နန္ဒအောင် - သမိုင်းထဲက ဝန်ချတောင်းပန်ပုံရိပ်များ
နန္ဒအောင် - သမိုင်းထဲက ဝန်ချတောင်းပန်ပုံရိပ်များ
မိုးမခ ၊ အောက်တိုဘာ ၂၂ ၊ ၂၀၂၆
စာရေးတယ် ဆိုတာကလည်း တခါတလေကျ အရှိန်ရနေရင် ဒါမှမဟုတ် အတွေးကောင်းကောင်းရနေရင် အဆက်မပြတ် ရေးဖြစ်တယ်။ ကျွန်တော် တဦးတည်းအနေနဲ့ဆိုရင် အတွေးကောင်းကောင်း ရဖို့ဆိုတာကလည်း စိတ်နှလုံး ကြည်လင်နေဖို့ကလည်း ဆက်စပ်လို့နေပါတယ်။ စိတ်မကြည်မလင် ဖြစ်နေတဲ့ အချိန်ကာလမျိုးဆိုရင် စာသိပ်မရေးဖြစ်ဘူး။ စာကတော့ အမြဲ ဖတ်နေဖြစ်ပါတယ်။
စာဖတ်တာကတော့ စွဲမြဲနေတဲ့ အကျင့်လို ဖြစ်လို့နေပါပြီ။ စာတွေ ရေးဖြစ်လာတာကလည်း စာဖတ်ကျင့် ဒါမှမဟုတ် စာဖတ်ဝါသနာကြောင့် ဖြစ်လာတာပါ။ စိတ်ထွက်ပေါက်အနေနဲ့ အမောတွေ ဖြေဖျောက်ချင်လို့ပဲ ဖြစ်ဖြစ်၊ အသိပညာ ရချင်လို့ပဲ ဖြစ်ဖြစ် စာတွေ ဖတ်ဖြစ်ပါတယ်။ စာတွေ ဖတ်လာရင်းကနေ တပုဒ်စ၊ နှစ်ပုဒ်စ စာလေးတွေ ရေးဖြစ်လာပါတယ်။ မဂ္ဂဇင်းစာစောင်တွေမှာ ပြောက်တိပြောက်ကျားလေးတွေ ဖော်ပြခံရတော့ ပြောက်ကျားစာရေးဆရာ ခေါင်းစဉ်အောက်ရဲ့ ဟိုးအောက်ဆုံးနားလောက်မှာတော့ ပါနိုင်ကောင်းပါရဲ့။
ကိုယ့်အကြောင်းကိုယ် အစဆွဲထုတ်နေတာနဲ့ ကိုယ် ရေးမဲ့အကြောင်းအရာလေးကို ဒါမှမဟုတ် စာဖတ်မိတ်ဆွေတို့ကို တင်ပြမဲ့ အကြောင်းအရာလေးကို စာဖတ်မိတ်ဆွေတို့ကို မိတ်ဆက်မပေးရသေးဘူး။
ဒီဆောင်းပါးမှာ ကျွန်တော် တင်ပြမဲ့ အကြောင်းအရာကတော့ မြန်မာ့စာပေသမိုင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးအသားတချို့ကြောင့် ရဟန်းသံဃာတော်တွေကို တောင်းပန်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို တင်ပြပေးမှာပါ။ တကယ်တော့ ဘာသာရေးလို ကိစ္စမျိုးဟာ ထိလွယ်ရှလွယ်တဲ့ ကိစ္စမျိုးပါ။ မြန်မာစကားမှာ အသွားမတော် တစ်လှမ်း၊ အစားမတော် တလုတ်၊ အပြောမတော် တခွန်းဆိုတဲ့ အပြောစကားတွေ ပြောတတ်ကြတာကို သိကြမှာပါ။ အခုက အရေးအသားကြောင့်ဆိုတော့ အရေးမတော် တကြောင်းလို့ ပြောရမလား ဒါမှမဟုတ် အရေးမတော် တပိုဒ်၊ တပုဒ်လို့ ပြောရမလားဗျာ။
အရေးအသားတချို့ကြောင့် ရဟန်းသံဃာတော်တွေကို တောင်းပန်ခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ
မြန်မာ့စာပေသမိုင်း၊ နိုင်ငံရေးသမိုင်းမှာ တကယ်ဖြစ်ပျက်ခဲ့တာပါ။ ဒီအဖြစ်အပျက်တွေကို ကောင်းခြင်း၊ ဆိုးခြင်းကို ဝေဖန်ပိုင်းခြားသုံးသပ်မဲ့ အရေးအသားမဟုတ်ဘူးဆိုတာကိုတော့ ကြိုတင် မေတ္တာရပ်ခံထားပါရစေ။ သမိုင်းမှာ ဖြစ်ရှိခဲ့၊ ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းတချို့ကို ပြန်လည် ဖော်ပြခြင်းမျှသာပါ။
ကျွန်တောာ် ပထမဆုံး တင်ပြမဲ့ အရေးအသားတချို့ကြောင့် ရဟန်းသံဃာတော်တွေကို တောင်းပန်ခဲ့ရတဲ့ စာရေးဆရာ၊ နိုင်ငံရေးသမားကတော့ “ဆရာသိန်းဖေမြင့်” ပါ။ မြန်မာ့ စာပေသမိုင်းကိုပဲ ကြည့်ကြည့်၊ နိုင်ငံရေးသမိုင်းကိုပဲ ကြည့်ကြည့် ဆရာ သိန်းဖေမြင့်ရဲ့ အရေးအသား၊ သဘောထား အယူအဆတွေက အတော်လေး လှုပ်လှုပ်ခတ်ခတ် ရှိခဲ့ပါတယ်။ ဆရာသိန်းဖေမြင့်ကို ကြိုက်သူတွေလည်း ရှိသလို၊ မကြိုက်သူတွေလည်း ရှိပါတယ်။ ထောက်ခံသူတွေ ဒုနဲ့ဒေးလည်း ရှိသလို၊ ဆန့်ကျင်သူတွေလည်း အများအပြားပါ။ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ တဦးချင်း၊ တယောက်ချင်းစီရဲ့ လွတ်လပ်ပိုင်ခွင့်ပါ။ နှစ်သက်ခွင့်လည်း ရှိသလို၊ မနှစ်သက်ပိုင်ခွင့်လည်း တဦးချင်း တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အခွင့်အရေးအနေနဲ့ အပြည့်အဝရှိပါတယ်။
နိုင်ငံရေးအရ ဆရာသိန်းဖေမြင့်အပေါ် အမြင်အမျိုးမျိုး ရှိကြပေမဲ့ စာရေးဆရာ တယောက်အနေနဲ့ ဆရာသိန်းဖေမြင့် စာတွေက အတော်လေး လူကြိုက်များပါတယ်။ ဆရာသိန်းဖေမြင့် ကိုယ်တိုင်လည်း လူကြိုက်များခြင်း၊ မများခြင်းထက် သူယုံကြည်ရာ အယူအဆ၊ အတွေးအခေါ်တွေကို စာဖတ်ပရိသတ်ဆီ ရဲရဲဝံ့ဝံ့ ရေးသားတင်ပြတတ်ပါတယ်။ အတွေးရဲရဲ၊ အရေး စူးစူးရှရှလို့ ပြောရမလား ဒီလိုအရေးအသားတွေကြောင့် မြန်မာ့စာပေသမိုင်းမှာ ဆရာသိန်းဖေမြင့် တယောက် ရွှေတိဂုံကုန်းတော်ပေါ်မှာ ရဟန်းသံဃာတော်တွေကို ဝန်ချတောင်းပန်ခဲ့ရတဲ့ အဖြစ်အပျက်လေး ရှိခဲ့ပါတယ်။
ဟံသာဝတီတိုက်ထုတ် “ပြည်သူတို့၏ စကားပြန်” ၁၉၇၄၊ ဒီဇင်ဘာ ပထမအကြိမ်ထုတ် စာအုပ်ထဲမှာ ဆရာမောင်ဝိဇ္ဇာရဲ့ ‘စာနယ်ဇင်းနှင့် စာအုပ်ကဏ္ဍ’ ဆိုတဲ့ ဆောင်းပါးမှာ ဆရာသိန်းဖေမြင့်ရဲ့ အဖြစ်အပျက်ကို ဖတ်ရပါတယ်။
‘သိန်းဖေ’ (သိန်းဖေမြင့်) ၏တက်ဘုန်းကြီး စာအုပ်ကြောင့် လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ရသည်။ စာနယ်ဇင်းမျိုးစုံတွင် တက်ဘုန်းကြီး’ ဝေဖန်ချက်မျိုးစုံ ပေါ်ပေါက်လာရုံမက အပြန်အလှန် စာအုပ်စာတမ်းများ ထုတ်ဝေခဲ့ကြတယ်။ နဂါးနီထုတ် ‘ဗမာ့အရေး’ စာအုပ်တွင် ဘုရားကို ‘သူ’ ဟု ရေးမိသောကြောင့် ဝေဖန်တိုက်ခိုက်ခံရရုံမက ရွှေတိဂုံ ကုန်းတော်တွင် ဦးသိန်းဖေမြင့် ခေါင်းတုံးရိတ်ခံခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည်။
“စာနယ်ဇင်းနှင့် စာအုပ်ကဏ္ဍ ”၊ ပြည်သူတို့၏ စကားပြန်၊ ဟံသာဝတီတိုက်၊ ပထမအကြိမ်ထုတ် ၊ စာမျက်နှာ - ၁၁၉ မှ )
ဆရာသိန်းဖေမြင့်ရဲ့ ရွှေတိဂုံကုန်းတော်ပေါ်မှာ ရဟန်းသံဃာတော်တွေကို ဝန်ချတောင်းပန်တဲ့ ပုံရိပ်ကိုတော့ နည်းပညာ အကူအညီနဲ့ ဂူဂလ်ယ် (Google) မှာဖြစ်ဖြစ်၊ လူမှုကွန်ရက် စာမျက်နှာ (Facebook) မှာ ဖြစ်ဖြစ် ရှာဖွေကြည့်လို့ရပါတယ်။ ဓာတ်ပုံရဲ့ အရင်းအမြစ် မူလပိုင်ရှင်တွေကိုလည်း ကျေးဇူးတင်မိတယ်။ ဓာတ်ပုံလေးတစ်ပုံကနေ သမိုင်းကြောင်းကို ဖော်ပြနေလို့ပဲ။ ဆရာ သိန်းဖေမြင့်ရဲ့ ရွှေတိဂုံဘုရားကုန်းတော်ပေါ်မှာ ရဟန်းသံဃာတော်တွေကို ဝန်ချတောင်းပန်တဲ့ ပုံရိပ်နဲ့ ပတ်သက်ပြီး ဘယ်စာအုပ်ကြောင့်ဆိုတာ အထင်အမှတ်မှားတာတွေ တွေ့ရပါတယ်။
ဆရာ သိန်းဖေမြင့် တစ်ယောက် ရွှေတိဂုံဘုရားပေါ်မှာ ရဟန်းသံဃာတော်တွေကို ဝန်ချတောင်းပန်တဲ့ ပုံရိပ်က ‘တက်ဘုန်းကြီး’ ဝတ္ထုရဲ့ ဂယက်လို့ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အတော်လေး လူပြောသူပြောများပါတယ်။ ဆရာ သိန်းဖေမြင့်ရဲ့ လက်ရာ ‘တက်ဘုန်းကြီး’ ကလည်း စာဖတ်ပရိသတ်ကြားမှာ အတော်လေး လူသိများခဲ့တာဆိုတော့ ရွှေတိဂုံဘုရားပေါ်က ပုံရိပ်ကို ‘တက်ဘုန်းကြီး’ စာအုပ်ကြောင့်လို့ပဲ ထင်မှတ်ကြ၊ အမှတ်မှားကြပါတယ်။ ဆရာ မောင်ဝိဇ္ဇာရဲ့ အရေးအသားအရတော့ နဂါးနီထုတ် ‘ဗမာ့အရေး’ စာအုပ် ကြောင့် ရွှေတိဂုံဘုရားပေါ်မှာ ခေါင်းတုံးရိတ်ခံရတယ်လို့ သိမှတ်ရပါတယ်။ တကယ်တော့ ရွှေတိဂုံဘုရားပေါ်က ဆရာသိန်းဖေမြင့်ရဲ့ ဝန်ချတောင်းပန်တဲ့ ပုံရိပ်ဟာ ‘တက်ဘုန်းကြီး’ စာအုပ် ကြောင့် မဟုတ်ဘဲ ‘ဗမာ့အရေး’ စာအုပ်ကြောင့်ပါ။
ဆရာသိန်းဖေမြင့်လိုပဲ ရဟန်းသံဃာတော်တွေကို တောင်းပန်ခဲ့ရတဲ့ နောက်ထပ် စာရေးဆရာတွေကတော့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းနဲ့ ဆရာလင်းယုန်မောင်မောင်တို့ပါပဲ။ ဒေါက်တာသန်းထွန်းနဲ့ ဆရာ လင်းယုန်မောင်မောင်တို့က ဆရာသိန်းဖေမြင့်လိုပဲ ရွှေတိဂုံကုန်းတော်ပေါ်မှာပဲ ရဟန်းသံဃာတော်တွေကို တောင်းပန်ခဲ့ရတာပါ။ ဒီအကြောင်းအရာ၊ အဖြစ်အပျက်ကို ဆရာဝင်းမောင် (သမိုင်း) ရဲ့ “ကျွန်တော် ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်း” စာအုပ်ထဲမှာ ဖတ်ရပါတယ်။
ဒေါက်တာသန်းထွန်းနဲ့ ဆရာ လင်းယုန်မောင်မောင်တို့ အဖြစ်အပျက်ကို ဆရာဝင်းမောင် ( သမိုင်း ) ရဲ့ “ကျွန်တော် ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်း” စာအုပ်ထဲကနေပဲ တင်ကူးဖော်ပြပါ့မယ်။
“ငါ ဗကသဥက္ကဋ္ဌ စဖြစ်တော့ မင်းတို့ မုံရွာက ‘ဇောက်ထိုးကိစ္စ’ နဲ့ ပတ်သက်ပြီး ဆရာတော်၊ သံဃာတော်တွေကို ဝန်ချတောင်းပန်ရသေးတယ်ကွ” လို့ ဆရာကပြောတယ်။ အဖြစ်ကဒီလို။
၁၉၄၆ ခုနှစ် ဇူလိုင်လမှာ ပြုလုပ်တဲ့ ဗကသညီလာခံမှာ နံရံကပ်စာစောင် ထုတ်တယ်။ နံရံကပ်စာစောင်တာဝန်ခံက ဆရာမောင်မောင် (လင်းယုန်မောင်မောင်)။ အဲဒီညီလာခံကို မုံရွာက ကိုသောင်းတင် ရောက်သွားတယ်။ လင်းယုန်မောင်မောင်က ခေါ်သွားတာ။ ကိုသောင်းတင်နဲ့ ကိုမောင်မောင်တို့က ငယ်သူငယ်ချင်းတွေ၊ မုံရွာမှာ သခင်ပေါက်စ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ။
နံရံကပ်စာစောင်မှာ ကိုသောင်းတင်က “ သဗ္ဗညုတဉာဏ်ဆိုတာ ရှိသလား ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးရေးတယ်။ ကိုမောင်မောင်က ကိုသောင်းတင်ကိုပြောတယ်။ “မင်း ဆောင်းပါးကို ဖတ်ရတဲ့သူတွေက မင်းကို ‘အဝီစိငရဲအိုးထဲ ဇောက်ထိုးကျမယ့်အကောင်’ လို့ ပြောကြမှာပဲ။ မင်း ကလောင်နာမည်ကို ‘ဇောက်ထိုး’ လို့ ငါပေးလိုက်မယ်” တဲ့။
ဒီတော့ ‘ဇောက်ထိုး’ နဲ့ ဆောင်းပါးကို နံရံကပ်စာစောင်မှာ ဖော်ပြလိုက်ပါရော။ သုံး လေးရက်ထိ ဘာမှမဖြစ်၊ ဘာမှ ပြဿနာမပေါ်။ အေးအေးဆေးဆေး။
နောက်တော့ ဗကသဥက္ကဋ္ဌ ရွေးချယ်ပွဲမှာ အရေးနိမ့်သွားတဲ့ ဆိုရှယ်လစ် ကျောင်းသားတွေက ဓာတ်ပုံရိုက်ကူးပြီး ဗမာ့ခေတ်သတင်းစာ ထင်ပါရဲ့။ အဲဒီသတင်းစာက “ကွန်မြူနစ်တွေ ဘာသာရေးကို စော်ကားကုန်ကြပြီ” လို့ စာလုံးမည်းကြီးနဲ့ ခေါင်းစဉ်တပ်ပြီး သွေးထိုးလှုံ့ဆော်လိုက်တယ်။ လူမျိုးရေး၊ ဘာသာရေးဆိုတာ သွေးထိုးလှုံ့ဆော်တဲ့နေရာမှာ အင်မတန်အစွမ်းထက် ထိရောက်တဲ့လက်နက် ဖြစ်တယ်မဟုတ်လား။
ဒီတော့ သံဃာတော်တွေက မကျေမနပ်ဖြစ်ကုန်တယ်။ အထူးသဖြင့် ရဟန်းပျိုအဖွဲ့က သပိတ်မှောက်ကံပြုကြတယ်။
“ဒီဇောက်ထိုးကိစ္စနဲ့ ပတ်သက်ပြီး ငါရယ်၊ ကိုညီညီ၊ ကိုမောင်မောင်ဟိန်း၊ ကိုမောင်မောင် စတဲ့ ငါတို့အဖွဲ့က ရွှေတိဂုံကုန်းတော်မှာ ဆရာတော်၊ သံဃာတော်တွေရှေ့မှောက် မှားယွင်းကြောင်း ဝန်ချလျှောက်ထားရတယ်။ ဒါနဲ့ ပြဿနာလည်း ပြီးငြိမ်းသွားတယ်” လို့ ဆရာက လေးလေးညင်းညင်း ပြောပါတယ်။
(ကျွန်တော်ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်း။ ၂၀၂၃၊ ဧပြီလ၊ တတိယအကြိမ်။ စိတ်ကူးချိုချိုစာပေ၊ စာ ၁၉၂ - ၁၉၃ မှ)
ရွှေတိဂုံဘုရားကုန်းတော်ပေါ်မှာ ဝန်ချတောင်းပန်ခဲ့ရတဲ့ စာပေပညာရှင်တွေရဲ့ အဖြစ်အပျက်တွေကို စုစည်း တင်ပြယုံသာလို့ အစပိုင်းမှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ ‘ ဇောက်ထိုး ’ ကိစ္စနဲ့ ပတ်သက်ပြီး ဒေါက်တာသန်းထွန်း တစ်ယောက် ပြန်လည်ပြောပြတဲ့ အမှတ်တရတွေကို ဆရာဝင်းမောင် ( သမိုင်း ) က မှတ်တမ်းတင် ရေးသားထားတဲ့ အရေးအသားထဲမှာ မှတ်သားစရာကောင်းတဲ့ အယူအဆ၊ အတွေးအခေါ်တွေ တွေ့ရပါတယ်။ ဆင်ခြင်တွေးတောစရာလို့ ယူဆတဲ့အတွက် ကူးယူဖော်ပြပါ့မယ်။
ဆရာက ဒီကိစ္စကို သိပ်ပြောချင်ပုံမရ။ စကားအကြောင်း တိုက်ဆိုင်လို့သာ ပြောလိုက်ရဟန်တူတယ်။ ဆရာ့အသံက ဝမ်းနည်းရိပ်သန်းနေသလိုလို။ ပြီးတော့ ဆက်ပြောသေးတယ်။
“ငါတို့ ကွန်မြူနစ်ဆိုတာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိရတယ်။ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်လို့ ဝေဖန်ဆွေးနွေးတာမျိုးကို လက်ရှောင်ရတယ်။ ကိုးကွယ်ယုံကြည်မှုတွေမှာ အဖြစ်ဆန်းတွေရှိတယ်။ ဒါတွေကို Miracle လို့ခေါ်တဲ့ မကြုံစဖူး ထူးကဲတဲ့ဖြစ်ရပ်လို့ သဘောထားရတယ်။ ဒါမျိုးကို တို့မယုံဘူးလို့ပြောရင် ရိုင်းစိုင်းတာပဲ။ တစ်ဖက်သားကို စော်ကားတာပဲ” တဲ့။
(ကျွန်တော်ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်း။ ၂၀၂၃၊ ဧပြီလ၊ တတိယအကြိမ်။ စိတ်ကူးချိုချိုစာပေ၊ စာ - ၁၉၃ မှ )
ဒေါက်တာသန်းထွန်းကို ကွန်မြူနစ်ရယ်လို့ တံဆိပ်ကပ်ခြင်း၊ မကပ်ခြင်းကလည်း လွတ်လပ်စွာ သဘောထား ကွဲလွဲကြပါလိမ့်မယ်။ ဒေါက်တာသန်းထွန်းရဲ့ နိုင်ငံရေး အတွေးအမြင်၊ အယူအဆတွေကို ကြေကြေညက်ညက် ဖတ်ရှုလေ့လာပြီးမှ တံဆိပ်ကပ်လို့ ရပါလိမ့်မယ်။ စာလေး တစ်ကြောင်း၊ တပိုဒ်၊ တပုဒ်၊ တအုပ်လောက်နဲ့ အကဲဖြတ်နေလို့တော့ မရနိုင်ပါ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က မြည်းစမ်းဖတ်ဖူးရုံနဲ့ ဒေါက်တာသန်းထွန်းရဲ့ ခံယူချက်ကို အကဲဖြတ်နေလို့ကတော့ အချိန်ကုန်သွားတာပဲ အဖတ်တင်နိုင်ပါတယ်။
ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာ ရဟန်းသံဃာတော်တွေကို ဝန်ချတောင်းပန်ခဲ့ရတဲ့ စာပေပညာရှင်တွေအနက် ဆရာသိန်းဖေမြင့်ရဲ့ အကြောင်းအရာက ပိုပြီး လူပြောများ၊ လူသိများတယ်လို့ ယူဆမိပါတယ်။ ဘာလို့ လူပြောသူပြောများ၊ လူသိများလဲဆိုရင် သတင်းစာတွေမှာ ဖော်ပြထားတဲ့ ဆရာသိန်းဖေမြင့်ရဲ့ ဝန်ချတောင်းပန်တဲ့ သတင်းဓာတ်ပုံကို အများပြည်သူက မြင်တွေ့နေရလို့ပဲ။ ဒီနေ့အချိန်အခါထိ ရှာဖွေကြည့်ရှုနိုင်တယ်။
ဒေါက်တာသန်းထွန်းနဲ့ ဆရာလင်းယုန်မောင်မောင်တို့ ဝန်ချတောင်းပန်တဲ့ သတင်းဓာတ်ပုံကိုတော့ စာရေးသူအနေနဲ့ အခုထိ မမြင်ဖူးသေးပါဘူး။ စာရေးသူအနေနဲ့ အချက်အလက် ရှာဖွေရတဲ့ နယ်ပယ်ကျဉ်းမြောင်းတာနဲ့လည်း သက်ဆိုင်ပါတယ်။ လိုရင်းပြောရရင် ဒေါက်တာသန်းထွန်းရဲ့ ဝန်ချတောင်းပန်တဲ့ သတင်းဓာတ်ပုံကို ဒီစာရေးနေချိန်အထိ စာရေးသူ မမြင်ဖူးသေးဘူး၊ လက်လှမ်းမမီသေးဘူးပေါ့ဗျာ။
ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာ ရဟန်းသံဃာတော်တွေကို ဝန်ချတောင်းပန်ရတဲ့ အဖြစ်အပျက်ခြင်း တူပေမဲ့ ဆရာသိန်းဖေမြင့်ရဲ့ အဖြစ်အပျက်က ပိုပြီး လူပြောများလူသိများတာကတော့
“သတင်းဓာတ်ပုံ” ကြောင့်ပါ။ ဆရာသိန်းဖေမြင့်ရဲ့ ဝန်ချတောင်းပန်တဲ့ သတင်းဓာတ်ပုံကို အများပြည်သူက တွေ့မြင်နေရတော့ ဒီအကြောင်းအရာကို ပိုပြီး လူသိများနေတာပါ။
ဒေါက်တာသန်းထွန်းတို့ အကြောင်းအရာက လူပြောသူပြော နည်းပါတယ်။ အဲဒီအချိန်အခါတုန်းက အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပေမဲ့ အချိန်ကာလတွေ ကြာလာတော့ လူပြောသူပြောနည်းသွားပါတယ်။ ဒေါက်တာသန်းထွန်းတောင် သမိုင်းပညာရှင် မဖြစ်သေးတဲ့ ဗကသဥက္ကဋ္ဌ သန်းထွန်းဘဝပဲ ရှိပါသေးတယ်။ ဒါကြောင့်မလို့ ခေတ်တွေကြာလာတော့ လူပြောသူပြော နည်းသွားတယ်လို့ ထင်ပါတယ်။ လူပြောသူပြော နည်းတော့ အကြောင်းအရာကလည်း ပိုပြီးမှေးမှိန်လာပါတယ်။ စာဖတ်မိတ်ဆွေတို့အတွက် ‘အသိသစ်’ ပေးနိုင်ကောင်းပါရဲ့။
ဒါကြောင့်မလို့ စာဖတ်မိတ်ဆွေတို့ ဒီစာစုကို အချိန်ပေး ဖတ်ရကျိုးနပ်လိမ့်မယ်လို့ စာရေးသူ ယူဆပါတယ်။
နန္ဒအောင်
၁၈. ၁၀. ၂၀၂၆
စာကိုး
ပြည်သူတို့၏ စကားပြန်၊ စီစဉ်သူ ဦးဝင်းတင်။ ၁၉၇၄၊ ဒီဇင်ဘာ၊ ပထမအကြိမ်။ ဟံသာဝတီစာအုပ်တိုက်။
ဝင်းမောင်၊ သမိုင်း။ ၂၀၂၃။ ကျွန်တော်ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်း။ စိတ်ကူးချိုချိုစာပေ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar