ကိုသန်းလွင် - အနာဂတ်သည် ရိုးရိုးလေးပါ
ကိုသန်းလွင် - အနာဂတ်သည် ရိုးရိုးလေးပါ
မိုးမခ ၊ စက်တင်ဘာ ၂၁ ၊ ၂၀၂၅
(၁)
ဂူးဂဲလ်မှာ ရှာဖွေသည်များကို ကြည့်ခြင်းဖြင့် လူတို့၏ အနာဂတ်ကို သိလိုသူများသည် ၂၀၂၀ ခုနှစ်ကစ ၍ နှစ်ဆ တိုးလာသည်ဟု ဆိုပါသည်။ အချိန်တိုတိုလေးအတွင်းမှာပင် လူတို့၏ ဘဝများသည် ရှေ့မှာဘာဖြစ်မည် စသည့် ကြိုတင်ဟောကိန်းတို့ဖြင့် ပြည့်နှက်သွားပါသည်။
ကြည့်လေရာရာ ဤအနာဂတ်တွင် ဖြစ်မည့်အရာများကို ရင်သပ်ရှုမောဖွယ် တွေ့ရှိရသည်။ အကောင်းမြင်သူတို့ဖြင့် ပြည့်နေသော လောကကြီးတွင် အမြတ်ထုတ်လိုသူတို့က အနာဂတ်တွင် ဖြစ်မည့်အရေးကို ကြိုတင်၍ ကောင်းသောဘက်ကိုချည်း ပြောတတ်ကြသည်။ ကုမ္ပဏီရေးရာ မျှော်မှန်းသူများက သူတို့ကုမ္ပဏီ ဘာဖြစ်မည် ဆိုသည်ကို ဟောကိန်းထုတ်ရာတွင် ပါဝါပွိုင့်တွင် အစက်ချထားသော မျဉ်းကြောင်းများမှာ တကယ်ဖြစ်တော့မည့် မျဉ်းကြောင်းများ ဖြစ်လာကြသည်။ တီဗွီများက အနာဂတ်ဖြစ်ရပ်များကို နိမိတ်ဖတ်ကြပြီး နာရီပေါင်းများစွာကြာအောင် ချဲ့ကား၍ ပြသနေကြသည်။ ဇာတ်လမ်းရေးသူများက ရဲဝံ့စွန့်စားသော သူရဲကောင်းများ၊ အနာဂတ်သည် ကြောက်မက်ဖွယ်ကောင်းသော လောကကြီးအဖြစ် ပုံဖော်ထားသော ဇာတ်လမ်းများကို ရေးကြသည်။ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များကလည်း အနာဂတ်ကို အားကျစရာ ဘဝလွတ်မြောက်ရေးနှင့် ဘာမှမသိနိုင်သော လောကကြီးကို ပုံစံအမျိုးမျိုးဖြင့် ပုံဖော်နေကြသည်။
(၂)
ကျွန်တော်တို့သည် မိမိတို့ အနာဂတ်ဘဝကို ရမ်းသန်းတွေးခေါ် (Speculation) မှုများဖြင့် အဆုံးသတ် နေကြသည်ကို မမြင်လိုပါ။ မျှော်မှန်းချက်၊ တွေးတောချက် တကယ်တွင် ၎င်းတို့သည် ပုံပြင်များ၊ ရော်ရမ်းမှန်းဆချက်များသာ ဖြစ်ပြီး တကယ့်ဘဝဖြစ်နိုင်ခြေများ နည်းနည်းနှင့်ရောပေါင်းပြီး ပြောကြသည်။ တဖက်လူ၏ သဘောတူညီမှုနှင့် အရေးတယူပြုမှုကို မျှော်မှန်းကြသည်။ ထိုပုံပြင်များကို ဘယ်လိုစာလုံး နံပါတ်များနှင့်ပင် ပြောပြော အားလုံးသည် အစွန်းရောက်နေသည်ချည်း ဖြစ်သည်။
တစ်ဦးချင်းစီသည် ထိုအစွန်းရောက်မှုများကို ချေဖျက်ဆီးနိုင်သည်ဟု ယူဆကြသော်လည်း ၎င်းတို့ အားလုံးသည် တကယ့်လက်တွေ့ ဖြစ်မလာနိုင်သောအရာများသာ ဖြစ်ကြပါသည်။ ကျွန်တော်တို့ကို အထောက်အကူမပြုသလို အမှန်တရားမှ သွေဖည်သွားစေနိုင်ပါသည်။ သို့သော် မျှော်မှန်းထားသော အချိန်ရောက်သည်နှင့် အနာဂတ်အရေးသည် အစွန်းမထွက်တော့ပါ။ ရိုးရိုးကလေးအတိုင်းသာ တွေ့မြင်ကြရပါသည်။ ရိုးရိုးအမြင် ဆိုသည်မှာ အပြောင်းအလဲ အနည်းငယ်တော့ ရှိနိုင်ပါသည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ လိုအပ်သော သက်သေပြချက်များကို အလွယ်တကူ တွေ့နိုင်ပါသည်။
၁၉၈၀ ပြည့်နှစ် ပတ်ဝန်းကျင်က နာရီတစ်လုံးသည် အချိန်ကို ပြပါသည်။ ကံကောင်းလျှင် ရက်စွဲကို ပြနိုင်ပါသည်။ သို့သော် ယခုနာရီများသည် အိပ်နေစဉ်မှာ သွေးခုန်နှုန်းကို တိုင်းပေးနိုင်ပါသည်။ ရုတ်တရက် သတိမေ့မြောသွားလျှင် အရေးကြီး တယ်လီဖုန်းနံပါတ်ကို ဆက်ခေါ်နိုင်ပါသည်။ ပထမဆုံး ဟီလီယံ- နီရွန် လေဆာမှာ ဘဲလ်လက် (Bell Lab) ကပြုလုပ်တုန်းက ဒေါ်လာ ၂ သန်း ကုန်ကျပါသည်။ ယနေ့တွင် လေဆာပွိုင့်တာများမှာ နှစ်ဒေါ်လာခန့် ပေးလျှင် ရပါသည်။ ကျွန်တော့်အိမ်မှာ အလိုအလျောက် သွားနေသော ဖုန်စုပ်စက် (Vacuum Cleaner) ရှိနေပါပြီ။ မြန်မာ့ရေနံသို့ ပထမဆုံး ရောက်လာသော ကွန်ပျူတာမှာ အိမ်တစ်လုံးစာလောက် ကြီးပါသည်။ ယနေ့ ခေတ် လက်တော့ပ် ကွန်ပျူတာများမှာ စားပွဲပေါ်တွင်တင်ထား၍ ရပါသည်။ ပုပ်ရဟန်းမင်းကြီးမှာ (Instagram) အကောင့်ရှိသည်။ နိုင်ငံပေါင်း ၄၀ ကျော်တို့တွင် လိင်တူချင်း လက်ထပ်၍ရပါသည်။ ခေတ်ကြီးပြောင်းသွားသော် လည်း ထိုအဖြစ်အပျက်များကို ကျွန်တော်တို့ သေချာ ဂရုတစိုက်မဆန်းစစ်မိလိုက်ပါ။
သင်သည် ကမ္ဘာကြီးကို ရှုမြင်သောအခါ စက်မှုစွမ်းအင်ဖြင့် လည်းကောင်း၊ နိုင်ငံရေး၊ သိပ္ပံအမြင် (သို့) လူမှုရေးအမြင်ဖြင့်လည်းကောင်း ကြည့်မြင်သည်ဆိုလျှင် အဖေကြီး အမေကြီးများ ခေတ်နှင့် မတူတော့သည်ကို သိနိုင်ပါသည်။ သို့သော် တကယ့်အဖြစ်အပျက်တွင် ဤအချက်မှာ မသိသာလှပါ။ ထိုအရာအားလုံးမှာ သူ့သဘာ၀အတိုင်း ရှိနေကြပြီး ရိုးရိုးကလေးသာ ဖြစ်ပါသည်။ ကျွန်တော်တို့ဘဝများအတွင်း ထိုသို့ အရာဝတ္ထုများ ဝင်ရောက်နေကြပြီး ၎င်းတို့ သည် ၂၀၂၅ ခုနှစ်၏ အစိတ်အပိုင်းများ ဖြစ်နေကြပါပြီ၊
ကျွန်တော်တို့သည် ရိုးရိုးကလေးသာဖြစ်သော အကြောင်းအရာများကို လျစ်လျူရှုသည့်သဘော ရှိပါသည်။ ထိုအဖြစ်အပျက်များမှာ ရိုးရိုးကလေးနှင့် ကျွန်တော်တို့ဘဝမှာ ဖြစ်ပေါ်နေသောအရာများ ဖြစ်ပါသည်။ ကျွန်တော်တို့ဘေးမှာ အသာကလေး ငြိမ်သက်စွာ ဖြစ်ပေါ်နေပါသည်။
ကျွန်တော်သည် မိုးခေါင်၍ ပူပြင်းသော အညာမြို့ကြီးတစ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပါ၏။ ရွာမှာ ဖြေဖျော်စရာဟူ၍ ဘာမှမရှိ၊ မန္တလေးမှ ထွက်သည့် ခေါက်ပြန်ရထားနှင့် ညနေပိုင်း ဘောလုံးပွဲများသာ ရှိသည်။ ကျွန်တော်သည် ကျောင်းနှင့် ဘူတာရုံ၊ ဘောလုံးကွင်းများတွင်သာ အနေများပြီး အသစ်အဆန်း ဘာမှမရှိ၊ ထိုပတ်ဝန်းကျင်၌ ကြီးပြင်းခဲ့ပါသည်။ အနာဂတ်သည် ထိုပျင်းစရာကောင်းသော အကြောင်းအရာများကြောင့် ပို၍ကောင်းလာခြင်းမရှိသလို ပို၍ ဆိုးသွားခြင်းလည်းမရှိခဲ့ပါ။ ကျွန်တော့်အနေဖြင့် ထိုအဖြစ်အပျက်များကြောင့် အကောင်းဆုံး ဘဝတစ်ခုကို မျှော်လင့်ထားခဲ့ပါလျှင် ကျွန်တော့်ကို မိုက်မဲသည်ဟုသာ ဆိုရန်ရှိတော့သည်။
သင်၏ဘဝကတော့ ကျွန်တော်တို့ထက် ပို၍ ထူးခြားမည် ထင်ပါသည်။ ဘဝအတွေ့အကြုံ အနေအထား ဆန်းပြားသည် မဟုတ်သည့်တိုင် သူများနှင့် မတူသော အတွေ့အကြုံများ ရှိနေနိုင်ပါသည်။ သင့်အနာဂတ်ကို စဉ်းစားလိုက်သောအခါ ထိုပုံပြင်များသည် အဘယ်သို့ ရောက်သွားပါသနည်း။ လူသားအားလုံး၏ အမူအကျင့်ကို သူတို့ဘဝ၏ ဦးတည်ရာကတော့ အဘယ်မှာပါနည်း၊ သင်ခန်းစာယူစရာဟူ၍ ဘာမှမတွေ့ရဘဲ ရိုးရိုးဘဝများကိုသာ တွေ့ရမည် ဖြစ်သည်။
ကြီးမားသောဘဝ၏ ပြောင်းလဲမှုများသည် ကျွန်တော်တို့ဘဝများတွင် ဖြစ်ပေါ်လျက် ရှိကြပါသည်။ သို့သော် သူတို့ ဖြစ်ပေါ်ကြသည်မှာ ဘာမှမထူးဆန်း၊ မဆန်းကြယ် ဘာသံမှမကြားရဘဲသာ ဘဝကို ဆက်ကြရသည်။ သူတို့သည် အချိန်ကြာလာသည်နှင့်အမျှ တိတ်တဆိတ်သာ ကျွန်တော်တို့ ဘဝများထဲသို့ ဝင်လာကြပြီး ရှိနှင့်ပြီးသား အရာများအပေါ်၌ ထပ်ဆင့်၍သာ နေရာယူနေကြပါသည်။ သူတို့သည် ကျွန်တော်တို့ ဘဝများ၏အောက်ခြေမှာ ရေးရသော မှတ်ချက် (foot note) များသဖွယ်သာ ဖြစ်ပေါ်ရတော့သည်။
ယနေ့ကမ္ဘာတွင် AI အကြောင်း ပြောမလား၊ ရာသီဥတု ပြောင်းလဲခြင်းအကြောင်း ပြောမလား၊ သို့မဟုတ် စက်ရုပ်နှင့် လူငယ်ဘ၀ တယ်လီဖုန်းတစ်လုံးနှင့် အချိန်ကုန်ရသည်ကို ပြောမလား၊ အားလုံးသည် ရိုးရိုးလေးနှင့် ရှင်းရှင်းလေး ဖြစ်ပါသည်။ တနည်းဆိုသော် ပြောရအလွန် လွယ်ကူပါသည်။ အနာဂတ်ကို သူများ ပြောသလို အစွန်းရောက်ရသည့် အကြောင်းတွေကို ပြောမည်ဆိုလျှင်သာ ပြောရန်ခက်ခဲပါလိမ့်မည်။ ထိုသို့ပြောခြင်းက ပိုမိုအသုံးဝင်ကောင်းဝင်လိမ့်မည်။ ထိုသို့ ကမ္ဘာအကြောင်းအရာများက ဘာတွေကို ထိခိုက်လိမ့်မည်၊ ဘယ်အရာတွေကိုတော့ မထိခိုက်နိုင်ဟု ဝေဖန်ခြင်းက ခက်ခဲပါလိမ့်မည်။
လူတို့သည် ပတ်ဝန်းကျင်နှင့်အမြဲတစေ လိုက်လျောညီထွေရှိအောင် နေထိုင်တတ်ပါသည်။ မိမိအပြုအမူကို အမြဲတစေ အလျှော့အတင်း ပြုလုပ်၍ တွေ့ကြုံရင်ဆိုင်ရသမျှကို ပြေလည်စေပြီး နေသွားနိုင်ပါသည်။ မိမိအတွေ့အကြုံအရ ပြောရသော် အနာဂတ်အကြောင်း စဉ်းစားခြင်းသည် မထူးဆန်းဘဲ တွေ့နေကျ အရာဝတ္ထုတစ်ခုလို သဘောထားခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။ စိတ်ကူးယဉ်ကမ္ဘာထဲမှာ တိုက်အိမ်ဆောက်သလို ကြောက်မက်ဖွယ်ရာ တစ်ခုလို သဘောထားခြင်းဖြင့် အဆင်မပြေနိုင်ပါ။ လူအများကို ကူညီပါ၊ မိမိအတွက် ကိုယ်ပိုင်ပစ္စည်းတစ်ခုကို ကိုင်တွယ်သလိုမျိုး အရာရာကို ကိုင်တွယ်ပါ။ အသေးစိတ် ပြဿနာများကို ဆွေးနွေးယူပါဟုသာ အကြံပေးပါရစေ။
အနာဂတ်အကြောင်းကို စဉ်းစားသည့်အခါ ကြီးကျယ်ခမ်းနားသော ရည်ရွယ်ချက်၊ ကောင်းမွန်သော အစီအစဉ်တို့ကို မိမိကိုယ်တိုင် နားလည်ပါစေ၊ ၎င်းအဓိက အစီအစဉ်သည် ဖျက်ဆီးခြင်း၊ ပြိုလဲခြင်း ဖြစ်နိုင်ပါသည်။ အခက်အခဲ ပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။ သို့သော် ကျွန်တော်တို့ အလုပ်သည် ထိုနေရာ၌ ပြီးဆုံးပြီ မဟုတ်ပါ။ အကြီးအကျယ် ပြောင်းလဲခြင်းကြောင့် ကျွန်တော်တို့မှာ စိတ်လှုပ်ရှားခြင်း ကြောက်လန့်ဖွယ်ရာအဖြစ်များ ဖြစ်နိုင်ပါသည်။ တခါတရံ အခက်အခဲမှာ သေချာစဉ်းစားပါမှ အဓိပ္ပာယ်ဖော်နိုင်ပါသည်။ အနာဂတ်သည် ပစ္စုပ္ပန်၏ အဆက်အပွားတစ်ခုသာ ဖြစ်ပါသည်။ ထိုသို့ မဟုတ်ပါဘဲလျက် လက်တွေ့လုပ်နေရသည့် အဖြစ်မှ အပြောင်းအလဲများကို ရိုးရိုးဖြစ်နေကျ ပုံစံနှင့် မဆက်စပ်နိုင်ပါလျှင် အနာဂတ်သည် ပိုဝေးသွားပြီး လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ ရှိတတ်သည်။ ဤပျော့ညံ့ချက်သည် အရေးကြီးသော ကျရှုံးမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
(၃)
အနာဂတ်ကို စီစဉ်ရခြင်းသည် ကုမ္ပဏီကြီးနှစ်ခုကို ပူးပေါင်းရသလို ခက်ခဲနိုင်ပါသည်။ သို့မဟုတ် လူနှစ် ယောက် ကော်ဖီသောက်ရင်း စကားပြောရသလိုလည်း လွယ်ကူနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ထိုပြောင်းလဲမှုဖြစ်စဉ်များတွင် ကျွန်တော်တို့ ပါဝင်ကြရပါမည်။ အနာဂတ် ကောင်း၊ မကောင်းသည် ကျွန်တော်တို့ ပါဝင်မှုအပေါ်တွင် မူတည်၍ ပြောင်းလဲသွားနိုင်ပါသည်။
ကိုသန်းလွင်
Ref: The Future will be mundane, by Nick Foster, NY Time Aug 19, 2025
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar