Breaking News

နေပြည်တော်သိမ်းအောင် - ဒေါ်လာ ၃ သန်း ‘လော်ဘီ’များနှင့် ဆိုရှယ်မီဒီယာ ရတနာသိုက်

နေပြည်တော်သိမ်းအောင် - ဒေါ်လာ ၃ သန်း ‘လော်ဘီ’များနှင့် ဆိုရှယ်မီဒီယာ ရတနာသိုက်

မိုးမခ ၊ ဩဂုတ် ၁၁ ၊ ၂၀၂၅


ဒေါ်လာ ၃ သန်း ‘လော်ဘီ’ဟု ဆိုလိုက်သည်နှင့် စစ်ကောင်စီ ငှားရမ်းလိုက်သည့် ဝါရှင်တန် အခြေစိုက် DCI Groupကို ချက်ချင်းပြေးမြင်မိကြပါလိမ့်မည်။  ယဉ်ကျေးသည့် လူ့အဖွဲ့အစည်း၏ မည်သည့်စံနှုန်းစံညွှန်းများနှင့်တိုင်းတိုင်း၊ အဖတ်ဆယ်၍ မရအောင် ဆိုးဝါးသည့် စစ်ကောင်စီ၏ ပုံရိပ်ကို ပြောင်းလဲမြင့်တက်လာစေရန်၊ ကြိုးစားပေးဖို့ကတော့ လွယ်ကူသည့်ကိစ္စမဟုတ် ဆိုသောအတွေးကလည်း ကပ်ပါလာနိုင်သည်။

ယေဘုယျအားဖြင့် ဤတွေးဆချက်ကို မှန်ကန်သည်ဟု ယူဆစရာ ရှိသော်လည်း၊ ထိုကဲ့သို့  လော်ဘီအဖွဲ့အစည်းများသည် Capitol Hillရှိ နိုင်ငံရေးသမားများ၊ ပေါ်လစီရေးဆွဲသူများထံ ချဉ်းကပ်ဝင်ထွက်နိုင်သော၊ လုပ်ငန်းအတွေ့အကြုံ များစွာရှိသော ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းများ ဖြစ်သည်ကို မေ့ထား၍မရ။ 

DCI Groupသည် ၂၀၁၄ ခုနှစ်-၂၀၂၄ ခုနှစ်အတွင်း ဝင်ငွေအားဖြင့် တိုးတက်မှုနှုန်း အမြင့်ဆုံး၊ ထိပ်ဆုံးအမေရိကန်လော်ဘီကုမ္ပဏီကြီး ၁၀ ခုထဲတွင်တော့ မပါဝင်။ သို့ရာတွင် လျှော့၍မတွက်သင့်သော အကြောင်းများလည်း ရှိသည်။ 

ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး စီးပွားရေးလုပ်ငန်းစုကြီးများ၏ ထိပ်တန်းနေရာစဉ်ထဲတွင်ရှိပြီး၊ အမေရိကန်နိုင်ငံ၏ အဓိက မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကုမ္ပဏီကြီးတခုဖြစ်သည့် Verizon Communications ကို အမေရိကန် ပြည်သူတွေ မသိသူမရှိဟု ပြောနိုင်သည်။ ယနေ့ထက်တိုင် Verizon Communications ကို DCI Groupက နှစ်ပေါင်းကြာရှည်စွာ ကိုယ်စားပြုထားသည်။

ထိုနည်းတူစွာ နံမည်ကျော် F35 တိုက်လေယာဉ်စီးရီး၊ Patriot missile များထုတ် လုပ်သည့် Lockheed Martin၊ စွမ်းအင်ကဏ္ဍ စူပါကုမ္ပဏီကြီးတခုဖြစ်သည့် Exxon Mobil တို့ထံမှ အလုပ်များကိုလည်း DCI Groupက လက်ခံလုပ်ကိုင်ဖူးသည်။ ဝေါလ် စထရိ၏ မျက်နှာဖုံးဟု ပြော၍ရသည့် ရင်းနှီးမြှုပ်နှံမှုဘဏ် Goldman Sachs နှင့်လည်း လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသည့် သတင်းများ တွေ့ရှိဖူးသည်။ ဤမျှလောက်နှင့်ပင်၊ ထိုလော်ဘီအဖွဲ့အစည်း၏ လုပ်ငန်းအတွေ့အကြုံကို ခန့်မှန်းကြည့်နိုင်သည်။

သို့ရာတွင်  DCI Groupသည် စစ်ကောင်စီ၏ မျှော်လင့်ချက်များကို တမုဟုတ်ချင်း လွယ်လွယ်ကူကူ အကောင်အထည်ဖော်ပေးနိုင်မည့်သူများဟု ထင်မှတ်ရန်မရှိ။ လော်ဘီများသည် အစိုးရတရပ်၏ ပေါ်လစီအား ဖြူရာကို မည်း၊ မည်းရာကိုဖြူသွားအောင် တခဏချင်း ပြောင်းလဲနိုင်စွမ်း ရှိသူများလည်း မဟုတ်။ ပြည်တွင်း ပြည်ပ အလုပ်အပ်နှံသူ ကုမ္ပဏီအဖွဲ့အစည်းများကိုယ်စား၊ စနစ်တကျ မှတ်ပုံတင်ထားသည့် လော်ဘီကုမ္ပဏီများက သတ်မှတ်ထားသော စည်းကမ်းဥပဒေ များနှင့်အညီ လုပ်ထုံးလုပ်နည်းများအရ၊ အစိုးရ၏မူဝါဒ ပြောင်းလဲရေးအတွက် ချဉ်းကပ်တင်ပြခွင့်ရှိသည့် စည်းဘောင်အတွင်းမှ လုပ်ငန်းတခုမျှသာဖြစ်သည်။ 

၂၀၂၄ ခုနှစ်တွင် လော်ဘီကုမ္ပဏီများ၏ထိုလုပ်ငန်းစဉ်မျိုးအတွက် သုံးစွဲကုန်ကျမှုသည် ဒေါ်လာ ၄.၅၃ ဘီလီယံ ခန့်ရှိခဲ့ပြီး၊ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် အများဆုံးဖြစ်ခဲ့သည်။  ဒေါ်လာ ၃ သန်း ဆိုသည့်ငွေကြေးက မနည်းလှသော်လည်း၊ လော်ဘီလောကအတွက်တော့ ထူးခြားလှသော ပမာဏမဟုတ်။ ငွေကြေးမြောက်မြားစွာ သုံးစွဲပြီး အောင်မြင်ခဲ့သည်များရှိသလို၊ အရာမထင်သော ချဉ်းကပ်လုပ်ဆောင်မှုများကလည်း အများအပြားပင်။

နာမည်ဆိုးဖြင့် ကျော်ကြားသော ပြည်ပအစိုးရများကို ကိုယ်စားပြုပေးရခြင်းသည်ကလည်း လွယ်ကူသည်မဟုတ်။ ရက်စက်ကြမ်းကြုတ် လူ့အခွင့်အရေးဖောက်ဖျက် သည့် နာမည်ပျက် အာဏာရှင်များကို Capitol Hill ရှိ နိုင်ငံရေးသမားအများစုက အမြင်ကြည်လင်ကြလေ့မရှိ။ ဥပမာအားဖြင့် ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် သက်တမ်း ၂ ခု ထမ်းဆောင်ခဲ့သူ၊ ရီပတ်ဘလစ်ကင် ဆီနိတ်တာ Rick Scott သည် ဗင်နီဇွဲလား သမ္မတ Nicolas Maduro ၏ လော်ဘီကုမ္ပဏီ Amsterdam & Partnersကို ပြင်းထန်သည့် စကားလုံးများပါသော သတိပေးစာ ပေးပို့ခဲ့သူဖြစ်သည်။

ထိုစာထဲတွင် သူသည် ကမ္ဘာတလွှားတွင် လွတ်လပ်ရေးနှင့်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရန် စိတ်ပိုင်းဖြတ်ထားသူ ဖြစ်ကြောင်း၊ အန္တရာယ်ရှိသော အာဏာရှင်အတွက် အလုပ်လုပ်ပေးနေသရွေ့ လော်ဘီကုမ္ပဏီမှ မည်သူတဦးတယောက်ကိုမျှ လက်ခံတွေ့ဆုံမည် မဟုတ်ကြောင်း၊ အခြားလုပ်ဖော်ကိုင်ဖက် လွှတ်တော်အမတ်များကိုလည်း သူ့ကဲ့သို့ လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။ အလားတူစာမျိုးကို ဒေါ်လာ ၆ သန်းယူပြီး Nicolas Maduro အစိုးရကို ကိုယ်စားပြုသည့် Wiss & Partners ကိုလည်း သူက ပေးပို့ခဲ့သည်။ 

ယခု စစ်ကောင်စီကို ကိုယ်စားပြုသော DCI Group လော်ဘီ ကုမ္ပဏီအရေးတွင်လည်း ဆီနိတ်တာ Rick Scottကဲ့သို့ အာဏာရှင်ကို ဆန့်ကျင်သော အမတ်များက အလားတူ ဆောင်ရွက်ပေးကြစေရန် ချဉ်းကပ်တောင်းဆိုကြရပေမည်။

ဒေါ်လာ ၃ သန်းတန် ‘လော်ဘီ’ဆိုတာကတပိုင်း၊ မည်သည့်နေရာကနေ ဆိုရှယ်မီဒီယာ ရတနာသိုက်က ပါလာရပြန်သည်လဲ ဆိုသည့် မေးခွန်းလည်း ရှိနိုင်ပါသည်။ စစ်ကောင်စီ ငှားရမ်းထားသော DCI Group အနေနှင့်၊ အမေရိကန်အစိုးရဘက်က တားမြစ်ပိတ်ဆို့မှုများကို ဖျက်သိမ်းပေးပြီး၊ အာဏာသိမ်းစစ်အုပ်စုနှင့် ပုံမှန်ဆက်ဆံရေး ပြန်ထူထောင်လာစေရန် ကြိုးစားကြပေလိမ့်မည်။ ပထဝီအနေအထားအရ အရေးပါ၍ မြေရှားသတ္တုကဲ့သို့ သယံဇာတများ ကြွယ်ဝသော မြန်မာနိုင်ငံကို တရုတ်နိုင်ငံလက်ထဲ ဝကွက် ပစ်ထားမည့်အစား၊ အမေရိကန် အကျိုးစီးပွားအတွက် ဆက်ဆံသင့်ကြောင်း တင်ပြကြမည်က သူတို့၏အလုပ်ပင်။

ထိုသို့ ဆက်ဆံရေးလမ်းကြောင်း ထူထောင်ရာတွင်လည်း သူတို့ကိုယ်စားပြုသည့် စစ်အစိုးရမှလွဲ၍ အခြားခိုင်မာညီညွတ်သည့် စင်ပြိုင်အစိုးရ အဖွဲ့အစည်း မရှိကြောင်း ထပ်ဆင့်သက်သေပြ ပြောဆို ကြရပေမည်။  လော်ဘီအတွေ့အကြုံ ကောင်းစွာရှိထားသော DCI Groupသည် မိမိတို့အား ငှါးရမ်းထားသူကို တွန်းတင်၊ ပြိုင်ဘက်ကို ထိုးချရမည့် အစီရင် ခံစာတမ်းများ စနစ်တကျ ရေးသားပြုစုနိုင်စွမ်းရှိသည့် အဖွဲ့အစည်းဆိုသည်ကို ယုံမှားသံသယ ဖြစ်စရာမရှိ။

ထိုသို့ ရေးသားရန်အတွက်မူ ၊ Capitol Hill လိုနေရာမှ နိုင်ငံရေးသမားများကို တင်ပြရမည်ဖြစ်၍ ပြည်သူလက်ခံသော အဖွဲ့အစည်းများကိုလည်း ကိုယ်စားမပြု၊ အချက်အလက်လည်း တိတိကျကျ ခိုင်ခိုင်မာမာမပါ၊ အတင်းအဖျင်းသာသာ ငါ့စကားနွားရ ၊ ပြောင်းဖူးပေါက်ပေါက် ဖောက်သလို နေ့စဉ်နှင့်အမျှ၊ ဟိုနေရာ ဒီနေရာမှ ထိုင်ပြောနေသူများကို ကိုးကား၍ မရနိုင်မှန်းလည်း သူတို့ကောင်းစွာ သဘောပေါက်သည်။ 

ယုံကြည်လောက်သည့် အတွင်းစည်းမှ ရရှိသည့် အချက်အလက်များကို အသုံးပြုနိုင်မှသာ အဆင့်အတန်းရှိသည့် အစီရင်ခံစာတခု ဖြစ်မည်ကိုလည်း သူတို့နားလည်သည်။ နိုင်ငံတကာမှာတော့ သူတို့လိုချင်သော သတင်းအချက်အလက်များ ရရှိနိုင်ဖို့ က ခက်ခက်ခဲခဲ ဖော်ထုတ်ကြိုးစားကြဖို့ လိုအပ်သည်။ သို့ရာတွင် စစ်ကောင်စီထံမှ သန်းချီသော ဒေါ်လာငွေကို လွယ်လွယ်ကူကူ ရရှိလိုက်သည့် DCI Groupသည် ယခု တကြိမ်တွင်လည်း ထပ်မံကံကောင်းကြပြန်လေပြီ။

‘NUG တော်လှန်ရေးအစိုးရဟာ ဒီပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်’ ဆိုတာမျိုးအပြင်  ‘Restart ချသင့်နေပြီဖြစ်တဲ့ တော်လှန်ရေးတစုံလုံး’ ဆိုသည့်  တော်လှန်ရေး၏ အတွင်းစည်းမှ အမာခံလူများဟု ဆိုနိုင်သူများ၏ ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားချက်များက လော်ဘီများအတွက်တော့ ရတနာသိုက်ပင်။ 

ဤသို့ ဆိုလိုက်သောကြောင့် NUGဘက်မှ ဆတ်ဆတ်ထိမခံဖြစ်ကာ  ဝေဖန်ရေးသားတော့မည်ဟု မထင်မှတ်စေလို။ မြေပြင်မှနေ၍ထောက်ပြရန် လိုအပ်သည်များ ပြန် လည်ကြားသိရသည်ကို ကြိုဆိုရမည်။ ထိုသူတို့၏ ယုံကြည်ချက်၊ခံစားချက်များကိုလည်း နားလည်ပေး၍ရသည်။ 

ပြန်ထောက်ပြလိုသည့် ပထမအချက်က စကားလုံး အသုံးအနှုန်းနှင့် ပတ်သက်နေသည်။ ဥပမာအားဖြင့် ‘ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်’ ဆိုသည်က မြန်မာလိုပဲတွေးတွေး၊ အင်္ဂလိပ်လိုပဲ ဘာသာပြန်ပြန်၊ ‘ခေါင်းဆောင်နိုင်စွမ်း တပြားသားမှ မရှိ’ ဟု ဆိုလိုရာရောက်သွားသည်။ ‘လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် လျော့နည်းနေတယ်/ ထပ်မံဖြည့်ဆည်းဖို့ လိုအပ်တယ်’ (သို့မဟုတ်) လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ရှိ၊ မရှိကို မဖြစ်မနေ ပြန်ဆန်းစစ်ကြရမယ် စသည်ဖြင့် ရေးသားခဲ့လျှင် ပို၍သင့်တော်မည်ဟုထင်သည်။

ယခုအသုံးအနှုန်းကတော့ တဆုံးထိုးချရာရောက်ပြီး၊ အန္တရာယ်မျိုးစုံကြား ကြိုးစားတာဝန် ထမ်းဆောင်နေသူ NUG အစိုးရအဖွဲ့ဝင်များအပေါ်လည်း ထောက်ထားရာ မရောက်ဟု ပြောရပေလိမ့်မည်။ ထိုကဲ့သို့ မရည်ရွယ်ခဲ့ဟုလည်း နားလည်ပေးကြည့်မိသည်။  ဤကဲ့သို့ စကားမျိုး ပြိုင်ဘက်ပါတီ ၂ ခု အကြိတ်အနယ် ရွေးကောက်ပွဲ ကင်မ်ပိန်းလုပ်နေချိန်မှာသာ ထွက်ပေါ်လာပါက၊ တဘက်ပါတီက ယခုလို ပြောဆိုသူ၏ ပုံနှင့်စာသားပါ ပိုစတာကြီးများထောင်၊ လက်ကမ်းစာစောင်များဝေ၊ ရေဒီယိုရုပ်သံချန်နယ်များမှလည်း လွှင့်ပြီး၊ သူတို့အတွင်းထဲကတောင် ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ ပြောသွားပြီ၊ ဘာကြောင့် သူတို့ပါတီကို ဆက်ထောက်ခံ မဲပေးနေကြဦးမှာလဲဟု ပြောဆို မဲဆွယ်လိုက်ကြရုံသာ ရှိတော့သည်။

ဒုတိယအချက်ကတော့ အများ ထောက်ပြကြသလို ဆိုရှယ်မီဒီယာပေါ်တွင် ပြောဆိုခဲ့ကြခြင်းပင်။ထောက်ပြရာတွင် ပြင်းထန်သော စကားလုံးများ သုံးစွဲလိုက သုံးစွဲနိုင်ပါသေးသည်။ မြေပြင်တွင် တသားတည်းရှိကြသူများက နဖူးတွေ့ဒူးတွေ့ ကြုံတွေ့နေရသော ပြဿနာများကို  ထောက်ပြပြောဆိုလိုသည်က သဘာဝကျသည်။ သို့ရာတွင် ဆန့်ကျင်ဘက်အဖွဲ့အစည်း၏ ဝါဒဖြန့်ချိရေး ယန္တရားအတွက် ဆိုရှယ်မီဒီယာပေါ်ကနေ ကုန်ကြမ်းလွယ်လွယ် ပေးလိုက်သလို ဖြစ်သွားမှာမျိုးကိုတော့ သတိထားကြရမည်။

နှစ်နှင့်ချီပြီး ပြောဆိုခဲ့ပြီးမှ ဆိုရှယ်မီဒီယာပေါ်ရောက်လာခြင်းဟုလည်း၊ နားလည် ထားသည်။ အဖွဲ့အစည်းအတွင်း မေးခွန်းထုတ်၊ အပြန်အလှန်ဆွေးနွေးဖြေကြားပေးသည့် လမ်းကြောင်းရှိ မရှိ ဟု မေးလျှင် ရှိပါသည်၊မရှိပါ ဟု နှစ်ဘက်လုံးက ပြောကြမည်သာ။ အနိမ့်ဆုံး ကောက်ချက်ချရမည်က ရှိခဲ့သည်ဆိုစေဦးတော့၊ ရှိလက်စ ထိုလမ်းကြောင်းသည် မပြည့်စုံ မလုံလောက် ဟူ၍ပင်။ ထိုလမ်းကြောင်း ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးဖို့က အဖွဲ့အစည်း ဦးဆောင်ကြသူများ၏ တာဝန်သာဖြစ်သည်။ သို့မဟုတ်ပါက စစ်ကောင်စီနှင့် ဘက်တော်သားများ၊ လော်ဘီများအတွက် ဆိုရှယ်မီဒီယာ ရတနာသိုက်အဖြစ် နောင်တွင်လည်း ဆက်လက်ရှိနေပေဦးမည်။

DCI Group အနေဖြင့် တော်လှန်ရေးအင်အားစုများ မညီညွတ်ကြပုံကို ထည့်ရေးလိုက ထည့်ရေးနိုင်ရန်အတွက်လည်း ခက်ခက်ခဲခဲ အချက်အလက် ရှာဖွေရန် မလို။ ယခုရက်ပိုင်းတွင် NLD CWC, NUCC, CRPH တို့၏ စိတ်ဝင်စားစရာ ကောင်းသော်လည်း ပြည်တွင်းပြည်ပ ရှိသမျှလူကုန် သိရန်မလိုသည့်၊ အတွင်းကျကျ သတင်းများ ထွက်ပေါ်လာပြန်သည်။ ပြည်တွင်းရေး တည်ငြိမ်သောနိုင်ငံများ၊ ပြည်တွင်း စစ်မက် ပဋိပက္ခ ဖြစ်ပွားနေသော နိုင်ငံများတွင် ဤကဲ့သို့ ဆိုရှယ်မီဒီယာပေါ်မှာ နိုင်ငံရေး အ တွင်းသတင်းစုံ ပေါပေါလောလော ပေါက်ကြားသည်မျိုး၊ မည်သည့်နိုင်ငံတွင် တွေ့ရှိနိုင်သလဲ စဉ်းစားရှာဖွေကြည့်မိသော်လည်း ယခုထက်ထိတော့ မတွေ့သေး။ ဆိုရှယ်မီဒီယာသည် နှစ်ဖက်သွားဓားကဲ့သို့ ဖြစ်သည်ကို ဦးဆောင်ကဏ္ဍတွင် ပါဝင်သူများက သတိမလျော့ဘဲ မိမိတို့ကနမူနာပြ ကြိုးစားပြင်ဆင်ကြသင့်သည်။

General Electric ၏ စီအီးအို ဖြစ်ခဲ့ဖူးသူJack Welch ပြောခဲ့ဖူးသည့်စကား ခေါင်း ထဲ ဝင်လာသည်။ ‘Change before you have to’ ဆိုသည်ကိုပင်။ အခြေအနေက မဖြစ်မနေ တွန်းပို့လေတော့မှ စပြောင်းလဲဖို့ မစဉ်းစားကြပဲ၊ ကြို၍လေ့လာသုံးသပ် ထားပြီး လက်ဦးမှုရယူ ပြောင်းလဲနိုင်စွမ်းရှိဖို့ ရည်ညွှန်းခြင်းဖြစ်သည်။ NUG သည် ပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်နေကြောင်း မကြာခဏဆိုသလို ကြားနေရသည်။ ပြည်သူများ မြင်သလို သက်ဆိုင်သူများကလည်း မိမိတို့၏ အားသာချက် အားနည်း ချက်များကို မြင်ကြပြီး၊ တော်လှန်ရေးမျက်နှာကို ကြည့်ကာ ဆုံးဖြတ်ကြလိမ့်မည်ဟု မျှော်လင့်မိသည်။  

အကြောင်းအရင်းခံများ မုချရှိပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ နွေဦးတော်လှန်ရေး ၅ နှစ်အတွင်း ဝင်လေကာမှ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် သို့ ၊ ရောက်ကြသူ အဖွဲ့အစည်း လူပုဂ္ဂိုလ်များကိုတော့၊ လက်ဦးမှုရယူပြီး ကြိုတင်မပြောင်းလဲနိုင်ခဲ့ကြသူများဟုသာ မှတ်ချက်ပေးရလေတော့မည်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar