Breaking News

မောင်စွမ်းရည် - ထန်းလျက်(ထညက်)



မောင်စွမ်းရည် - ထန်းလျက်(ထညက်)

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၉

ထန်းလျက်အကြောင်းကို သတင်းစာမှာ ဖတ်လိုက်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်က ထန်းလျက်လည်း သကြားလို ချိုတာပါပဲ။ ထန်းလျက်နဲ့ ကိတ်မုန့်ဖုတ်ပေါ့လို့ အကြံပေး သတဲ့။ ဗမာလူမျိုးဟာ အချိုမုန့်တွေကို ထန်းလျက်နဲ့ပဲ လုပ်လေ့ရှိပေမယ့် ကိတ်မုန့်ကို တော့ ဗမာမုန့် မဟုတ်လို့လား မသိ။ ထန်းလျက်နဲ့ လုပ်ရိုးမရှိပါ။ ကျွန်တော်တို့လူမျိုးကို ရှေးရိုးစွဲကြီးလို့နဲ့ တူပါတယ်။ အဆာသွတ်လုပ်ရတဲ့ မုန့်လုံးအမျိုးမျိုး၊ မုန့်လုံးရေပေါ်၊ ဆီကြော်မုန့်လုံးတို့မှာလည်း အထဲမှာ ထန်းလျက်ကို ဌာပနာသွတ်(အဆာသွင်း) လုပ်ပါ တယ်။ ပဲကတ္တီပါပြုတ်နဲ့ ထန်းလျက်နဲ့ ရောချေပြီးတဲ့လည်း အဆာသွတ်လေ့ရှိပါတယ်။ ထန်းလျက်နဲ့ ဇီးမှုန့်(ဆီးမှုန့်)၊ မန်ကျည်းနှစ်တို့ တခုခုနဲ့ ရောနယ်ပြီး ဇီးတော်ဖီ၊ မန်ကျည်းတော်ဖီတို့လည်း လုပ်ပါတယ်။ ‘တော်ဖီ’လို့ခေါ်တော့ တော်တော်ခေတ်မီလာပြီ ဆိုရမှာပေါ့။

ဇီးယို၊ မန်ကျည်းယိုကိုလည်း ထန်းလျက်နဲ့ကျိုပြီး လုပ်တာ ဖြစ်ပါတယ်။ ဇီးပေါင်း၊ မရန်းပေါင်း၊ သရက်ပေါင်း ဆိုတာတွေလည်း ထန်းလျက်နဲ့ လုပ်ကြတာပါပဲ။ နွေရာသီမှာ ဆိုရင် မန်ကျည်းဖျော်ရည်၊ ဇီးဖျော်ရည်ကို ထန်းလျက်နဲ့လုပ်သောက်ပါ တယ်။ ဥပုပ်ဇရပ်မှာလည်း ဥပုသ်သည်များအတွက်ရော၊ ဘုန်းကြီးများအတွက်ရော ဖျော်ရည်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုးကို ထန်းလျက်နဲ့ ဖျော်ကြပါတယ်။ ကုသိုလ်လုပ် ရာမှာသာမက ငရဲလုပ်ရာမှာလည်း ထန်းလျက်နဲ့ပဲ လုပ်ကြတာပါပဲ။ အရက်ချက်တာ လေ။ ထန်းလျက်နဲ့ ရေနဲ့ပြုတ်ပြီး ထွက်လာတဲ့ ပေါင်းချွေးရည်နဲ့သာ အရက်ဖြူ ဖြစ်လာ ပါတယ်။ အရက်ပြန်တမျိုးပေါ့။ သိပ်ကောင်းရင် မီးရှို့ကြည့်လို့ရတယ်။ အဲဒါမျိုးကို မီးတောက်အရက်ကို ခေါ်တာပေါ့။ အရက်ပျင်းပျင်းကို ဓာတ်ဆီအစားထည့်ပြီး ကား မောင်းလို့ရသလိုလိုလည်း ကြားဖူးရဲ့။ အနာစိမ်းများကိုလည်း အရက်ပြန်အစား အရက် ဖြူကို ဝါဂွမ်းနဲ့ဆွတ်ပြီး ဆေးကြောကြသတဲ့။ သောက်ကြည့်ရင်တော့ ရင်ထဲမှာ မီးတောက်တာ အမှန်ပါပဲ။

ဂျပန်ခေတ်မှာရော၊ အမေရိကန်ခေတ် (ဒုတိယကမ္ဘာစစ်ကာလမှာ နီဂရိုးနဲ့ အမေရိကန် တချို့ လာဖူးတယ်)မှာ ရောမ နိုင်ငံခြားသားတွေ ကျွန်တော်တို့ရွာကို လာဖူးတယ်။ ထန်းရည်ခါးနဲ့ အရက်ကို သူတို့ မြည်းကြည့်ပြီး ကြိုက်သတဲ့။ အရက်က ဗော့ဒဂါလို နေမှာပေါ့။ ထန်းရည်ခါးကို ထန်းပင်ပေါ်မှာပဲ အလင်(အလျဉ်) ခေါ်တဲ့ ချဉ်ဖတ်တစ်မျိုး ထည့်ပြီး ခံထားရပါတယ်။ အပင်က ထွက်လာတာက အချိုရည်။ အချိုရည်ကို ပြည် တောင်းလောက်ရှိတဲ့ မြေအိုးနဲ့ ခံယူပါတယ်။ နွေဦး၊ ထန်းရည်ဦးကို ကယ်ခေါက်မှုန့် လေး ကွမ်းသီးလုံးလောက် ထည့်ပြီး ခံယူလေ့ရှိတယ်။ အများအားဖြင့်တော့ ထန်းရည်ချို ခံယူတိုင်း ထုံးမှုန့်လေး မန်ကျည်းစေ့ခန့် ထည့်ပြီး ခံယူလေ့ရှိပါတယ်။ ဒီလိုမထည့်ရင် ချဉ်သွားတတ်သတဲ့။

ထန်းပင်များမှာ အဖိုပင်၊ အမပင်ရယ်လို့ ရှိပါတယ်။ ထန်းပင်ကို စကားထာဝှက်ရင် ‘ငယ် ထဘီဝတ်၊ ကြီးရင် ထဘီချွတ်’ကို ဝှက်ပါတယ်။ ငယ်စဉ်မှာ ပင်စည်ကို ထန်းလက် တွေ အထပ်ထပ်၊ ခပ်စိတ်စိတ်ပတ် နေတတ်ပါတယ်။ ကြီးလာတော့မှ အဲဒီထန်းလက် တွေ(အရွက်တွေကို ဖြတ်ပစ်၊ အလက်ခွတွေကို ‘ထန်းပလပ်’တွေလို့ ခေါ်ပါတယ်) ကွာကျပါတယ်။ ထန်းလက်အရင်းပိုင်းကို ဖြတ်ယူပြီး ထန်းသမားတွေက ဖင်ထိုင်ခုံ လည်း လုပ်၊ ခေါင်းအုံးလည်း လုပ်ပါတယ်။ ထန်းတောထဲမှာပဲ ထန်းရွက်မိုးတဲထဲမှာ ဝါးနဲ့ စင်ထိုးပြီး ဝါးစင်ပေါ်မှာပဲ ဂုန်နီအိတ်ခင်း၊ ထန်းလက်(ထန်းပလပ်) ခေါင်းအုံးနဲ့ အိပ်ကြတယ်။

ထန်းရည်ခံတဲ့အိုးတွေကို ‘မြူအိုး’လို့ ခေါ်ပါတယ်။ ပြည်တောင်းလောက် ရှိတယ်။ နေ့စဉ် ရေစင်စင်ဆေး၊ ထန်းရွက်ခြောက် ထန်းလက်ခြောက်တွေနဲ့ မီးမြှိုက်မီးကင် (မီးသင်း) ပြီးမှ အိုးကို ကြိုးတပ်ပြီး ထန်းပင်ပေါ်ယူသွား၊ ပြုပြင်ထားတဲ့ ထန်းနို့၊ ထန်းပွင့်တွေ၊ အောက်မှာ ကြိုးချိတ်ပြီး ခံယူပါတယ်။ ထန်းဖိုမှာ အဖိုပွင့် လက်တံရှည်ကြီးတွေကို ထန်းနို့လို့ ခေါ်တယ်။ အသီးခိုင်ကလည်း အပင်မှာပဲ ထွက်တယ်။ ‘နွေဦးကာလ မြူထ သောအခါ’မှာ ထန်းဖိုပင်က ဖူးတံတွေ စောထွက်လို့ ထန်းဖိုပင်ကို အရင်ပြင်ရပါတယ်။ ထန်းနို့ကြီးလာရင် လင်းမြွေကြီးတွေလိုပဲ။ ကျပ်လုံးမကတုတ်တဲ့ စိမ်းစိမ်း လုံးလုံး ထန်းနို့ခေါ်တဲ့ အဖူးတံကြီးတွေကို ထန်းညှပ် ခေါ်တဲ့ သစ်သားပြား နှစ်ခြမ်းကြားမှာ နည်းနည်းချင်း စိတ်ရှည်လည်ရှည် ညှပ်ပြီး ပြုပြင်ရတာပါ။ အဲဒီ ခပ်ပျော့ပျော့ ထန်းနို့တံ များကို လေး ငါးတံလောက် စုပြီး ထန်းလျှော်ကြိုးနဲ့စည်း၊ ထိပ်ဖျားကို ထန်းလှီးဓား ခေါ်တဲ့ ဆံပင်ရိတ်လို့ရတဲ့ ဓားနဲ့ ပါးပါးလေးလှီး မျက်နှာဖော်ထားပေးခဲ့ရတာပါ။ ထန်းဖိုပင်ကရတဲ့ ထန်းရည်နဲ့ချက်တဲ့ ထန်းလျက်ဟာ ‘ထုံးခတ်’ မဟုတ်၊ ‘တည်ခတ်’ ထန်းလျက်ပါ။ ‘ထန်းဖိုဦးထန်းလျက်’ ဆေးဖက်ဝင်တယ်ဆိုပြီး နှစ်ပေါက် သိမ်းထားရပါ တယ်။

ထန်းမပင်ကတော့ အသီးခိုင်လေးတွေ တပါတည်း ထွက်လာပါတယ်။ အသီးနုလေးတွေ ကို ပျော့ရုံ သံဖုနဲ့ ခပ်ဆဆလေး ထုပြီးမှ ထိပ်ကို ထန်းလှီးဓား ထက်ထက်နဲ့ ပါးပါးလေးလှီးပြီး မျက်နှာပြင် ဖော်ရပါတယ်။ ထန်းသီးကြီးတွေ အဆံထည့်ပြီး ရင့်ချေပေရော့ပဲ။ အမပင်က ထန်းရည်က ပိုချိုပါတယ်။ ထန်းရည်ခံရာမှာ အိုးမသန့်ရင် ထန်းရည်ချဉ်သွားတတ်တယ်။ ပျက်သွားတတ်တယ်။ ဒါကြောင့် မြူအိုးတွေကို နေ့စဉ် ရေဆေးသန့်စင်ပြီး မီးမြှိုက်ပေးရတယ်။ မီးမြှိုက်တာကလည်း မလွယ်ဘူး။ လက်ဝင်တယ်။ မီးမြှိုက်ဖို့ရာ ထန်းရွက်ခြောက်၊ ထန်းလက်အရင်းကနေ ထွက်တဲ့ ဆန်ခါစိတ်လို အမျှင်ဖတ်တွေကို ‘ထန်းစစ်ဖတ်’လို့ ခေါ်တဲ့ ထန်းစစ်ဖတ်အခြောက်တွေ လည်း မီးရှို့လို့ရတယ်။ ရေဆေးထားတဲ့အိုးတွေကို တဖက် ဆယ်လုံးစီလောက် တန်းစီပြီး တစောင်းတည်ထားရတယ်။ တထွာခန့်ခွာ၊ မျက်နှာချင်းဆိုင် နှစ်တန်း စီထားပြီး တန်းပေါ်မှာ အိုးဆယ်လုံးခန့် မှောက်တင်ရတယ်။ အိုးသုံးလုံးကို သုံးပွင့်ဆိုင် မှောက်ထားတဲ့သဘောပါပဲ။ အဲဒီအိုးတန်းရဲ့အတွင်းကို ထန်းရွက်ခြောက်တွေ သွင်းထည့် ပြီး မီးရှို့ပေးရပါတယ်။ တခြားအရွက်စိမ်းတွေ ဘာတွေ မထည့်ရဘူး။ ထန်းရည်နဲ့ မတည့်ရင် ပျက်သွားတတ်တယ်။ ဖုတ်ကင် မီးမြှိုက်ထားတဲ့ မြူးအိုး လေး ငါးလုံးကိုမှ ကြိုးတပ်ပြီး ထန်းသမားရဲ့ခါးချိတ် တက်ရတာ။ ဆင်းတော့လည်း ထန်းရည်တွေ ပါတဲ့ အိုး လေး ငါးလုံးကို ခါးချိတ်ဆင်းရတာ။ ထန်းပင်ပေါ်မှာ ထန်းပွင့်၊ ထန်းနို့ကို ထန်းလှီးဓားနဲ့ နှစ်ချက် သုံးချက် လှီးပြီး မျက်နှာဖွင့်၊ အရည်ထွက်အောင် လုပ်ပေးခဲ့ရပါ တယ်။ အိုးသစ်ချိတ်ပြီး အိုးဟောင်းကို ယူခဲ့ရတယ်။

ဒီလို ထန်းတက်တာကို မနက် တခါ၊ ညနေ တခါ လုပ်ရတယ်။ ထန်းတက်တာကို ပုဂံ ခေတ်ကတည်းက တို့ဗမာတွေ လုပ်ခဲ့ပုံရပါတယ်။ ကျန်စစ်သားရဲ့ ရဲဘော်တွေ၊ ငထွေးရူး၊ ညောင်ဦးဖီး၊ ငလုံးလက်ဖယ် ဆိုတဲ့ သုံးယောက်ထဲမှာ တယောက်က လယ်ထွန်၊ တယောက်က ထန်းတက်ကျွမ်းသူ၊ တယောက်က ရေကူးကျွမ်းသူ ဆိုတယ် မဟုတ်လား။ ထန်းတက်ကျွမ်းသူက ငလုံးလက်ဖယ် ထင်တယ်။ ဝန်ကြီးပဒေသရာဇာက ထန်းတက် သမားဘွဲ့ တျာချင်းရေးတော့ ညောင်ရမ်းခေတ် မဟုတ်လား။ ခေတ်ချင်း ၅၀၀ မက ကွာမယ်။ ထန်းသမားဘွဲ့မှာပါတဲ့ ‘ကလိုင်’ဆိုတာကော မှတ်မိရဲ့လား။ နှစ်တောင်ကျော် သုံးတောင်လောက် ရှည်တဲ့ သစ်သားချောင်းကြီးပါပဲ။ အများအားဖြင့် ရှားနှစ်ဖြစ်ပုံ ရပါတယ်။ ထန်းပြင်တဲ့အခါ ထန်းလက်ခြောက်တွေရဲ့ အရင်းကို ကလိုင်နဲ့ထိုးပြီး ခွာရ တယ်။ ထန်းလက်ကြားကို ကလိုင်ထိုးပြီး အဲဒီအပေါ်မှာ ထန်းသမားက ခွထိုင်ပြီး ထန်းပြင်ရသတဲ့။ လိမ့်မကျအောင်လည်း ဂရုစိုက်ရတယ်။ ထန်းပင်ပေါ်က ကျတာကို ‘ထန်းလျှောတယ်’ ခေါ်ကြတယ်။ အများအားဖြင့် အပင်နဲ့ ရင်ဘတ်နဲ့ ပွတ်တိုက်ပြီး လက်ရော ခြေပါ လွတ်ချော်ကျသွားတာ။ ထန်းလျှောရင် သေတာပါပဲ။

ထန်းတက်ရတာ တချို့က တပင်နဲ့တပင် အဝေးကြီးပဲ။ အဲဒါကို ရင်းထောင် သယ်ယူပြီး ရွှေ့သွားရရှာတာပါ။ ရင်းထောင်နဲ့ ထန်းပင်ရဲ့အထက်မှာ ချိတ်ဆွဲထားတဲ့ ရင်းဆွဲ ခေါ်တဲ့ ရင်းထောင်အတိုလေးနဲ့ ချိတ်မိ၊ ထပ်မိအောင် ရင်းထောင်ကို တည်ရ၊ ထောင်ရတယ်။ ရင်းထောင်မှာ ကြိုး နှစ်ကြိုး၊ သုံးကြိုး ပါတယ်။ ထန်းသမားက ထန်းတက်ရင် အဲဒီကြိုးနဲ့ ထန်းပင်ကို ပတ်ပြီး ကြိုးစကို ရင်းထောင်နဲ့ လှေကားထစ် သစ်သားချောင်း လေးရဲ့ အစွန်းမှာ ယာယီရစ်ပတ်ထားခဲ့ရတယ်။ ဆင်းမှ ပြန်ဖြေခဲ့၊ ဖြုတ်ခဲ့ရတယ်။

ထန်းသမားက ထန်းပင်ပေါ်က ချလာတဲ့ ထန်းရည်ချိအိုးတွေကို ထန်းပင်ရင်းမှာပဲ ဖြုတ်ချထားခဲ့တယ်။ ထန်းသမား မယား၊ သို့မဟုတ် သူ့သားကြီး၊ သမီးကြီးတို့က အိုးတွေကို လိုက်စုပြီး ထမ်းပိုးနဲ့ ထမ်းယူလာရတယ်။ မီးသင်းထားတဲ့ အိုးတွေကိုလည်း တက်ရမယ့် ထန်းပင်ရင်းတွေမှာ လိုက်ချပေးရသေးတယ်။ ထန်းရည်ချိုအိုးတွေ လိုက် ကောက်သူကို ‘မြူအိုးကောက်’လို့ ခေါ်တယ်။ သူ ကောက်ယူလာတဲ့ ထန်းရည်ချိုတွေကို ထဘီရင်ရှားနဲ့ ထန်းသမား မယားက သောက်ရေအိုးလောက် ကြီးတဲ့ မြေအိုးနဲ့ စုယူသွားပြီး ‘မီးလင်းဖို’ ခေါ်တဲ့ မြေမီးဖိုခုံတန်းကြီးပေါ်ကို အိုးတွေ တန်းစီတင်ရတယ်။ အိုး ခုနစ်လုံးလောက် တင်နိုင်တယ် ထင်ရဲ့။ အောက်ကနေ ရှားထင်း(ရှားပင်ကရတဲ့ ထင်း)နဲ့ ထန်းရွက်ခြောက်တွေ ရောပြီး မီးထည့်ပေးရတယ်။ မြေအိုးထဲမှာ ပွက်ပွက်ဆူ ပြီးမှ မိုးဗြဲဒယ်(မိုးဗြဲအရပ်က ဝယ်ယူရရှိတဲ့ သံဒယ်)ကြီးတွေထဲ ပြောင်းထည့်ပြီး ထန်းရည်တွေ ပျစ်ချွဲပြီး ခဲလုနီးပါး ဖြစ်လာတာကို ‘သကာကျ’တယ် ခေါ်တယ်။ အဲသလို သကာကျချိန်မှ ထန်းလျက် သကာရည်ကို ပေါင်မုန့်တို့ ဘာတို့နဲ့ တို့စားဖို့ ဖယ်ထားရ တယ်။ ထမင်းကြမ်းနဲ့ သကာရည်နဲ့လည်း ကလေး သရေစာအဖြစ် စားလို့ရတယ် ထင်ပါ တယ်။

သကာကျပြီး ပျစ်ချွဲလာတဲ့ ထန်းရည်ချိုတွေကို ဒယ်အိုးထဲကနေ မြေပြင်ပေါ်ရှိ ဝါးဗန်း၊ သံလင်ပန်းတို့ထဲ ထည့်ပြီး လက်နဲ့ကိုင်နိုင်တဲ့အခါမှ လောက်စာလုံးတဲ့ ရွှံ့ချောင်းကြီးလို အချောင်းကြီးဖြစ်အောင်လုပ်ပြီး အလောတော် ထန်းလျက်လုံးတွေကို လက်နဲ့ပဲ ဖြတ်ချရင်း ဝါးဓားနဲ့ ပျဉ်ပြားလေးပေါ်မှာ ထန်းလျက်ချောင်းလေးတွေ လှီးဖြတ်ချရပါ တယ်။ အဲဒီထန်းလျက်ချောင်းလေးတွေကိုတော့ ‘မန်ကျည်းတောင့်’လို့ ခေါ်ပါတယ်။

ရလာတဲ့ ထန်းလျက်တွေထဲက တဝက်(ထင်တယ်) ထန်းပိုင်ရှင်ကို ထန်းသမားက ပေးရ ပါတယ်။ ထန်းသမားတွေမှာ ကိုယ်ပိုင်ထန်းပင် မရှိပါ။ ကိုယ်ပိုင်မြေမှ မရှိဘဲကိုး။ ထန်း ပိုင်ရှင်တွေက မြေပိုင်ရှင်ကြီးတွေပါ။ ထန်းတောနဲ့အတူ ရှားပင်တွေကိုလည်း အနီး အနားမှာ စိုက်ထားပါတယ်။ ထင်းအလို့ငှာ စိုက်တာပါ။ ထန်းသမားက ထင်းကို ဝယ်ယူ ရပါတယ်။ ထန်းလျက် ချက်လုပ်ရာမှာ ရှားပင်ဟာ အကောင်းဆုံးပါပဲ။ အကုန်အကျ သက်သာအောင် ထန်းပြင်တော့ ခုတ်ချ ဖယ်ရှင်းပစ်ရတဲ့ ထန်းရွက် ထန်းလက်တွေကို ရှားထင်းနဲ့ တွဲဖက်ဆိုက်ရအောင် ထန်းသမား သားသမီးတွေက ကောက်စုထားပါတယ်။ မြူအိုးတွေ နေ့စဉ် ဖုတ်တော့လည်း ထန်းရွက် ထန်းလက်ခြောက်တွေ လိုတာပါပဲ။ ထန်းသမား ဝယ်ရတဲ့ အိုးဖိုး၊ ကြိုးဖိုး၊ ထင်းဖိုး၊ ရင်းထောင် ရင်းဆွဲလုပ်ဖို့ ဝါးဖိုး စတဲ့ အရင်းအနှီးတွေကလည်း မနည်းလှပါဘူး။ သူတို့ကိုယ်ပေါ်မှာတော့ အင်္ကျီဝတ်ထားတာ တခါမှ မမြင်ဖူးပါ။

ထန်းသမား နေ့လယ်နေ့ခင်း နားရင် တခါတရံ အနီးဝန်းကျင်မှာ ဖွတ်၊ ပဒတ်(ပုတက်)၊ ယုန်၊ ခါ စသည် လိုက်ရပါတယ်။ ခွေးနဲ့အတူပေါ့။ ဒါမှလည်း ဟင်းနဲ့ကျွေးနဲ့ စားနိုင်ပါ တယ်။ ဘူးပင်၊ ခရမ်းပင်တို့ကတော့ တဲဘေးမှာ စိုက်ထားရပါတယ်။ ထန်းတဲဘေးမှာ ကြက်ဆူပင်လည်း စိုက်ရတယ်။ အနှစ်မရှိတဲ့ ကြက်ဆူပင်ပေါ့။ ထင်းလုပ်လို့မရဘူး။ ကြက်ဆူစေ့က ဆီထွက်တယ်။ အစေ့ လေး ငါးစေ့ကို ကျောက်ပြားပေါ်တင်ပြီး ကျောက်ခဲလုံးနဲ့ ထုထောင်းထားရပါတယ်။ ကြက်ဆူစေ့မှုန့်ကို အုန်းသီးခွက်၊ ထန်းစေ့ မှုတ်ခွက်ကလေးနဲ့ မီးလင်းဖိုနားမှာ ချထားရပါတယ်။ ထန်းလျက်အိုးက ပွက်ပွက်ဆူလာ ရင် ယောက်မနဲ့မွှေပြီး နှိမ်လို့မရပါ။ ကြက်ဆူမှုန့်လေး တမှုန့်၊ နှစ်မှုန့်ကို လက်ဖျားနဲ့ တောက်ထည့်လိုက်ရုံနဲ့ ပွက်ပွက်ဆူတဲ့ ထန်းရည်အိုးဟာ ငြိမ်ကျသွားရပါတယ်။ ဒီလို ဖြစ်ပုံကို ဂျပန်စစ်သားတွေ လာတုန်းက တွေ့တွေ့ချင်း အံ့ဩပြီး ကြက်ဆူပင်ကို အရွက်၊ အသီး၊ အစေ့ပါမကျန် ဆွဲယူသွားပါတယ်။ အစေ့လည်း ယူသွားပါတယ်။ ဂျပန် ကျောင်းဆရာတယောက်က အင်္ဂလိပ်လို တတ်ပါတယ်။ သူကြီးက အင်္ဂလိပ်လို ပြောပြ လို့ စာနဲ့လည်း ရေးမှတ်သွားလေရဲ့။

ကဲ… အဲဒါ ထန်းလုပ်ငန်း အကြောင်းပါပဲဗျား။ ထန်းပိုင်ရှင်၊ မြေပိုင်ရှင်က ထိုင်စားရုံပါ။ ထန်းသမားကတော့ အိုး၊ ကြိုး၊ ဝါး၊ ထင်းကအစ အားလုံး ဝယ်ရတာပါ။ ထုံးမှုန့်တို့၊ တယ်ခေါက်တို့ကလည်း ဒေသထွက် မဟုတ်လို့ ဝယ်ရတာပါပဲ။ ဓားတွေကို ထန်းတက် ရာ၊ ထန်းပြင်ရာမှာ သုံးချောင်းလောက် လိုတာ။ ထန်းပင်က ဆင်းလာရင် စကားပြောရင်း၊ ကွမ်းဝါးရင်း၊ တရှဲရှဲ သွေးရရှာတာပါ။ အိုးဆေးဖို့၊ သောက်ဖို့၊ ချိုးဖို့ ရေကလည်း သဲချောင်းတို့၊ ကြက်သွန်ခင်း လောင်းတဲ့ ရေတွင်းတို့နဲ့ မနီးရင် အလွန်ဒုက္ခ များပါတယ်။

ခုခေတ်ရဲ့ အရေးအကြီးဆုံး ပြဿနာက တရုတ်တွေကို ထန်းပင်တွေ ခုတ်လှဲမရောင်း အောင် အမိန့်နဲ့ ကာကွယ်ဖို့ပါပဲ။ ထန်းပင်တပင်ဖြစ်ဖို့ နှစ်ပေါင်း နှစ်ဆယ်လောက် မွေးယူရတာပါ။

အံ့ဩစရာ ပြောရဦးမယ်။ ကျွန်တော်က သူကြီးသားပါ။ ထန်းတောပိုင် ရှိလို့ ထန်းလျက် ပေါပေါစားရပါတယ်။ တနေ့တော့ ခါးပုံစထဲကို ထန်းလျက်ထည့်ပြီး ရွာလယ် ဓမ္မာရုံကြီး မှာ ရွာထဲက ကစားဖော်တွေ ရှိရာ ထွက်လာခဲ့ပါတယ်။ သူတို့ရှေ့မှာ ထုတ်စားမိတော့ တောင်းစားလိုက်ကြတာ။ တချို့က မစားဖူးရှာဘူးတဲ့။ နောက်တော့ သူကြီးသားက ထန်းလျက်နဲ့ လူချစ်လူခင် များလာခဲ့ပါတယ်။ ခွေးမကိုက်ခင် ထန်းလျက်ခဲပေါ်မှာ တံတွေးထွေးပြီး ကိုက်တတ်တဲ့ခွေးကို ကျွေးရပါတယ်။ သူကြီးသားက ထန်းလျက်ကို တံတွေးနဲ့ထွေးမယ်လုပ်တော့ သူငယ်ချင်းတွေ ဝိုင်းဆဲကြပါတယ်။

“သူကြီးသား ငဝက်၊ လဇီဒသွား(ထွန်သွား)နဲ့ နှက်လိုက်မယ်နော်”တဲ့။

သူကြီးသားရဲ့ နာမည်ရင်းက ‘ငဝက်’ ဖြစ်ပါကြောင်း။

မောင်စွမ်းရည်
၂၀၁၉ အောက်တိုဘာ ၅
နယူးယောက်