဖြစ်နေသူများလည်း ရှိနိုင်သည်မို့၊ ပြန်ပြောရချေဦးမည်။ ရွာတောင်ပိုင်းမှလူများက အီကြာကွေးပရိသတ်။ လက်ဖက်ရည်ဆိုင်မှ အီကြာကွေးကို ပြောခြင်းမဟုတ်၊ ကညာ အကြီး အသေး မရွေး ကြိုက်ကြသည့် ‘ဆရာကြီးကွေး’ကို ဆိုလိုခြင်း ဖြစ်သည်။ သူတို့က ဆရာကြီးကွေး၏ စာတွေထဲမှ ‘နထို့ပလို့’ရွာ ဆိုသည်ကို သဘောကျကြသောကြောင့် ရွာအမည်ကို ‘နထို့ပလို့’ ဖြစ်စေချင်ကြသည်။
ရွာမြောက်ပိုင်းက သူများကျတော့ သမိန်ပေါသွပ်မှ သမိန်ပေါသွပ်၊ တပြားသားမှ မလျှော့။ သူတို့က ‘သမိန်ပေါသွပ်ထဲက ‘ယလွတ်ပလွတ်’ မြို့အမည်ကို ပိုကြိုက်ကြလေသည်။ ဤသို့ဖြင့် အငြင်းအခုံတွေ ဖြစ်ကြရင်း အကျယ်အကျယ် မငြိမ်းဘွယ် ရန်ပွဲများနှင့် တုတ်တပြက် ဓားတပြက် ဖြစ်ကုန်ကြကာ၊ အဆုံးမတော့ ဟိုညှီဒီညှိနှင့် ဂုရုကွေးကြီး၏ ‘နထို့’ နှင့် သမိန်ပေါသွပ်ဆီမှ ‘ပလွတ်’ကို မရမက ပေါင်းပြီး ‘နထို့ပလွတ်’ ရွာကြီး ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။
နဂိုကပင် မညီမညွတ်ဖြစ်ကြသည့် ဤ’နထို့ပလွတ်’ရွာကြီးသည် သန္ဓေမမှန်သူ မိကြင်စိုးလက်ထက်တွင် တနေ့ထက်တနေ့ ဂျုံးဂျုံးကျကာ ဆယ်ပေါင်တူတို့လို သာမန် လက်လုပ်လက်စားများ ပိုမိုကျပ်တည်းလာခဲ့ရတော့သည်။ ဘယ်လိုပဲပြောပြော လုပ်တတ်ကိုင်တတ်ရှိသည့် ဆယ်ပေါင်တူက သူများထက်တော့ အဆင်ပြေသည်ဟု ပြောရချေမည်။ တကယ်က လုပ်တတ်ကိုင်တတ်ဟုလည်း အတိအကျ ပြော၍မရ။ ဆယ်ပေါင်တူသည် ဟုတ်တိပတ်တိ ဘာမှလုပ်တတ်သူမဟုတ်။ သို့ရာတွင် ကြံရည်ဖန်ရည်ကောင်းသူတဦးလို့တော့ ဆိုနိုင်သည်။
ဘာမှ မယ်မယ်ရရ မလုပ်တတ်ဘဲ လက်ဖက်ရည်ဆိုင်၊ ထန်းရည်ဆိုင်တို့တွင် တနေကုန် တနေခန်း အရည်မရ အဖတ်မရ ပြောနေတတ်သူ ဆယ်ပေါင်တူကို ရွာထဲက ‘အာ’ သမားဟုသာ သတ်မှတ်ထားကြသည်။ တချို့ကဆို ‘အာပေါင်တူ’ လို့တောင် နောက်ပြောင် ခေါ်ဝေါ်ကြသည်။
အနှီ ဆယ်ပေါင်တူသည် ဖေ့စ်ဘွတ် ယူကျူ့ တို့မှ တပြားသားမှ မရဘဲ တောက်တောက်ပြောင်ပြောင် ဖြစ်လာခဲ့သည်ဆိုလျှင်၊ ခေသူ မဟုတ်သော ဆယ်ပေါင်တူဟု အများ လက်ခံကြရပေလိမ့်မည်။
လယ်မရှိ ယာမရှိ ဘာသီးနှံမှလည်း မစိုက်ပျိုးတတ်၊ ဘာဆိုဘာမှ လက်ဝယ်ပိုင်ဆိုင်မှု မရှိသော ဆယ်ပေါင်တူသည် နေ့ချင်းညချင်းဆိုသလို ‘နထို့ပလွတ်’ရွာကြီးတွင် ဩဇာတိက္ကမရှိသူ ဆရာလိုလို သမားလိုလို အကောင်လိုလို သမ္ဘာလိုလို နေရာရသွားသည်ဆိုလျှင် အံ့အားသင့်ကြမည်ထင်သည်။
အမှန်က ဘာမျှအံ့ဩစရာ မရှိ၊ ဘာမှမရှိ ဘာမှမတတ်သော ဆယ်ပေါင်တူတွင် ‘အာပေါင်တူ’ဟု အမည်တွင်စေခဲ့သည့် ပါးစပ်ကြီးရှိသည်ကို မမေ့ကြစေလို။ ဆယ်ပေါင်တူတွင် ဘာစိုက်ပျိုးမြေမှ မရှိပေသည့် လယ်ပိုင်ယာပိုင်များကို စကားလုံး ကြီးကြီးများနှင့် ဟိုပြော ဒီပြော စည်းရုံးတတ်သည်။ ရွာထဲရှိ လုပ်တတ်ကိုင်တတ် စိုက်ပျိုးတတ်သူများကိုလည်း မစားရဝခမန်း ပြောဆို စည်းရုံးပြီး ထိုလယ်မြေများတွင် ထွန်ယက်စိုက်ပျိုးစေသည်။ ထွက်လာသော သီးနှံများကိုကျတော့ ရွာနီးချုပ်စပ်မှ ကား၊ ထော်လာဂျီပိုင်ဆိုင်သူများနှင့်ညှိကာ မြို့သို့ သွားရောင်းစေသည်။ မြို့တွင် ဝယ်ယူမည့် ပွဲရုံများနှင့်လည်း ဆယ်ပေါင်တူက ကြိုစကားပြောထားသည်။
ဤသို့ဖြင့် ပါးစပ်တခု အရင်းပြုပြီး ဆယ်ပေါင်တူ၏ အာစွမ်းရည်ကို အသုံးချတတ်မှုကြောင့် ဆယ်ပေါင်တူကို တရွာလုံးက အားကိုးအားထားပြုလာကြကာ၊ ရွာတွင် လူရာဝင်လာခြင်း ဖြစ်သည်။ တိုတိုပြောရလျှင် ဘာမှမတတ် ဘာမှမရှိဘ၊ အသို့လို နေရာရလာသော ဆယ်ပေါင်တူကို တိတ်တခိုးလေး အားကျနေသူ ၃ ဦး ရှိသည်ကို မူလ ဆယ်ပေါင်တူ မသိ။ သူတို့ကပင် ဆယ်ပေါင်တူ၏ အာစွမ်းရည်ကို လေးစားမိကြောင်း၊ ဆယ်ပေါင်တူကဲ့သို့ ပါးစပ်တခု အရင်းပြုကာ ‘ဆ ဆရာကြီး ခေါင်း လောင်းတီး’ဆိုသလို ပါးစပ်သုံးရုံဖြင့် ရရှိမည့် လူတွင်ကျယ် နေရာမျိုးကို အသည်း အသန် လိုချင်နေကြောင်း။ ပြဿနာက သူတို့တွင်လည်း ဘာမျှမရှိ၊ သူတို့အောက်တွင်လည်း ဘာဆိုဘာမျှ မရှိ၍ အခက်အခဲ တွေ့နေကြောင်း။ သို့အတွက် အတွေ့ အကြုံ ကြံရည်ဖန်ရည် များစွာရှိသည့် ဆယ်ပေါင်တူနှင့် မိတ်ဖက် ဆောင်ရွက်လိုကြောင်း မရှက်မကြောက် ပြောဆိုချဉ်းကပ်လာကြလေသည်။
ပုံမှန်အားဖြင့်ကတော့ ဆယ်ပေါင်တူက အခုလို ကိစ္စမျိုးကို လက်ရှောင်လေ့ရှိသည်။ သို့ရာတွင် စာထဲ၌ အင်္ဂလိပ်လို မြန်မာလို ခေါင်းစဉ်ရှည်ကြီး တတ်ထားပြီး ကော်မရှင် ဆိုသည့် စကားပါသည့်အတွက်တော့ စိတ်ဝင်စားသလို ဖြစ်မိသည်။ အေဘီစီဒီ လောက်သာ သင်ကြားဖူးတော့လည်း၊ ထိုသို့ အင်္ဂလိပ်စာတန်းမျိုး ပါလျှင်တော့ အထင်ကြီးစိတ် ပေါ်လာတတ်သည်။ ကော်မရှင်ခ ရသည့်အလုပ်မျိုး ဖြစ်လေမလား ဆိုပြီးလည်း စိတ်ပါချင်မိသည်။ သေစာ ရှင်စာလောက်သာ ဖတ်တတ်သည့် ဆယ်ပေါင်တူက အင်္ဂလိပ်-မြန်မာ ခေါင်းစဉ်ရှည်ကြီးကို ဖတ်လိုက် မေ့လိုက် ဖြစ်လေသည်မို့၊ ကိုယ် မှတ်တတ်သလိုသာ ထိုစာတမ်းနှစ်ခုကို ပေါင်းပြီး၊ ခပ်လွယ်လွယ် မှတ်ထားလိုက်တော့သည်။ အင်္ဂလိပ်လို R စာလုံး ပါမှန်းတော့ သိပြီး ဘာရေးထားသည်တော့ ကောင်းကောင်းမသိ၍ ‘အာ’ဟုသာ အလွယ်မှတ်သည်။ ဤသို့ဖြင့် ဆယ်ပေါင်တူ နားလည်သလို မှတ်ထားသည့် “နိုင်ငံလုံးဆိုင်ရာ အာတပ်ပေါင်းစု”မှ ပုဂ္ဂိုလ်ကြီးများနှင့် မက်ဆင်ဂျာ ဗီဒီယို ပြောဖို့ ချိန်းဆိုဖြစ်ခဲ့သည်။
အနှီ သုံးယောက်ပုံ တက်လာသည်ကို မြင်သော်လည်း ဆယ်ပေါင်တူကို သူတို့အာရုံမစိုက်နိုင်သေးပဲ တယောက် တပေါက် အော်ဟစ်ငြင်းခုံနေကြသည်။ သဲသဲကွဲကွဲ မကြားရလေတော့ ဘာကိစ္စမှန်းတော့မသိ။ ဆယ်ပေါင်တူ လိုင်းပေါ် ရောက်နေသည်ကို သတိထားမိတော့မှ နှုတ်ဆက်စကား လာပြောကြသည်။ အသက်အကြီးဆုံးပုဂ္ဂိုလ်က သူ့ကိုယ်သူ စမိတ်ဆက်သည်။ ငြင်းခုံပြောဆိုနေရာမှ ရပ်လိုက်သော်လည်း စိတ်ထဲ ကျေလည်ဟန်ပုံမရသည့်သူက’ ကျနော့်ကိုတော့ စစ်ရေး၊ နိုင်ငံရေး အကဲခတ်တတ်သူလို့ ပြောကြပါတယ်။ လူကဲခတ်တော့ မကောင်းပါဘူးဗျာ၊ ဒါ့ကြောင့်လည်း လူပေါင်းမှားမိတာပေါ့’ဟု ခပ်ငေါ့ငေါ့ စပြောလိုက်သည်။
ကျန်နှစ်ယောက်ကတော့ သူတို့ကို ရည်ရွယ်ပြောဆိုမှန်း သိပေသည့်၊ လူအများ၏ အပြောအဆိုခံနေကျ အရည်ထူသူများအလား၊ မသိချင်ယောင်ဆောင်သော ရုပ်တည်ကြီးတွေဖြင့် နေနေကြသည်။ ‘ကျနော့်အစ်ကို ပြောတာတွေ မယုံနဲ့ဗျ’ ဟု ဘာမဆိုင်ညာမဆိုင် စကားစပြောပြီး သူက ဘိလပ်မှာ နေကြောင်း၊ ဘိလပ်ပြန် ဆိုသည့် တွင်ကျယ်သော စကားလုံးကဲ့သို့ ၊ တချိန်ကျလျှင် သူ့ကိုလည်း ‘ဘိလပ်တန်’လို့ လူသိများနိုင်ကြောင်း မျက်နှာမြင်ရုံဖြင့် အာသမားမှန်း လွယ်ကူစွာ သိနိုင်သူက ပြောသည်။
ပင်ကိုသံဖြင့် မဟုတ်ဘဲ လုပ်ပြောသည့် အသံဖြင့် ၉၆ ပါးရောဂါပျောက်ဆေး လိမ်ရောင်းလေ့ရှိသူများ၏ ပြောဆိုဟန်ကို တုပပြောဆိုသူကတော့ သူတို့အထဲတွင် အငယ်ဆုံး ဖြစ်ဟန်တူသည်။ အခုချိန်မှာ သူဟာ ‘ကသုံးလုံး’၏ တပည့်မဟုတ်တော့ကြောင်း၊ သို့ပေတည့် အနှီ ‘ကသုံးလုံး’ဝန်ကြီး ဝန်ကလေး ဖြစ်သွားရင်တော့ တပည့်ပြန်ခံကောင်း ခံနိုင်ကြောင်း သူက ပြောသည်။ သူ ပြောသည့် ‘ကသုံးလုံး’ ဆိုသည်က ‘ကုက္ကိုလ်ကိုင်း’လား ‘ကုန်းကုန်းကိုက်’ လား ‘ကွေးကွေးကောက်’လား ဘာမှန်းမသိသော်လည်း ထပ်မေးမနေတော့။
သူတို့ ပြောသွားတာများ၏ အနှစ်ချုပ်ကတော့ ‘ဝ’မရှိပဲ ဝိလုပ်နိုင်သော ဆယ်ပေါင်တူ၏ အာစွမ်းရည်ကို သဘောကျသောကြောင့် ဆယ်ပေါင်တူ နားလည်သလို အလွယ်မှတ်ထားသော ထိုသူတို့၏ ‘နိုင်ငံလုံးဆိုင်ရာ အာတပ်ပေါင်းစု’ တွင် ပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း၊ အခုထက်ထိတော့ သူတို့တွင်လည်း ဘာဆိုဘာမှမရှိကြောင်း၊ ဆယ်ပေါင်တူက ကြိုက်သည့်ကော်မရှင် အမည်တပ်ကာ သူတို့လို ထိုကော်မရှင်တွင် ဥက္ကဋ္ဌလုပ်နိုင်ကြောင်း ပြောခြင်းဖြစ်သည်။
ဘဏ္ဍာငွေကြေး ရန်ပုံငွေအတွက်လည်း မပူပင်ဖို့ ပြောသည်။ လုပ်ချင်တာ လုပ်လို့ရအောင် စကြေညာကတည်းက ‘ဘဏ္ဍာ’ဆိုပြီး ဘဏ္ဍာကို ဝေ့လည်ကြောင်ပတ် ပုံပြောင်း ရေးထားကြောင်း။ လူ ၁၀၀ တွင် ၉၉ ယောက်က မယုံကြည်ကြသော်လည်း ကျန်မအူမလည်တယောက်ဆီက ကြံရည်ညှစ်သကဲ့ ရှိသမျှ အကုန်အစင် ရယူ ငွေရှာနိုင်စွမ်းရှိသူ ဆရာမနိုလင်းဟေဇာ၏ အသိသူတဦးက ရန်ပုံငွေရှာပေးလိမ့်မည်ဟုလည်း ပြောကြသည်။ ဘယ်သူ့ကို ပြောနေမှန်း မသိသော်လည်း ထုံးစံအတိုင်း နားလည်ချင်ယောင်ဆောင်လိုက်သည်။
ဆယ်ပေါင်တူလည်း အတွေးများစွာဖြင့် ကျန်ရစ်ခဲ့သည်။ ရွာမှာ စပါးပွဲစား၊ နှမ်းပွဲစားယောင်ယောင်၊ အာလူး ကြက်သွန် ပွဲစားယောင်ယောင် လုပ်နေသည်က အနေအစား ချောင်သော်လည်း နိုင်ငံလုံးဆိုင်ရာ ဘာညာအဖွဲ့ကြီးတွေလောက်တော့ လူရှိန်ကြမည်မဟုတ်ဟု တွေးမိသည်။
စစ်ရေး၊ နိုင်ငံရေး အကဲခတ်တတ်သော်လည်း လူကဲခတ်ညံ့သည် ဆိုသည့် ဆရာကြီးက သူလိုလူမျိုးက ဆယ်ပေါင်တူကို တူတူတန်တန် မိတ်ဘက်အနေဖြင့် ဆက်ဆံမည် ဆိုသည်ကို အခွင့်အရေးတခု မြင်ရန် ပြောသည်။ မိတ်ဘက်နှစ်မျိုးရှိကြောင်း သူ မနှစ်သက်သည့် အဖွဲ့အစည်း ဆိုလျှင်တော့ မိတ်ဘက်ဟု သူက ပြောပေသည့်၊ မတူမတန် မိတ်ဘက်ဟုသာ သတ်မှတ်ကြောင်း ရှင်းပြသည်။ နောက်ဆုံး ရေးသားသည့် စာအုပ်ထူကြီး ဆိုသည်ကို ပြကာ၊ ဆယ်ပေါင်တူကသာ သူနှင့်လက်တွဲလျှင် နောက်ထပ် စာအုပ်ထူကြီး ရေးဖြစ်သည့်အခါ ဆယ်ပေါင်တူ့အကြောင်းကို ထည့်ရေးပေးမည် ဆိုသည်ကလည်း မက်လောက်စရာ။
သူ့အစ်ကို ပြောတာကို မယုံဖို့ ထပ်တလဲလဲ ပြောတတ်သည့် ‘ဘိလပ်တန်’ ကလည်း ဖေ့စ်ဘွတ်လိုက်လွှင့်ရင် ဆယ်ပေါင်တူကို ဖိတ်ဦးမည်တဲ့။ ၉၆ ပါးရောဂါပျောက် ဆေး လိမ်ရောင်းသူ လေသံဖြင့် ပြောတတ်သူကလည်း သူ့ယူကျူ့ချန်နယ်တွင် အင်တာဗျူး ခေါ်လုပ်မည်ဟု ကမ်းလှမ်းပြန်သည်။
‘နထို့ပလို့’လို ရွာမျိုးမှာနေသည့် ‘ဆယ်ပေါင်တူ’အတွက်တော့ မဟာ့မဟာ အခွင့်အရေးများပင်။ တွေးရင်းနှင့်ပင် ခြေဖျား လက်ဖျားတွေ အေးလာသည်၊ ရင်တုန်ပန်းတုန်တွေ ဖြစ်လာသည်။ မှန်တာပြောရလျှင် ထိုကဲ့သို့ နိုင်ငံလုံးဆိုင်ရာအဖွဲ့ကြီးတွင် စကားလုံးကြီးကြီး အမည်တပ်ထားသော ကော်မရှင်ဆိုသည်ကြီး၏ ဥက္ကဋ္ဌရာထူးကို နန့်နန့်တက်အောင် လုပ်ချင်နေမိသည်။
သို့ရာတွင် ဆယ်ပေါင်တူတွင် ပြဿနာတခု ရှိနေသည်။ ထိုသူများက ဆယ်ပေါင်တူ ပါချင်လျှင် ‘ဆစ်ဂနယ်’ ဆိုတာသာ လှမ်းပေးလိုက်လို့ ခပ်လွယ်လွယ် ပြောကြသည်။
သူတို့ ပြောသည့် ‘ဆစ်ဂနယ်’ ဆိုတာကို ဆယ်ပေါင်တူ သိလည်း မသိ၊ ရှိလည်း မရှိ။
ဆယ်ပေါင်တူ သိသည့် ‘ဆစ်ဂနယ်’ ဆိုတာက ကွမ်းယာတွင် ထည့်စားသော ကွမ်းဆေး ‘ဆစ်ဂနယ်’ သာဖြစ်သည်။ အနှီပုဂ္ဂိုလ်ကျော်များကတော့ ဆယ်ပေါင်တူထံမှ ကွမ်းဆေးတောင်းလိမ့်မည်မထင်။
သို့အတွက် ဆယ်ပေါင်တူ အကူအညီတခု တောင်းလိုပါသည်။ ‘ဆစ်ဂနယ်’ ဆိုတာကြီး များ ရှိကြလျှင် ဆယ်ပေါင်တူထံ ပို့ပေးစေလိုပါသည်။ မကွဲမရှ၊ မဖိတ်မစဉ်စေရန်လည်း လုံလုံခြုံခြုံ ထုပ်ပိုး ပေးကြစေချင်ပါသည်။ အခွင့်အရေး ဆိုသည်က နှစ်ခါ ပြန်မလာဟု ကြာဖူးထားသည်။
ဆယ်ပေါင်တူ ကမ်းလှမ်းခံရသော နေရာကို သွားရည်တမြားမြား ကျနေသူများလည်း ရှိမှာသေချာသည့်အတွက်၊ နိုင်ငံလုံးဆိုင်ရာ အာတပ်ပေါင်းစု’ တွင် နေရာအမြန်ဦးနိုင်ဖို့၊ စာဖတ်သူတို့တွင် ရှိသည့် ‘ဆစ်ဂနယ်’ ဆိုသည်ကြီးကို အမြန်ဆုံးနည်းဖြင့် ပန်းကန်လုံးပဲစီးစီး၊ ပန်းကန်ပြားပဲခွခွ၊ ရှိသည့်အရပ်ဆီမှ ရရာနည်းလမ်းဖြင့် ခပ်မြန်မြန်လေး ပေးပို့ကြလိုစေကြောင်း၊ ရှေ့မျက်နှာ နောက်ထားရင်း အားနာနာဖြင့် တောင်းဆိုသမှု ပြုလိုက်ရပါတော့သည်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar