ပကတိအခြေအနေကို သိဖို့ ဝါဒဖြန့်မှုတွေကို ကျော်လွန် ကြည့်ဖို့လိုအပ်
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၀ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၅
ပကတိအခြေအနေကို သိဖို့ ဝါဒဖြန့်မှုတွေကို ကျော်လွန် ကြည့်ဖို့လိုအပ်
မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရကို အာဏာသိမ်းတဲ့စစ်တပ်ကို လက်နက်ကိုင်နည်းလမ်းနဲ့ တော်လှန်တဲ့ နွေဦးတော်လှန်ရေး နဲ့ ပတ်သက်တဲ့ သတင်းတွေ အချက်အလက်တွေ၊ ပကတိ အခြေအနေတွေကို လူထု၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေး၊ စစ်ရေး အဖွဲ့အစည်းတွေအနေနဲ့ သိရှိနေကြရဲ့လား ဆိုတဲ့မေးခွန်းက မကြာခဏစဥ်းစားမိ မေးမိတဲ့ မေးခွန်းတခုဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းခါစ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကာလတွေမှာ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းချိန်၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ဖွဲ့စည်းချိန်က မိမိတို့ နဲ့ရင်းနှီးတဲ့သူတွေထဲက တချို့၊ သတင်းမီဒီယာနယ်ပယ်ထဲက သတင်းသမားအချို့နဲ့ အယ်ဒီတာချုပ် တာဝန်ယူထားသူ အပါအဝင် လက်နက်ကိုင် တော်လှန်ရေးနဲ့ စစ်တပ်ကို အချိန်တိုအတွင်း အနိုင်ရလိမ့်မယ်လို့ ယူဆခဲ့ကြတာ တွေ့ရပါတယ်။
သာမန်လူထု အနေနဲ့ သတင်းမီဒီယာတွေမှာ ကြားသိနေရတဲ့ ဟောပြောမှုတွေကို နားထောင်ပြီး လက်နက်ကိုင် တော်လှန်ရေးက လပိုင်းအတွင်း အောင်ပွဲရနိုင်တယ်လို့ ရိုးသားစွာယုံကြည်ကြတာမျိုး တွေ့မြင်ခဲ့ ရပါတယ်။ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကြောင့် အာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့ အုပ်ချုပ်ရေး ယန္တရားမလည်ပတ်နိုင်တာကြောင့် ဆက်လက် အုပ်ချုပ်လို့မရနိုင်ဘူးလို့ ယူဆတာ ယုံကြည်တာတွေလည်း ရှိကြသလို အချို့သော ခေါင်းဆောင်တွေကလည်း တလ၊ နှစ်လတောင့်ခံနိုင်ရင် မိမိတို့နိုင်ပြီဆိုတဲ့ လက်တွေ့ဖြစ်နိုင်မဖြစ်နိုင်ဆိုတာထက် စိတ်အားတက်ကြွအောင် ပြောဆိုမှုတွေကြောင့်လည်း လူအများက မြန်မြန်ဆန်ဆန် အောင်ပွဲရလိမ့်မယ် လို့ မျှော်လင့်ကြတာ အပြစ်မဆိုသာပါဘူး။
သို့ပေမယ့် အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဖြုတ်ချဖို့ လက်နက်ကိုင် နည်းလမ်းကို ရွေးချယ်ခဲ့တဲ့အခါမှာတော့ ကျယ်ပြန့်တဲ့ ပြည်တွင်းစစ် လမ်းကြောင်းပေါ် ရောက်ရှိခဲ့တာကြောင့် လပိုင်းအတွင်း နှစ်အနည်းငယ်အတွင်းမှာ အနိုင်အရှုံး အဖြေပေါ်ဖို့ ခက်ခဲလိမ့်မယ် ဆိုတာကို သမိုင်းကြောင်းတွေနဲ့ နှိုင်းယှဥ်သုံးသပ်ကြည့်ရင် သိနိုင်တာ ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ် အရှိန်အမြင့်ဆုံးဖြစ်စဥ်၊ ၁၉၇၀ ခုနှစ်ကျော် ဦးနုရဲ့ ပြည်ချစ်ပါတီက လက်နက်ကိုင် လမ်းစဥ်ကိုင်စွဲခဲ့တဲ့ သမိုင်းဖြစ်စဥ် နဲ့ ၁၉၈၈ ခုနှစ် အရေးတော်ပုံပြီးနောက် ABSDF ဖွဲ့စည်းပြီး လက်နက်ကိုင် တော်လှန်ခဲ့ကြတဲ့ သမိုင်းဖြစ်စဥ်တွေက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေး၊ ပြည်တွင်းစစ်ရဲ့ ရှုပ်ထွေးတဲ့ နောက်ခံ၊ နှစ်ဖွဲ့မကတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ရည်မှန်းချက် ပန်းတိုင်ချင်း မတူကြ၊ အကျိုးစီးပွားချင်းမတူကြတာတွေကို ထည့်သွင်းစဥ်းစားဖို့ လိုအပ်တာကို ဖေါ်ပြနေတာ ဖြစ်ပါတယ်။
အဆိုပါ အခြေအနေတွေထဲမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေ ထည့်သွင်းစဥ်းစားတာ မပါရှိသေးပါဘူး။ ပြည်တွင်းက လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လူမျိုးစုကိုအခြေပြုတဲ့ အမျိုးသားရေးဝါဒ အပေါ်အခြေပြုမှုတွေကိုပါ ထည့်သွင်းစဥ်းစားကြည့်ရင် လက်နက်ကိုင် တော်လှန်ရေးရဲ့ အရှုံးနဲ့ အနိုင်၊ အဖြူအမဲရလဒ်က လွယ်ကူမြန်ဆန်စွာ ထွက်ပေါ်ဖို့ ခဲယဥ်းတာကို အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမား နိုင်ငံရေးခေါင်းဆောင်တွေ ဆိုရင် မှန်းဆကြည့်နိုင် ပါလိမ့်မယ်။
သို့ပေမယ့် လက်တွေ့မှာတော့ အဲလို အနေအထားမျိုးမဟုတ်ခဲ့ပါဘူး။ ဆိုရှယ်မီဒီယာအသုံးများတဲ့ ခေတ်၊ ဆိုရှယ်မီဒီယာရဲ့ အယ်လ်ဂိုရစ်သမ်လို့ ဆိုတဲ့ မိမိနှစ်သက်တဲ့ အရာ မိမိကြည့်လိုတဲ့ အရာကိုသာ ပြသတဲ့ စနစ်တွေက လူအများကို ထင်မှတ်မှားမှုတွေဆီ ဦးတည်စေခဲ့တာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာ ရဲ့ သဘောသဘာဝက ကြော်ငြာကို အခြေပြုပြီး ဝင်ငွေရှာတဲ့ ပလက်ဖောင်းဖြစ်တာကြောင့် ဆိုရှယ်မီဒီယာ သုံးစွဲသူ စိတ်ဝင်စား နှစ်သက်တဲ့ အကြောင်းအရာတွေကို များနိုင်သလောက်များအောင် စုစည်းကာ ပြသပြီး မိမိ ထိတွေ့မှု မလုပ်တဲ့ အကြောင်းအရာတွေ၊ အကောင့်တွေ၊ သော့ချက်စကားလုံးတွေကို မပြတဲ့ ဆော့ဖ်ဝဲစနစ်နဲ့ သုံးစွဲသူတွေကို ပိုက်ဆံသုံးအောင်၊ ကြော်ငြာသူတွေ များများပြသခွင့်ရလေ ပလက်ဖောင်းပိုင်တဲ့ ကုမ္ပဏီကြီးက ပိုက်ဆံများများရလေ ဖြစ်ပါတယ်။ ဒီလို စျေးရောင်းစျေးဝယ် ကြော်ငြာတာတွေ အတွက် မိမိစိတ်ဝင်စားတာကိုသာ များများပြတဲ့စနစ် အယ်လ်ဂိုရစ်သမ်က မတူကွဲပြားတဲ့ နိုင်ငံရေးအယူအဆ၊ သတင်းအချက်အလက်တွေကို ကြည့်ရှု နားဆင်ခွင့်နည်းလာပြီး ထင်မှတ်မှားမှုတွေဆီ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဆိုရှယ်မီဒီယာ မဟုတ်တဲ့ သတင်းမီဒီယာတွေ အနေနဲ့ရော အခြေအနေမှန်၊ ပကတိ အချက်အလက်တွေကို ဖေါ်ပြနိုင်ကြရဲ့လား ဆိုတဲ့မေးခွန်း ရှိလာပါတယ်။ ဒီနေ့ခေတ်မှာ သတင်းမီဒီယာတွေ အနေနဲ့လည်း သမရိုးကျ ပုံနှိပ်သတင်းစာ၊ လေလှိုင်းကလွှင့်တဲ့ ရုပ်သံ၊ ရေဒီယို ဆိုတာတွေထက် သတင်းအစီအစဥ်၊ ဓါတ်ပုံ၊ ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းကိုသုံးပြီး ဖြန့်ချိနေကြတာကြောင့် အထက်က အယ်လ်ဂိုရစ်သမ် သက်ရောက်မှုတွေ အတိုင်းပရိသတ်က ဖတ်ကြ နားဆင်ကြသလို သတင်းမီဒီယာ ကိုယ်၌က လူအများရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ထိတွေ့မှုများများရအောင် ဆိုရှယ်မီဒီယာက ဝင်ငွေရအောင် ကြိုးစားလာကြတာကြောင့် လူအများရဲ့ အမြင်၊ အကြိုက်နဲ့ ဆန့်ကျင်နေတဲ့ အချက်အလက်တွေ၊ သတင်းတွေ၊ အယူအဆတွေကို တင်ပြဖို့ တွန့်ဆုတ်လာကြပါတယ်။
သတင်းမီဒီယာတွေကို လုပ်ကိုင်နေသူတွေကိုယ်တိုင် အမျိုးမျိုးသော အဂတိတွေကြောင့် ဘက်လိုက်မှုတွေ၊ ဆိုရှယ်မီဒီယာက ဝင်ငွေရဖို့အတွက် အများကြိုက်မယ့် အကြောင်းအရာ၊ အမြင်ရှုထောင့်တွေကိုသာ ရွေးချယ် ဖေါ်ပြလာကြတာ၊ ပုံမှန် သတင်းအချက်အလက် ပံ့ပိုးပေးတဲ့ သတင်းရင်းမြစ်တွေက သတင်းမီဒီယာကို ပုံသွင်းလာကြတာတွေက ဒီနေ့ခေတ်ရဲ့ အနေအထားတွေ ဖြစ်လာကြပါတယ်။
မကြာသေးခင်က BPLA အဖွဲ့ဦးဆောင်သူ မောင်ဆောင်းခက တော်လှန်ရေးနဲ့ ပတ်သက်လို့ “မကြာခင်နိုင်မယ်၊ နိုင်နေပြီ၊ အောင်ပွဲနီးပြီ ဆိုတာမျိုး မပြောကြတာကောင်းမယ်” လို့ ၄င်းရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ အဲဒီလို ပြောကြတဲ့သူတွေအပေါ် လူထုရဲ့ ယုံကြည်မှုကျဆင်းလာနိုင်သလို တော်လှန်ရေး ခရီးထဲ လူထုကို လိမ်ခေါ်လာမိသလို ဖြစ်လိမ့်မယ်လို့ ၄င်းက ရေးသားထားတာ ဖြစ်ပါတယ်။
ဒီပြောဆိုမှုကို မူတည်ပြီး သုံးသပ်ကြည့်ရင် နိုင်ငံရေး၊ စစ်ရေး နဲ့ တော်လှန်ရေးမှာ ဦးဆောင်သူတွေနဲ့ လူထုကို စည်းရုံးပြောဆိုနိုင်တဲ့ ဆိုရှယ်မီဒီယာ သြဇာရှိသူတွေ လက်နက်ကိုင် တော်လှန်ရေးကို မြန်မြန်ဆန်ဆန် အောင်ပွဲရမယ့် ဖြစ်စဥ်တခုအဖြစ် ပုံဖေါ်ခဲ့ကြတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။
သို့ပေမဲ့ နွေဦးတော်လှန်ရေး၊ လက်နက်ကိုင် တော်လှန်ရေးရဲ့ တကယ့် ပကတိ အခြေအနေတွေ၊ စိမ်ခေါ်မှုတွေ၊ အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်မှုတွေ၊ ညီညွတ်ရေး တည်ဆောက်ကြဖို့ စုစည်းညီညွတ်မှုအပေါ်ကနေ စစ်အာဏာရှင်ကို စစ်ရေးအရ နိုင်ငံရေးအရ ယှဥ်ပြိုင်ကြဖို့ မရှိမဖြစ်လိုအပ်တာတွေ ခုအချိန်မှာ မြင်တွေ့လာကြရတာ ဖြစ်ပါတယ်။
တော်လှန်ရေးမှာ ဆိုရှယ်မီဒီယာကို ဆက်သွယ်ရေး နည်းလမ်းအဖြစ် ခေတ်သစ်နည်းပညာရဲ့ စည်းရုံးရေး ကိရိယာတခုအဖြစ် အသုံးချကြဖို့ လိုအပ်ပြီး ဒိထက်ပိုတဲ့ ဆိုရှယ်မီဒီယာ အယ်လ်ဂိုရစ်သမ် ရဲ့ သားကောင် အဖြစ် သာမန်လူထုရော နိုင်ငံရေး စစ်ရေး ဦးဆောင်သူတွေပါ ကျရောက်မသွားဖို့ သတိကြီးကြီး ထားကြဖို့ လို့ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာပေါ်က ပြောဆိုမှုတွေ ဝါဒဖြန့်မှုတွေကို ကျော်လွန်ပြီး ပကတိ အခြေအနေကို အချိန်နဲ့ တပြေးညီသိရှိနေအောင် လုပ်ဆောင်ကြဖို့လည်း အရေးတကြီး လိုအပ်နေပြီလို့လည်း ဆိုချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar