Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၈)

 

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၈)

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၆

 

အေးလေ၊ ဒီသတ္တဝါတွေ ဆိုတာကလည်း ဘာဟောင်ရမှန်း မသိတော့ရင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကို ဖြေရှင်းဆောင်ရွက်မှု မရှိလို့ အူရပါတယ် လုပ်ကရော။ အမှန်က ကိုယ့်ဘာသာ အာဏာငတ်ကြီးကျ မနာလိုစိတ်ထိပ်ဝရောက်နေလို့ သားရေနားစားတာကို ကျားကျားမီးယပ် စစ်သားကြီးပေမဲ့ ဖာဇာတ်က ခင်းသေးတာ။ တကယ်က ရွေးကိစ္စ ရွေးကော်ရဲ့ အဆုံးအဖြတ်၊ တပ်ကိစ္စ တပ်ချုပ်ရဲ့ အဆုံးအဖြတ်လို့ သူကိုးကွယ်ချင်ယောင်ဆောင်တဲ့ ခြေဥမှာ ရေးထားပြီးသား။ ဒေါ်စုရော NLD ရော ဘာမှ မဆိုင်မှန်း သိရက်နဲ့ ဒါကိုပဲ ရောက်ရာအရပ် ဆီမန်းမန်းသလို ရွတ်ဖတ်ရင်း အရူးဓာတ် ဖြန့်နေတာ။ 

"လိမ်၊ လိမ်၊ နာနာလိမ်၊ ကြာကြာလိမ်ရင် ကြာရင် ယုံသွားလိမ့်မယ်" ဆိုတဲ့ နေဝင်းခေတ် အယူအဆနဲ့ ထားဝယ်မှာ သွားဟောင်တာ။ တကယ်က တရေးနိုး ထပြိုင်လည်း စစ်ထွက် ကြံ့ဖွတ် ခွေးနွား လေးမျိုးစပ်တွေကို ဘယ်လူကမှ မဲမထည့်ဘူးဆိုတာ သေချာပြီးသား။ ဘယ့်နှယ် လူ့အဖွဲ့အစည်းက တိရစ္ဆာန်ပေါင်းချုပ် အသင်းကြီးကို မဲထည့်ရမယ်လို့။

သိမ်းပြီးတော့လည်း မီးရှို့၊ လူသတ် ဘာမှ မလုပ်တတ်။ ဆေးဖြတ်၊ ဆီဖြတ်၊ မီးဖြတ်၊ ရေဖြတ်တာကလွဲ ဘာပွဲမှ မဖန်တီးနိုင်။ လဒ မေ့ဆေးကျွေးသလို ငိုင်၊ မှိုင်၊ ထိုင်၊ ငလှိုင်၊ မျောက် အုန်းသီးရထားတဲ့ စတိုင်ပဲလေ။ လူသတ်၊ ပြည်ဖျက်၊ ခိုးဝှက်တာကလွဲ ဘာမှ မလုပ်တတ်တဲ့ ဝဲစား လောက်ကိုက် သဘောစရိုက်တွေဆိုတော့ကာ အာဏာသိမ်းလိုက်တော့ စောက်ရူးတွေ လာပြီဆိုပြီး ရှိတဲ့ လုပ်ငန်းတွေ ပိတ်ပြန်၊ အသစ် ရင်းနှီးမြှုပ်နှံမှုကလည်း မရှိ၊ အသိအတတ် ကင်းတော့ အသီးလည်း ဖျင်း၊ အကင်းလည်း ကြွေ၊ အရွက်လည်း မဝေ၊ အမြစ်ပုတ်ပြီး စီးပွားရေး အပင် သေလာတော့မှ "နိုင်ငံကို ဖျက်ဆီးနေတဲ့ မီဒီယာ၊ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းများကြောင့် ဖွံ့ဖြိုးတိုးတက်ရေး ကန့်သတ်ချက်များ ဖြစ်ပေါ်နေလို့" ဆိုပြီး ဘာမှ မဆိုင်တာကို ထိုးထိုးဟောင်ပြန်ရော။

"မဲမသမာမှုများ ဖြစ်ပေါ်တာကို တာဝန်ရှိသူတွေက ဖြေရှင်းမပေးလို့ စစ်တပ်က ၂၀၀၈ ခြေဥနဲ့အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရတယ်" လို့ကလည်း ဖျင်ယားတိုင်း ကျောက်ခဲပွတ်၊ ဒရွတ်ဆွဲ၊ ဖျင်သွေးရွှဲအောင် ပါးဖြဲနားဖြဲ အူလိုက်ရမှ ခွေးပီတိရတဲ့ ကောင်စား မဟုတ်လား။ တကယ်တော့ အဲဒီခြေဥမှာက ရွေးကောက်ပွဲကိစ္စ တပ်စောက်လုပ်၊ ကာချုပ်စောက်လုပ်၊ မအလစောက်လုပ်၊ ရခိုင်မလင်စောက်လုပ် တစ်ခုမှ မပါ၊ သူ့မပြောနဲ့ အာဏာရပါတီ အလုပ်တောင် တစ်ခုမှ မပါလို့ ရေးထားပြီးသား။ အဲဒါကို ခွေးအိုကြီးက နာနာဟောင်တော့ ခွေးချုပ်တွေ၊ ခွေးမှူးတွေ၊ ခွေးပေါက်တွေ၊ ခွေးလောင်းတွေကပါ ဘုမသိဘမသိ လိုက်အူရင်း သူတို့ပါ အလိုလို ဟောင်တဲ့အဆင့် ရောက်အောင် ခွေးအချင်းချင်း ချီးထဲကို ဂျင်းထည့်ကျွေးတာ။ အမယ်... ကျွေးသဖခင်လို့တောင် ထင်ကြတာနော်။ ယိုပေးတဲ့သူတွေ မျက်နှာမှ မထောက်။

မအလဆိုတဲ့ ခွေးဝဲစားက လူတွေကို ပညာရေး အားနည်းချက်ဆိုပြီးလည်း ဘယ်နားသွားသွား ဟောင်တတ်တယ်။ စစ်အုပ်စုပဲ စာတတ်ပါတယ်ပေါ့လေ။ တကယ့် လောက်တက်ငပိ၊ စောက်ရှက်မရှိ။ ခု ထားဝယ်သွားတော့လည်း နေရာတကာ အဲဒါမျိုးတွေ ရပ်ရပ်ဟောင်ပြန်ရော။ လူကသာ အက်သနစ် (Ethnic) နဲ့ အက်သစ် (Acid) မကွဲတာ၊ သူ့ကိုယ်သူလည်း တိုင်းမ်မဂ္ဂဇင်း (Time Magazine) အမြဲ ဖတ်နေသယောင်လည်း ဟန်ဆောင် အူလိုက်သေးတယ်။ သူကသာ ပြည်သူတွေကို ပညာမတတ်လို့ အကောင်းအဆိုး မသိဘူး ဟောင်နေတာ၊ တိုင်းပြည် ပညာရေးက စစ်မင်းသုံးဆက် ထင်သလို ဖျက်ထားတာတောင် အကောင်းအဆိုး လူတိုင်း သိလို့ကို ဒီအလွန်အင်မတန် စက်ဆုပ်ရွံစရာ၊ အော့နှလုံးနာစရာ ကောင်းတဲ့ စစ်တပ် မရှိမှဖြစ်မယ်ဆိုပြီး အသက်အသေခံ တော်လှန်နေကြတာပေါ့။

စစ်တပ်က အမြဲ အချိန်ပြည့် လုပ်နေတဲ့၊ ဘီလူးစိတ် အရူးစိတ် ရှိမှသာ လုပ်နိုင်တဲ့ အလုပ်ကိုလည်း သူခိုးက လူဟစ်လိုက်သေးတယ်။ ဘာတဲ့... "ကမ္ဘာ့နိုင်ငံတချို့မှာ နိုင်ငံရေး သဘောထား ကွဲလွဲမှုများကြောင့် ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်လေ့ရှိပေမဲ့ နိုင်ငံရဲ့ အနာဂတ်ကို ထိခိုက်စေမယ့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍများနဲ့ အခြေခံ အရင်းအမြစ်များကို ဖျက်ဆီးတာမျိုး မရှိဘူး" တဲ့။ အဲသလို မအလ ငလမက ထားဝယ်မှာ လှိုင်းထအောင် အူခဲ့သေးတာနော်။ အမယ်... ရာရာစစ "နိုင်ငံရေး သဘောထား ကွဲလွဲမှု" တဲ့။ ဘာဆိုင်တုန်း၊ စစ်တပ်နဲ့ နိုင်ငံရေး ဘာဆိုင်တုန်း။ စစ်တပ်ဆိုတာ နိုင်ငံ အုပ်ချုပ်ရေးအောက်က ကာကွယ်ရေး အဖွဲ့အစည်းတစ်ခုပဲ။ စစ်သားဆိုတာ စစ်မှုထမ်းပဲ။ နိုင်ငံရေး သဘောထား ကွဲနေရအောင် တပ်က နိုင်ငံရေးပါတီ မို့လို့လား။ ခွေးလေး အရောဝင်မှန်း သိလို့ ပါးလျက် နားလျက် လုပ်တဲ့ အကွက်။

"၂၀၁၀ မှာ ပြည်သူလူထု ဆန္ဒနဲ့အညီ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို နိုင်ငံတော်ကို လျှောက်လှမ်းနိုင်ရေး စစ်တပ်က ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီ အစိုးရသစ် ပေါ်ပေါက်လာခဲ့ကြောင်း" တဲ့၊ ခွေးပါးဝချက်။ နေဝင်းရဲ့ တစ်ပါတီ အာဏာရှင်စနစ်ကြီးနဲ့ လူတွေက ငတ်တဲ့ဒဏ်၊ တိုင်းပြည်က အထီးကျန်တဲ့ဒဏ် မခံနိုင်တော့လို့ရယ်၊ ပြည်သူ့အခြေအနေကို တစက်မှ ထည့်မတွက်ဘဲ "ငါတို့ ဘာလုပ်လုပ်ရတယ်" ဆိုပြီး ငတ်နေတဲ့ကြား ငွေစက္ကူတွေကို တရားမဝင် ကြေညာလိုက်တာရယ်ကြောင့် သည်းမခံနိုင်တော့တဲ့အဆုံး ပြည်သူက ဆန္ဒပြ ဖြုတ်ချပစ်လိုက်တယ်။ လမ်းပေါ်ထွက်လာတဲ့ လူတွေဆိုတာ ခု ၂၀၂၁ ဆန္ဒပြပွဲထက် မလျော့ဘူး။ အဲဒီ ဆန္ဒပြပွဲက တစ်ပါတီ အာဏာရှင် သမတ ငါးယောက်ကို ဆက်တိုက် ဖြုတ်ချပြီး တစ်ပါတီ အာဏာရှင်စနစ်ကနေ ပါတီစုံ ဒီမိုကရေစီစနစ် သွားတော့မှာကို စစ်တပ်က ရွေးကောက်ပွဲ လုပ်ပေးမယ် ပြောပြီး မဆီမဆိုင် အာဏာဝင်သိမ်းလိုက်တယ်။ ရက် ၉၀ အတွင်း ရွေးကောက်ပွဲ လုပ်ပေးရမှာကို ၉၀ ထိ (၂) နှစ် ရွှေ့ပစ်တယ်။ ကြားထဲ ဘာလုပ်လဲဆိုတော့ ကျောင်းသား၊ နိုင်ငံရေးသမားတွေနဲ့ ဒေါ်စု အပါအဝင် NLD တွေကို လှည့်ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်သွင်း ညှင်းဆဲပေါ့။ ပြည်သူကို နည်းမျိုးစုံနဲ့ ထပ်ချုပ်ချယ်ပေါ့။ အဲလို လုပ်လိုက်ရင် ရွေးကောက်ပွဲ နိုင်မယ်လို့ ထင်တာလေ။ ထင်အောင်လည်း တစညပါတီ တဖြစ်လဲ မဆလပါတီက ကောင်တွေက ဂျင်းထည့်ထားတာ။ စည်းရုံးရေးပွဲတွေမှာ တဖက်လှည့် အမိန့်တွေနဲ့ ခေါ်၊ ထမင်းကျွေး၊ လက်ဆောင်ပေး၊ ခြိမ်းခြောက် ခေါ်ဆိုတော့ လာကြတာပေါ့။ ဦးနုတို့ခေတ်တုန်းက "လူတည်မြဲ မဲသန့်ရှင်း" ဆိုသလို "လူစပါးနှံ မဲခမောက်" လုပ်ထည့်လိုက်တာ ဒေါ်စု မပါတဲ့ NLD က ဝက်ဝက်ကွဲ နိုင်ပါရောလား။ သူတို့ ဆရာကြီးတွေ ခွက်ခွက်လန် ရှုံးလည်း ရှုံးရော "ရွေးကောက်ပွဲပြီးရင် နိုင်တဲ့ပါတီ အာဏာအပ်ပြီး စစ်တန်းလျား ပြန်မယ်" ပြောထားတဲ့ ကတိဖျက်ပြီး နိုင်သူ ဖမ်းပွဲကြီး ထပ်လုပ်ပြန်ရော ဆိုပါတော့။ ပြီးတော့ "နိုင်တဲ့ပါတီဟာ အခြေခံဥပဒေ ရေးဆွဲဖို့ပဲ ဖြစ်ပါတယ်" တဲ့။ ရေးပြီးသား ရှိတယ်ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ညီလာခံ ခေါ်တယ် လုပ်ပြီး ခြေဥ ရေးဆွဲရေး အဖွဲ့ကြီး တမဲမှ မရသူတွေ၊ နိုင်ငံရေးပါတီတောင် မဝင်သူတွေ၊ စစ်ဗိုလ်တွေနဲ့ ရေးကြပါရောလား။ နိုင်တဲ့ပါတီ လာရေးမယ် ဆိုပြန်တော့လည်း ကိုယ်စားလှယ် လေးတစ်ယောက် နှစ်ယောက်ပဲ တက်ရမယ် ဖြစ်ပြန်ရော။ အဲသမှာ နိုင်တဲ့ပါတီကလွဲ ကျန်တဲ့ဟာတွေ နာမည်ခံခိုင်းပြီး ခြေဥကြီး ထိုင်ရေးနေလိုက်တာ ရပ်လိုက်၊ နားလိုက်၊ ပစ်ထားလိုက်၊ ညစ်ထားလိုက်၊ စကစ်ထားလိုက် လုပ်နေကြတာ ဒေါ်စုကို လုပ်ကြံတဲ့ ဒီပဲယင်း အရေးအခင်းကြီး ပေါ်မှ Road Map ဆို အရေးပေါ် ထလုပ်ပြီး အဲထဲ ခြေဥ ဆက်ရေးဖို့ ကောက်ထည့်ပြီး ပြန်ရေးမယ် လုပ်ကြတာ။ အဲဒီကနေ ဝေ့၊ လည်၊ ကြောင်၊ ပတ် လုပ်နေတော့တာ ၂၀၀၇ ရွှေဝါရောင် ဖြစ်မှ အပြီးသတ်ပါတော့မယ် လုပ်ပြန်ရော။ နောက်ဆုံး နာဂစ်နဲ့ လူသိန်းချီ သေတော့မှ အာရုံလွှဲဖို့ "ခြေဥ အပြီးသတ်လိုက်ပြီ၊ ပြည်သူ့ဆန္ဒ ခံယူမယ်" ဆိုပြီး ခြိမ်းခြောက် ခောက်ခံ လက်မှတ် လိုက်ထိုးခိုင်းတော့တာ။ အဲတော့မှ ၂၀၀၈ ခြေဥ ဆိုတာ ဖြစ်သွားတာ။ ပြည်သူကတော့ "နာဂစ်ခြေဥ" လို့ ခေါ်တယ်။

တကယ့် အပြောင်းအလဲ ဖြစ်လောက်တဲ့ ကမ္ဘာနဲ့ချီတဲ့ အရေးအခင်းကြီးတွေ ပေါ်မလာရင် ထင်သလိုရေးတဲ့ ခြေဥတောင် ပတ်ရွှေ့နေတာ။ ခြေဥပြီးရင် ရွေးကောက်ပွဲလုပ်၊ အာဏာအပ်ရမှာ ကြောက်တာကိုး။ စစ်တပ် လက်ထဲ အုပ်ချုပ်စီမံခွင့် အာဏာ မရှိတော့မှာ သိပ်ကြောက်တာလေ။ အဲဒါကို အတည်ပေါက်ကြီး "၂၀၁၀ မှာတဲ့၊ ပြည်သူလူထု ဆန္ဒနဲ့အညီတဲ့၊ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကိုတဲ့၊ နိုင်ငံတော်ကိုတဲ့၊ လျှောက်လှမ်းနိုင်ရေးတဲ့ စစ်တပ်က ခြေတု တပ်ပေးလိုက်တယ်" တဲ့။ တကယ့် နှုတ်သီးမဲတွေနော်။ ဟောင်ရဲလိုက်တာလို့ပဲ ပြောရမယ်။

 

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar