Breaking News

မိုးသစ်ဝေ - ဝေဒနာတွေနဲ့လူ

Art- KT#

ဝေဒနာတွေနဲ့လူ
မိုးသစ်ဝေ
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၅


ငါ့ဦးနှောက်ထဲကဆဲလ်တွေဟာ
ပုံမှန်ထက်ပိုပျက်စီးနေ
ရပ်တန့်လို့မရတော့တဲ့ရောဂါဟာ
ငါ့မှာစွဲကပ်လာခဲ့ပေါ့။

ငါ့ခေါင်းဟာ ကြည်လင်လိုက် အုံ့မှိုင်းလိုက်
ငါ့ကြွက်သားတွေဟာ သန်မာလိုက်အားပျော့လိုက်၊
ငါ့လက်တွေ အမြဲတုန်ယင်နေပုံက
ဂနာမငြိမ် စိုးရိမ်နေတဲ့လူတယောက်လို၊
ငါ့လှုပ်ရှားမှုတွေနှေးကွေးသွားပုံက 
ဘက်ထရီအားကုန်ခါနီး အရုပ်တခုလို၊
ငါ့တကိုယ်လုံးတောင့်တင်းနေပုံကလည်း
ကျောက်ပတ်တီးကိုင်ခံထားရတဲ့ ခြေလက်တွေလို၊
ငါ့ခန္ဓာကိုယ်ဟာ အပေါ်ကဖိထားတဲ့အားတခုကို
တောင့်ခံပြီးရပ်တည်နေရသလို အမြဲခံစားရတယ်။

ငါ့မျက်နှာဟာလည်း အပြုံးအရယ်မဲ့
ခံစားမှုမဲ့ မျက်နှာသေဖြစ်သွားခဲ့။

မန့်ချ်လိုအော်နိုင်မယ့်
အသံအားများလည်းပျောက်ဆုံး။

ရှင်သန်ချိန်တိုင်းအတွက် ဝေဒနာနဲ့စက်နေရတဲ့
လှုပ်ရှားမှုတိုင်းအတွက် အခက်အခဲနဲ့ ဆက်နေရတဲ့
ဘဝဟာ အရသာမရှိတော့ဘူး
တပ်မက်စရာမကောင်းတော့ဘူး။

ဒါပေမယ့် ဒုက္ခခံစားရင်းပဲ
 အသက်ရှည်ဖို့ ကြိုးစားရပါဦးမယ်။

ပြာပုံထဲက ရုန်းထလာမယ့် 
ဖီးနှစ်ငှက်ရဲ့တောင်ပံခတ်သံကို
နားဆင်ချင်သေးလို့။ 

၁၃၊ စက်တင်ဘာ၊ ၂၀၂၅

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar