လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကော်မရှင်ရဲ့ စစ်ရေး မဟာဗျူဟာ
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၇ မြင်ကွင်း
မိုးမခ ၊ ဩဂုတ် ၁၈၊ ၂၀၂၅
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကော်မရှင်ရဲ့ စစ်ရေး မဟာဗျူဟာ
လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲမှုသတင်းတွေက နေ့စဥ်လိုလို ဖြစ်ပွားနေတာကြောင့် ထူးခြားသည့်သတင်း မဟုတ်တော့ဟု ဆိုနိုင်သော်လည်း လူစုဝေးသည့်နေရာ လူနေထူထပ်သည့်နေရာကို ပစ်မှတ်ထားရွေးချယ် တိုက်ခိုက်တာကြောင့် အရပ်သား အများအပြားသေဆုံးတဲ့ အဖြစ်အပျက်တွေကတော့ အာရုံစိုက်ခံရတဲ့ ထူးခြားတဲ့ သတင်းဖြစ်နေဆဲလို့ ဆိုရမှာ ဖြစ်ပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့မှာလည်း ကရင်နီ (ကယား)ပြည်က သတ္တုထွက်ရှိတဲ့ မော်ချီးဒေသကို တရက်ထည်းမှာ ၂ ကြိမ်တိုင်တိုင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အခင်းဖြစ်ပွားတဲ့နေ့ ညပိုင်းထိ သေဆုံးသူ ၂၄ ဦး ရှိနေပြီး အရေအတွက် ထပ်မံတိုးကောင်းတိုးနိုင်သေးတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
၁၇ ရက်နေ့ နံနက်ပိုင်းက မော်ချီးဒေသက လိုခါးကျေးရွာက ဆေးရုံတရုံကို ပစ်မှတ်ထား ဗုံးကြဲခဲ့ရာမှာ ၁ ဦးသေဆုံးကာ ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သတင်းတချို့မှာ ဖေါ်ပြထားပါတယ်။
မော်ချီးဒေသဟာ ကရင်နီတော်လှန်ရေး လက်နက်ကိုင်တပ်တွေထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီး အရင်ခေတ်ကတည်းက သတ္တုထွက်ရှိရာဒေသ ဖြစ်ပါတယ်။ မြေပြန့်ဒေသတခုမဟုတ်ဘဲ တောင်တွေကြားမှာ လူနေအိမ်တွေဆောက်လုပ်နေထိုင်ကြတဲ့ ဒေသတခု ဖြစ်ပါတယ်။
ကရင်နီပြည်ကို ခုတလအတွင်းမှာပင် စစ်ကော်မရှင်လေတပ်က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုတွေလည်း ရှိနေခဲ့တာပါ။ အခု သြဂုတ်လ ၁၇ ရက်နေ့ တရက်ထည်း ၂ ကြိမ် တိုက်ခိုက်မှုမှာတော့ ၂ ဒါဇင်လောက်သေဆုံးခဲ့တဲ့အဖြစ်က ကြားသိရသူအားလုံး စိတ်ထိခိုက်စရာ နာကျည်းစရာအဖြစ် အပျက်တခုအဖြစ် ထပ်ပြီးမှတ်တမ်းတင်ခံရတာ ဖြစ်ပါတယ်။
စစ်ကော်မရှင် အနေနဲ့ ၄င်းတို့ တိုက်ခိုက်တဲ့ပစ်မှတ်တွေမှာ အရပ်သားတွေနေထိုင်နေကြတာ ထိခိုက်သေဆုံးကြမယ့်အဖြစ်ကို သိရှိလျက်နဲ့ လုပ်ဆောင်တာဖြစ်ပြီး ဒီနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုဖိအားပေးတဲ့ ရည်ရွယ်ချက်ဆိုတာ ထင်ရှားပါတယ်။ ဒီနေရာတွေဟာ စစ်ရေးပစ်မှတ်မဟုတ်တာထင်ရှားလျက်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့မှာ ကရင်နီပြည် မော်ချီးဒေသအပြင် အခြားလေကြောင်း တိုက်ခိုက်ခံရတဲ့ မြို့တွေကတော့ TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ ၊ ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့ တို့ဖြစ်ကြပါတယ်။ မိုးကုတ်မြို့ စီးပွားရေးဘဏ် အနီးကို ဗုံးကြဲခံရကာ လမ်းသွားလမ်းလာ ၃ ဦး သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်းသတင်းတွေကိုအထူးပြုဖေါ်ပြတဲ့ MFP သတင်း ဌာနက ဖေါ်ပြထားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းကပဲ မိုးကုတ်မြို့ က လူနေရပ်ကွက်နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ထိခိုက်သေဆုံးသူ ၂၀ ဝန်းကျင် ရှိခဲ့တာ ဖြစ်ပါတယ်။
အခုလို နေ့စဥ် မြန်မာနိုင်ငံရဲ့ နေရာအနှံ့က မြို့တွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေစဥ်မှာ စစ်ကော်မရှင် ရဲ့ မဟာဗျူဟာကို လေ့လာသုံးသပ်ကြည့်ရင် ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ထိုးစစ်တွေ ဖေါ်ဆောင်ဖို့ ပြင်ဆင်နေတာ ထင်ရှားစွာတွေ့မြင်နိုင်ပါတယ်။ ရှမ်းမြောက်ဒေသ၊ ကရင်နီပြည်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းတွေမှာ တပြိုင်နက်ထည်း ထိုးစစ်ဆင်နေတာ တွေ့ရပါတယ်။ ကရင်ပြည်နယ်မှာ မြဝတီ-ကော့ကရိတ် အာရှလမ်းကို စိုးမိုးနိုင်ဖို့ အင်အား ၂၀၀၀ လောက်နဲ့ ထိုးစစ်ဆင် နေတယ်ဆိုတဲ့သတင်းတွေ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်ကစစ်တပ် စခန်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပေမယ့် မြဝတီနဲ့ ကော့ကရိတ်အကြားကို နယ်မြေစိုးမိုးဖို့ ထိုးစစ်ပြင်ဆင်နေတာကို ကြည့်ရင် ယမန်နှစ်လယ်ပိုင်းကရင်ပြည်နယ်မှာ တပ်ရင်းစခန်းတွေ တခုပြီးတခုလက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အခြေ အနေမျိုးကနေပြောင်းလဲဖို့ ကြိုးစားလာတဲ့ အနေအထား မဟာဗျူဟာ အပြောင်းအလဲလုပ်ပြီး နယ် စပ်ကုန်သွယ်ရေးလမ်းမကို ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေတဲ့အနေအထားလို့ ဆိုနိုင်ပါတယ်။
ကရင်နီပြည်မှာတော့ မကြာသေးခင်က မိုးဗြဲမြို့ကို စစ်တပ်ဘက်က ပြန်လည်သိမ်းယူနိုင်ခဲ့တဲ့နောက် ဒီမော့ဆိုမြို့ကိုပါ သိမ်းယူနိုင်ဖို့ ပြင်ဆင်နေတဲ့သတင်းတွေ မြင်တွေ့နေရပါတယ်။ မကြာသေးခင်က ဖားဆောင်းက တပ်ရင်းတရင်းကိုလက်လွှတ်ဆုံးရှုံးခဲ့ရသော်လည်း ၁၀၂၇ စစ်ဆင်ရေး အစပိုင်းကာလ လအတန်ကြာဆုံးရှုံးခဲ့ရတဲ့ လွိုင်ကော်မြို့ကို ယမန်နှစ်ကုန်ပိုင်းကတည်းက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒီးမော့ဆိုလို လွိုင်ကော်နဲ့ ဆက်စပ်နေတဲ့မြို့ကိုပါ ထပ်မံသိမ်းယူနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်တွေအနေနဲ့ ကချင်ပြည်နယ်မှာ ၆ လကျော် ခုခံနေတဲ့ ဗန်းမော်မြို့တိုက်ပွဲမှာ မကြာသေးခင် သီတင်းပတ်တွေက ရေကြောင်းကနေ လူ၊ လက်နက်ခဲယမ်း နဲ့ ရိက္ခာအကူအညီတွေရပြီးနောက် နေရာအချို့ကို ပြန်လည်သိမ်းယူနိုင်တဲ့အနေအထား တွေ့လာရပါတယ်။ လနဲ့ချီလာတဲ့ ဗန်း မော်တိုက်ပွဲက စစ်ကော်မရှင်တပ်ကိုသာမက KIA တပ်ဘက်ကိုပါ ထိခိုက်မှု စစ်ပန်းမှုတွေဖြစ်ပေါ် လာစေတာကြောင့် တဖက်ဖက်က အပြီးတိုင်အနိုင်ရမယ့် အလားအလာမမြင်ရနိုင်သေးတဲ့ အခြေ အနေ ဖြစ်ပါတယ်။
ဗန်းမော်မှာခုခံနေစဥ်မှာ စစ်ကော်မရှင်တပ်က ဖားကန့်ဒေသဘက်ကို အင်အား ထောင်ဂဏန်းရှိတဲ့ ထိုးစစ်ဆင်လာနေပြီး လအတန်ကြာတိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့တဲ့ ဖားကန့်မှာ ပြန်ပြီးပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာနေတာပါ။
ရခိုင်စစ်မြေပြင်မှာတော့ AA တပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေ ကျောက်ဖြူမြို့နယ်ထဲမှာ အပြင်း အထန်တိုက်ခိုက်နေကြတာဖြစ်ပြီး ခုရက်ပိုင်းအတွင်း AA ထိန်းချုပ်ထားတဲ့ကျေးရွာအချို့ကို ပြန်လည် သိမ်းယူနိုင်တဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ မောင်တော၊ ဘူးသီးတောင်တို့လိုဒေသတွေမှာတော့ မြေပြင်မှာထိန်းချုပ်ထားနိုင်တဲ့စခန်းမရှိတော့ဘဲ ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာ ရေတပ်အင်အားနဲ့ ရခိုင်ပြည်နယ်မှာ လက်ရှိထိန်းချုပ်ထားနိုင်တဲ့ မြို့ ၂ မြို့ဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူကိုအားဖြည့်ဖို့လုပ်ဆောင်နေတာ တွေ့ရပါတယ်။
ရှမ်းမြောက်မှာတော့ နောင်ချိုမြို့ကို မကြာသေးခင်က TNLA လက်မှ ပြန်လည်သိမ်းယူနိုင်ပြီး စိတ်အားတက်ကြွလာတဲ့ စစ်ကော်မရှင်တပ်တွေဟာ ကျောက်မဲ နဲ့ မိုးကုတ်ဘက်ကိုထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း လက်နက်ကိုင်အဖွဲ့ခွဲတွေ အများအပြား လှုပ်ရှားနေကြတဲ့ စစ်ကိုင်းတိုင်းမှာလည်း ယင်းမာပင်၊ ပုလဲ၊ တန့်ဆည်၊ ရေဦး စတဲ့ဒေသတွေမှာ ပြီးခဲ့တဲ့နှစ်တွေနဲ့စာရင် ပိုမိုလှုပ်ရှားလာနေပြီး အရပ်မျက်နှာ ၂ /၃ ခု ကနေ တပြိုင်နက်ထဲစစ်ကြောင်းထိုးတဲ့လက္ခဏာတွေ တွေ့လာနေရ တယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရင် အာဏာသိမ်း စစ်တပ် အနေနဲ့ နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးထားရတဲ့ ရခိုင်၊ ကရင်နီ၊ ကချင်၊ ရှမ်းမြောက်၊ ချင်း၊ စစ်ကိုင်း နဲ့ ကရင်ပြည်နယ်တွေမှာ တနေရာတည်းကို အင်အားစုပြုံသုံးပြီး ပြန်လည်သိမ်းယူဖို့ကြိုးစားတာထက် မဟာဗျူဟာကျတဲ့၊ ကုန်သွယ်ရေးအရလည်း အရေးပါတဲ့ နေရာတွေကို ဦးစားပေး ထိုးစစ်ဆင်နေတဲ့အနေအထားမျိုး တွေ့မြင်နေရတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar